Switch Mode

Chapter – 47

"ဝမ်းနည်းပါတယ် အဲနေရာက ဦးထားပြီးသား”

အခန်း (၄၇)
“ဝမ်းနည်းပါတယ် အဲနေရာက ဦးထားပြီးသား”

ညတွင် မမျှော်လင့်ဘဲ မြူနှင်းများ ကျဆင်းလာနေပြီး မှုန်ပျပျ လရောင်အောက် တစ်မြို့လုံးသည် တိတ်ဆိတ်ခြင်းကသာ ကြီးစိုးလျက် အေးစက် ခြောက်ကပ်နေသည်။ ကြယ်များသည်လည်း တိမ်များ အောက် ပုန်းကွယ် နေကြလေသည်။
ရဲချန်ဖန်က သူ့နောက်ကို နောက်ယောင်ခံ လိုက်မရအောင် မြို့ကို တစ်ပတ် ပတ်လိုက်သည်။ နောက်ယောင်ခံ လိုက်လာသူ မရှိကြောင်း သေချာမှသာ သူ လတ်တလော ငှါးလိုက်သော ခြံလေးသို့ ပြန်သွား လိုက်လေသည်။ ရေမိုးချိုး အဝတ်အစားများ လဲလိုက်ပြီးနောက် သူ နှစ်တစ်ထောင် သွေးဂျင်းဆင်း ဘုရင်ကို စုပ်ယူရန် ပြင်ဆင်လိုက်သည်။

သူ ဆေးစွမ်းကို စုပ်ယူရန် အနေအထား အကောင်းဆုံး အခြေအနေကို ရောက်လာသော်လည်း ဆေးကို မသောက်သေးဘဲ နတ်ဦးနှောက်က တုံ့ပြန်မှု ပေးခဲ့သည့် စက္ကူလိပ်ကို ထုတ်ယူလိုက်သည်။

“ဒီစက္ကူလိပ်မှာ ဘာများ ထူးခြားတာ ရှိလို့လဲ”

နတ်ဦးနှောက်ပင် လှုပ်ရှားမှု ပေးရအောင် ထူးခြားသော စက္ကူလိပ်ကို အလွန်စိတ်ဝင်စား နေမိသည်။ စက္ကူလိပ်ပေါ် လက်တင်ကာ နတ်ဦးနှောက်ကို သုံး၍ ထူးခြားချက်ကို ရှာဖွေလိုက်သည်။

“မှော်အစီအရင် အဆောင်လား။ ဒီစက္ကူလိပ်ထဲမှာ မှော်အဆောင်နဲ့ ပိတ်ပင်ထားရအောင် ဘာလျှို့ဝှက်ချက် ရှိနေတာလား”

နတ်ဦးနှောက်၏ အစွမ်းထက်လွန်းသော ခြုံယူ ဆင်ခြင်နိုင်စွမ်း မြင့်မားမှုကြောင့် စက္ကူလိပ်ထဲတွင် ဖုံးကွယ်ထားသည့် အလွန်ဆန်းကြယ်သော မှော်အဆောင်ကို တွေ့ရှိ လိုက်လေသည်။ ဤသည်မှာ ဒီစက္ကူလိပ်၏ တကယ် အသုံးဝင်မှု ဖြစ်သည်။

“ပျက်စီးစမ်း”

နတ်ဦးနှောက်နှင့် မှော်အစီအရင် ရေးဆွဲခြင်း မှတ်ဉာဏ်များကြောင့် အချိန် နာရီဝက်လောက် အကြာတွင် စက္ကူလိပ်တွင် ပိတ်ထားသော မှော်အစီအရင် ဆယ်ခုကျော်ကို ဖယ်ရှား လိုက်နိုင်သည်။

မှော်အစီအရင် ဆယ်ခုကျော်ကို ဖယ်ရှားလိုက်ပြီးနောက် ဝါကြင်ကြင် စက္ကူပေါ်တွင် မည်သည့် ခေတ်ကမှန်း မသိရသော အလွန်ထူးခြားသော ရှေ့ဟောင်းအက္ခရာ တစ်ရာကျော်ကို မြင်လိုက် ရလေသည်။ ရဲချန်ဖန်က ဤရှေ့ဟောင်း အက္ခရာများကို မသိသော်လည်း နတ်ဦးနောက်ကမူ စာလုံးများကို သိပြီး အဓိပ္ပာယ်ပါ နားလည်နိုင်စွမ်း ရှိနေလေသည်။

“အေးစိမ့်ရေခဲ ဝိညာဉ်ရေ”

“ငါ မထင်မိဘူး။ ဒီစက္ကူလိပ်က အေးစိမ့်ရေခဲ ဝိညာဉ်ရေနဲ့ ပတ်သက်နေမယ်လို့”

နတ်ဦးနှောက်ရှိ မှတ်ဉာဏ်များအရ အမြွှာညီနောင် တိုက်ကြီးတွင် အလွန်ရှည်လျားလှသော သမိုင်းကြောင်း ရှိနေပြီး အလွန်လျှို့ဝှက် ဆန်းပြားသော ဖျက်ဆီးမှု အစွမ်းရှိသော ဝိညာဉ် ရတနာများ ရှိသည်။

ထိုကဲ့သို့ ဝိညာဉ်ရတနာများသည် ဟိုးရှေးပဝေသဏီက တန်ခိုးရှင်များကိုပင် အသက်ဆက်ရှင် နေအောင် လုပ်နိုင်စွမ်းရှိပြီး သူတို့က ကောင်းကင်နဲ့ မြေကြီးမှ မွေးဖွားလာကြလေသည်။ အချိန်နှစ်၊ လ ကြာရှည် လာပါက ဆင့်ကဲ ပြောင်းလဲ၍ အလွန်အဖိုးတန်ပြီး အစွမ်းထက် လာနိုင်သည်။

ထိုကဲ့သို့ ရတနာများကို အသုံးပြုခွင့် ရပါက တန်ခိုးအဆင့်များကို ချက်ချင်း တက်စေနိုင်ပြီး စွမ်းအားများ မယုံနိုင်အောင် တိုးတက် လာပေလိမ့်မည်။

သို့သော် ထိုကဲ့သို့ ရတနာများသည် အလွန်တွေ့ရခဲပြီး ရရှိရန် မဖြစ်နိုင်လောက်အောင် ခက်ခဲ ပေသည်။

စက္ကူလိပ်ပေါ်တွင် မှတ်တမ်း တင်ထားသော အေးစိမ့်ရေခဲ ဝိညာဉ်ရေသည် ကောင်းကင်နှင့် မြေကြီးမှ မွေးဖွားလာသော ရတနာတွေထဲမှ တစ်ခု ဖြစ်သည်။ အေးစိမ့်ရေခဲ ဝိညာဉ်ရေသည် အအေးဓာတ် ရတနာ ဖြစ်သဖြင့် အလွန်အေးခဲသော နေရာများတွင်သာ မွေးဖွားလာနိုင်သည်။

ထိုဝိညာဉ် ရတနာများသည် နှစ်ကြာလာသောအခါ အသိဉာဏ်များ ရှိလာပြီး သူ့ကို အနိုင်ယူပြီး အစွမ်းကို စုပ်ယူရန်မှာ အလွန်ခက်ခဲပေသည်။

“ဒီအေးစိမ့်ရေခဲ ဝိညာဉ်ရေ ရှိနေတဲ့ နှင်းတောင်က ခရမ်းရောင် တောင်တန်းနဲ့ အရမ်းမဝေးဖို့ မျှော်လင့်တာပဲ”

ဒီအေးစိမ့်ရေခဲ ဝိညာဉ်ရေသည် တန်ခိုးရှင်တိုင်းကို ရူးသွပ်သွားအောင် ဆွဲဆောင်နိုင်သော ရတနာဖြစ်ပြီး သာမန် တန်ခိုးရှင် မပြောနှင့်။ အလွန်အစွမ်းထက်သော မဟာဂိုဏ်းကြီးများမှ တန်ခိုးရှင် များပါ ဝိုင်းဝန်း လုယူကြပေမည်။ ရရှိသူသည်လည်း တန်ခိုးမှာ မယုံနိုင်စရာ အဆင့်ကို တစ်ခါတည်း တက်လှမ်း သွားပေလိမ့်မည်။

“အင်း၊ အချိန်ကာလ အလွန်ကြာညောင်းပြီး အေးစိမ့်ရေခဲ ဝိညာဉ်ရေက အရမ်းအစွမ်း ထက်လာရင် ရေခဲနှလုံးသား စမ်းရေကို မွေးဖွား ပေးနိုင်တယ်။ ရေခဲနှလုံးသား စမ်းရေက ခန္ဓာကိုယ် သန်မာဖို့ အလွန်ထူးဆန်းတဲ့ အစွမ်းတွေ ရှိနေတယ်။ တကယ်လို့ ငါက ရေခဲနှလုံးသား စမ်းရေကိုသာ ရမယ်ဆို ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ် တတိယအဆင့် အတွင်းကလီစာများ သန်မာစေခြင်း အဆင့်ကိုပါ ရောက်သွားနိုင်တယ်”

ရဲချန်ဖန် ရေခဲနှလုံးသား စမ်းရေကို ရရှိရန် အလွန်ဆန္ဒ ဖြစ်လာသည်။ ထို့နောက် စက္ကူလိပ်တွင် ပါဝင်သော အချက်များကို နတ်ဦးနောက်နှင့် မှတ်သားလိုက်ပြီး စက္ကူလိပ်ကို မီးရှို့ ဖျက်ဆီး လိုက်သည်။

“နှစ်ထောင် သွေးဂျင်ဆင်း ဘုရင်ဆေး အစွမ်းကို စုပ်ယူမှပဲ”

အလွန် တန်ဖိုးကြီးပြီး သူ ခက်ခက်ခဲခဲ ရထားသော နှစ်ထောင် သွေးဂျင်ဆင်းဘုရင်ကို ထုတ်ယူပြီး တစ်ချက် ကြည့်လိုက်သည်။

“ဒီနှစ်တစ်ထောင် သွေးဂျင်ဆင်း ဘုရင်က ငါ့ခန္ဓာကိုယ်ကို ဘယ်လောက် အထောက်အပံ့ ပေးနိုင်မလဲ မသိဘူး”

သူ ကောင်းကင်ခန္ဓာ ကျင့်စဉ် ဒုတိယအဆင့် ရောက်နေပြီ ဖြစ်ရာ ဆေးစွမ်းများ အလဟဿ ဖြစ်မည်ကို စိုးရိမ်မှု မရှိပေ။

“ချိုလိုက်တာ။ ဒီနှစ်တစ်ထောင် သွေးဂျင်ဆင်း ဘုရင်က တကယ် အရသာ ရှိတာပဲ”

နှစ်တစ်ထောင် သွေးဂျင်ဆင်း ဘုရင်ကို ရဲချန်ဖန် တစ်လုတ်စာခန့် ကိုက်လိုက်ရာ အလွန်ချိုပြီး အရသာ ရှိလှကာ နူးညံ့ ပျော့ပျောင်းလှသည်။ နှစ်တစ်ထောင် သွေးဂျင်ဆင်း ဘုရင်သည် သာမန် ဂျင်ဆင်းများနှင့် လုံးဝ မတူပဲ တမူထူးခြားနေကြောင်း တွေ့လိုက်ရသည်။

နှစ်တစ်ထောင် သွေးဂျင်ဆင်း ဘုရင်ကို အနည်းငယ် စားလိုက်မိသည်နှင့် သူ အလွန်သန့်စင်သော သွေးအသက် စွမ်းအားများ သူ့ခန္ဓာကိုယ်ထဲတွင် ချက်ချင်း ပြည့်လာသလိုပင်။ ထို့နောက် သူ သွေးကြောမကြီးများနှင့် ပေါင်းစပ်နေသည်။

တဖြည်းဖြည်း သွေးအသက်များ ပေါင်းစပ်လာသည်နှင့် သူ နောက်တစ်ကိုက် ဝါးစားလိုက်ပြီး ကောင်းကင် ကျင့်စဉ်ကို လေ့ကျင့်တော့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့ဆဲလ်များက သွေး အသက် စွမ်းအင်များ စုပ်ယူနေပြီး သူ တဖြည်းဖြည်း ပူလောင် လာလေသည်။ သူ့အသားသည် အလွန်နီနေပြီး ထိမိလိုက်သည်နှင့် သွေးများ ထွက်လာနိုင်သည်။

သူ့ ခန္ဓာကိုယ် သန်မာလာသည်ကို ခံစားနေရသည်။ အသက်စွမ်းအင်များသည် အလွန်များပြား လာရာ တဖြည်းဖြည်း ချွေးပေါက်များမှ စိမ့်ထွက် လာလေသည်။ ချွေးပေါက်များကို ချက်ချင်း ထိန်းချုပ် လိုက်ပြီး အဖိုးတန်လွန်းသော နှစ်တစ်ထောင် သွေးဂျင်ဆင်း ဘုရင် အစွမ်းများ မကုန်ဆုံးစေရန် ကြိုးစား လိုက်သည်။

တစ်မိနစ်ပြီး တစ်မိနစ်၊ တစ်စက္ကန့် ရဲချန်ဖန် သွေးအသက် စွမ်းအင်ကို စုပ်ယူပြီး ကောင်းကင် ကျင့်စဉ်ကို လေ့ကျင့်နေရာ ညအချိန် ကုန်လွန်၍ မနက်မိုးသောက်ပင် လင်း၍ လာချေပြီ။

တစ်ညလုံး နှစ်တစ်ထောင် သွေးဂျင်ဆင်း ဘုရင်ဆေးစွမ်းကို စုပ်ယူပြီးနောက် ဆေးစွမ်း အတော်များများကို စုပ်ပြီးသွားသည်။ သူ့ ခန္ဓာကိုယ်သည် အစွမ်းခြောက်ဆယ် ရာခိုင်နှုန်းခန့် တိုးလာ၏။

သွေးကြောမများကို သွေးအသက် စွမ်းအင်ဖြင့် ထောက်ပံ့ ပေးထားရာ သူ့ခန္ဓာကိုယ်သည် အလွန်သန်စွမ်း လာလေသည်။ ညတွင်းချင်းပင် သူ့ခန္ဓာကိုယ် စွမ်းအားသည် ပေါင်ငါးထောင် ငါးရာမှ ခုနစ်ထောင့် ငါးရာထိ အလွန် တိုးတက်လာသည်။

သူ့အတွက် ပိုကောင်းသွားသည်မှာ နှစ်တစ်ထောင် သွေးဂျင်ဆင်း ဘုရင်ဆေးစွမ်းကို စုပ်ယူပြီးနောက် သူ နောက်တစ်ဆင့် တက်ရန် လက်တစ်ကမ်း အကွာသို့ ရောက်လာပြီး သူ့ တစ်ကိုယ်လုံးတွင် အသက် စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ သူ အဆင့်မတက် သေးသော်လည်း စွမ်းအားမှာ အလွန်တိုး လာလေသည်။

“ငါ အခု ရှန်းဂွန်းပန်နဲ့ ချရင် ဘယ်လိုနေမလဲ မသိဘူး”

ရှန်းဂွန်းပန်က နောက်ဆုံး စမ်းသပ်မှုတွင် တစ်ဦးတည်းသော ပြိုင်ဘက် ဖြစ်သည်။ ရဲချန်ဖန် အဆင့်ကိုး ဆေးလုံး ယူသွားမည်ကို ရှန်းဂွန်းပန် အနေဖြင့် ဒီအတိုင်းထိုင်ပြီး လက်ပိုက် ကြည့်နေမည့်သူ မဟုတ်ရာ ခရမ်းရောင် တောင်တန်းကို ဖြတ်ကျော်ချိန်တွင် တစ်ခုခု ကြံစည်လာမည်ကို ရဲချန်ဖန် ခန့်မှန်းမိသည်။

“ရှန်းဂွန်းပန်၊ မင်းက ငါ့ကို ဒီနေ့ အကောက်ကြံရဲရင်တော့ မင်းတစ်သက် မမေ့နိုင်အောင် လုပ်ပေးမယ်”

ရဲချန်ဖန် ပြုံးလိုက်ပြီး နောက်ဆုံး စမ်းသပ်မှုအတွက် စစ်ဆေးမည့် နေရာ ကောင်းကင် ခန်းမဆီသို့ ထွက်လာခဲ့လေသည်။

တစ်နာရီခန့် ကြာသော် ရဲချန်ဖန် ကောင်းကင်ခန်းမဆီ ရောက်သွားသည်။ မနက်ခင်း အလင်းရောင် အောက်တွင် ကောင်းကင်ခန်းမသည် အလွန်ခန့်ညား၍ တောက်ပနေသည်။ သူအပါအဝင် တခြားပြိုင်ပွဲဝင် အကုန်လုံး ရောက်ရှိနေပြီ ဖြစ်သည်။

ခရမ်းရောင် တောင်တန်းကို ကျော်ဖြတ်ပြီးပါက ကောင်ကင်မီးဂိုဏ်းဝင် ဖြစ်လာမည် ဖြစ်ပြီး များပြားလှသော အရင်းအမြစ်များ ခံစားရမည် ဖြစ်ရာ ရှန်းဂွန်းပန်၊ ရှန်းတုရဲ အပါအဝင် ပြိုင်ပွဲဝင် အားလုံးက အဖွဲ့တစ်ခု ဖွဲ့ထားပြီး နောက်တွင် ခရမ်းရောင် တောင်တန်းကို အဖွဲ့ငယ်လေးများ အသီးသီး ခွဲကာ ဖြတ်ကျော်ကြမည် ဖြစ်သည်။ ရဲချန်ဖန် တစ်ယောက်သာ တစ်ဦးတည်း ဖြစ်နေသည်။

ရဲချန်ဖန်ကတော့ ဂရုမစိုက်နေပါ။ သူ့ အစွမ်းခြောက်ဆယ် ရာခိုင်နှုန်းခန့် တိုးလာသဖြင့် ခရမ်းရောင် တောင်တန်းကို အကောင်းဆုံး ရလဒ်ဖြင့် ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ချက် ရှိနေသည်။

ရဲချန်ဖန် ငြိမ်သက်စွာ ရပ်ပြီးစောင့်နေစဉ် အကြီးအကဲလျှူက ရောက်ရှိ လာလေသည်။ ထိုအချိန်တွင် သူ၏ အစွမ်းထက်သော စိတ်အာရုံက သူ့ကို ဒေါသနှင့် ကြည့်နေသည်ကို ခံစား မိလိုက်သည်။

လှည့်ကြည့်စရာ မလိုပဲ သူ့ကို ဘယ်သူကြည့်နေသလဲဆိုတာ သူ သိလိုက်သည်။ သူ့ကို စိတ်ဆိုး ဒေါသထွက်စွာ ကြည့်နေသော သူမှာ ဆရာချန်၏ အငြင်း ခံလိုက်ရသော ဂျီချင်ရွှယ် ဖြစ်သည်။

ငါးမိနှစ်ခန့် ကြာသောအခါ ကောင်းကင်တွင် အလွန်ကြီးမားလှသော ငှက်ကြီးတစ်ကောင်သည် သူတို့ မြင်ကွင်းရှေ့ ရောက်လာလေသည်။ ငှက်ကင်းမီးကောက်ကြီးသည် အပြာနုရောင်နှင့် အလွန်ခန့်ညားလှပြီး သူ၏ အတောင်များသည် တောင်ပံများကို ဖြန့်လိုက်ချိန်တွင် ဆယ်မီတာကျော် ရှည်လျား လေသည်။ ထိုငှက်ကင်းမီးကောက်ကြီးသည် မြေပေါ်သို့ ဆင်းသက် လာလေသည်။

ဒဏ္ဍာရီများအရ အဆိုပါ အပြာနုရောင် ငှက်ကင်းမီးကောက်ကြီးသည် မဟာကင်းမီးကောက် ကြီး၏ မျိုးဆက်သွေးများ စီးဆင်းနေပြီး အစွမ်းထက်လှသည့် ပျံသန်းနိုင်သော ငှက်ကင်းမီးကောက်ကြီး ဖြစ်သည်။ သူသည် တစ်နေ့ကို အလင်းကဲ့သို့ အမြန်နှုန်းဖြင့် မိုင်ထောင်ပေါင်း များစွာ ပျံသန်းနိုင်စွမ်း ရှိလေသည်။

“ပြိုင်ပွဲဝင်အားလုံး ငှက်ကင်းမီးကောက်ကြီးပေါ်ကို မြန်မြန်တက်ကြ။ ငါ မင်းတို့ကို ခရမ်းရောင် တောင်တန်းဆီ ခေါ်ဆောင်သွားမယ်”

အကြီးအကဲလျှူက ငှက်ကင်းမီးကောက်ကြီးကို ခပ်နိမ့်နိမ့် ပျံသန်းရန် အချက်ပြ လိုက်ပြီးနောက် ပြိုင်ပွဲဝင်များကို အမိန့်ပေး လိုက်လေသည်။

အကြီးအကဲလျှူ၏ အမိန့်ပေးသံ ကြားသည်နှင့် ရှန်းဂွန်းပန်၊ ရှန်းတုရဲတို့က ဝိညာဉ်သားရဲနှင့် ပေါင်းစည်းကာ ငှက်ကင်းမီးကောက်ကြီးပေါ်သို့ မြေပြင်ပေါ်မှ လှပစွာ ပျံဝဲပြီး ခုန်တက် လိုက်လေသည်။

ရှန်းဂွန်းပန်၊ ရှန်းတုရဲတို့၏ ထူးချွန်လွန်းသော အစွမ်းကြောင့် သူတို့သည် ငှက်ကင်းမီးကောက် ကြီးပေါ်တွင် ထိုင်စရာ အကောင်းဆုံး နေရာကို ရယူထားကြသည်။

သို့သော် ရှန်းတုရဲသည် ထိုင်ပင်ထိုင်မရသေးခင် အချိန်တွင် အစွမ်းကြီးလှသော အားက သူ့ကို ပြင်းထန်စွာ လာထိမှန်လေသည်။

“ဝမ်းနည်းပါတယ် အဲနေရာက ဦးထားပြီးသား”

ရဲချန်ဖန်က လေထဲသို့ ပြုတ်ကျကာ အော်ဟစ်နေသော ရှန်းတုရဲကို တစ်ချက်ကြည့်ပြီး ပြုံးပြုံးလေး ပြောလိုက်လေသည်။
အပိုင်း (၄၇) ပြီး၏။ (၄၈) မျှော်
********

Comment

Leave a Reply

Options

not work with dark mode
Reset