အခန်း (၄၂)
အစွမ်းထက်ရန် လိုသည်
ဆယ်မိနစ်လောက် ကြာပြီးနောက် အဖြူရောင် ဝတ်စုံဝတ် အဘိုးအိုသည် ခန်းမအတွင်းသို့ ဝင်လာပြီး စင်မြင့်ပေါ်တွင် ရပ်လိုက်သည်။ ထူးခြားနေသည်မှာ ထိုအဘိုးအိုသည် မျက်နှာ ရှည်မျောမျော၊ ကလေးမျက်နှာ ဖြစ်နေပြီး အလွန်ကြီးမားသော အော်ရာများ ထုတ်လွှတ်နေသည်။ သူက ကျယ်လောင်စွာ ပြောလိုက်သည်။
“ငါက ဒီအရည်အချင်းစစ် စာမေးပွဲရဲ့ ကြီးကြပ်သူပဲ။ ငါက အကြီးအကဲ လျှူပဲ”
“အကြီးအကဲ လျှူက တော်တော် အစွမ်းထက်တာပဲ”
သူ အကြီးအကဲလျှူ၏ အစွမ်းကို ကြည့်ပြီး အားငယ်သွားသည်။ သူ မြင်ဖူးသမျှထဲတွင် အကြီးအကဲလျှူက အစွမ်း အထက်ဆုံးလူ ဖြစ်သည်။
“အရည်အချင်းစစ်ပွဲကို ကြေညာမယ်။ ဒီစစ်ဆေးတာကို အပိုင်းသုံးပိုင်း ခွဲထားတယ်။ ပထမဆုံး အနေနဲ့ စွမ်းအား ပြိုင်မယ်။ ဒုတိယ အနေနဲ့ ယန္တရားတွေနဲ့ တိုက်ခိုက်ရမယ်။ တတိယ အဆင့်ကတော့ ခရမ်းရောင်တောင်တန်းကို ဖြတ်ကျော်ခြင်းပဲ။ အဆင့်သုံးဆင့်လုံး အောင်မြင်တဲ့ လူတွေက ကောင်းကင် မီးဂိုဏ်းဝင်တွေ ဖြစ်လာလိမ့်မယ်။ အဆင့်သုံးဆင့်လုံးက ရလဒ်အမှတ်တွေ ပေါင်းပြီး ပထမကနေ အဆင့်တစ်ဆယ်ရတဲ့ ပြိုင်ပွဲဝင်တွေကို အဆင့်အလိုက် ဆုချမှာ ဖြစ်တယ်”
“ပထမဆုကတော့ အဆင့်ကိုးဝိညာဉ် ဆေးလုံးပဲ။ ဒုတိယက အဆင့်ရှစ် ဝိညာဉ်ဆေးလုံး ရမှာဖြစ်တယ်။ တတိယကလည်း အဆင့်ရှစ် ဝိညာဉ်ဆေးလုံး အဖြူရောင် ကျောက်စိမ်းကို ရမှာ ဖြစ်တယ်။ စတုတ္ထကနေ တစ်ဆယ်ထိက ဝိညာဉ်ကျောက်တုံးတွေကို အဆင့်လိုက် ရမှာ ဖြစ်တယ်”
ပေးမည့် ဆုများ အကြောင်းကို ကြားပြီး မောက်မာလှသော ပါရမီရှင်များ၏ မျက်လုံးများသည် တောက်ပပြီး စိတ်လှုပ်ရှား နေကြသည်။
အဆင့်ရှစ်နှင့် အဆင့်ကိုး ဆေးလုံးများသည် ရှေ့ဟောင်း သိုင်းမိသားစုများတွင်ပင် အလွန်ရှားပါးသည်။ အထူးသဖြင့် အဆင့်ကိုး ဆေးလုံး ဖြစ်သည်။ ဇီကျင်လို နိုင်ငံမျိုးတွင် အဆိုပါ ဆေးမျိုးသည် ဒဏ္ဍရီလာဆေး ဖြစ်သည်။ အဆိုပါ ဆေးမျိုး သောက်သုံးရပါက အချိန် အနည်းငယ် အတွင်းမှာပင် အနည်းဆုံး အဆင့်တစ်ခုကို ချိုးဖျက် တက်ရောက် နိုင်လေသည်။
အဆင့်ကိုး ဆေးလုံး မရနိုင်ရင်တောင်မှ အဆင့်ရှစ် ဝိညာဉ်ဆေးလုံးနှင့် အဖြူရောင် ကျောက်စိမ်း ဆေးလုံးတို့သည် အလွန်တရာ သူတို့ကို ဆွဲဆောင်နေစွမ်း ရှိနေပေသေးသည်။ ဆုများကြောင့် ပြိုင်ပွဲဝင်များသည် ချက်ချင်းပင် တိုက်ခိုက် ယှဉ်ပြိုင်လိုစိတ်များ ပြင်းထန်လာသည်။
“အရူးတွေ တကယ့် အရူးတစ်သိုက်ပဲ။ အဆင့်ကိုး ဆေးက မင်းတို့နဲ့ တန်လို့လား”
နဖူး ပြောင်ပြောင်နှင့် ရှန်းဂွမ်းပန်က ငေါ့တော့တော့ ပြောလိုက်လေသည်။
သူ့ အမြင်တွင်တော့ အဆင့်ကိုး ဆေးလုံးသည် သူ့အတွက် အဆင့်သင့် ပြင်ထားပေးသည့် ပုံနှယ်။ သူ့ကို ယှဉ်ပြိုင်နိုင်သူ တစ်ဦးမှ ရှိမည် မဟုတ်ဟုပင် သူ တွေးထင် ထားလေသည်။
ရှန်းတုရဲက အဆင့်ကိုး ဆေးလုံးရရန် မမျှော်လင့်သော်လည်း အဆင့်ရှစ် ဝိညာဉ်ဆေးလုံးနှင့် အဖြူရောင် ကျောက်စိမ်း ဆေးလုံးတို့မှ တစ်ခုခုကိုရရန် မျှော်လင့်နေသည်။ သူ အဆင့်ရှစ် ဆေးသာ ရလိုက်ပါက သူ အဆင့်နှစ် သားရဲသခင် အဆင့်သို့ အချိန်တိုအတွင်း တက်သွားမည်ဟု ယုံကြည်ချက် ရှိနေသည်။
အဲအချိန် ရောက်ပါက ရှန်းဂွမ်းပန်ကိုလည်း ကြောက်စရာ မလိုတော့ပေ။ ကောင်းကင် မီးဂိုဏ်းကို ဝင်ရောက်ချိန်တွင် အရင်းအမြစ်များကို ရှန်းဂွမ်းပန်ထက်ပင် ပိုမို ရရှိနိုင်လေသည်။
“အဲဒါ ကောင်းကင် မီးဂိုဏ်းပဲ။ ဆုတွေကတော့ အမိုက်စားပဲ”
ရဲချန်ဖန်၏ နတ်ဦးနှောက်မှ ရသော မှတ်ဉာဏ်များတွင် အဆိုပါ ဆေးများအကြောင်း ပါနေသည်။ ထိုအဆင့်ရှစ်၊ ကိုး ဆေးဝါးများကို ဖော်စပ်ရန် အလွန်ခက်ခဲပြီး အထူးသဖြင့် အဆင့်ကိုး ဆေးသည် ဖော်စပ်ရန် ဆေးအမျိုးပေါင်း တစ်ရာရှစ်မျိုးနှင့် ပေါင်းစပ် ဖော်စပ်ရသည်။ ဆေးတန်ဖိုးသည် အဖိုးဖြတ်၍ မရနိုင်ဘဲ မြို့များထက်ပင် တန်ဖိုး ကြီးသေးသည်။
သို့သော် သူ ပထမဆုရရန် အလွန်ခက်ကြောင်း သူ နားလည်ထားသည်။ သူသာ ပထမဆု ရလိုပါက အချိန်တိုအတွင်း သူ့ခန္ဓာကိုယ် သန်မာလာရန် လိုပြီး အစွမ်းတိုးရန် လိုအပ်နေသည်။
“ကြည့်ရတာ၊ ငါ နှစ်တစ်ထောင် သွေးဂျင်းဆင်းဘုရင်ကို အမြန်ဆုံးရမှ ဖြစ်မယ်။ မဟုတ်ရင် အဆင့်သုံးအတွင်း ဝင်ဖို့တောင် မလွယ်ဘူး”
“အားလုံး တိတ်ကြ။ ခု ငါ စပြီး အစွမ်းအား စစ်ဆေးမှုကို စတင်မယ်။ အားလုံး ငါနဲ့ လိုက်ပြီး ကျောက်တုံးနဲ့ စွမ်းအားကို တိုင်းတာမယ်”
အကြီးအကဲလျှူက ရဲချန်ဖန်နှင့် အားလုံးကို ကြည့်ကာ ပြောလိုက်ပြီး ခန်းမကြီးဘေးရှိ အခန်းထဲသို့ ဦးဆောင်၍ ဝင်သွားသည်။ အခန်းထဲတွင် ညိုမှောင် မည်းနက်ပြီး အမြင့်ဆယ်မီတာ ကျော်သော ကျောက်တုံးကြီးကို တွေ့လိုက်ရသည်။
“ဒီကျောက်တုံးကြီးက အားစစ်ဆေးတဲ့ ကျောက်တုံးပဲ။ မင်းတို့က မင်းတို့ ရှိသမျှအားနဲ့ ကျောက်တုံးကို တိုက်ခိုက်ရမယ်။ အားတစ်ကီလိုဂရမ်ထက် ကျော်တဲ့ မည်သူမဆို ပထမ စစ်ဆေးမှုကို အောင်မြင်တယ်။ မင်းတို့ သိရမှာက တစ်ယောက်ကို အခွင့်အရေး သုံးခါပဲ ရှိတယ်။ သုံးခါပြီးလို့မှ တစ်ကီလိုဂရမ် မကျော်ရင် မင်းတို့ ထွက်ရပြီ”
အကြီးအကဲလျှူက ကျောက်တုံးကြီး ဘေးတွင် ရပ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“ကဲ၊ မင်းတို့ အဆင့်သင့် ဖြစ်ရင် နာမည် စခေါ်မယ်။ နာမည်ခေါ်တဲ့ အချိန်ကျရင် ပြိုင်ပွဲဝင်က လာပြီး စစ်ဆေးခံရမယ်”
“ဖန်ရှောင်ရှောင်း”
အကြီးအကဲလျှူက နာမည် စခေါ်လိုက်ရာ အသက်နှစ်ဆယ် ဝန်းကျင် အသားဖြူဖြူနှင့် မိန်းမပျိုလေးသည် လူအုပ်ထဲမှ ထွက်လာသည်။ သူ့ပုံမှာ ယောကျာ်လေးများ နှစ်သက်သောပုံ ဖြစ်သည်။ သူမက အားစစ်ဆေးတဲ့ ကျောက်တုံးရှေ့ လျှောက်လာသည်။
သူမ အသက်ဝအောင် ရှူလိုက်ပြီး ဝိညာဉ်စွမ်းအား ထုတ်လိုက်ရာ အရောင်ဖျော့ဖျော့ မြင်းတစ်ကောင် ပေါ်ထွက်လာသည်။
“မျက်လုံး သုံးလုံးမြင်း”
ရဲချန်ဖန်က ဝိညာဉ်သားရဲကို တစ်ချက် ကြည့်လိုက်သည်။ သူ တော်တော်လေး အံ့ဩသွားပြီး တီးတိုး ရေရွတ် လိုက်မိသည်။
“သူမက ရှေ့ဟောင်း သိုင်းမိသားစုကပဲ။ ဒီလောက် ငယ်ငယ်လေးနဲ့ သားရဲသခင် ပထမအဆင့် ရောက်နေပြီပဲ”
အဆင့်တူချင်း ယှဉ်လိုက်ပါက သန္ဓေပြောင်း သားရဲက ပို၍ အစွမ်းထက်သည်။ သို့သော် သန္ဓေပြောင်း သားရဲက ကောင်းကင်မီးဂိုဏ်းတွင်ပင် အလွန်တရာမှ တွေ့ရခဲသည်။
ဝိညာဉ်သားရဲနှင့် ပေါင်းစပ်ပြီးနောက် အားစစ်ဆေးတဲ့ ကျောက်တုံးရှေ့တွင် ရပ်နေသော ဖန်ရှောင်ရှောင်းသည် ရှေ့သို့ ခုန်ထွက်ကာ ဝိညာဉ်စွမ်းအင် ပေါင်းထည့်ထားသော ညာလက်သီးဖြင့် အားစစ်ဆေးသော ကျောက်တုံးကို ထိုးလိုက်သည်။
အဖြူအမည်း စွမ်းအားပြ ဒိုင်ခွက်ပေါ်တွင် အဖြူရောင် လက်တံက တဖြည်းဖြည်း မြင့်တက် လာလေသည်။ နောက်ဆုံးတွင် ဖန်ရှောင်ရှောင်း၏ ရလဒ်မှာ နှစ်ထောင်သုံးရာ ကီလိုဂရမ်တွင် ရပ်တန့် သွားလေသည်။
“အောင်တယ် နောက်တစ်ယောက်”
အကြီးအကဲလျှူက ဖန်ရှောင်ရှောင်း၏ ရလဒ်ကို ကျေနပ်နေသည်။ ထို့နောက် နောက်ထပ် ပြိုင်ပွဲဝင် နာမည် ခေါ်လိုက်သည်။
ကောင်းကင်မီးဂိုဏ်း၏ နှစ်စဉ် ဂိုဏ်းဝင်ခွင့် ကန့်သတ်ထားမှုကြောင့် ဒေသတစ်ခုလုံးမှ ပါရမီရှင် အယောက်ငါးဆယ် ဝန်းကျင်သာ ခေါ်ယူလေ့ ရှိသော်လည်း ပါရမီရှင်များ ကြားတွင် ပုံမှန် မဟုတ်သော အစွမ်းရှိသည့် ပါရမီရှင်များ ထွက်ပေါ်လာတတ်သည်။
ဒါ့အပြင် အလွန်ပြင်းထန်သော ပြိုင်ဆိုင်မှု၊ ဖိအားတို့ကြောင့် ပါရမီရှင်တို့၏ စွမ်းဆောင်ရည်မှာ အမြင့်ဆုံး ထုတ်ပြရန် ခက်ခဲတတ်ပြီး ကျေနပ်လောက်သော စွမ်းဆောင်ရည် မထွက်လာချေ။
ဖန်ရှောင်ရှောင်းကို စစ်ဆေးပြီးနောက် ပြိုင်ပွဲဝင် နောက်ငါးယောက်တွင် နှစ်ဦးသာ စစ်ဆေးမှု အောင်မြင်ပြီး ကျန်သုံးယောက်မှာ ထုတ်ခံလိုက်ရသည်။ သူတို့သည် ကောင်းကင်မီးဂိုဏ်းဝင်ခွင့် လွဲချော်သွား၍ စိတ်ဓာတ်များ ကျနေသည်။
“ဂျီချင်ရွှယ်”
ရဲချန်ဖန်နှင့် တခြား ပြိုင်ပွဲဝင်များ ကိုယ်အလှည့်ကို စောင့်နေစဉ် အကြီးအကဲ လျှူက ဂျီချင်ရွှယ် နာမည်ကို ခေါ်လိုက်လေသည်။
“ဂျီချင်ရွှယ် ဇီကျင်နိုင်ငံရဲ့ အလှဆုံး နတ်မိမယ်ပဲ။ တကယ့်ကို ချောတာပဲ။ ငါသာ သူနဲ့တူတူ အိပ်ရရင် ဘယ်လိုနေမလဲ မသိဘူး”
ရှန်းဂွန်းပန်က လှပလွန်းသော ဂျီချင်ရွှယ်ကို မြင်လိုက်သည်နှင့် မကောင်းသော အတွေးများ ဝင်လာလေသည်။
“ယား”
ဂျီချင်ရွှယ်ဆီမှ ဝိညာဉ်စွမ်းအင်များ ထွက်လာပြီး ဝိညာဉ်သားရဲ ရေခဲငှက်နှင့် ပေါင်းစပ် လိုက်ပြီး စစ်ဆေးသော ကျောက်တုံးကို ထိုးလိုက်သည်။ အဖြူအမည်း စွမ်းအားပြ ဒိုင်ခွက်ပေါ်တွင် လက်တံသည် တဖြည်းဖြည်းနှင့် ပိုလင်းလာပြီး ဂျီချင်ရွှယ်၏ ရလဒ် ထွက်ပေါ်လာသည်။ တစ်ထောင့်ရှစ်ရာ ကီလိုဂရမ်။ သူမသည် အခြား အဆင့်ခြောက် သားရဲရှင်များ၏ ပုံမှန် အစွမ်းထက် များစွာ ပို၍ အင်အားကြီး နေသည်။
“ဂျီချင်ရွှယ် တိုးတက်တာ အရမ်းမြန်တယ်။ သူ့ကြည့်ရတာ သားရဲသခင် အဆင့်ရောက်ဖို့ သိပ်မလိုတော့ဘူး”
ရဲချန်ဖန်က ဂျီချင်ရွှယ် ရလဒ်ကို ကြည့်ပြီး ခန့်မှန်း လိုက်သည်။
ဂျီချင်ရွှယ် စစ်ဆေးပြီးနောက် ရှန်းဂွန်းပန်၊ ရှန်းတုရဲနှင့် ရဲချန်ဖန်နှင့် ပြဿနာ ဖြစ်ခဲ့သော ရှန်းတုပင်တို့ ဆက်တိုက် စစ်ဆေးမှု အောင်မြင်သွားသည်။
ထိုအထဲတွင် ဒုတိယအဆင့် ဝိညာဉ်သားရဲသခင် ရှန်းဂွန်းပန်၏ အင်အားသည် အားလုံးကို တုန်လှုပ် သွားစေသည်။ အံ့ဩစရာ ကောင်းလောက်အောင် လက်သီးတစ်ချက် စွမ်းအားသည် သုံးထောင့်ရှစ်ရာ ကီလိုဂရမ်အထိ ရောက်ရှိနေသည်။
ရှန်းတုရဲ၏ ရလဒ်သည် ရှန်းဂွန်းပန်လောက် မကောင်းသော်လည်း သူ့ ရလဒ်သည် ပထမဆုံး ပြိုင်ပွဲဝင် ဖန်ရှောင်ရှောင်းထက် အများကြီး သာလွန်ပြီး နှစ်ထောင့်ငါးရာ ကီလိုဂရမ်နှင့် အဆင့်နှစ် နေရာ ရောက်နေသည်။
သူ့ရလဒ်သူ ကြည့်ပြီး ရှန်းတုရဲ ကျေနပ်နေပြီး ရန်စသော အကြည့်ဖြင့် ရဲချန်ဖန်ဘက်ကို ကြည့်လိုက်သည်။ ရဲချန်ဖန်၏ ကြောက်ရွံ့ပြီး အံ့ဩ မှင်တက်မှုကို သူ မြင်ချင်နေသည်။
ရဲချန်ဖန်က ရှန်းတုရဲ ရန်စသော အကြည့်ကို မသိကျိုးကျွံပြုပြီး သူ့အစွမ်း ထုတ်ပြသင့် မသင့်ကို ချိန်ဆနေသည်။
“ရဲချန်ဖန်”
ရဲချန်ဖန် အတွေးနက်နေစဉ် အကြီးအကဲလျှူက သူ့နာမည် ခေါ်လိုက်သည်ကို ကြားလိုက် ရသည်။
“နောက်ဆုံးတော့ ငါ့အလှည့်ပဲ”
ရဲချန်ဖန် ဆယ်မီတာကျော် မြင့်သော အားစစ်သော ကျောက်တုံးကို တစ်ချက် ကြည့်ပြီး ကျောက်တုံးရှေ့ တည်ငြိမ်စွာ လျှောက်သွားလိုက်သည်။
အဆင့်ကိုး ဝိညာဉ်ဆေးလုံးအတွက် သူ အစွမ်းထက်ဆုံးအားကို ပြသရန် ဆုံးဖြတ်လိုက်သည်။ သူ့ဝှက်ဖဲများ ထုတ်ပြလျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို လတ်တလော မေ့ထားလိုက်၏။
သန်မာမှု၊ အစွမ်းကြီးရန် လိုသည်။ အားနည်းခြင်းသည် မှားယွင်းခြင်း တစ်မျိုးပင်တကား။
အစွမ်းထက်လှသော ကောင်းကင် မီးဂိုဏ်းတွင် နေရာတစ်ခုရရန် တခြားလူများထက် အစွမ်းထက်နေဖို့ လိုသည်။
(P.S စွမ်းအား အတိုင်းအတာ ဂျင်ကို ပေါင်လို့ ပြောင်းသုံးပါမယ်။)
အပိုင်း (၄၂) ပြီး၏။ (၄၃) မျှော်
******