Switch Mode

Chapter – 44

အံ့ဖွယ် လက်သီး

အခန်း (၄၄)
အံ့ဖွယ် လက်သီး

“ကျန်ရှင်း တစ်ယောက် တကယ်ပဲ အရှုံးပေးလိုက်တာလား။ ဒီစက်ရုပ်နဲ့ စမ်းသပ်မှုက အရမ်းကို ခက်ခဲတာပဲ”

အနက်ရောင် ဝံပုလွေ၏ ပါးစပ်တွင် သာမက တစ်ကိုယ်လုံး၌ပင် ကျန်ရှင်း၏ သွေးများ ပေနေပြီး ကျန်ရှင်း တစ်ယောက်လည်း သေလုမြောပါး ခံလိုက်ရသည်။ အများစုက ထိုမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့် နေလေသည်။

“နောက်တစ်ယောက် ဆုပင်း”

အကြီးအကဲလျှူက ကျန်ရှင်းကို သယ်ထုတ်သွားရန် အစေခံများကို အမိန့်ပေးလိုက်ပြီး နောက်ထပ် ပြိုင်ပွဲဝင် နာမည်ကို ခေါ်လိုက်သည်။

“ကျွန်မ၊ ကျွန်မ အရှုံးပေးတယ်။ ကျွန်မ ဒီအဆင့်ကို မပြိုင်တော့ဘူး”

ဆုပင်းသည် အသက်နှစ်ဆယ် ဝန်းကျင်ခန့် မိန်းမပျိုလေး ဖြစ်သည်။ သူမ ပင်ကိုပါရမီသည် ကျန်ရှင်းလောက် မရှိပေ။ သူမ ကျန်ရှင်း ရုပ်ပျက်ဆင်းပျက် ခံလိုက်ရပုံကို တွေ့ပြီးနောက် သူမ အလွန်ထိတ်လန့်ကာ တစ်ခါတည်းပင် အရှုံးပေး လိုက်တော့သည်။

ဆုပင်းက မတိုက်ဘဲ လက်လျော့လိုက်သဖြင့် အကြီးအကဲလျှူ မျက်မှောင် အတော်ပင် ကြုတ်သွားလေသည်။ ထို့နောက် ဆက်၍ နာမည် ခေါ်လိုက်လေသည်။

“နောက်တစ်ယောက် ရှန်းတုရဲ”

“အစ်ကိုသုံး ကြိုးစားထား”

ရှန်းတုပင်က လက်သီး လက်မောင်းတန်းကာ သူမ အစ်ကိုကို အားပေးလိုက်သည်။

ရှန်းတုရဲ စိတ်မပျက်တာတော့ မဟုတ်ပေ။ သူ့ ဓါးရှည်ကို ဆွဲကိုင်ပြီး ဝင်သွားလိုက်သည်။ အမွေးတိုင် တစ်တိုင်စာ ကုန်ချိန်လောက်တွင် ရှန်းတုရဲ စက်ရုပ်ကို အနိုင်ယူလိုက်နိုင်သည်။

ရှန်းတုရဲသည် အလွန်သန်မာပြီး အစွမ်းထက်လှသည်။ သူ့မျက်နှာတွင် ဂုဏ်ယူ ဝင့်ကြွားမှုမှာ အတိုင်းသား မြင်နေရသည်။ ဤအကြိမ်တွင်တော့ ရဲချန်ဖန်ကို ရန်စသော အကြည့် မကြည့်တော့ပေ။ ပထမ စမ်းသပ်မှုက သူ့ကို တုန်လှုပ်သွားစေသည် မဟုတ်ပါလော။

“အရမ်းကောင်းတယ်။ နောက်တစ်ယောက် ဖန်ရှောင်ရှောင်း”

ရှန်းတုရဲပြီးနောက် ဖန်ရှောင်ရှောင်း၊ ရှန်းတုပင်၊ ဂျီချင်ရွှယ်နှင့် တခြားပြိုင်ပွဲဝင်များက အသီးသီး စက်ရုပ်များကို အနိုင်ယူပြီး နောက်တစ်ဆင့် တက်ရောက် သွားကြသည်။ သို့သော် သူတို့ အနိုင်ယူရသော ကြာချိန်သည် ရှန်းတုရဲထက်ပို၍ အချိန်ယူ ရလေသည်။

သူတို့ထဲတွင် ဂျီချင်ရွှယ်သည် အမွေးတိုင် သုံးတိုင်စာ လောင်ကျွမ်းချိန်လောက်ထိ အချိန်ယူရပြီး နောက်ဆုံးတွင် အန္တရာယ်ကြားမှ စွန့်စား၍ သူမ၏ ဝိညာဉ်သားရဲ၏ ဖမ်းချုပ်နိုင်အားကို အသုံးပြုကာ အနိုင်ယူပြီး နောက်တစ်အဆင့်ကို တက်ရောက် သွားသည်။

ဂျီချင်ရွှယ်နှင့် အခြားပြိုင်ပွဲဝင်များ နောက်တစ်ဆင့် တက်ရောက် သွားသော်လည်း ပို၍ များသော ပြိုင်ပွဲဝင်များက စမ်းသပ်မှု ကျရှုံးပြီး ထွက်သွား ရလေသည်။ ကောင်းကင်မီးဂိုဏ်း ဝင်ခွင့်ကား အလွန်တရာ ခက်လှပါတကား။

“ရှန်းဂွန်းပန်”

အကြီးအကဲလျှူက ကျန်နေသော ပြိုင်ပွဲဝင် ကိုးဦးအနက် တန်ခိုးအဆင့် အမြင့်ဆုံး ဖြစ်သော ရှန်းဂွန်းပန်ကို လက်ညှိုးထိုးပြီး ခေါ်လိုက်သည်။

ရှန်းဂွန်းပန်က ပေါင်သုံးရာ အလေးချိန် ရှိသော ကြီးမားလှသော ပုဆိန်ကို ရွေးချယ်လိုက်သည်။ ထိုပုဆိန်သည် သူ၏ သရဲသဘက်လို ကြီးမားသော ခန္ဓာကိုယ်နှင့် လိုက်ဖက်နေရာ မဟာဘီးလူကြီး တစ်ကောင်အလား အောက်မေ့ရပြီး အလွန်ကြောက်မက်ဖွယ် အော်ရာများ ထွက်ပေါ်နေသည်။

“ယား”

ရှန်းဂွန်းပန် မှော်အစီအရင်ထဲတွင် ရပ်နေရာ ဆိုးသွမ်းသော စက်ရုပ်ဝက်ဝံကြီး ထွက်လာ လေသည်။ ဝက်ဝံရိုင်းကြီးသည် အလွန်ကြောက်စရာ ကောင်းအောင် ခွန်အားကြီး ကြမ်းကြုတ်ရာ တခြား ပါရမီရှင်များဆိုလျှင် အလွယ်တကူ သေဆုံးသွားမည် ဖြစ်သော်လည်း ရှန်ဂွန်းပန်က သေရေး ရှင်ရေး တိုက်ပွဲများစွာကို တွေ့ကြုံဖူးသဖြင့် အချိန်အတော်ကြာ ယှဉ်ပြိုင် တိုက်ခိုက် နေနိုင်သည်။

ရှန်းဂွန်းပန်ဆီမှ အပြာရောင် အလင်းတန်း နှင့်အတူ ကြီးမားလှသော ငှက်ကြီး ထွက်ပေါ် လာလေသည်။ သူ့ ဝိညာဉ်စွမ်းအားများမှာလည်း မီးတောင် ပေါက်ကွဲ သကဲ့သို့ပင် အရှိန်အဟုန်နှင့် ထွက်လာလေသည်။

“လေမုန်တိုင်း ခုတ်ချက်”

ရှန်းဂွန်းပန် မာန်သွင်း၍ ဧရာမ ပုဆိန်ကြီးဖြင့် ခုတ်ချလိုက်ရာ အလင်းတန်းကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာသည့်နှယ် အရာရာကို ဖျက်ဆီးနိုင်စွမ်း ရှိနေသည်။ ပုဆိန်ကြီးသည် ဝက်ဝံရိုင်းကြီးကို ထိမှန်သွားပြီး ဝက်ဝံကြီး ရင်ဘတ်တွင် အလွန်နက်ရှိုင်းသော ဒဏ်ရာ ရရှိသွားလေသည်။ ကြီးမားသော ခန္ဓာကိုယ်ကြီလည်း လေထဲ လွင့်စဉ် သွားသည်။

“သန်မာတယ်။ တကယ့်ကို သန်မာတာပဲ။ ရှန်းဂွန်းပန် ဒီအစွမ်းနဲ့ဆို အဆင့်နှစ်ဆင့် လောက်ကို ကျော်ပြီး တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မယ်”

ရှန်းဂွန်းပန်ရဲ့ ပုဆိန် အစွမ်းကို မြင်ပြီး အကုန်လုံးက တုန်လှုပ်ကာ အချိန်အတန်ကြာ စကားပင် မပြောနိုင်ကြချေ။

အဲအချိန်တွင် ရှန်းတုရဲ အနေဖြင့် ရှန်းဂွန်းပန်က သူ့ထက် အများကြီး ပိုစွမ်းအား ကြီးသည်ကို ဝန်ခံရပေမည်။ သူသာ အဆင့်မတက်နိုင်လျှင် ရှန်းဂွန်းပန်ကို စိန်ခေါ်ဖို့ သတ္တိရှိမည် မဟုတ်ပေ။

လေပွေ ဝိညာဉ်သိုင်းဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရနေသော ဝက်ဝံရိုင်းကြီးကို အဆက်မပြတ် လိုက်လံ တိုက်ခိုက်တော့သည်။ သူ့ကိုယ်လုံးကြီးမှာ အလွန် လျင်မြန်စွာ ရွေ့လျားနေသည်။

“ကောင်းလိုက်တဲ့ ကိုယ်ဖေါ့သိုင်း”

ရဲချန်ဖန်က ရှန်းဂွန်းပန်ကို တိုက်ခိုက်ရာတွင်သာ အစွမ်းထက်မည်ဟု ထင်ထားရာ ယခုလို ကိုယ်ဖေါ့သိုင်းပါ အစွမ်းထက်လိမ့်မည်ဟု မထင်ထားမိပေ။

“သေစမ်းကွာ”

ဝက်ဝံရိုင်းကြီး ပြန်ထလာရန် စောင့်ပြီး ရှန်းဂွန်းပန်က သူ့ ပုဆိန်ကြီးဖြင့် ဝက်ဝံကြီး ခေါင်းကို ခုတ်ချလိုက်ရာ ခေါင်းသည် လေထဲ လွင့်မျောသွားကာ တိုက်ပွဲ ပြီးဆုံး သွားလေသည်။

“ဒီရှန်းဂွန်းပန်က ငါ့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်ပဲ”

ရှန်းဂွန်းပန်၏ ကြီးမားလှသော အစွမ်းကို ကြည့်ပြီး ရဲချန်ဖန် ဖိအား အလွန်များလာသည်။ သူသည် ရှန်းဂွန်းပန်၏ ပြိုင်ဘက် မဟုတ်တာတော့ သေချာသည်။

“ရဲချန်ဖန်”

ရဲချန်ဖန်က ရှန်းဂွန်းပန်၏ စွမ်းအားကို အံ့အားသင့်နေစဉ် အကြီးအကဲလျှူက သူ့နာမည်ကို ခေါ်လိုက်လေသည်။

“ရဲချန်ဖန်၊ မင်းရဲ့ တိုက်ခိုက်စွမ်းရည်ကို ပြစမ်း။ ငါက မင်းကို အထင်မ​သေးအောင် မင်း လုပ်ပြမယ်လို့ ငါ မျှော်လင့်နေမယ်”

ရှန်းဂွန်းပန်က သူပြီးနောက် ရဲချန်ဖန် အလှည့်မှန်း သိလိုက် သောအခါ ဂုဏ်ယူ ဝင့်ကြွားနေသော အသံလိုင်းနှင့် စကားပြောလိုက်သည်။

“မင်း စိတ်ပျက်ရမှာ မဟုတ်ဘူး”

ထို့နောက် ရဲချန်ဖန်က မည်သည့် လက်နက်မှ မရွေးဘဲ မှော်အစီအရင်ထဲ တစ်ခါတည်း လျှောက်ဝင် သွားလိုက်ပြီး မျက်လုံးများ မှိတ်ကာ စက်ရုပ်သားရဲ ထွက်လာသည်ကို စောင့်နေသည်။

သုံးစက္ကန့်လောက်အတွင်း ရဲချန်ဖန်၏ နတ်ဦးနှောက်နှင့် မှတ်ဉာဏ်များကို အသုံးပြု၍ မှော်အစီအရင်ကို ထိန်းချုပ် လိုက်လေသည်။

အကယ်၍သာ ရဲချန်ဖန်က မှော်အစီအရင်ကို ထိန်းချုပ်ရန် သုံးစက္ကန့်လောက်သာ လိုအပ်သည်ဟု သိရှိသွားပါက သူတို့ သိထားသည့် မှော်အစီအရင် အကြောင်းနှင့်ယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးလို ကွာခြား နေပေလိမ့်မည်။

“ရဲချန်ဖန်၊ မင်းက လက်နက် မယူဘူးလား။ မင်းအားက မဆိုးပေမဲ့ မင်း လက်နက်မဲ့ချရင် မင်း အခွင့်မသာဘဲ နေလိမ့်မယ်”

ရဲချန်ဖန်တွင် အလားအလာ ကောင်းများ ရှိနေ၍ အကြီးအကဲလျှူက စိတ်ရင်း စေတနာနဲ့ သတိပေး လိုက်လေသည်။

“အကြီးအကဲလျှူ ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော် လက်နက် မပါရင်တောင်မှ ဒီစမ်းသပ်မှုကို အောင်မြင်မယ်လို့ ယုံကြည်ချက် ရှိပါတယ်”

“မင်း သိပ်မြောက်ကြွ မနေနဲ့။ သေချင်နေတဲ့ကောင်”

ရဲချန်ဖန်၏ ယုံကြည်မှု အပြည့်နဲ့ ပုံကိုကြည့်ပြီး ရှန်းတုရဲက အလွန်စိတ်ဆိုး သွားလေသည်။ ရဲချန်ဖန်က အဆင့်တစ် သားရဲသခင်ကို လက်နက်မဲ့ အနိုင်ယူ နိုင်မည်ဟု လုံးဝ မယုံနိုင်ပါ။

“ဒါလည်း ကောင်းတာပဲ၊ စကြတာပေါ့”

စက်ရုပ်သားရဲကို လွှတ်လိုက်ရာ တစ်ကိုယ်လုံးကို အလွန်မာကြာလှသော အမွှေးအမှျင်များက ဖုံးလွှမ်းနေပြီး ဂျိုနှစ်ချောင်းကလည်း လှံသွားကဲ့သို့ စူးရှ ထက်မြက်နေကာ အလွန် ကျယ်လောင်သော နှာမှုတ်သံ နှင့်အတူ သွေးကဲ့သို့ ရဲရဲနီနေသည့် မျက်လုံးများနှင့် ကျွဲရိုင်းကြီး တစ်ကောင် ထွက်ပေါ် လာလေသည်။

“အို ဘုရားရေ၊ ရဲချန်ဖန် တိုက်ရမှာက ကျွဲရိုင်းကြီးပဲ။ ကြည့်ရတာ ကံကြမ္မာက သူ့ကို မျက်နှာသာ မပေးဘူးပဲ”

အဆင့်တူများကြားတွင် ကျွဲရိုင်းသားရဲသည် အလွန်တရာ အစွမ်း ကြီးမားသော သားရဲများ ထဲတွင် ပါဝင်သည်။ သူ့ခန္ဓာကိုယ်တွင် အားနည်းချက်က မရှိသလောက်ပင်။ ကျွဲရိုင်း၏ ရက်စက်လှသော တိုက်ခိုက်မှုများသည် တခြားသားရဲများထက် အဆပေါင်းများစွာ အစွမ်းထက်လှပြီး အဆင့်တူများကို အလွယ်တကူ သတ်ဖြတ် ပစ်နိုင်သည်။

ရဲချန်ဖန်တွင်သာ လက်နက် ရှိနေပါက သူ့ဝိညာဉ်သိုင်းနှင့် ကျွဲရိုင်းကို သတ်ဖို့ အခွင့်အရေး ရှိနိုင်သည်။ သို့သော် ရဲချန်ဖန်တွင် မည်သည့် လက်နက်မှ မရှိနေ၍ မည်သည်က သူနိုင်မည်ဟု မထင်ပေ။ အတော်များများက ရဲချန်ဖန် အားကို မနာလို ဖြစ်နေကြရာ ရဲချန်ဖန် ကျရှုံးသည်ကို မြင်တွေ့ ချင်နေကြသည်။

“ရဲချန်ဖန်၊ နင် ဘယ်တော့မှ ရင့်ကျက်မှာလဲ။ ဒါက နင့်ကို အကျိုးမှ မရှိစေတာ”

ဂျီချင်ရွှယ် ခေါင်းခါ လိုက်မိပြီး ရဲချန်ဖန်၏ အဓိပ္ပာယ် မရှိသော လုပ်ရက်ကို စိတ်ပျက်နေမိသည်။

အလွန်ရက်စက် ကြမ်းတမ်းသည့် ကျွဲရိုင်းကြီး၏ အော်ရာသည် တဖြည်းဖြည်း နီးကပ် လာနေပြီး ရဲချန်ဖန်မှာ ကြောက်လန့်ပြီး မလှုပ်မယှက် ရပ်ဖြစ်နေသည်ဟု ထင်ရသည်။

“ကြောက်နေပြီ။ ဒီရဲချန်ဖန်က ကြောက်နေပြီ”

မလှုပ်မယှက် ရပ်နေသော ရဲချန်ဖန်ကို ကြည့်ပြီး လူအများက ဝိုင်းရယ် လိုက်ကြပြီး သူ သေဆုံးမည်ကို ဘယ်သူမှ ဂရုမစိုက်ပေ။

ကျွဲရိုင်းကြီး၏ ဂျိုနှစ်ချောင်းက သူ့ကို ထိုးဝှေ့မိရန် အနည်းငယ်သာ လိုတော့သည်။ ထိုအချိန်တွင် ပိတ်နေသော ရဲချန်ဖန် မျက်လုံးများက အလင်းရောင်များ နှင့်အတူ ပွင့်လာပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

ဤခြေတစ်လှမ်းက မှော်အစီအရင်ကိုး၏ အစွမ်းကို ပြောင်းလဲလိုက်ခြင်းပင်။ မှော်အစီအရင်က သံချိန်းကြိုးများပမာ ကျွဲရိုင်းကြီး၏ ခြေလေးချောင်းကို ချုပ်နှောင်လိုက်ပြီး ကျွဲရိုင်းကြီး ခေတ္တမျှ ရွေ့လျားလို့ မရတော့ချေ။

ထိုအချိန်တွင် ရဲချန်ဖန်သည် သွေးဥထဲမှ ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစည်း လိုက်ပြီး မှော်အစီအရင်မှ စွမ်းအား အနည်းငယ်ကိုပါ ယူသုံးလိုက်ပြီး သူ၏ ပေါင်တစ်သောင်းကျော်သော အားနှင့် ကျွဲရိုင်းကြီးကို ထိုးလိုက်လေသည်။

အလွန်စွမ်းအား ပြင်းထန်သော လက်သီးက လေကို ခွဲကာ မယုံနိုင်စရာ ကောင်းသော မြင်ကွင်းကို ဖြစ်ပေါ် လာစေသည်။

“ဘွန်း”

ရဲချန်ဖန်၏ မယုံနိုင်စရာ ထိုးချက်က ကျွဲရိုင်းကြီးကို ထိထိမိမိကို ထိုးမိသွားပြီး ကျွဲရိုင်းကြီး၏ အကာအကွယ်များလည်း ကျိုးပဲ့ကာ ခန္ဓာကိုယ်က လေထဲတွင် ပေါက်ကွဲ ထွက်သွားလေသည်။
အပိုင်း (၄၄) ပြီး၏။ (၄၅) မျှော်
******

Comment

Leave a Reply

Options

not work with dark mode
Reset