Switch Mode

Chapter – 45

မည်သူ အဆိပ်ခပ်သနည်း

အခန်း (၄၅)
မည်သူ အဆိပ်ခပ်သနည်း

မည်သည့် အသံမှ မကြားရအောင် တိတ်ဆိတ် သွားလေသည်။ အသံရှူသံပင် မကြားရတော့ လောက်အောင်ပင် တိတ်ဆိတ်သွားမှုကြီးမှာ လူအားလုံးကလည်း အသက်ရှူရန်ပင် မေ့လျော့ နေသည်ဟု ထင်ရလောက်ပေသည်။

ရဲချန်ဖန်၏ အံ့ဖွယ် လက်သီးကို ကြည့်ပြီး အကုန်လုံး အံ့အားသင့် တုန်လှုပ် သွားလေသည်။

အထင်သေးခြင်း၊ လှောင်ပြောင်ခြင်းများသည် တဖြည်းဖြည်း အံ့ဩသင့်ပြီးရင်း အံ့ဩနေကြ လေသည်။

“မဖြစ်နိုင်ဘူး။ ဒါ တကယ် မဟုတ်နိုင်ဘူး။ ဒီကောင်မှာ ဘယ်လိုလုပ် ဒီလိုစွမ်းအား ရှိနေရတာလဲ။ ဒီကောင်က လူ မဟုတ်နိုင်ဘူး”

ရဲချန်ဖန်ကို ကြည့်ရင်း ရှန်းတုရဲ တစ်ယောက် ကြောက်လန့်ကာ ချွေးစီးများ ပြန်လာသည်။ သူ ရဲချန်ဖန်ကို ပြဿနာ ရှာမိသည့်အတွက်လည်း နောင်တ ရနေမိသည်။

“ကောင်းတယ်။ အရမ်းကို ကောင်းတယ်။ မင်း စွမ်းဆောင်ရည်က သိပ်ကောင်းတယ်”

ရဲချန်ဖန် မှော်အစီအရင်ကို ထိန်းချုပ်ပြီး ကျွဲရိုင်းကို ထိန်းချုပ်လိုက်သည့် အချိန်တွင် အကြီးအကဲလျှူက ရဲချန်ဖန် မှော်အစီအရင်မှ အားကို အသုံးချနိုင်ကြောင်း ချက်ချင်း သိလိုက်သည်။ ရဲချန်ဖန်၏ ထူးခြားလှသော ပါရမီကို အကြီးအကဲလျှူ အလွန်ကို နှစ်သက်နေသည်။

“ရဲချန်ဖန်၊ မင်းက တကယ့် ပြိုင်ဘက်ကောင်းပဲ။ ဒါပေမဲ့ အဆင့်ကိုး ဆေးလုံးက ငါ့အတွက်ပဲ ဖြစ်ရမယ်။ ဘယ်သူမှ ဆေးလုံးကို ယူခွင့် မပြုနိုင်ဘူး”

ရှန်းဂွန်းပန် မျက်လုံးမှ အရောင်များ ထွက်နေပြီး သူ့စိတ်ထဲတွင် ​ပြောလိုက်လေသည်။

သူ၏ စွမ်းဆောင်မှုသည် အလွန်ကောင်းသော်လည်း ရဲချန်ဖန်က သူ့ထက် ပို၍ ကောင်းနေသည်။ ပို၍ ပြောင်မြောက်ပေသည်။ သူရမည့် ကျော်ကြားမှု အားလုံးကို ရဲချန်ဖန် အောင်မြင်မှုက ဖုံးလွှမ်း သွားလေသည်။ သူ မထင်မှတ်ထားသူက သူ့ကို ခြိမ်းခြောက်နေလေပြီ။

“နောက်တစ်ယောက် တန်ဟွား”

နောက်တစ်ရီခန့် ကြာသောအခါ စမ်းသပ်မှုများ အားလုံး ပြီးစီးသွားလေသည်။ ထိုအခါ နေ့လယ်ပင် ရောက်နေချေပြီ။

ဒုတိယ စမ်းသပ်မှု ပြီးဆုံးပြီးနောက် ပြိုင်ပွဲဝင် နှစ်ဆယ့်ရှစ်ယောက်တွင် ဆယ်ယောက်သာ ကျန်ပြီး ကျန်သော ဆယ့်ရှစ်ယောက်တို့မှာ အပယ်ခံ လိုက်ရတော့သည်။ ကျန်ရှင်းနှင့် တခြား ဒဏ်ရာ အပြင်းအထန် ရရှိသွားသူများသည်လည်း အပယ်ခံ လိုက်ရလေသည်။ သူတို့၏ ဒဏ်ရာများသည် ဆယ်ရက် ဆယ့်ငါးရက်အတွင်း ပြန်သက်သာ လာရန်ပင် မဖြစ်နိုင်ပေ။ ထို့ကြောင့် နောက်တစ်ဆင့် စမ်းသပ်မှုတွင် ပါဝင်ရန် မဖြစ်နိုင်တော့ပေ။

“ကဲ၊ ဒီနေ့ စမ်းသပ်မှုက ပြီးဆုံးသွားပြီ။ နောက်ဆုံး စမ်းသပ် စစ်ဆေးမှုကို မနက်ဖြန် ရှစ်နာရီမှာ စတင် ကျင်းပမယ်။ မင်းတို့ နောက်မကျအောင် ဂရုစိုက်ကြ။ နောက်ကျရင် ပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးသွားမယ်”

အကြီးအကဲလျှူက အလေးအနက် သတိပေးလိုက်သည်။

“ဟုတ်ကဲ့ပါ အကြီးအကဲလျှူ”

“ရှန်းဂွန်းပန်၊ ရဲချန်ဖန် မင်းကို ဖိအားပေးနေတာ မင်း ကြိုက်မယ် မထင်ဘူး။ မင်း အဆင့်ကိုး ဆေးလုံး ဆုံးရှုံးသွားနိုင်တယ်”

ရဲချန်ဖန် နောက်ကျောကို ရှန်းတုရဲ တစ်ချက်ကြည့်ပြီး ရှန်းဂွန်းပန်ဆီ လျှောက်သွားကာ ရည်ရွယ်ချက်ရှိရှိ သွေးထိုးလိုက်သည်။

“မင်း ဘာပြောချင်တာလဲ”

ရှန်းဂွန်းပန်က မေးလိုက်သည်။

“ငါ မနက်ဖြန် ကျရင် ပြိုင်ပွဲစည်းကမ်းတွေ သုံးပြီး သူ့ကို ဖယ်ရှားပစ်မယ်။ ကောင်းကင်မီးဂိုဏ်းထဲမှာ ငါတို့ ရှန်းတုကလန်က ပါရမီရှင် တော်တော်များများ ရှိနေတယ်။ ဒါကြောင့် ဘာစည်းမျဉ်းတွေ ရှိလဲ။ ဘာလုပ်လို့ ရလဲဆိုတာကို ငါတို့ ကလန်က လူတွေက သိတယ်”

ရှန်းတုရဲက သူ အရှက်မကွဲစေရန် ကြိုတင် လက်ဦးမှုယူကာ ရဲချန်ဖန်ကို သတ်ဖြတ်ရန် ကြံစည်နေခြင်းပေ။

“ကောင်းကင် မီးဂိုဏ်းက မင်းတို့ လူတွေက သူ့ကိုသတ်ဖို့ နည်းရှိတာလား။ ဘယ်လို သူ့ကို ဖယ်ရှားမှာလဲ”

ရှန်းဂွန်းပန် ဒီအကြိမ်တွင်တော့ အရင်လို လေသံ မမာတော့ချေ။

“ရှန်းဂွန်းပန်၊ ငါ မင်းကို ပွင့်ပွင့်လင်းလင်း ပြောမယ်။ ခရမ်းရောင် တောင်တန်းထဲမှာ ပြိုင်ပွဲဝင်တွေကို ဟန့်တားဖို့ တာဝန်ရှိတဲ့ အဖွဲ့ခေါင်းဆောင်က ငါတို့ ရှန်းတုကလန်ကပဲ။ သူက ငါ့အစ်ကို ဝမ်းကွဲ ရှန်းတုရွှယ်။ ငါ့အစ်ကိုက အဆင့်သုံး သားရဲသခင် ဖြစ်နေပြီ။ သူသာ ငါတို့ကို ကူညီလိမ့်မယ်။ နောက်ပြီး မင်းရဲ့ လူနှစ်ယောက် အင်အားပါ ပေါင်းလိုက်ရင် ဒီခရမ်းရောင် တောင်တန်းက အဲကောင်လေး ခေါင်းချရမယ့် နေရာ ဖြစ်လာလိမ့်မယ်”

ရှန်းတုရဲက သူ့အစီအစဉ်ကို ပြောပြလိုက်သည်။

“ရှန်းတုရဲ၊ မင်း အစီအစဉ်က ကောင်းပေမယ့် ရဲချန်ဖန် အဲကောင်က ထူးဆန်းတယ်။ ငါတို့ ဝိုင်းလုပ်ကြံတာ မအောင်မြင်ရင် အကျိုးဆက်က အလွန်ကြီးတယ်”

ရဲချန်ဖန်ကို သူလည်း သတ်ပစ် ချင်သော်လည်း ဖြစ်လာမည့် အကျိုးဆက်မှာ အလွန်ကြီးမားသည်။ ထို့ကြောင့် သူ ပြန်စဉ်းစားရန် လိုသည်။

“ငါတို့ သုံးယောက်ပေါင်း တိုက်ခိုက်ရင် မအောင်မြင်စရာ အခြေအနေက သိပ်နည်းပါတယ်။ ဒီကလေး လွတ်သွားရင်တောင်မှ ငါတို့ ကြောက်စရာ မရှိဘူး။ ငါ့အစ်ကိုက တားရမယ့် တာဝန် ရှိတယ်လေ။ အဲဒါကို အကြောင်းပြချက် ပေးလို့ရတယ်။ ငါတို့ ဝိုင်းသတ်ရင်တောင်မှ ဘယ်သူက ငါတို့ သူ့ကို သတ်ပါတယ်လို့ သူ့အတွက် သက်သေခံပေးမလဲ”

ရှန်းတုရဲ ကောက်ကျစ် ယုတ်မာစွာ ပြောလိုက်၏။

“အေး၊ ငါ မင်းဆီက သတင်းကို စောင့်နေမယ်။ မင်းအစ်ကိုကို စည်းလုံးလို့ရရင် ငါတို့ ဒီအကြံကို အကောင်အထည် ဖော်ကြတာပေါ့”

ရှန်းဂွန်းပန်က သွားများပင် ကြိတ်လိုက်ပြီး သဘောတူ လိုက်လေသည်။

“ရဲချန်ဖန်၊ မင်းသေရင် ငါ့ကို အပြစ်မတင်နဲ့။ မင်းကိုမင်းပဲ အပြစ်တင်ရမှာ။ မင်းက ဉာဏ်မရှိဘဲ ငါ့ကို ပြဿနာ ရှာခဲ့တာကိုး။ နောက်ဘဝကျရင် ကိုယ့်ဘဝကို နားလည်ပါစေလို့ ငါ ဆုတောင်းပေးမယ်။ တချို့လူတွေနဲ့က မင်း ပြဿနာ သွားဖြစ်လို့ မရဘူး”

ရှန်းဂွန်းပန်က သဘောတူ လိုက်ပြီးနောက် ရှန်းတုရဲ စဉ်းလဲစွာ ပြုံးနေသည်။ သူတို့သည် ရဲချန်ဖန်၏ ကံကြမ္မာဆိုးကို ကြိုမြင် နေရသည့်နှယ်။

တစ်နေ့တာ ထွန်းလင်း တောက်ပခဲ့သော နေမင်းကြီးကလည်း မောပန်းသွားသည့်ပမာ အနောက်ဘက် သောင်ယံတွင် မေးတင်နေလေပြီ။ ညနေခင်း အလင်းရောင်​ကြောင့် ခရမ်းရောင် မြို့တော်သည် ပို၍ ရှေးဟောင်း အငွေ့အသက်များဖြင့် သက်ဝင်လှုပ်ရှား နေသလိုပင်။ လောက တစ်ခွင်သည် သာယာလှပပြီး ငြိမ်းချမ်းနေသည်။

“ဆရာချန်၊ နောက်ဆုံးတော့ ဆရာ ရောက်လာပြီပေါ့။ အားလုံးက မျှော်နေတာ။ ဆရာ့အတွက် ညစာစားပွဲ ပြင်ထားပါတယ်။ ဆရာ ရောက်တာကို စောင့်နေကြတာ”

မျက်နှာဖုံးစွပ်ကာ ရုပ်ဖျက်ပြီးနောက် ညနေခင်း အလင်းရောင် အောက်တွင် ရဲချန်ဖန် ဂျီကလန် အိမ်တော်သို့ ရောက်ရှိလာသည်။ အချိန်အတော်ကြာ စောင့်ဆိုင်းနေသော အိမ်တော်ထိန်းက ရဲချန်ဖန်ကို နှုတ်ဆက်လိုက်ပြီး ယဉ်ကျေးစွာ အိမ်ထဲ ဖိတ်ခေါ် လိုက်လေသည်။

အိမ်ထဲ ဝင်လာစဉ် ရဲချန်ဖန်၏ အစွမ်းထက်လှသော စိတ်အာရုံက အကြီးအကဲဂျီ သက်သာ လာသည်ကို သိရှိနေသည်။ အဲအချိန်တွင် ပြန်ရောက်လာသော သင်ခန်းစာအပြည့် ရလာသော ဂျီချင်ရွှယ်သည် အကြီးအကဲဂျီနှင့် တိုင်ပင် ပြောဆိုနေသည်ကို သူ့ အာရုံကတစ်ဆင့် သိရှိနေလေသည်။ ဂျီချင်ရွှယ် ပြောနေသည်ကို သတိထား နားထောင်လိုက်သည်။

“ချင်ရွှယ်၊ သမီးက ရဲချန်ဖန်နဲ့ တူတူ နေပြီးပြီပဲ။ ဘာလို့ လက်ထပ် စာချုပ်ကို ဖျက်သိမ်းချင် နေရတာလဲ။ ဒီနေ့ ရဲချန်ဖန် ကောင်းကင်ခန်းမမှာ စွမ်းဆောင်ခဲ့တာ လူတွေ သိနေပြီ။ အကုန်လုံးက သူတို့ဘက်ပါအောင် ကြိုးစားနေကြပြီ။ မင်းသား နှစ်ပါးတောင် သူ့ကို စိတ်ဝင်စားပြီး သူ ထောက်ခံတာ လိုချင်နေကြပြီ”

“သူနဲ့ ဇာတ်လမ်းက ပြီးသွားပြီ။ သူနဲ့ အတူနေခဲ့တယ် ဆိုတာကလည်း ဟိုဂျန်ရှန်ရှိ လာမပတ်သက်အောင်လို့ပဲ။ ခုအဲကောင်က သေသွားပြီဆိုတော့ ရဲချန်ဖန်နဲ့ ဇာတ်လမ်းက ဆက်ဖို့ကို အကြောင်း မရှိဘူး”

ဂျီချင်ရွှယ် စိတ်ပျက်လက်ပျက် ပြောလိုက်လေသည်။

“သမီး အခု အဘိုးက သမီးနဲ့ ရဲချန်ဖန်ကို သဘောတူတယ်။ သမီး သူနဲ့ မနက်ဖြန်ကျရင် သွားစကားပြောရင် ကောင်းမယ်။ သူနဲ့ သွားစကားပြောပြီး ရှေ့ဆက် လက်တွဲလို့ ရမရ ပြောကြည့်”

အကြီးအကဲဂျီက ဂျီကလန် အနေထားကို ပြောပြကာ ဂျီချင်ရွှယ်ကို နားချနေသည်။

“အဘိုး ထပ်မပြောပါနဲ့တော့။ သမီး အဲလိုကောင်ကို မလက်ထပ်ချင်ဘူး”

“အကြီးအကဲဂျီ၊ ဆရာချန် ရောက်လာပါပြီ”

သူတို့ စကားများနေစဉ် အိမ်တော်ထိန်း နှင့်အတူ စိတ်တိုနေသော ရဲချန်ဖန်က အခန်းထဲ ဝင်လာသည်။ သူတို့ ပြောဆိုသမျှကို ရဲချန်ဖန် အကုန် ကြားလိုက်ပြီး ဖြစ်သည်။

“ဆရာချန် ရောက်လာပြီလား”

စကားများ၍ မကြည်မလင် စိတ်တိုနေသော ဂျီချင်ရွှယ်က ဆရာချန်ကို မြင်သည်နှင့် ပြုံးရွှင်ကာ နှုတ်ဆက် လိုက်သည်။

သို့သော် ရဲချန်ဖန်က ဂျီချင်ရွှယ်ကို ရှိသည်ဟုပင် သဘောမထားဘဲ သူမကို ပြန်လည်း မပြော ကြည့်လည်း မကြည့်ပေ။

“ဆရာချန်၊ ဆရာအတွက် ညစာစားပွဲ ပြင်ထားပါတယ်။ ဆရာ ဘာကြိုက်တတ်လဲ မသိဘူး”

အကြီးအကဲဂျီက ပြုံးရွှင်သော မျက်နှာထားဖြင့် မေးလိုက်သည်။

“ကျွန်တော် လာတာ ဆေးကုဖို့။ ညစာ လာစားတာ မဟုတ်ဘူး။ ကျွန်တော် မအားဘူး။ တကယ်လို့ ဂျီမိသားစုက အဆင်ပြေရင် အခုစကုတာပေါ့”

ရဲချန်ဖန် စိတ်ထဲတွင် ခရမ်းရောင် တောင်တန်းကို ဖြတ်ကျော် စမ်းသပ်မှုကို စိတ်မအေး ဖြစ်နေသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ် ကျင့်စဉ်ကို တိုးတက်စေနိုင်သော ဂျီကလန်ကပေးမည့် သွေးဂျင်ဆင်း ဘုရင်ကို အမြန်ဆုံးရရန် လောနေမိသည်။

“တောင်းပန်ပါတယ် ဆရာချန်၊ ကျွန်တော် မသိလိုက်လို့ပါ။ အိမ်ထဲသွားပြီး ကုတာပေါ့”

သူ့ကို ထိုကဲ့သို့ လေသံမျိုး ဘယ်သူမှ မပြောဘူးပေ။ သို့သော် ရဲချန်ဖန်ကို ပြဿနာ မရှာဝံ့ပေ။ ယခုကား ရဲချန်ဖန်သည် သူ၏ နောက်ဆုံး မျှော်လင့်ချက်ပင်။

“ခင်ဗျားတို့ လိုက်မလာပါနဲ့။ ကျွန်တော် အကြီးအကဲဂျီ တစ်ယောက်ပဲ မြင်ချင်တယ်”

ရဲချန်ဖန် က ဂျီချင်းရွှယ်တို့ သားအဖကို ကြည့်ပြီး မာရေကျောရေနှင့် ပြောလိုက်သည်။

“ဟုတ်ကဲ့၊ ကျွန်တော်တို့ အပြင်ကပဲ စောင့်နေပါ့မယ်”

ဂျီရန်ယုံ ပြုံးကာ ပြောလိုက်သည်။

ဂျီချင်ရွှယ် နှလုံးသားက နာကျင်နေမိသည်။ သူမ မည်သည့် အပြစ်မှ မလုပ်ဘဲ ဆရာချန်က သူမကို ရန်လို ကန့်လန့်တိုက်နေသည်ဟု ခံစားနေမိသည်။ သူမ၏ အလှကိုလည်း အသိအမှတ် ပြုမိဟန်ပင် မရှိချေ။

“အကြီးအကဲဂျီ၊ ခင်ဗျားကို မကုခင် မေးစရာ ရှိတယ်”

ရဲချန်ဖန် သေချာ စဉ်းစားပြီး မေးလိုက်သည်။

“ဟုတ်ကဲ့၊ ဘာများလဲ ဆရာချန်”

“အကြီးအကဲဂျီက ရောဂါ လက္ခဏာကို ပျောက်ချင်လား။ ဒါမှမဟုတ် ရောဂါအရင်းအမြစ်ကို ပျောက်ချင်လား”

ရဲချန်ဖန် တစ်လုံးချင်း ပြောလိုက်လေသည်။

သူ ပြောဆိုသည်မှာ ပေါ့ပေါ့ပါးပါးပင် ဖြစ်သော်လည်း အကြီးအကဲဂျီ နားထဲတွင်မူ ဘေးတွင် မိုးကြိုးပစ် ချလိုက်သည့် အတိုင်းပင်။
အပိုင်း (၄၅) ပြီး၏။ (၄၆) မျှော်
*****

Comment

Leave a Reply

Options

not work with dark mode
Reset