Chapter – 323
“လန်လန့်လန့်၏အကြံအစည်”
ဆောင်ဂျု၏ အမြစ်မပြတ်သေးသော ဒဏ်ရာနှင့် အဖေဖြစ်သူ ရဲနန်ရှန်၏ ပုန်းကွယ်နေသော ဒဏ်ရာများသည် ကျင့်ကြံမှု ပြုလုပ်သူများအဖို့ အလွန် အန္တရာယ် ပေးနိုင်ပေသည်။ ထိုဒဏ်ရာများ ရှိနေသည်ကို မည်သူမျှ သိနိုင်မည် မဟုတ်ပေ။ ယင်ယန်မျက်လုံးနှင့်သာ ဆိုပါက အလွယ်တကူ တွေ့ရှိနိုင်ပေလိမ့်မည်။
ထိုထူးခြားသော စွမ်းရည်အား ပိုင်ဆိုင်နိုင်ရန်မှာ လူတိုင်းအတွက် အိပ်မက်ပင် ဖြစ်သည်။
ရဲရှောင်မှာမူ ကံအားလျော်စွာပင် ပိုင်ဆိုင်ခွင့် ရရှိခဲ့၏။ ထိုကဲ့သို့သော ကျင့်စဉ်အား မကျင့်ကြံတော့ဟုသာ မှားယွင်းစွာ ဆုံးဖြတ်ချက် ချမိလိုက်မည် ဆိုပါက သူ့လောက်မိုက်မဲသူ မရှိလောက်တော့ချေ။
ရဲရှောင် အသက်တစ်ချက် ရှူသွင်းလိုက်ပြီး ယင်ယန်မျက်လုံးများကို ဖွင့်ကာ ပိုင်အာအား စိုက်ကြည့်မိလိုက်၏။
အမြင်အာရုံများ ဝေဝါးသလို ဖြစ်သွားပြီးနောက် ပိုင်အာ၏ ကိုယ်လုံးတီးခန္ဓာကိုယ်အား မြင်တွေ့လိုက်ရလေသည်။
“အ . . .”
ရဲရှောင် နှာခေါင်းသွေး မလျှံစေရန် မနည်းပင် ထိန်းလိုက်ရသည်။ ပိုင်အာ၏ ရင်သားများကို စူးစိုက်ကြည့်ရင်း ခန္ဓာကိုယ်ထဲသို့ ဖောက်ထွင်း မြင်နိုင်ရန် ကြိုးစားကြည့်သည်။
သူမျှော်လင့်ထားသည့် အတိုင်းပင် သူ၏ အမြင်အာရုံသည် နက်ရှိုင်းစွာ ထိုးဖောက်မြင်လိုက် ရသည်ကို တွေ့လိုက်ရ၏။
တခဏအကြာတွင် အနီရောင်အရည်များ စီးဆင်းနေသည်ကို တွေ့လိုက်ရပြီး ပိုင်အာ၏ သွေးများ စီးဆင်းနေသည်အား တွေ့ရခြင်းပင် ဖြစ်သည်။
ရဲရှောင် ထင်ထားသလိုပါပင်။ သူပို၍ ယန်မျက်လုံးကို အာရုံစိုက်လေလေ ဖောက်ထွင်း၍ မြင်ရလေလေပင် ဖြစ်၏။ လူ့ခန္ဓာကိုယ်၏ ဖွဲ့စည်းပုံကို သေချာ သိချင်နေမိပြီး သို့သော်လည်း ယခု သူမြင်နေရသည်ထက် ပိုမို နက်ရှိုင်းစွာတော့ မမြင်နိုင်တော့ချေ။
သက်ပြင်းတစ်ချက် ချလိုက်ရင်း ယင်ယန်မျက်လုံးအား ပြန်မှိတ်လိုက်၏။ သူ၏ စိတ်ထဲတွင် –
(ငါ့ရဲ့ ယင်ယန်မျက်လုံးက ကနဦးအဆင့်ပဲ ရှိသေးတာ။ အဲဒါကြောင့် ဒီလောက်ပဲ မြင်ရတာ ဖြစ်မယ်။ အခုချိန် လုံလောက်တဲ့ အင်အား မရှိသေးတာလည်း ဖြစ်နိုင်တယ်။ ငါသာ ကျင့်ကြံမှုကို နည်းနည်း ပိုအဆင့်မြင့်အောင် လုပ်နိုင်ရင် လူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဖောက်ထွင်း မြင်နိုင်လောက်တယ်)
(အဲဒီလို အချိန်ကျရင် ဦးလေးဆောင်ရော င့ါအဖေရောရဲ့ ပုန်းကွယ်နေတဲ့ ဒဏ်ရာတွေကို ယန်မျက်လုံး အကူအညီနဲ့ ကုသပေးနိုင်မှာပဲ။ နောက်ပိုင်း တိုက်ပွဲတွေ တိုက်ရင်လည်း ဒီစွမ်းရည် ငါ့ကို အများကြီး အထောက်အကူ ပြုလိမ့်မယ် . . .)
သူစဉ်းစားရင်းဖြင့် မျက်လုံးများလည်း အရောင်တောက်လာလေသည်။ ပို၍လည်း စိတ်လှုပ်ရှား လာလေ၏။
ယင်ယန်မျက်လုံးများအား အသုံးမဝင်ဟု အထင်သေးခဲ့မိသည့် သူ့ကိုယ်သူလည်း နောင်တရမိ သွားသည်။ အလွန်အစွမ်းထက်သော ကျင့်စဉ်တစ်ခုပါပင်။
ထို့အပြင် ကမ္ဘာပေါ်တွင် သူတစ်ဦးတည်းတွင်သာ ထိုကဲ့သို့ ပိုင်ဆိုင်နိုင်လိုက်ခြင်း ဖြစ်၏။ စကြဝဠာ တစ်ခုလုံး၌ပင် သူတစ်ဦးတည်း ပိုင်ဆိုင်ခြင်း ဖြစ်နိုင်ပေသည်။
မည်သူမျှ ထိုကျင့်စဉ်ကို ပိုင်ဆိုင်နိုင်ကြလိမ့်မည် မဟုတ်ပေ။
ထိုစွမ်းရည်ဖြင့် အရာအားလုံးကို လွှမ်းမိုးနိုင်မည်ဖြစ်ပြီး အကျိုးများစွာ ရှိပေလိမ့်မည်။
ထိုကဲ့သို့ စဉ်းစားတွေးတောနေမိသဖြင့် ရဲရှောင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိလေ၏။
ထိုအချိန်တွင် သူ၏ စိတ်ထဲ ရုတ်တရက် တစ်စုံတစ်ယောက်ကို သတိရသွားမိ၏။ လျန်လျန်နှင့် ဆုံသည့်အခါ လျန်လျန်၏ ခန္ဓာကိုယ်ကို ထွင်းဖောက်မြင်နိုင်မည်ဟုပါ မဆီမဆိုင် သတိရမိသွားခြင်း ဖြစ်သည်။
(အဟမ်း . . . ဒီကိစ္စကို နောက်မှ ဆက်စဉ်းစားရမယ် . . .)
ရဲရှောင် စိတ်ထဲ တွေးလိုက်ရုံဖြင့်ပင် နှာခေါင်းသွေးလျှံချင်သလို ဖြစ်လာပြန်သည်။
ထိုအချိန်တွင် ပိုင်အာသည် ရဲရှောင်အား သေချာကြည့်နေလေ၏။ ရဲရှောင် အတွေးပင်လယ်အတွင်း ကူးခတ်နေရင်း အရူးတစ်ယောက်ကဲ့သို့ တစ်ယောက်တည်း ပြုံးရယ်နေသည်ကို အံ့သြနေခြင်း ဖြစ်၏။ သူမ၏ စိတ်ထဲတွင် စိုးရိမ်မှုနှင့်အတူ တွေးလိုက်မိသည်မှာ –
(သူ့အပြုံးက ထူးဆန်းလိုက်တာ။ တစ်ခုခုကို အတော်သဘောကျနေသလိုပဲ။ ငါတောင် ရှက်သလို ဖြစ်မိတယ်။ ဒါပေမဲ့ ဒီအပြုံးမျိုး ငါသဘောကျလိုက်တာ . . .)
. . .
ထို့နောက်တွင် ရဲရှောင်သည် ယင်ယန်မျက်လုံးကျင့်စဉ်အား တစ်နေကုန် ကျင့်ကြံနေတော့၏။ ယခုလို ကျင့်စဉ်ကို ရရှိပြီး ဖြစ်သဖြင့် ကျင့်ကြံမှုပိုင်းတွင်သာ ပို၍ အားစိုက်ရမည်ဟုလည်း ရဲရှောင် တွေးလိုက်မိသည်။ သူမြန်မြန် တိုးတက်လေလေ မြန်မြန်အကျိုးရှိလေလေ ဖြစ်မှာ အသေအချာပင်။
ထို့ကြောင့် သူသည် လေးရက်တိုင်တိုင် အိမ်ထဲမှ မထွက်ဘဲ ကျင့်ကြံမှုများသာ ပြုလုပ်နေပါတော့ သည်။
ရဲရှောင်အဖို့ သူပြန်လည်ဝင်စားပြီးနောက် ထိုရက်များသည် သူ့အတွက် အားတက်သရော ကျင့်ကြံမှု လုပ်လို့ အကောင်းဆုံး ဖြစ်နေပါတော့တယ်။
သို့သော်လည်း အဆိုပါ လေးရက်အတွင်း ကိစ္စများစွာ ဖြစ်သွားခဲ့သည်ကို ရဲရှောင်တစ်ယောက် မသိလိုက်ပါချေ။
. . .
လန်လန့်လန့်သည် ဖန်ဧကရာဇ်ထံမှ ဆေးလုံးများအား ရရှိခဲ့ပြီးနောက် တတ်နိုင်သမျှ ဆေးလုံးများအား အဖေဖြစ်သူထံ အမြန်ဆုံး ပေးပို့ချင်နေမိပြီ ဖြစ်သည်။
သူအိမ်ပြန်ရောက်ပြီး ညနေပိုင်းအချိန်ခန့်တွင် လူတိုင်းအား –
“၃ ရက်နေရင် ဒီဆေးလုံးတွေကို အဖေ့ဆီ ရောက်အောင် ပို့ဖို့အတွက် ယုံကြည်စိတ်ချရတဲ့ လူတွေ လိုတယ် . . .”
သို့သော် ညအချိန်သို့ ရောက်သောအခါ လန်လန့်လန့်သည် မည်သူ့ကိုမျှ သွားမရှာတော့ဘဲ အိမ်တော်ရှိ လူအချို့ကိုသာ ခေါ်ဆောင်ကာ ကိုယ်တိုင် ထွက်သွားခဲ့၏။ တခြားလူများ၏ အမြင်တွင် ၃ ရက်ကြာပြီးမှသာ ဆေးလုံးများ သွားပို့လိမ့်မည်ဟု ထင်ကြမည် ဖြစ်၏။
လန်လန့်လန့်၏ အကြံသည် အလုပ်ဖြစ်လှ၏။ သူ၏ စိတ်ထဲတွင် –
(ငါသာ ယုံကြည်စိတ်ချပြီး အစွမ်းထက်တဲ့ လူတွေကို ရှာဖွေ စုဆောင်းနေမယ်ဆိုရင် ငါ့ရန်သူတွေကလည်း ငါတို့ထက် ပိုအစွမ်းထက်တဲ့ လူတွေကို စုဆောင်းပြီး လာလုယူကြမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်မကျခင် ဒီဆေးလုံးတွေကို သွားပို့တာ ပိုကောင်းလိမ့်မယ်။
ငါ့အတွက်က ဘာမှ ပြင်ဆင်နေစရာ မလိုဘူး။ တန်းသွားရုံပဲ။ စစ်ပွဲမှာ အချိန်က အရေးကြီးတယ်။ အရာရာတိုင်း မြန်ဆန်နေမှ ရမယ်။ နည်းနည်းလေးတောင် နောက်ကျလို့ မဖြစ်ဘူး။ လူတွေက ငါသုံးရက်ကြာမှ သွားမယ်လို့ ထင်နေကြမှာပဲ။ အဲဒီအချိန် ငါက ခရီးတဝက်တောင် ရောက်နေရောပေါ့)
လန်လန့်လန့်သည် ရဲဝံ့စွာပင် ထိုကဲ့သို့ ကြံစည်လိုက်ခြင်း ဖြစ်၏။
ဝမ်ရမ်ချူးချူးသည် ပထမဆုံး နေ့ကတည်းက လန်လန့်လန့်တို့နောက် လိုက်သွား၍ ဆေးလုံးများကို လုယူ၍ သတ်ဖြတ်ပစ်မည်ဟု ကြံစည်မိခဲ့၏။ သို့သော် သူမသည် ပိုင်ရှင်ယွဲ့နှင့်အတူ တစ်ချိန်လုံး ရှိနေသဖြင့် သူမ၏ နိုင်ငံ့ရေးရာ ကိစ္စရပ်များအား ဦးစားပေး မလုပ်ဆောင်သင့်ဟု တွေးမိခဲ့၏။ ထို့အပြင် လန်လန့်လန့်မှ တန်ဖိုးကြီးလှသည့် ဆေးလုံးများကို ပို့ဆောင်ရန် လူသူစုဆောင်းဦးမည်ဟု လည်း တွေးမိခဲ့ပြန်သည်။
အလွန်အရေးကြီးသော ကိစ္စဖြစ်သဖြင့် မည်သူမျှ စနစ်တကျ အသေအချာ မစီစဉ်ဘဲ ပို့မည် မဟုတ်ချေ။
သို့သော် လန်လန့်လန့်မှာမူ ဉာဏ်ကောင်းခဲ့၏။ မည်သူမျှ မမျှော်လင့်ထားသော ကိစ္စကို လုပ်လိုက်ခြင်း ဖြစ်ပေသည်။
ဝမ်ရမ်ချူးချူး နောက်တစ်နေ့ စစ်သူကြီးလန်၏ အိမ်တော်သို့ လူလွှတ်ကြည့်ခိုင်းသည့်အချိန် လန်လန့်လန့်မှာ မြို့တော်နှင့် မိုင် ၃၀၀ ကျော် အကွာတွင် ရောက်နေပြီ ဖြစ်၏။ ဝမ်ရမ်ချူးချူး၏ လူများမှ လန်လန့်လန့် အိမ်တော်တွင် မရှိကြောင်း သေချာသွားပြီဟု သတင်းပို့သည့် အချိန်တွင် လေးရက်မြောက် နေ့ ဖြစ်နေချေပြီ။
ထိုအချိန် လန်လန့်လန့်မှာ မိုင်ပေါင်း ၃၀၀၀ အကွာသို့ ရောက်ရှိနေပြီ ဖြစ်၏။ ဝမ်ရမ်ချူးချူး ဘာမျှ မလုပ်နိုင်တော့ချေ။
သူမ၏ လူများကို စာပို့၍ ရပ်တန့်ခိုင်းမည် ဆိုလျှင်ပင် အလွန်နောက်ကျသွားပြီ ဖြစ်သည်။
ဝမ်ရမ်ချူးချူးတစ်ယောက် အလွန်အမင်း ဒေါသထွက်နေလေတော့၏။
တောင်ပိုင်း စစ်သူကြီးအိမ်သို့ စေလွှတ်ခဲ့သည့် သူမ၏ သူလျှိုများအား –
“နင်တို့ ဘာလုပ်နေကြတာလဲ။ ဟိုမှာ လူတစ်ရာလောက်ခေါ်ပြီး ထွက်သွားတာကိုတောင် စုံစမ်းဖို့ သုံးရက်ကြာတယ်တဲ့လား။ နင်တို့က အသုံးမကျတဲ့ဝက်လို ကောင်တွေပဲ။ ဝက်ကမှ အသုံးကျတဲ့နေရာ ရှိသေးတယ်။ အမှန်တိုင်းပြောရရင် နင်တို့က ဝက်တွေလောက်တောင် အသုံးမကျဘူး . . .”
သူလျှိုများ အားလုံးသည် မျက်စိပျက် မျက်နှာပျက် ဖြစ်နေကြ၏။ ခေါင်းကို ငုံ့ထားရင်းဖြင့်သာ ဝမ်ရမ်ချူးချူး ဆူသမျှ ခံနေကြလေသည်။ သူတို့စိတ်ထဲ သူတို့ ညံ့ဖျင်းခဲ့ကြောင်းကိုလည်း သိနေကြ၏။
သူလျှိုများ၏ စိတ်ထဲတွင် –
(ဟိုကောင်က လူသူစုဆောင်းပြီးမှ ဆေးလုံးတွေ ပို့မယ် ပြောတာကို။ အဲဒီလို လုပ်မှသာ စိတ်ချရမယ် ဆိုပြီးတောင် ပြောခဲ့သေးတယ်။ နောက်ပြီး ဒီ ၃ ရက်အတွင်းမှာ စစ်သူကြီးလန် အိမ်တော်က တကယ်လဲ လူသူအင်အား စုဆောင်းခဲ့ကြတယ်။ အကြီးအကျယ်ကို ပြင်ဆင်နေကြသလိုကို လုပ်ပြနေတာ။ ဒီလို အကြံအစည် ရှိမယ်မှန်း ငါတို့က ဘယ်လိုလုပ် သိနိုင်မှာလဲ . . .)
အရာအားလုံး သိလိုက်ရချိန်တွင် ဝမ်ရမ်ချူးချူးအဖို့ လုံးဝ နောက်ကျသွားခဲ့ရချေပြီ။
လူရှုပ်လူပွေ အသုံးမကျသည့် သခင်လေးဆိုသူတွင် ထိုကဲ့သို့ ပိရိလှသည့် အကြံရှိနေမည်ဟု မည်သူမျှ ထင်ထားကြလိမ့်မည် မဟုတ်ချေ။
လန်လန့်လန့်သည် လေးစားစရာ ကောင်းလှအောင် အားလုံးအား တစ်ပတ်လှည့်နိုင်ခဲ့ခြင်း ဖြစ်၏။
“အချိန်မဆိုင်းဘဲ လုပ်လိုက်တဲ့ အပြုအမူက သူ့ကို တန်ဖိုးတက်သွားစေတာ၊ တိကျသေချာတဲ့ ဆုံးဖြတ်ချက်က သူ့ကို မှန်ကန်တဲ့လမ်းကို လျှောက်စေနိုင်တာ၊ ရဲဝံ့တဲ့ အပြုအမူကြောင့် သူ့လုပ်ရပ်လည်း အောင်မြင်ခဲ့တယ်။ မိုင်ပေါင်းထောင်ချီဝေးလည်း သူ့ရဲ့ ဇွဲလုံ့လကို အန်မတုနိုင်ဘူး။ လန်လန့်လန့်က အရင်လို လန်လန့်လန့် မဟုတ်တော့ဘူး။ ကိစ္စကြီးတွေကိုတောင် စွမ်းဆောင်နိုင်တဲ့ လူတော်တစ်ယောက် ဖြစ်နေပြီပဲ . . .”
လန်လန့်လန့်၏ အကြောင်းကို ဇုဝူကျီ ကြားသောအခါ ထိုကဲ့သို့ ပြောလိုက်ပါတော့တယ် . . .။