အခန်း (၄၁)
တွေ့ဆုံခြင်း
ဇီကျင်နိုင်ငံတွင် ကောင်းကင်မီးဂိုဏ်း တည်ရှိလာသည်မှာ နှစ်တစ်ထောင်ကျော် ကြာမြင့်နေပြီ ဖြစ်သည်။ ကောင်းကင်မီးဂိုဏ်းသည် အစွမ်းအထက်ဆုံး ဂိုဏ်းကြီးလည်း ဖြစ်သည်။
သို့သော် ကောင်းကင်မီးဂိုဏ်းကြီးသည် ဇီကျင်နိုင်ငံ၏ အစိတ်အပိုင်း မဟုတ်ချေ။ အဆင့်သုံး မဟာကောင်းကင် မီးဂိုဏ်းကြီး၏ ဂိုဏ်းခွဲ တစ်ခုမျှသာ ဖြစ်သည်။ ကောင်းကင် မီးဂိုဏ်းကြီးသည် ခရမ်းရောင် မြို့တော် အရှေ့ဘက် ခရမ်းရောင် တောင်တန်းကြီးတွင် အခြေစိုက်သည်။
ကောင်းကင် မီးဂိုဏ်းကြီးသည် ဇီကျင်နိုင်ငံတွင် အခြေစိုက်သောကြောင့် ဇီကျင်နိုင်ငံနှင့် အနီးတစ်ဝိုက်ရှိ ရှေ့ဟောင်း သိုင်းမိသားစုများ အလွန်ဝင်ရောက် လိုသောဂိုဏ်း ဖြစ်လေသည်။
သို့သော် ကောင်းကင် မီးဂိုဏ်းကြီး၏ ဂိုဏ်းဝင်ဖြစ်ရန် အလွန်တရာမှ ခက်ခဲပေသည်။ ပါရမီရှင်ထဲမှ ပါရမီရှင် ဖြစ်မနေခဲ့လျှင်ပင် ကောင်းကင် မီးဂိုဏ်းကြီးထဲ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ ဝင်ခွင့် စစ်ဆေးမှုမှာလည်း အလွန် တင်းကျပ်သည်။
ကောင်းကင် မီးဂိုဏ်းကြီး၏ ဂိုဏ်းဝင် ဖြစ်သွားလျှင်မူ အလွန် အစွမ်းထက်သော ရှေ့ဟောင်း ပညာရပ်များကို လေ့လာနိုင်မှာ ဖြစ်ပြီး ဘဝတွင် မမျှော်မှန်းနိုင်သော တန်ခိုးရှင် အဆင့်သို့ ရောက်ရှိ နိုင်ပေလိမ့်မည်။
ပို၍ အရေးပါသည်မှာ ကောင်းကင် မီးဂိုဏ်းကြီး မှတစ်ဆင့် မဟာကောင်းကင် မီးဂိုဏ်းကြီးသို့ ဝင်ခွင့် ရရှိနိုင်ခြင်းပေ။ ကံကောင်း ထောက်မပြီး မဟာကောင်းကင် မီးဂိုဏ်းကြီး၏ ဂိုဏ်းဝင် ဖြစ်လာပါက ဒဏ္ဍရီလာ တန်ခိုးရှင်များနှင့် တွေ့ဆုံရန်ပင် အခွင့်အရေးရှိပြီး နိုင်ငံ၏ ဘုရင်ထက်ပင် အလေးထား ဆက်ဆံခြင်း ခံရမည် ဖြစ်သည်။
သုံးရက်ကြာပြီးနောက် ရဲချန်ဖန် ကောင်းကင် မီးဂိုဏ်းကြီး ဝင်ခွင့် စစ်ဆေးမည့် နေရာကို ထွက်လာခဲ့သည်။ ဝင်ခွင့် စစ်ဆေးမည့် နေရာကို ခရမ်းရောင် တောင်တန်းကြီး၏ အပြင်ဘက် တစ်နေရာတွင် ပြုလုပ်မည် ဖြစ်သည်။
ခရမ်းရောင် တောင်တန်းကြီးဆီသို့ လျှောက်လာခဲ့ရာ အလွန်ခမ်းနား ကြီးကျယ်သော အဆောက်အဦကြီးကို တောင်ခြေတွင် ရှိနေသည်ကို မြင်တွေ့ နေရသည်။ ခန်းမကြီး၏ အလယ်ရှိ ကြီးမားလှသော ဆိုင်းဘုတ်ကြီးပေါ်တွင် အလွန်ခမ်းနားသော စာလုံးများ ရေးသားထားသည်။ ဤသည်ကား ကောင်းကင် ခန်းမပင် ဖြစ်ပေသည်။
‘ကောင်းကင်ခန်းမ အလွန်ကြီးကျယ်သော စကားလုံးပင်။ ဤခန်းမကို ဝင်ခွင့်ရသူတိုင်းသည် ကောင်းကင်ကို တက်လှမ်းသကဲ့သို့ နေချင်းညချင်း ဘဝပြောင်း သွားပေမည်’
ရဲချန်ဖန် ခမ်းနားကြီးကျယ်သော ခန်းမကြီးနှင့် စာလုံးများ ကြည့်ကာ ခန်းမထဲ ဝင်ခွင့်ရရန် ဆန္ဒ ပြင်းပြလာသည်။
“ရဲချန်ဖန်၊ ရှင် ဘာလို့ ဒီနေရာ ရောက်နေတာလဲ”
ခမ်းနားသော အငွေ့အသက်များကို စီးမျောနေစဉ် ရဲချန်ဖန် နားထဲကို ရင်းနှီးသော အသံတစ်ခု ဝင်ရောက်လာသည်။
အသံလာရာ သူ လှည့်ကြည့် လိုက်သောအခါ အစိမ်းရောင် ပိုးအင်္ကျီ၊ ဖြူဖွေး သန့်ရှင်းသော မျက်နှာလေးနှင့် အလွန်လှနေသော ဂျီချင်ရွှယ်သည် ဂျီကလန်မှ လူများနှင့်အတူ သူရှိရာ လျှောက်လာ ကြသည်။
အကြီးအကဲဂျီက ပြင်းထန်သော ဒဏ်ရာ ရနေသောကြောင့် ဂျီကလန်သည် အလွန် အလုပ်ရှုပ် နေခဲ့ကာ အကယ်ဒမီ အရည်အချင်း စစ်ပွဲတွင် ရဲချန်ဖန် ပထမရကြောင်း သူတို့ မသိရှိထားချေ။
“ဘာလို့လဲ။ မင်းက လာလို့ရပြီး ငါက လာလို့ မရဘူးလား”
ရဲချန်ဖန်က ဂျီချင်ရွှယ် မျက်လုံးထဲတွင် မကျေနပ်ခြင်း၊ အံ့အားသင့်သွားမှုများကို အတိုင်းသား မြင်နေရ၍ သူမကို အလေး မထားချေ။
ထို့နောက် သူမကို ဂရုမစိုက်တော့ဘဲ ဝင်ခွင့်တိုကင်ကို ထုတ်လိုက်သည်။ ဂိတ်ဝရှိ လူအိုကြီး၏ စစ်ဆေးမှုကို ခံပြီးနောက် သူ အတွင်းထဲ အဆင်ပြေပြေ ဝင်ရောက်သွားသည်။
“ဘယ်လိုလုပ် သူ့ဆီမှာ ဝင်ခွင့်တိုကင် ရှိနေတာလဲ။ သူက အလကားကောင် မဟုတ်ဘူးလား”
ဂျီချင်ရွှယ်က ရဲချန်ဖန် ဂိတ်ထဲ ဝင်သွားသည်ကို တွေ့လိုက်သောအခါ သူမ မျက်နှာတွင် အံ့ဩမှုများ ပိုပြည့်နှက် လာသည်။ ရဲချန်ဖန်သည် ဆယ့်ငါးနှစ် အရွယ်နှင့် ဝိညာဉ်သားရဲ နိုးထလာမည်ဟု သူမ မထင်ထားချေ။
သို့သော် သူမ စိတ်ထဲတွင် သံသယ မရှိနေပါ။ ရဲချန်ဖန်သည် ဆရာချန်နှင့် တောနက်ထဲတွင် သူမကို ကယ်တင်ပြီး သူမ နှလုံးသားကို ဖမ်းစားသွားသူ ကိုလူချောတို့သည် တစ်ဦးတည်း ဖြစ်နေမည်ကိုပင်။ သူမ စိတ်ထဲတွင် ရဲချန်ဖန်သည် ထိုကဲ့သို့ စွမ်းအား အတတ်ပညာ ရှိနေမည်ဟု မထင်ချေ။
ကောင်းကင် ခန်းမထဲတွင် ဝတ်ကောင်း စားကောင်းများနှင့် လူငယ်များကို တွေ့နေရသည်။ ထိုလူငယ်များဆီမှ အရှိန်အဝါများ ထွက်နေပြီး သူတို့သည် သာမန် မဟုတ်ဘဲ တကယ့် ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။
“အစ်ကိုသုံး အဲလူပဲ။ အဲနေ့က ရှန်းတုကလန်ကို စော်ကားပြီး ညီမကို အသားလွတ် ဒဏ်ရာရအောင် လုပ်တာ အဲလူပဲ”
ရဲချန်ဖန် အဆောက်အဦ ပုံစံနှင့် သူ့ ပြိုင်ဘက်များကို လေ့လာနေစဉ် အရပ်မြင့်မြင့်နှင့် မိန်းမချောလေး တစ်ယောက်က သူ့ကို ဒေါသတကြီး လက်ညှိုးထိုးကာ စွပ်စွဲ လိုက်သံကို ကြားလိုက်ရသည်။
ထိုမိန်းမချောလေးက တခြားလူ မဟုတ်ပေ။ လွန်ခဲ့သော သုံးရက်က ရဲချန်ဖန်နှင့် တိုက်ခိုက် ခဲ့သော ရှန်းတုကလန်မှ မိန်းမပျိုလေးပင်။
“နောက်ဆုံးတော့ မင်းကို ငါ တွေ့ပြီ။ မင်း မကြောက်ဘူးမလား။ ကောင်လေး မင်း ငါ့ညီမကို အနိုင်ကျင့်ရဲတယ် ဆိုတော့ ဘယ်လောက် သတ္ထိရှိလဲ ကြည့်ကြတာပေါ့”
မိန်းမပျိုလေး ဘေးတွင် ရပ်နေသော အရပ်မြင့်မြင့်နှင့် လူငယ်လေးက တင်းမာသော မျက်နှာထားနှင့် ရဲချန်ဖန် လမ်းကို ပိတ်ရပ် လိုက်သည်။
“ဘာလဲ။ မင်း ညီမအတွက် လက်စားချေ မလို့လား။ ဒီနေရာက မင်းတို့ ရှန်းတုကလန် မဟုတ်ဘူး။ ဒီနေရာမှာ ပြဿနာဖြစ်ရင် ဘာဖြစ်မလဲ သိတယ်မလား”
ရဲချန်ဖန်က ဤလူငယ်လေးသည် သူ့ပြိုင်ဘက် မဟုတ်ပေ။ သူ ပြောလျှင်လည်း ယုံမည် မဟုတ်ရာ သူ အေးစက်စွာ သတိပေးလိုက်သည်။
ရဲချန်ဖန်နှင့် ရှန်းတု မောင်နှမ အငြင်းပွား နေသည်ကို အများက ကြည့်နေကြသည်။ သူတို့ စကားများနေသည်ကို ကြည့်ပြီး ဂျီချင်ရွှယ် ခေါင်းခါလိုက်ပြီး ပို၍ ရဲချန်ဖန်ကို စိတ်ပျက် သွားလေသည်။
“မင်း”
အရည်အချင်းစစ်ပွဲ ကျင်းပနေစဉ် ခိုက်ရန် ဒေါသဖြစ်ခြင်းကို တင်းကျပ်စွာ တားမြစ် ထားသည်။ ခိုက်ရန် ဖြစ်ပါက ပါဝင်ခွင့် ပယ်ဖျက်ခြင်း ခံရပေမည်။ ကောင်းကင် မီးဂိုဏ်း စည်းမျဉ်းများကို အရပ်မြင့်သော လူငယ်က အလေးမထားဘဲ မနေရဲပေ။
ဒေါသကို ထိန်းလိုက်ပြီး ရဲချန်ဖန်ကို စိုက်ကြည့်ကာ “ကောင်လေး၊ မင်း ငါကို စောင့်နေ။ ပြိုင်ပွဲ ပြီးကျရင် မင်း ငါနဲ့ တွေ့တာပေါ့”
“ဘာလဲ။ မင်းက ငါ့ကို စိန်ခေါ်မလို့လား”
ရဲချန်ဖန်က အရပ်မြင့်သော လူငယ် ခြိမ်းခြောက်သံကို ကြားလိုက်သော်လည်း သူ မကြောက်ပေ။ ကျယ်လောင်စွာပင် ပြန်မေးလိုက်လေသည်။
“ဟုတ်တယ်။ ငါ မင်းကို စိန်ခေါ်တယ်။ မင်း ငါနဲ့ ချရဲလား”
သူက ရှန်းတုကလန်၏ ထိပ်တန်း ပါရမီရှင် ဖြစ်သောကြောင့် ဇီကျင်နိုင်ငံမှ ပါရမီရှင်များကို မျက်စိထဲ မထည့်ပေ။
“ရတယ်လေ။ ပြိုင်ပွဲ ပြီးကြရင် မင်း ငါနဲ့ တွေ့တာပေါ့။ ငါ မင်းနဲ့ ချမယ်။ ဒါပေမဲ့ ငါတို့ အလောင်းအစား လုပ်ရအောင်”
သူ့ မျက်နှာတွင် အပြုံးများ ပေါ်လာပြီး ပြောလိုက်သည်။
“မင်း ဘာလောင်းချင်လို့လဲ”
ရှန်းတုရဲ့ မျက်လုံးတွင် ရက်စက်လိုစိတ်များ ပြည့်နေသည်။
“ရှုံးတဲ့လူက ပြိုင်ပွဲမှာ ရတဲ့ဆုကို ပေးရမယ်။ ဆုမရဘူးဆိုရင် နှစ်နာကြေး ငွေဒင်္ဂါး တစ်သန်း ပေးရမယ်”
“မင်းကိုမင်း ဆုရမယ်လို့ ယုံကြည်ချက် ရှိနေတယ်ပေါ့။ ရတယ်၊ ငါ မင်း စိန်ခေါ်တာ လက်ခံတယ်”
ရှန်းတုရဲက ကတိပေးလိုက်သည်။
ထို့နောက် ရဲချန်ဖန်က ရှန်းတုရဲကို လျစ်လျူရှုကာ ထွက်လာခဲ့သည်။
“မင်း ဘာကောင်လဲ ဂရုမစိုက်ဘူး။ ပြိုင်ပွဲပြီးတာနဲ့ မင်းခြေလက်တွေ ချိုးပြီး ခွေးတစ်ကောင်လိုပဲ မင်းက ငါ့ကို တောင်းပန်ရစေမယ်”
ရှန်းတုရဲက ထွက်သွားသော ရဲချန်ဖန်ကို ကြည့်ကာ ကြုံးဝါး လိုက်သည်။
“ရှန်းတုရဲ၊ မင်း တဖြည်းဖြည်းနဲ့ ပိုအသုံးမကျတဲ့ကောင် ဖြစ်လာပြီ။ ငါတို့ ရှေးဟောင်းသိုင်း မိသားစုတွေကို အရှက်ရစေတာပဲ”
အမည်းရောင် ဝတ်စုံနှင့် လူလတ်ပိုင်း ယောက်ျား တစ်ယောက်က ရှန်းတုရဲနား လျှောက်လာပြီး ထေ့ငေါ့ ပြောလိုက်လေသည်။
ထိုအသံ ကြားပြီး ရှန်းတုရဲ ဒေါသ ငယ်ထိပ်ထိ ရောက်သွားသည်။ သူ့ဆီ လျှောက်လာသော လူကို ကြည့်လိုက်သောအခါ ချက်ချင်းပင် ဖိအားများ ခံစား လိုက်ရတော့သည်။ ဒေါသများလည်း လေထဲ လွင့်သွားသည်နှယ် ချက်ချင်း ပျောက်သွားသည်။
“ရှန်းဂွမ်းပန်၊ မင်း နောက်တစ်ဆင့် ရောက်သွားပြီပေါ့”
“ဟုတ်တယ်၊ မကြာသေးခင်ကပဲ ငါ သားရဲသခင် ဒုတိယအဆင့် ရောက်သွားပြီ”
ရှန်းဂွမ်းပန် ခေါင်းညိတ်ပြီး မောက်မာစွာပင် “ကောင်းကင်မီးဂိုဏ်း ပထမနေရာက သတ်မှတ်ပြီးသားပဲ။ မင်းမှာ ဘာ အခွင့်အရေးမှ မရှိဘူး”
ထို့နောက် မောက်မာလှသော ရှန်းဂွမ်းပန်က ရယ်မောကာ ထွက်ခွာသွားသည်။
သို့သော် ဒီအကြိမ်တွင် ရှန်းတုမောင်နှမမှာ ဒေါသ မထွက်ရဲချေ။ သိသာနေသည်မှာ သူတို့ နှစ်ယောက် ရှန်းဂွမ်းပန်၏ အစွမ်းကို ကြောက်ပြီး ပြဿနာ မရှာရဲခြင်းပင် ဖြစ်သည်။
အပိုင်း (၄၁) ပြီး၏။ (၄၂) မျှော်
******