Switch Mode

Chapter – 40

ရှန်းတုကလန်

အခန်း (၄၀)
ရှန်းတုကလန်

“စကားမပြောဘဲ ဘေးမှာ တိတ်တိတ်လေးနေ။ အပ်စိုက်တာ နေရာ လွဲသွားရင် အကျိုးဆက်က မကောင်းဘူး”

ရဲချန်ဖန် အပ်တစ်ချောင်းပြီး တစ်ချောင်း ထုတ်ကာ ပြင်ဆင်လိုက်သည်။

“စိတ်ချပါ ဆရာချန်။ ဆရာ အနှောင့်အယှက် မဖြစ်စေရပါဘူး”

ဂျီရန်ယုံတို့ နောက်ဆုတ်ပြီး ကုသမှုကို စောင့်ကြည့် နေကြသည်။

“အဆင့်သင့် ဖြစ်ပြီလား။ ဖြစ်ရင် စစိုက်မယ်”

ငွေအပ်များကို လက်ချောင်းများနှင့် ထိန်းချုပ်ကာ စတင် ထိုးစိုက်တော့၏။ သွေးကြောထဲ ထိုးစိုက်သော အပ်များတွင် ဝိညာဉ် စွမ်းအင်များ ပါဝင်နေသည်။

အကြီးအကဲ ဂျီသွေးထဲတွင် အပူအအေး စီးကြောင်း နှစ်ခု ပေါ်လာပြီး ခြင်ဆီ အတွင်းပိုင်းထိ စီးဆင်း သွားသည်။ ထို့နောက် ဒဏ်ရာများ ဆေးအဆိပ် အကြွင်းအကျန်များကို ဖယ်ရှား ကုသတော့ သည်။

သွေးကြောနိုးဆွမှုများ ပိုမို ပြင်းထန်လာသည်နှင့်အမျှ အကြီးအကဲ ဂျီသည် ကိုယ်တစ်ပိုင်းက အဝတ်အစား မပါဘဲ နှင်းတောထဲ ရေခဲရေ ချိုးနေရသလို ဖြစ်ပြီး၊ ကျန်တစ်ခြမ်းမှာ မီးပုံထဲ ရောက်နေ သလို ခံစားနေရသည်။ ပဲစေ့ခန့် ချွေးသီးများ နဖူးပေါ် စို့လာပြီး ခန္ဓာကိုယ် တစ်ခုလုံးမှာ တွန့်လိန် နေသည်။

ရဲချန်ဖန် ကုသမှုမှာ အလွန်နာကျင် စေသော်လည်း ထိရောက်မှုမှာ အလွန်သိသာသည်။ ဆေးအဆိပ်များသည် အကြီးအကဲဂျီ ခန္ဓာကိုယ်ဆီမှ တဖြည်းဖြည်း ထွက်လာနေပြီး သွေးစီးဆင်းမှု မှာလည်း ချောမွေ့ လာသည်။

အကြီးအကဲဂျီ၏ ဒဏ်ရာမှာ အလွန်ပြင်းထန်သဖြင့် အပ်စိုက် ကုရုံဖြင့် ပျောက်ကင်းရန် မဖြစ်နိုင်ပေ။ အဆက်မပြတ် ဝိညာဉ်စွမ်းအင်များ ထည့်သွင်း၍ ကုသနေရသဖြင့် ဝိညာဉ် စွမ်းအင် ကုန်နှုန်းမှာ အလွန်မြန်နေသည်။ ရဲချန်ဖန် အဝတ်များ ချွေးများနှင့် စိုရွှဲနေပြီး မူးဝေခြင်းကို စတင် ခံစား လာရသည်။ ရဲချန်ဖန် ဆက်မကုဘဲ ကုသခြင်းကို ရပ်နားလိုက်သည်။

“အကြီးအကဲဂျီ ဘယ်လိုနေလဲ”

ရဲချန်ဖန် လေပူများ မှုတ်ထုတ်လိုက်ပြီး မျက်လုံး ပွင့်လာသော အကြီးအကဲဂျီကို ကြည့်ကာ မေးလိုက်သည်။

“ဆရာချန်ကို ဒုက္ခပေးမိပြီ။ အများကြီး သက်သာလာပြီ”

သူ့ ဒဏ်ရာ သက်သာလာသည်ကို သိရှိနေပြီး အကြီးအကဲဂျီ ဝမ်မြောက်ဝမ်းသာ ဖြစ်နေ၏။

“အဘိုး၊ ဆရာချန် ကုသတာ အရမ်းစွမ်းတာပဲ”

ဂျီချင်ရွှယ် စိတ်လှုပ်ရှား ပျော်ရွှင်စွာ ပြောလိုက် လေသည်။

“ဟုတ်တယ်။ တကယ် စွမ်းတယ်။ အဘိုး မကြာခင် သက်သာလာမယ် ထင်တယ်။ ဆရာချန်လို လူငယ်လေးဆီမှာ အဲလိုအစွမ်း ရှိမယ် မထင်ထားမိဘူး”

အကြီးအကဲဂျီက မယုံနိုင်ဟန်ဖြင့် ပြောလိုက် သည်။

“ဒီနေ့က ဒီလောက်ပဲ။ ကျွန်တော် ဆေးညွှန်း ရေးပေးမယ်။ ဆေးညွန်းအတိုင်း ဆေးကျိုပြီး သောက်။ ဒဏ်ရာကို ပိုသက်သာစေလိမ့်မယ်”

ရဲချန်ဖန်က အကြီးအကဲဂျီ စကားကို ပြန်မဖြေဘဲ စားပွဲပေါ် ရှိနေသော စုတ်တံနှင့် စာရွက် ယူကာ ဆေးညွှန်းကို ရေးလိုက်သည်။

“ရပြီ။ ဒီနေ့တော့ ဒီလောက်ပဲ။ ကျွန်တော် ပြန်တော့မယ်။ သုံးရက်နေရင် ပြန်လာခဲ့မယ်”

ရဲချန်ဖန် အားအင် ကုန်ခန်းပြီး မောပန်းသွားပြီး ငွေအပ်များ သိမ်းကာ ပြန်ရန် ပြင်လိုက်သည်။

“ဆရာချန်၊ ခရမ်းရောင် ရွှေမြို့တော်မှာ နေစရာရှိလား။ မရှိရင် ကျွန်တော်တို့ ဂျီကလန်မှာ နေပါလား”

ရဲချန်ဖန်၏ ဆေးပညာ မြင်ပြီးနောက် ဂျီရန်ယုံက လှိုက်လှဲစွာ ဖိတ်ခေါ်လိုက်သည်။

“ရတယ်။ ငါ့မှာ နေစရာ ရှိတယ်”

“သမီးချင်ရွှယ်၊ ဆရာချန်ကို လိုက်ပို့လိုက်”

အကြီးအကဲဂျီက ကူရာမဲ့စွာ ခေါင်းခါပြီး ထွက်သွားသော ရဲချန်ဖန် နောက်ကျောကို ကြည့်ပြီး ဂျီချင်ရွှယ်ကို ပြောလိုက်သည်။

“ဟုတ်အဘိုး”

မာနကြီးစွာ ထွက်သွားသော ရဲချန်ဖန် နောက်ကျောကို ကြည့်ပြီး ဂျီချင်ရွှယ်က ရဲချန်ဖန် ဘယ်သူလဲဆိုတာ သံသယ ဝင်နေပြီး သူမ အပြေးတစ်ပိုင်းနှင့် လိုက်သွားလိုက်သည်။

ဂျီချင်ရွှယ် နောက်က လိုက်လာသည်ကို သိသော်လည်း အရှိန်မလျော့ဘဲ ဆက်လျှောက် နေသည်။ နတ်မိမယ်လေး လိုက်ပါလာသည်ကိုပင် သတိ မပြုမိသည့်ပုံနှယ်။

“ဆရာချန်၊ ကျွန် မသိချင်တာလေး ရှိလို့ တစ်ခုလောက် မေးလို့ ရမလား”

ရဲချန်ဖန်၏ အေးစက်စက် မျက်နှာထားကို ကြည့်ပြီး သူမ နှုတ်ခမ်းလေးကို ဖိကိုက်မိပြီး မေးလိုက်၏။

“ဘာသိချင်တာလဲ”

“ဆရာချန်က ကျွန်မနဲ့ ရှီအာကို အဖြူရောင် တိမ်တိုက်တောင်တန်းထဲမှာ ကယ်ခဲ့တဲ့ သူပဲလား”

“မဟုတ်ဘူး။ မင်း လူမှားနေပြီနဲ့ တူတယ်”

“ကဲ၊ တံခါးနားလည်း ရောက်နေပြီ။ မိန်းကလေးဂျီ ကျေးဇူးပြုပြီး ပြန်ပါတော့”

ရဲချန်ဖန် ဂျီချင်ရွှယ် ဒေါသမျက်လုံးကို ရှောင်ဖယ်ကာ ဂျီအိမ်တော်မှ ထွက်ပြီး လူအများကြားတွင် ဝင်ရောက် ပျောက်ကွယ် သွားသည်။

ထွက်ခွာသွားသော ရဲချန်ဖန်ကို ကြည့်ပြီး သူမ မတရား ခံရသလိုပင် ခံစားနေရသည်။ နှစ်ပေါင်း များစွာအတွင်း ပထမဆုံး အကြိမ်အဖြစ် သူမကို တခြားလူ တစ်ဦးက လျစ်လျူရှု ဂရုမစိုက်ခြင်းပေ။

ရဲချန်ဖန်၏ မာနတခွဲသားနှင့် သူမကို ပြောဆို ဆက်ဆံပုံမှာ သူမကို မကျေမချမ်း ဖြစ်နေကြောင်း သိသာနေသည်။ သူမ သူ့ကို ဘာမကျေနပ်တာ လုပ်မိမှန်း စဉ်းစား၍ မရနိုင်ပေ။ သူမကို မုန်းတီးနေသည့် ပုံပင်။

“ငါနဲ့ ရဲချန်ဖန်ကြောင့်လား။ အဲဒါကြောင့် သူ အထင်လွဲနေတာ များလား”

စဉ်းစားရင်း သူမ မဖြစ်နိုင်သည်များကို တွေးနေမိသည်။

“အို၊ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် သူ ဘယ်သူလဲဆိုတာ ဖော်ထုတ်ပြီး ငါ့အပေါ် အမြင် ပြောင်းလာအောင် လုပ်ရမယ်”

သူမ အပေါ် ဘာမှန်းမသိဘဲ အထင်လွဲနေသည်ကို မခံစားနိုင် ဖြစ်နေသည်။

ဂျီအိမ်တော်မှ ထွက်လာသည့် ရဲချန်ဖန်၏ပုံမှာ နွမ်းနယ်နေပြီး သူ့နောက် မည်သူမှ နောက်ယောင်ခံ လိုက်လာခြင်း မရှိကြောင်း သေချာသည်နှင့် လူရှင်းသည့် နေရာတွင် မျက်နှာဖုံး ချွတ်လိုက်လေသည်။ ထို့နောက် ကောင်းကင်မီးဂိုဏ်း ဝင်ခွင့်ပွဲ မတိုင်မီ နေရန် တည်းခိုခန်းကို လိုက်ရှာလိုက်သည်။

“ငြိမ်းချမ်းရေး တည်းခိုခန်း၊ အင်း၊ ပတ်ဝန်းကျင်က မဆိုးဘူး။ ဒီမှာ ခဏလောက် နေရတာပေါ့”

ရဲချန်ဖန် တည်းခိုခန်းထဲတွင် ပစ္စည်းများ ချပြီးနောက် ဥယျာဉ်ထဲ ထိုင်ကာ ကျေနပ်နေသည်။

“ဒီတည်းခိုခန်း တစ်ခုလုံးကို ငါတို့ ရှန်းတုကလန်က ငှါးလိုက်ပြီ။ မင်း မြန်မြန် ထွက်သွားစမ်း။ ငါတို့ သခင်မလေးကို အနှောင့်အယှက် မဖြစ်စေနဲ့”

သူ တည်းခိုခန်းထဲ ပြန်ဝင်လာစဉ် အဖြူရောင် ဝတ်စုံနှင့် အရပ်မြင့်မြင့် လူတစ်ယောက်က သူ့ကို တားပြီး ထောင်လွှား မောက်မာစွာနှင့် ပြောလိုက်သည်။

“ရှန်းတုကလန်လား။ အဲကလန်က အရမ်း အံ့ဩစရာ ကောင်းတာပဲ။ ဟားဟား”

သူ လှောင်ပြောင် လိုက်သည်။

ရဲချန်ဖန် ရှန်းတုကလန်ကြောင်း သေချာ သိထားသည်။ ရှန်းတုကလန်သည် ဇီကျင်နိုင်ငံနားရှိ ရှေးသိုင်းမိသားစုများထဲမှ တစ်ခု ဖြစ်သည်။ သူတို့၏ ရှေ့ဟောင်း ပညာရပ်များသည် အင်အားကြီး ကလန်သုံးခု ထက်ပင် အစွမ်းထက် သာလွန်သည်။ ရှန်းတုကလန် ရောက်လာခြင်းမှာ ကောင်းကင် မီးဂိုဏ်း ဝင်ခွင့်ပွဲအတွက် ဖြစ်ပေလိမ့်မည်။

“သိပ်သတ္တိ ရှိနေတယ်ပေါ့။ ဘယ်လို တိရစ္ဆာန်ကောင်လဲ။ ငါတို့က ရှန်းတုကလန်ကို ပြောဆိုရဲတယ် ဟုတ်လား။ ပြန်တောင်းပန်စမ်း”

ရဲချန်ဖန် လှည့်ထွက်မလို လုပ်ချိန်တွင် အနီရောင်စကပ် ဝတ်ထားသော အရပ်ရှည်ရှည် မိန်မချောလေး၏ ဒေါသတကြီး အော်သံက လှေကားထိပ်ပေါ်မှ ထွက်ပေါ် လာသည်။

“တောင်းပန်ရမယ် ဟုတ်လား။ ဘာလို့ တောင်းပန်ရမှာလဲ”

မောက်မာလွန်းသော မိန်းမချောလေးကို ရဲချန်ဖန် သည်းမခံဘဲ စူးစိုက် ကြည့်ကာ ပြန်ပြောလိုက်သည်။

ရဲချန်ဖန်၏ ဘာမထီဟန်မျိုးကို မိန်းမချောလေး တစ်ခါမှ မမြင်ဘူးချေ။ သူမကို ဒီလို အပြုအမူ မျိုးဖြင့် ဘယ်ယောက်ျားသားမှ မဆက်ဆံဘူးချေ။ ရှန်တုကလန်မှ သခင်မလေး ဖြစ်သောကြောင့် နေရာတိုင်းတွင် လိုက်လျော အလျော့ပေးခံရပြီး တွေ့သမျှ ယောကျာ်းတိုင်းက သူမ မျက်နှာသာပေးမူ ရရန် သူမ အကြိုက်ဆောင် တတ်ကြသည်။

ထို့ကြောင့် ပိုမို စိတ်ဆိုးလာကာ ” နင်က ငါ့ကို ဒီလေသံနဲ့ ပြောရဲတယ်။ ငါ မင်းခြေထောက်ကို ချိုးပြမယ်”

မိန်းမပျိုလေးက ပြောရင်း ပိုစိတ်ကြီးလာကာ သူမ နောက်တွင် ဝိညာဉ်သားရဲ နှင်းမြေခွေးကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် လှေကားပေါ်မှ သူမ၏ လှပသော ခြေတံများဖြင့် ခုန်၍ ကန်လိုက်သည်။

သူ့ဆီ အလွန်ပြင်းထန်သောအားက တိုက်လာသည်ကို ခံစားလိုက်ရပြီးနောက် ခြေတစ်လှမ်း ဆုတ်ကာ အရှိန်နှင့် ဝင်လာသည့် ကန်ချက်ကို အားကုန် ထိုးချလိုက်သည်။

“ဘုန်း”

ကျိုးကြေသံများ ထွက်ပေါ် လာလေသည်။ မိန်းမပျိုလေး၏ ကိုယ်လုံးသည် လွင့်စဉ်သွားကာ စားပွဲကုလားထိုင်များနှင့် ရိုက်မိပြီး မြေပေါ်ကို မထိန်းနိုင်ဘဲ ပြိုလဲ ကျသွားလေသည်။ အချိန်အတော်ကြာထိ မထနိုင်ဘဲ ရှိနေသည်။

မိန်းမပျိုလေးကို လက်သီးတစ်ချက်ဖြင့် လွင့်စဉ် သွားစေနိုင်ရာ ရှန်တုကလန်မှ လူများသည် အံ့ဩမှင်တက် နေသည်။ ရဲချန်ဖန်က သူတို့ကို တစ်ချက် ကြည့်ပြီး အေးအေးဆေးဆေး ထွက်ခွာ သွားသည်။

အပိုင်း (၄၀) ပြီး၏။ (၄၁) မျှော်
********

Comment

Leave a Reply

Options

not work with dark mode
Reset