Chapter – 324
“ရှုပ်ထွေးသော အခြေအနေများ”
လန်လန့်လန့်၏ သတင်းအပြင် တခြားသော ကိစ္စရပ်များလည်း ဖြစ်ပေါ်ခဲ့ပါသေးသည်။
လေလံပွဲသည် ထူးခြားအစွမ်းထက် ဆေးလုံးပေါင်း ရာနဲ့ချီ၍ ရောင်းချခဲ့ရ၏။ ဝယ်ယူခဲ့ကြသည့် အင်အားစု အသီးသီးသည် နေရပ်သို့ တန်းမပြန်ကြသေးဘဲ မြို့ထဲတွင်သာ နေထိုင်နေကြသေး၏။
ထိုကဲ့သို့ နေထိုင်ရခြင်းမှာ အဆန်းတော့ မဟုတ်ချေ။ လေလံပွဲပြီးနောက် မည်သည့်အဖွဲ့မှ မည်သူ ဆေးလုံးမည်မျှ ရရှိသွားခဲ့သလဲ ဆိုတာကို အားလုံး သိကြပြီး ဖြစ်၏။
ဆေးလုံး မရရှိခဲ့ကြသော လူများသည် ဆေးလုံးများကို လိုချင်ကြ၏။ နည်းနည်း ရရှိသော လူများမှာ ပို၍ များများ လိုချင်ကြပေသည်။ ထို့ကြောင့် ဆေးလုံးများစွာ ပိုင်ဆိုင်ထားသော အဖွဲ့များမှာ လုယူခံကြရမည်ကို ကြောက်လန့်ကြလေ၏။
ထိုလောဘသားတို့သည် တစ်ဖွဲ့ဖွဲ့ မြို့ထဲမှ ထွက်သွားသည်ကို သိသည်နှင့် လိုက်လံသတ်ဖြတ်ကာ ဆေးလုံးများအား လုယူကြ၏။
ထိုကဲ့သို့သော အခြေအနေတွင် ဆေးလုံးများ ဝယ်ယူခဲ့ကြသည့် အင်အားနည်းသော အဖွဲ့များမှာ မြို့ထဲမှ မထွက်ရဲကြတော့ချေ။
ထိုအခါ ထိုအဖွဲ့၏ ဂိုဏ်းများ၊ မျိုးနွယ်စုများမှာ သူတို့၏ အဖွဲ့ကို ထောက်ပံ့ကူညီနိုင်ရန်အတွက် လူများ စေလွှတ်ကြလေ၏။
လင်းပါအို ခန်းမ၏ လေလံပွဲမှ ဆေးလုံးများကိုပင် ရရအောင် ဝယ်ယူနိုင်ခဲ့ကြသည့်အတွက် ထိုဆေးလုံးများကို အကောင်းဆုံး ကာကွယ်ပေးရန်ကို ဝန်လေးကြမည် မဟုတ်ချေ။ လူများစွာ စေလွှတ်၍ ကာကွယ်စောင့်ရှောက်ခိုင်းကြ၏။ ထိုကဲ့သို့ လူများ စေလွှတ်ရာတွင် ရည်ရွယ်ချက်အမျိုးမျိုး ရှိကြလေ၏။ အချို့မှာ ဆေးလုံးများကို ကာကွယ်စောင့်ရှောက်၍ နေရပ်သို့ ပြန်လာကြရန် ဖြစ်သလို အချို့မှာ တခြားလူများထံမှ လုယူရန်အတွက် ဖြစ်၏။ ထိုရည်ရွယ်ချက် ၂ မျိုးလုံးအတွက် လာကြသူများလည်း ရှိပေသည်။
ထို့ကြောင့်ပင် လေလံပွဲ ပြီးသွားသည့်တိုင် မြို့မှာ ငြိမ်းချမ်းမှု မရှိသေးချေ။ ပို၍ပင် အခြေအနေများ ရှုပ်ထွေးနေပါသေးသည်။
ပညာရှင်များစွာ မြို့ထဲ ခြေရှုပ်နေကြခြင်းပင် ဖြစ်၏။
မြို့တွင်း၌ တည်တည်ငြိမ်ငြိမ် ရှိသလို ထင်ရသော်လည်း အပေါ်ယံသာ ဖြစ်၏။
အင်အားစုများအနက် ဂိုဏ်းကြီးနှစ်ဂိုဏ်းသည် ပို၍ ဆိုးလေ၏။
သူတို့သည် လေလံပွဲမှ ဘာမျှ မရခဲ့သည့်အပြင် သခင်ကြီးဘိုင်၏ စော်ကားခြင်းကိုပင် ခံခဲ့ကြရ၏။ အရှက်ကြီးရှက်ခဲ့ကြရကာ ပွဲအတွင်းမှပင် ထွက်လာခဲ့ရ၏။ သို့သော် မြို့ထဲမှ ထွက်သွားခြင်းတော့ မရှိချေ။
ထိုဂိုဏ်းကြီး ၂ ဂိုဏ်းသည် မြို့ထဲတွင် မည်သည့်အကြောင်းကြောင့် နေနေကြခြင်း ဖြစ်နိုင်မည်နည်း။ လူတိုင်း ထိုအချက်ကို ရိပ်စားမိကြမည်သာ ဖြစ်ပေသည်။
မုန်တိုင်းအ်ိမ်တော်၏ ဖိနှိပ်စော်ကားခြင်းကို ခံခဲ့ရသည့်တိုင် ဂိုဏ်းကြီး ၂ ဂိုဏ်းသည် ပေါ့သေးသေးတော့ မဟုတ်ချေ။
မော်တယ်ကမ္ဘာတွင် ၎င်းတို့သည် ထိပ်ဆုံးနေရာတွင် ရှိနေသည်ဟု ဆိုနိုင်ပေသည်။
သြဇာအာဏာလည်း အပြည့်ရှိကြ၏။
လူတိုင်းသည် လက်ရှိအခြေအနေအား လွန်စွာ စိုးရိမ်နေမိကြသည်။
မြို့ထဲတွင် လူပေါင်းစုံ ရှိနေကြခြင်းဖြစ်ပြီး မည်သူမျှ သတိလက်လွတ် မဆင်မခြင် မနေဝံ့ချေ။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ထိပ်တိုက် ရင်မဆိုင်ကြသေးဘဲ ထူးခြားသော အခြေအနေ တစ်ခုတွင် မျှခြေတစ်ခုအဖြစ် ရှိနေခြင်း ဖြစ်၏။
သို့သော် အဆိုပါ မျှခြေသည် အချိန်ကြာကြာ မခံလောက်ကြောင်းကိုလည်း လူတိုင်း သိနေကြ၏။
ထိုမျှခြေသာ ပျက်သွားမည် ဆိုပါက တစ်မြို့လုံး သွေးချောင်းစီးသွားနိုင်ပေသည်။
ချန်နိုင်ငံတော်သည် ၇၀ ဘီလီယံကျော် အကျိုးအမြတ် ရခဲ့၏။ ဘဏ္ဍာရေးနှင့် ပတ်သက်၍ စိတ်ပူနေစရာလည်း မလိုတော့ချေ။ နောက်ထပ် နှစ်ပေါင်း ၅၀ ထိလောက် ကြာအောင်ကို စစ်ပွဲဒဏ်အား တောင့်ခံထားနိုင်တော့မည် ဖြစ်လေသည်။
ဘုရင်သည် ထိုကဲ့သို့ နိုင်ငံအတွက် အကျိုးအမြတ် များစွာ ရရှိလိုက်သဖြင့် ပျော်မဆုံး ဖြစ်နေလေ၏။ လင်းပါအို ခန်းမအား “ချန်နိုင်ငံတော်၏အကောင်းဆုံးခန်းမ” ဟူ၍ပင် ဂုဏ်ပြုလွှာ ပေးခဲ့၏။
ဝမ်ဇန်းဟိုမှာလည်း “မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ” ဟူသော စကားလုံးအား မရေမတွက်နိုင်လောက်အောင် ပြောဆိုခဲ့၏။ လင်းပါအိုခန်းမရှိ လူများအားလုံးသည် ပျော်မဆုံး ဖြစ်နေကြလေသည်။
တကယ်တမ်းတွင် ထိုကဲ့သို့ နိုင်ငံတော်အား ထောက်ပံ့လိုက်ခြင်းမှာ ဘုရင်အား လေးစားမှုရှိကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။ ရဲရှောင်ကြောင့်သာ မဟုတ်လျှင် လင်းပါအိုနှင့် တော်ဝင်မျိုးနွယ်ဆိုသည်မှာလည်း ပတ်သက်စရာ အကြောင်းရှိမည် မဟုတ်ချေ။
လင်းပါအိုသည် မော်တယ်ကမ္ဘာတွင် ဌာနခွဲများစွာ ဖွင့်ထား၏။ နိုင်ငံတိုင်းလိုလိုတွင် ရှိလေသည်။ သာမန်အားဖြင့် မည်သည့်နိုင်ငံ၏ သစ္စာကိုမျှ မခံယူဘဲ သီးခြားရပ်တည်ခဲ့သော အဖွဲ့လည်း ဖြစ်သည်။ ယခုအကြိမ်တွင်မူ ချန်နိုင်ငံတော်အား ပေါ်ပေါ်ထင်ထင် မျက်နှာသာ ပေးလိုက်သလို ဖြစ်သွားသဖြင့် တခြားသော နိုင်ငံများအား ဆန့်ကျင်လိုက်သလိုပါပင်။ တကယ်တမ်းတွင် သူတို့ မျှော်မှန်းထားသည်ထက်ပင် အဆုံးရှုံး များပါသေးသည်။
အကယ်၍ လင်းပါအိုသာ ချန်နိုင်ငံတော်တစ်ခုတည်းတွင် ခြေကုပ်ယူမည် ဆိုပါက နောက်ဆုံးတွင် သူတို့၏ လွှမ်းမိုးနိုင်စွမ်းလည်း ပျောက်ပြယ်သွားမည်သာ ဖြစ်သည်။ ထို့ကြောင့် ဘုရင်သည် လင်းပါအိုနှင့် အကျိုးရှိစွာ ရေရှည် လက်တွဲနိုင်ဖို့ဆိုလျှင် တခြားသော အဖွဲ့အစည်းများနှင့် လင်းပါအို၏ ဆက်ဆံမှုကို အနှောင့်အယှက် မပြုမှသာ ဖြစ်ပေလိမ့်မည်။ ထိုသို့သာ မဟုတ်ပါက လင်းပါအိုသည် ပြိုလဲသွားနိုင်ပေသည်။
ယခုအခါ လင်းပါအိုနှင့် ချန်နိုင်ငံတော်သည် နွေးထွေးသော ဆက်ဆံရေးမျိုး ရှိနေပြီဖြစ်၏။ ထို့အပြင် လင်းပါအိုနှင့် မုန်တိုင်းအိမ်တော်တို့၏ ဆက်ဆံရေးကြောင့်လည်း အင်အားစု အသီးသီးမှာ လင်းပါအိုကို ထင်တိုင်းမကြဲဝံ့ကြချေ။ လင်းပါအို၏ အဓိက သော့ချက်မှာမူ ရဲရှောင်သာ ဖြစ်လေ၏။
ဘုရင်သည်နိုင်ငံအတွက် ငွေစများစွာ ရရှိခဲ့သလို နန်းတွင်းရှိ စစ်သည်ရဲမက် မိသားစုများမှာလည်း ပျော်တပြုံးပြုံးဖြင့် ရှိနေကြ၏။ ငွေများကို စိတ်ကြိုက် သုံးဖြုန်းပစ်ရန်ပင် တွေးနေမိကြ၏။
သူတို့သည် အစားအသောက်များ၊ မြင်းများ၊ လေးနှင့်မြားများ၊ လက်နက်များ၊ အဝတ်အထည်များနှင့် လိုအပ်သည့် အရာများအား ဝယ်ယူရန်အတွက် စိတ်ကူးယဉ်လျက် ရှိနေကြသည်။
နိုင်ငံအတွင်းရှိ လူများအပြင် စစ်ပွဲအတွင်း ရောက်နေကြသည့် ရဲမက်စစ်သည်များပါ ထိုသတင်းကို ကြားသောအခါ အလွန်ဝမ်းမြောက် ပျော်ရွှင်သွားကြလေ၏။
နိုင်ငံအတွက် ငွေကြေးအထောက်အပံ့ များစွာ ရရှိခဲ့ပြီ ဖြစ်သဖြင့် တိုက်ပွဲအတွက် စိုးရိမ်နေစရာ လည်း မလိုတော့ချေ။ တိုက်ပွဲအတွင်းရှိ စစ်သည်များအဖို့လည်း နောက်ကြောင်းအေးနိုင်ပြီ ဖြစ်၏။
မြောက်ပိုင်းရှိ ရဲနန်ရှန်သည် တိုက်ပွဲမြေပြင်သို့ ပြန်ရောက်ပြီးကတည်းက လူလုံးထွက်မပြချေ။ ရန်သူများအား တစ်ခါတည်းဖြင့် အပြတ်ရှင်းနိုင်မည့် အခွင့်အရေးကိုသာ စောင့်နေလျက်ရှိ၏။ သို့သော် အစောပိုင်း သည်းထန်စွာ ရွာသွန်းခဲ့သော မိုးကြောင့် မြောက်ပိုင်းနယ်မြေတစ်ခုလုံး ရေလွှမ်းသွားခဲ့၏။
မြောက်ပိုင်း လူရိုင်းတပ်များသည် မိုးရွာသွန်းမှုကြောင့် တိုက်ခိုက်မှုများ မလုပ်တော့ချေ။
ရဲနန်ရှန် မရှိဘူးဟုသာ တွေးကြသည့်တိုင် ဆက်လက် မတိုက်ခိုက်နိုင်တော့ချေ။ လူရိုင်းမျိုးနွယ်စု ခေါင်းဆောင်မှာလည်း သက်ပြင်းချရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ခဲ့ချေ။
စိတ်ထဲတွင်လည်း အတော် ခံပြင်းလျက် ရှိနေလေ၏။
ထိုမိုးကြောင့်သာ မဟုတ်လျှင် ရဲနန်ရှန်၏ လက်ချက်ဖြင့် သူ့လူအကုန် သေဆုံးရမည်ကိုတော့ သူမသိရှိချေ။ ရဲနန်ရှန်မှာ အားလုံးအား တစ်ခါတည်းနှင့် အပြတ်ရှင်းနိုင်ရန် အစီအစဉ် ချပြီး ဖြစ်၏။
သည်းထန်သောမိုးက မြောက်ပိုင်းလူရိုင်းမျိုးနွယ်စုကို ကယ်တင်လိုက်မှန်း မသိဘဲ ဝံပုလွေ ဘုရင်မှာ သက်ပြင်းသာ ချနေပါတော့သည် . . .။