အခန်း (၄၃)
စက်ရုပ်များနှင့် စမ်းသပ်ခြင်း
“ကောင်လေး စောစောစီးစီး အထုတ်မခံရစေနဲ့။ မဟုတ်ရင် သိပ်ပျင်းစရာ ကောင်းသွားမယ်”
ပေါင်နှစ်ထောင့် ငါးရာနှင့် ဒုတိယ အဆင့်ကို ရောက်နေသောကြောင့် ရှန်းတုရဲက ပြောင်တိပြောင်စပ် ရယ်မောကာ ရည်ရွယ်ချက်ရှိရှိ အသံလိုင်း ပို့လွှတ်ကာ ရဲချန်ဖန်ကို ရန်စလိုက်သည်။
သူ ရန်စမှုသည် ရဲချန်ဖန်ကို အနှောင့်အယှက် မဖြစ်သွားစေနိုင်ပါ။ ရဲချန်ဖန် အသက်ဝအောင် ရှူပြီး အားများ စုစည်းလိုက်သည်။
“ကောင်းတယ်။ တကယ် အားကြီးတာပဲ”
အကြီးအကဲလျှူ မျက်လုံးမှ အရောင်ထွက်လာပြီး ရဲချန်ဖန်ဆီမှ ကြီးမားလှသော စွမ်းအားများ ထွက်လာသည်ကို ချက်ချင်း သတိပြု မိလိုက်သည်။
ရဲချန်ဖန် တစ်ကိုယ်လုံးမှ အားများကို စုစည်းလိုက်ရာ အလွန်တရာ ပြင်းထန်သော ရေလှိုင်းကြီးပမာ အားများ ထွက်ပေါ် လာလေသည်။ အားများသည် ညာလက်သီးထဲ စီးဝင်သွားသည်။ ထို့နောက် ရှေ့တစ်လှမ်း တိုးလိုက်ရာ ကျားသစ် တစ်ကောင်လိုပင် မြောက်တက်သွားပြီး စွမ်းအင်များ အစွမ်းကုန် စုစည်းလျက် ကျောက်တုံးကို ထိုးချလိုက်သည်။
“ဘွန်း”
အားစမ်းသော ကျောက်တုံးသည်ပင် အနည်းငယ် လှုပ်ရှားသွားပြီး ဒိုင်ခွက် လက်တံသည် စတင်၍ မြင့်တက် လာလေသည်။ အသက်ဆယ်ခါ ရှူချိန်လောက် အချိန်အတွင်းမှာ ဒိုင်ခွက် လက်တံက တဖြည်းဖြည်း ရပ်တန့် သွားလေသည်။ အားလုံး တိတ်ဆိတ်သွားပြီး အံ့ဩမှင်သက် နေကြသည်။ အဘယ်ကြောင့်နည်း။ ရဲချန်ဖန် စစ်ဆေးမှု ရလဒ်မှာ ပေါင်ငါးထောင်ရှစ်ရာ ဖြစ်နေသည်။
“ဘာ၊ ပေါင်ငါးထောင်ရှစ်ရာလား။ ငါ မျက်လုံး မကောင်းတော့တာလား။ ငါ မှားတာ မဟုတ် ပါဘူး”
“အို ဘုရားရေ၊ ဝိညာဉ်စွမ်းအား မသုံးဘဲ ခန္ဓာကိုယ် စွမ်းအားချည်းကို ပေါင်ငါးထောင့် ရှစ်ရာလား။ သူက လူရော ဟုတ်ရဲ့လား”
အကြီးအကဲလျှူ အပါအဝင် အကုန်လုံးက ရဲချန်ဖန်၏ ရလဒ်ကို ကြည့်ပြီး အံ့ဩကာ ငေးမော နေကြလေသည်။ သူတို့ မျက်လုံးများကို မယုံနိုင် ဖြစ်နေကြသည်။
“ဘယ်လိုလုပ် သူ့ခန္ဓာကိုယ် စွမ်းအားက အဲလောက် ကြီးနေရတာလဲ။ သူက ဘယ်သူလဲ”
ရဲချန်ဖန် ရလဒ်ကို ကြည့်ပြီး ရှန်းတုရဲ မျက်နှာတွင် အပြုံးများ ပျောက်ကွယ်သွားပြီး ချက်ချင်း တစ်ကိုယ်လုံး တောင့်တင်း သွားသည်။ ရဲချန်ဖန်နှင့် အလောင်းအစား ပြုလုပ်ထားသည်ကို ပထမဆုံး အကြိမ် စိုးရိမ်စိတ် ဝင်လာလေသည်။
“ရဲချန်ဖန်၊ ရှင့်ခန္ဓာကိုယ် စွမ်းအားကို လိုတာထက် ပိုပြီး အလွန်အကျွံ လေ့ကျင့်ခဲ့တာလား။ ရှင် အဲလို အလွန်အကျွံ လုပ်နေရင် အနာဂါတ်မှာ ရှင် အဆင့်တက်မှာ မဟုတ်ဘူး”
လူအုပ်ထဲရှိ ဂျီချင်ရွှယ်က အံ့ဩပုံမပြဘဲ ပြောလိုက်လေသည်။
သူမ အမြင်တွင် ရဲချန်ဖန်က ခန္ဓာကိုယ် စွမ်းအားကို လိုတာထက် ပိုပြီး အလွန်အကျွံ လေ့ကျင့်ခဲ့၍သာ ဤကဲ့သို့ စွမ်းအား ပိုင်ဆိုင်နေခြင်းပင် ဖြစ်သည်ဟု ထင်မှတ်နေသည်။
“ရှန်းဂွင်းပန်၊ ကြည့်ရတာ ဒီပထမ စစ်ဆေးမှုက ရှင် ထင်သလို ဖြစ်မလာဘူးနဲ့ တူတယ်”
မိန်းမချောလေး ဖန်ရှောင်ရှောင်းက ရုပ်ပျက်နေသော ရှန်းဂွင်းပန်နား လျှောက်လာကာ တီးတိုး ရေရွတ် လိုက်သည်။
“ဟေး၊ ဒီအတိုင်း အားကြီးတာလေးပဲ။ တကယ် တိုက်ခိုက်မယ်ဆို ဘယ်သူက နိုင်မလဲ မပြောနိုင်ဘူး။ တကယ် အရေးကြီးတာက ဘယ်သူက ပိုအစွမ်းထက်လဲ။ အဲဒါပဲ”
ရှန်းဂွင်းပန် မောက်မာစွာ ပြောလိုက်သည်။ ရဲချန်ဖန် ရလဒ်က သူ့ကို အလွန် စိတ်အနှောင့်အယှက် ဖြစ်သွားစေသည်။
“ကောင်းတယ်။ အရမ်းကောင်းတယ်။ နောက်တစ်ယောက်”
အကြီးအကဲလျှူက ရဲချန်ဖန် စွမ်းဆောင်မှုကို အလွန် သဘောကျနေသည်။ ဝိညာဉ်စွမ်းအင် မသုံးဘဲ အား ဒီလောက်ကြီးနေမှာ အလွန် ထူးခြားသော ဖြစ်ရပ်ပင်။ ဤသည်မှာ အလွန်ထူးခြားသော ပါရမီကို ဖော်ပြနေပြီး ဤလို ပါရမီရှင်မျိုးကို ကောင်းကင်မီးဂိုဏ်းက လိုအပ်လေသည်။
အားစမ်းသပ်သည့် စစ်ဆေးမှုသည် နေ့တစ်ပိုင်း နီးပါးမျှ ကြာမြင့်သည်။ မနက်ပိုင်း စစ်ဆေးမှုများ ပြီးသွားပြီးနောက် ဇီကျင်နိုင်ငံနှင့် အနီးတစ်ဝိုက် သိုင်းမိသားစုတို့မှ ပါရမီရှင် ငါးဆယ်ထဲတွင် နှစ်ဆယ့်နှစ်ဦးက ထုတ်ပယ် ခံလိုက်ရသည်။
“အားစမ်းသပ်သည့် စစ်ဆေးမှု အောင်မြင်တဲ့ လူတွေ ထမင်းစားခန်းကို ထမင်း အတူတူစားဖို့ ငါနဲအတူ လိုက်ခဲ့ကြ။ ထုတ်ပယ်ခံရတဲ့ လူတွေ ကောင်းကင်ခန်းမထဲကနေ ချက်ချင်း ထွက်သွားကြ”
အကြီးအကဲလျှူက ခပ်ကြမ်းကြမ်းပင် အမိန့် ပေးလိုက်သည်။
စစ်ဆေးမှု ကျဆုံးသော နှစ်ဆယ့်နှစ်ယောက်သော ပြိုင်ပွဲဝင်တို့သည် မျက်လုံးများ နီရဲကာ မထွက်ချင်ပဲ ထွက်ခွာ သွားရသည်။ စစ်ဆေးမှု အောင်မြင်သည့် ပြိုင်ပွဲဝင် နှစ်ဆယ့်ရှစ်ယောက်တို့က ကောင်းကင်ခန်းမထဲရှိ စားသောက်တန်းတွင် အသီးသီး စားသောက်ရန် အနားယူ နေကြသည်။
ကောင်းကင် မီးဂိုဏ်းမှ အထူးစီမံ ချက်ပြုတ်ထားသော အစားအစာများ စားသောက်ပြီးနောက် ရဲချန်ဖန်နှင့် တခြား ပြိုင်ပွဲဝင်များကို အကြီးအကဲလျှူက အေးစက်ပြီး အန္တရာယ် အငွေ့အသက်များ ဖုံးလွှမ်းနေသည့် ကျောက်တုံးခန်းမထဲ ခေါ်ဆောင်သွားသည်။
“မှော်အစီအရင်တွေ”
ကျောက်တုံးခန်းမထဲ ဝင်လိုက်သည်နှင့် ရဲချန်ဖန် မျက်လုံးများ ကြုတ်သွားသည်။ ကျောက်တုံး ခန်းမကြီး အလယ်တွင် ရှုပ်ထွေးသော မှော်အစီအရင် အဆောင်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ ဤမှော်အဆီအရင်မှာ ပိတ်ဆို့ ချုပ်နှောင်သည့် မှော်အစီအရင်ပင်။
ဤကဲ့သို့ မှော်အစီအရင်မျိုးကို နတ်ဦးနှောက်၏ မှတ်ဉာဏ်ထဲတွင် သူ တွေ့ဖူးသည်။ အခြေခံအဆင့် မှော်အစီအရင်သာ ဖြစ်သော်လည်း မှော်အစီအရင် အများအပြားကို ပေါင်းစည်း ထားသဖြင့် စွမ်းအားမှာ မသေးပေ။
မှော်အစီအရင် နောက်တွင်မူ သံဖြင့် ဆောက်ထားသည့် သံအိမ်လေး တစ်လုံး ရှိနေသည်။ သံအိမ်၏ တံခါးမှာ ပိတ်ထားသော်လည်း ရဲချန်ဖန်၏ ထက်မြက်သော စိတ်အာရုံက သံအိမ်ထဲရှိ ရက်စက်သော အော်ရာများကို ခံစား သိရှိနေသည်။
“ဒါက ဒုတိယ စမ်းသပ်မှု လုပ်မယ့်နေရာပဲ။ မင်းတို့က ကိုယ်ထက် အဆင့်တစ်ဆင့် ပိုမြင့်တဲ့သူ တိုက်ခိုက်ရမယ်။ ဆိုပါတော့ အဆင့်ခြောက် သားရဲရှင်ဆို အဆင့်တစ် သားရဲသခင်နဲ့ တိုက်ခိုက်ရမယ်။ အဆင့်နှစ် သားရဲသခင်ဆို အဆင့်သုံး သားရဲသခင်နဲ့ တိုက်ခိုက်ရမယ်”
အကြီးအကဲလျှူက ပြိုင်ပွဲ စည်းမျဉ်းများကို အသေးစိတ် ရှင်းပြ လိုက်လေသည်။
“အဆင့်ကျော်ပြီး တိုက်ခိုက်ရမယ် ဟုတ်လား”
စည်းမျဉ်းများကို ကြားပြီး အားစစ်ဆေးမှုကို ကျော်ဖြတ်လာသော ပြိုင်ပွဲဝင် တော်တော်များများ မျက်နှာပျက် သွားကြပြီး အံ့ဩနေကြလေသည်။
ယန္တရား စက်ရုပ်များနှင့် လူသားတို့ ကွာခြားချက်မှာ အဆင့်တူနေရင်သော်မှ စက်ရုပ်များက ရုပ်ပိုင်းဆိုင်ရာက အဆင့်တူများ မယှဉ်နိုင်ချေ။ ယခုမူ အဆင့်တူ မဟုတ်ဘဲ တစ်ဆင့်ကျော်၍ တိုက်ခိုက် ရပေတော့မည်။ ထို့အပြင် စက်ရုပ်များက နာကျင်မှု ပိုမသိဘဲ သတ်ဖြတ်ခြင်းသာ သိလေသည်။ အဆင့်တူခြင်း ဆိုပါက စက်ရုပ်များက အများကြီး ပိုအစွမ်းထက်ပေသည်။
“အလကား ကောင်တွေ”
အစွမ်းထက်သော ရှန်းဂွန်းပန်က ကျန်လူများ၏ အမူအရာကို ကြည့်ပြီး ဆူပူသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ သူ့မျက်လုံးက ရဲချန်ဖန်ဆီ ရောက်သွားချိန်တွင် ရဲချန်ဖန်က တည်ငြိမ်ပြီး ဘာမှ မထူးခြားသည့် အမူအရာကို တွေ့လိုက်လေသည်။
“ငါ သူ တိုက်ခိုက်ရင် ဘယ်လောက် အစွမ်းထက်မလဲ သိချင်တယ်”
ရှန်းဂွန်းပန်က အံ့ဩပြီး သိချင်သွားလေသည်။
“ကဲ၊ အားလုံး အဆင်သင့်ဖြစ်ရင် စမယ်။ နာမည်ခေါ် ခံရတဲ့လူက လက်နက်ရွေးပြီးရင် မှော်အစီအရင်ထဲ ဝင်ပြီး စမ်းသပ်မှု ခံယူရမယ်”
အကြီးအကဲလျှူ၏ အသံကျယ်ကြီးက ထွက်ပေါ် လာသည်။
“ကျန်ရှင်း”
ကျန်ရှင်းသည် ဇီကျင်နိုင်ငံ၏ စစ်သူကြီး တစ်ယောက်၏ သားဖြစ်သောကြောင့် အလွန် ကျော်ကြားသည်။ အသက်နှစ်ဆယ့်တစ်နှစ် အရွယ်တွင် အဆင့်ခြောက် သားရဲရှင် အဆင့်ကို ရောက်ရှိသော ထိပ်တန်း ပါရမီရှင် ဖြစ်သည်။ ဂျီချင်ရွှယ် ပြီးပါက အတော်ဆုံး ပါရမီရှင် ဖြစ်လေသည်။
သူ၏ ပထမ အားစစ်ဆေးသည့် ရလဒ်မှာ ပေါင်ထောင့်ငါးရာ ဖြစ်ပြီး အဆင့်ဆယ့်တစ်နေရာကို ရရှိထားသည်။
သူက တည်ငြိမ်စွာပင် လျှောက်လှမ်းလာကာ ထူးဆန်းသော သံမဏိတုတ်ကို လက်နက်အဖြစ် ရွေးချယ် လိုက်ပြီး မှော်အစီအရင်ထဲ ဝင်ရောက်သွားသည်။
“ဝံပုလွေကို လွှတ်လိုက်”
အကြီးအကဲလျှူ အမိန့်ပေးလိုက်သည်နှင့် မှော်အစီအရင်ကို ဖွင့်လိုက်ရာ ဦးခေါင်း တစ်ဝက်လောက်ကို ကြေးခွံများ ဖုံးနေပြီး အမြင့်ငါးမီတာ ကျော်သည့် အဆင့်တစ် သားရဲသခင် အနက်ရောင် ဝံပုလွေ တစ်ကောင် ထွက်ပေါ်လာသည်။ ဝံပုလွေမှာ အလွန် ကြမ်းတမ်း ခက်ထန်ပြီး သွားများတွင် သွေးများ ပေစွန်းနေရာ မြင်သူတိုင်းကို အသည်းများ အေးသွားစေနိုင်သည်။
အနက်ရောင် ဝံပုလွေ၏ နီရဲနေသော မျက်လုံးများက ကျန်ရှင်းကို တစ်ချက် ကြည့်လိုက်ပြီး သူနှင့် မနီးမဝေးတွင် ရှိနေသော ကျန်ရှင်းကို လျှပ်တစ်ပြက် တိုက်ခိုက် လိုက်သည်။
အနက်ရောင် ဝံပုလွေ၏ ရွေ့လျားမှုသည် ကြောက်စရာ ကောင်းလောက်အောင် လျင်မြန်ရာ သူ ရွေ့လျားရာ တစ်လျှောက်တွင် အနက်ရောင် အရိပ်များ ကျန်ခဲ့သည်။ ကျန်ရှင်းက အနက်ရောင် ဝံပုလွေ၏ တိုက်ခိုက်မှု ဤမျှ လျင်မြန်လိမ့်မည်ဟု မထင်ထားခဲ့ရာ အလျင်အမြန်ပင် ဝိညာဉ်သားရဲနှင့် ပေါင်းစည်းကာ ခုခံ လိုက်လေသည်။
သို့သော် အနက်ရောင် ဝံပုလွေမှာ အလွန်ရက်စက် ကြမ်းကြုတ်ပြီး လျင်မြန်ပေရာ သူ့ကျောတွင် လက်သည်း ခြစ်ရာများဖြင့် သူ့အသားများ ကွဲပြတ်သွားစေပြီး သွေးများ ယိုစီးကြလာလေသည်။
ဝိညာဉ်သားရဲ တန်ခိုးရှင်တို့၏ ခန္ဓာကိုယ်မှာ သန်မာမှု မရှိလှချေ။ ထို့ကြောင့် ကျန်ရှင်းက ဒဏ်ရာများ ရရှိသွားပြီး သူ တိုက်ခိုက်မှုမှာ ပြင်းထန်ခြင်း မရှိတော့ချေ။ အနက်ရောင် ဝံပုလွေ၏ တိုက်ခိုက် ထိုးနှက်ခြင်းကို ခံနေရပြီး သူ တိုက်ခိုက်မှုမှာ အရာမထင်ချေ။
နောက်ဆုံးတွင် ကျန်ရှင်းက အမွေးတိုင် တစ်တိုင်စာ လောင်ကျွမ်းချိန်မျှသာ ပြန်ခုခံနိုင်ပြီးနောက် မှော်အစီအရင်ထဲမှ ပြန်ထွက်လာရသည်။
အပိုင်း (၄၃) ပြီး၏။ (၄၄) မျှော်
*****