အခန်း (၃၉)
ဆေးလာကုတာ အလာပသလ္လာပ ပြောဖို့ မဟုတ်ဘူး
“ဂျီဂွမ်၊ သူက ဘယ်သူလဲ”
ဂျီရန်ယုံက ရုပ်သေကြီးနှင့် ရပ်နေသော ရဲချန်ဖန်ကို ကြည့်ကာ မေးလိုက်သည်။
“ကလန်ခေါင်းဆောင် သူက ဟိုတစ်ခါက သခင်မလေး ပြောဖူးတဲ့ အကြီးအကဲပိုင်ကို ကုသပေးခဲ့တဲ့ ဆရာလေးချန်ပါ”
ဆံပင်အဖြူနှင့် အဘိုးအိုက ဖြေလိုက်သည်။
“အဲဒါ သူလား”
အသက်ကြီးကြီး အဘိုးအိုအသံ ထွက်ပေါ်လာပြီးနောက် အတွေးနက်နေသော ဂျီချင်ရွှယ်လည်း ခေါင်းမော့လာကာ ရဲချန်ဖန်ကို ကြည့်လိုက်သည်။ ရုပ်ဖျက်ထားသော ရဲချန်ဖန်ကို ဂရုတစိုက် ကြည့်မိသောအခါ သူမ စိတ်ထဲတွင် ရင်းနှီးနေပြီး သူမနဲ့ သိကျွမ်းသလို ခံစားနေရသည်။
“ဆရာက တကယ်ပဲ အကြီးအကဲပိုင်ကို ကုသပေးခဲ့တဲ့ ဆရာချန်ပဲ”
အဲအချိန်က အကြီးအကဲပိုင်၏ အခြေအနေဆိုးကို ဂျီရန်ယုံ သေချာသိသည်။ အတော်ဆုံးသော တော်ဝင် သမားတော်ပင် လက်မြောက်သော အနေအထားကို နတ်ဆေးဆရာလိုပင် အချိန်တစ်နာရီ ဝန်းကျင်နှင့် ကုသခဲ့ခြင်းပေ။ မီးအဆိပ်ကို ဖယ်ရှား ကုသပေးခြင်းသည် သာမန် ဆေးပညာ မဟုတ်ပေ။
သို့သော် ရဲချန်ဖန်မှာ အသက် အလွန်တရာ ငယ်ရွယ်သည့်ပုံ ပေါက်နေသည်။ ထို့ကြောင့် သံသယများ ရှိနေပြီး ဂျီချင်ရွှယ်ကို လှမ်းကြည့်လိုက်သည်။
“ဟုတ်တယ် အဲဒါ ကျွန်တော်ပဲ”
ရဲချန်ဖန် ခေါင်းညိတ် လိုက်သည်။
“ဆရာချန်၊ ကျွန်မတို့ မြင်ဖူးလား မသိဘူး”
ဂျီချင်ရွှယ်က ရဲချန်ဖန်၏ စူပုပ်ပုပ် အကြည့်ကို မြင်ပြီး သူမ ချိုလွင်စွာ မေးလိုက်လေသည်။
ရဲချန်ဖန် ပုံမှာ ထူးခြား နေသော်လည်း ဂျီချင်ရွှယ်၏ မသိစိတ်က သူမကို ပြောနေသည်မှာ သူမ သူ့ကို ရင်းရင်းနှီးနှီးကို သိနေသည်ကိုပင်။
“မမြင်ဖူးဘူး။ ငါ ဆေးလာကုတာ။ လေလာဖောတာ မဟုတ်ဘူး။ ငါ့ကို မယုံရင် ခုပဲ ပြန်တော့မယ်”
ရဲချန်ဖန် ခေါင်းခါပြီး ရုပ်တည်နှင့် ငြင်းကာ ပြောလိုက်သည်။
ရဲချန်ဖန်၏ အသံကို ကြားသောအခါ သူမ ပို၍ ရင်းနှီးလာသလို ခံစားလိုက်ရသည်။
“သူ့အသံက ဘာလို့ အဲလူအသံနဲ့ တူနေရတာလဲ”
ထိုနေ့ညက သူမနှင့် ပိုင်ရှီအာ၏ ကံကြမ္မာဆိုးမှ ကယ်တင်ခဲ့သော ကိုလူချောနှင့် ဆရာချန်မှာ စကားပြောသည့်ပုံ၊ ကိုယ်ဟန် အမူအရာတို့သည် တူနေ သည်ကို သူမ တွေ့လိုက်သည်။
“ကြည့်ရတာ သူတို့နှစ်ယောက်က လူတစ်ယောက်တည်း ဖြစ်ရမယ်။ အရင်တစ်ခေါက်က သူက ရုပ်ဖျက် ထားတာလား”
အဲအကြောင်း တွေးပြီး သူမ ရင်ခုန်သံ ရုတ်တရက် အလွန်မြန်လာသည်။ သူမ၏ လှပသော မျက်လုံးရွဲကြီးများနှင့် ဆရာချန်ကို ကြည့်ပုံမှာ ကိုလူချောကို ကြည့်သည့် အကြည့် အတိုင်းပင်။ သူမ ပါးလေးသည် ရှက်သွေးများ ဖြန်းသွားပြီး နီရဲကာ အလွန်ချစ်စရာ ကောင်းသွားသည်။
“ဒေါသက ကြီးနေလိုက်တာ။ ဒီမှာရှိနေတဲ့ လူတွေက တကယ့် ဆရာကြီးတွေ။ ငါတို့တောင် ဘာမှ မပြောရသေးဘူး။ မင်းက တော်တော် စိတ်မရှည်တဲ့လူပဲ”
အလွန် နာမည်ကြီးသော ရွှေအိုရောင် ဝတ်စုံ ဝတ်ထားသော သမားတော်က မကျေမနပ် ကြည့်ကာ အော်လိုက်သည်။
“ခင်ဗျား ဂျီကလန်ခေါင်းဆောင်ကြီးကို ကုရင် ပျောက်မှာ ဘယ်လောက် သေချာလို့လဲ”
ရဲချန်ဖန် အထင်သေးသည့်ပုံနှင့် ရွှေအိုရောင်ဝတ်စုံ ဝတ်ထားသော သမားတော်ကို ဂရုမစိုက်ဘဲ ပြန်မေးလိုက်သည်။
“မင်း မင်းကုရင်ရော ပျောက်မှာ သေချာလို့လား”
ရွှေအိုရောင်ဝတ်စုံ ဝတ်ထားသော သမားတော်က လှောင်ပြုံး ပြုံးကာ ပြန်မေးလိုက်၏။
“အနည်းဆုံးတော့ ခင်ဗျားထက် သာမှာပဲ”
ရဲချန်ဖန် ယုံကြည်ချက် အပြည့်နှင့် ပြောလိုက်သည်။
“လေကြီးမိုးကြီးပဲ။ စိတ်ကြီးဝင်နေတဲ့ ကောင်လေးပဲ”
ရွှေအိုရောင် ဝတ်စုံ ဝတ်ထားသော သမားတော်က ရဲချန်ဖန် အလွန်မောက်မာမည်ဟု မထင်ထားချေ။ ရဲချန်ဖန် အပြုအမူက သူ့ကို အလွန်ဒေါသ ထွက်သွားစေပြီး နဖူးမှ သွေးကြောများပင် ထောင်လာစေသည်။
“ငါ ဘယ်သူလဲ မင်း သိလား။ ဒီအဘိုး ဆေးစကုတုန်းက မင်း မွေးတောင် မမွေးလောက် သေးဘူး”
“အဓိပ္ပာယ် မရှိတာပဲ။ အရာအားလုံးက အစွမ်းရှိ မရှိပဲ ဆိုင်တယ်။ ခင်ဗျား ဘယ်သူလဲဆိုတာ သိလည်း မသိချင်ဘူး”
“မင်း”
“ကျွန်တော့်မျက်နှာ ထောက်ပြီး ခင်ဗျားတို့ တော်ပါတော့။ အဖေရောဂါကုဖို့ လေ့လာ တိုင်ပင်ပေးကြပါ”
တစ်ဦးနှင့် တစ်ဦး အလျော့မပေးဘဲ ကြောင်နဲ့ကြွက်လို ဖြစ်နေသည့် သူတို့ နှစ်ယောက်ကို ကြည့်ပြီး ဂျီရန်ယုံ မနေသာတော့ဘဲ ဝင်ဖျန်ဖြေ လိုက်ရသည်။
“သူနေရင် ငါ ဒီမှာ ဆက်မနေဘူး။ သူ့ကို ဆက်ခေါ်ထားမယ်ဆို ငါ ပြန်တော့မယ်”
ရွှေအိုရောင် ဝတ်စုံ ဝတ်ထားသော သမားတော်က ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ခါနေသည်။
“ကျွန်တော် လူနာကို စစ်ဆေးကြည့်မယ်”
ရဲချန်ဖန်က ရွှေအိုရောင် ဝတ်စုံ ဝတ်ထားသော သမားတော်ကို ဂရုပင် မစိုက်ဘဲ ပြောလိုက်သည်။
“ဒါ ဒါက”
ဂျီရန်ယုံက ဒေါသကြီးနေသော ရွှေအိုရောင်ဝတ်စုံ ဝတ်ထားသော သမားတော်နှင့် တည်တည်ငြိမ်ငြိမ်နှင့် ရဲချန်ဖန်ကို တစ်လှည့်စီ ကြည့်ပြီးနောက် စိတ်ပူသွားသည်။
“အဖေ ဆရာချန်ကို ပေးကုလိုက်ပါ။ သမီး သူ့ကို ယုံတယ်”
အခြေအနေကို ကြည့်ပြီး ဂျီချင်ရွှယ်က နှုတ်ခမ်းလေးကို ကိုက်ပြီး ရဲချန်ဖန်ကို မြတ်နိုးစွာ ကြည့်ပြီး ပြောလိုက်သည်။
“ရတယ်။ ငါ သွားမယ်”
ရွှေအိုရောင်ဝတ်စုံ ဝတ်ထားသော သမားတော်က ဂျီချင်ရွှယ်က ရဲချန်ဖန်ကို ရွေးချယ် လိုက်သည်ကို ဒေါသထွက်ကာ ချက်ချင်းပင် ထွက်သွားသည်။
“ဆရာချန် ကျေးဇူးပြုပြီး ဒီဘက်ကြွပါ”
“ဆေးနံ့ လှိုင်နေတာပဲ”
ခြံဝင်းငယ်လေးထဲတွင် ဆေးနံ့များ သင်းပျံ့နေပြီး အိမ်လေး တံခါးဖွင့်ကာ အခန်းထဲ ဝင်လိုက်စဉ် ဆေးအိုးကြီးထဲတွင် စိမ်နေသော မျက်နှာမှာ ဖြူဖျော့နေပြီး ဝေဒနာ ခံစားနေရဟန် ပိန်ပိန်ပါးပါးနှင့် အဘိုးအို တစ်ယောက်ကို တွေ့လိုက်ရသည်။ အဘိုးအိုမှာ ဂျီကလန် အကြီးအကဲ ဂျီရန်ဇန် ဖြစ်သည်။
“သား သူက ဘယ်သူလဲ”
အသံများ ကြား၍ ဆေးအိုးထဲ စိမ်နေသော အကြီးအကဲ ဂျီရန်ဇန်က မျက်လုံးများ ပွင့်လာကာ မေးလိုက်လေသည်။
“အဖေ၊ သူက အကြီးအကဲပိုင်ကို ကုသခဲ့တဲ့ ဆရာချန်ပဲ”
ဂျီရန်ယုံက မိတ်ဆက် ပေးလိုက်သော်လည်း သိပ်တော့ အထင်မကြီးလှပေ။
“ဆရာချန်က ဒီလောက်ငယ်မယ်လို့ မထင်ထားဘူး”
အကြီးအကဲ ဂျီရန်ဇန်က ပြုံးပြီး ပြောလိုက်သည်။
“အသက်က အရာရာ မဖြေရှင်းနိုင်ပါဘူး။ လက်ထုတ်လိုက်။ စမ်းရအောင်”
ရဲချန်ဖန် ဆေးအိုးဆီ လျှောက်သွားလိုက်ပြီး အမိန့် ပေးလိုက်သည်။
ရဲချန်ဖန် အမိန့်ပေးသည့် လေသံကို ကြည့်ပြီး အကြီးအကဲ ဂျီရန်ဇန်က ရဲချန်ဖန်ကို အတန်ကြာ စိုက်ကြည့် နေမိသည်။ သူ့ကို အဲလိုလေသံနှင့် ပြောသူ မရှိသည်မှာ အလွန့် အလွန်ကို ကြာညောင်းနေပြီ ဖြစ်သည်။
“အဘိုး၊ သမီး ဆရာချန်ကို ယုံတယ်။ သူက အဘိုးကို သေချာပေါက် ပျောက်အောင် ကုပေးမှာ”
“ဘယ်သူက ပြောလဲ။ ငါက သူ့ကို ပျောက်အောင် ကုနိုင်မှာ။ ပိုဆိုးရင်တောင် ဆိုးသွားနိုင်တယ်”
သူ့ကို ဂျီခင်ရွှယ် ထောက်ခံလိုက်သံ ကြားပြီး ရဲချန်ဖန် သူ ခံစားခဲ့ရသည်များကို တွေးကာ ဘုကလန့် တိုက်လိုက်သည်။ သူကိုယ်သူပင် မသိပဲ ဂျီချင်ရွှယ်ကို ရန်လိုနေမိသည်။ ဘာအကြောင်းကြောင့်နည်း။
“ဟားဟား၊ မင်းက စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ငါ မင်းကုတာ ခံမယ်”
အကြီးအကဲ ဂျီရန်ဇန်က မျက်နှာပုပ်သိုးသိုး ဖြစ်သွားသော ဂျီချင်ရွှယ်ကို တစ်ချက် ကြည့်လိုက်ပြီး ရဲချန်ဖန်ဆီ လက်ပေး လိုက်သည်။
“ဟင် ဘာလို့ ဒဏ်ရာက ဘာလို့ ဒီလောက် ပြင်းနေရတာလဲ။ သွေးသားတွေ အားလုံးက သေနေ သလိုပဲ”
ရဲချန်ဖန်က အကြီးအကဲ ဂျီရန်ဇန် စစ်ဆေးလိုက်သောအခါ သူ ထင်သည်ထက် ဒဏ်ရာမှာ ပိုပြင်းထန် နေသည်ကို တွေ့လိုက်ရသည်။ ဒဏ်ရာက သည်ထက်မက ပိုဆိုးလာပါက မကြာခင် သေဆုံး တော့မည် ဖြစ်သည်။
“ဒီစကား မေးရတာ မလွယ်ပေမဲ့ ငါ့ရောဂါကို ထိန်းဖို့နည်း ရှိဦးမလား”
အကြီးအကဲ ဂျီရန်ဇန်သည် ကိုယ်အခြေအနေကို သူသာ အသိဆုံးပင်။ သူ ပျောက်ဖို့ မမျှော်လင့်ချေ။ သူ အချိန်အနည်းငယ် ပိုရပြီး ကလန်၏ အခက်အခဲဆုံး အခြေအနေတွင် ကူညီပေးရန်သာ မျှော်လင့်သည်။
“ဒဏ်ရာကို ပိုမဆိုးလာအောင် လုပ်ဖို့က လွယ်ပေမဲ့ ပျောက်အောင် ကုဖို့က နည်းနည်းတော့ ဒုက္ခများမယ်။ ဒါပေမဲ့ နည်းလမ်း မရှိတာတော့ မဟုတ်ဘူး”
ရဲချန်ဖန် တွေးရင်း ပြောလိုက်သည်။
“တကယ်လား။ ပျောက်ဖို့ မျှော်လင့်ချက်ရှိတယ် ဟုတ်လား”
ရဲချန်ဖန် စကား ကြားပြီး အကြီးအကဲ ဂျီရန်ဇန် ညိုမှိုင်းနေသော မျက်လုံးများသည် မျှော်လင့်ချက်များ ရှိလာသည်။
“မျှော်လင့်ချက် ရှိပါတယ်။ ဒါပေမဲ့ အချိန်အနည်းငယ်တော့ ပေးရမယ်”
“ဆရာချန်သာ အဖေကို ကုပေးနိုင်ရင် ဆရာချန်က ဂျီကလန်ရဲ့ အမြဲတမ်း မိတ်ဆွေပါပဲ” ဂျီရန်ယုံ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
အကြီးအကဲ ဂျီရန်ဇန်သည် ဂျီကလန်အတွက် အလွန်အရေးပါသည်။ သူသာ တစ်ခုခု ဖြစ်သွားပါ က ဂျီကလန် အကြီးအကျယ် ပျက်စီး သွားနိုင်သည်။
“ကျွန်တော် ဂျီကလန်ရဲ့ အမြဲတမ်း မိတ်ဆွေ ဖြစ်လာဖို့ စိတ်မဝင်စားဘူး။ ကျွန်တော်က ဆုလာဒ်ကြောင့် လာခဲ့တာပဲ”
ရဲချန်ဖန် တီးတိုး ရေရွတ် လိုက်လေသည်။
“ဆရာချန်၊ ကျွန်တော့် ဒဏ်ရာကိုသာ ပိုမဆိုးလာအောင် ခဏ ထိန်းထားနိုင်ရင်ပဲ ကလန်ရဲ့ ရတနာ နှစ်ခုထဲက တစ်ခု ရွေးချယ်ခွင့် ပေးပါ့မယ်။ အကယ်၍ ပျောက်အောင် ကုပေးနိုင်ရင် နှစ်ခုလုံး ပေးမယ်”
အကြီးအကဲ ဂျီရန်ဇန်က အများရှေ့မှာပင် ကတိပြု လိုက်သည်။
“ကောင်းပြီလေ”
ရဲချန်ဖန် ငွေအပ်များ ထုတ်ပြီး အကြီးအကဲ ဂျီရန်ဇန်ကို စတင် ကုသရန် ပြင်လိုက်လေသည်။
အပိုင်း (၃၉) ပြီး၏။ (၄၀) မျှော်
******