Switch Mode

Chapter – 38

နှုတ်ဆက်ပါတယ်

အခန်း (၃၈)
နှုတ်ဆက်ပါတယ်

အာကာတစ်ခွင်တွင် မြူနှင်းများ ကျဆင်းနေပြီး မိုးနတ်မင်းက လွမ်းဆွေးနေသည့်နှယ် မိုးပေါက် များ ဖြောက်ဖြောက်နှင့် ကျဆင်းနေသည်။ သစ်ပင် ပန်းမာလာတို့ကမူ စိမ်းစိုနေသည်။

ရဲချန်ဖန်သည် ပိုင်ရှီအာနှင့် တခြားလူများအား နှုတ်ဆက်စကား ပြောပြီးနောက် အလွန် တန်ဖိုးကြီးသည့် မြင်းနက်ကြီး စီးကာ ပိုင်ကလန် ရဲတိုက်မှ ထွက်ခွာ လာခဲ့သည်။ ထို့နောက် ခရမ်းရောင် ရွှေမြို့တော်ဆီသို့ ဦးတည်လိုက်သည်။

အချိန်အတော်ကြာ ခရီးနှင်ပြီးနောက် ခရမ်းရောင် ရွှေမြို့တော်မှ ခပ်လှမ်းလှမ်း လမ်းမကြီး ဘေးနား သူ ရောက်လာသည်။ အဝေးတွင် ရှိနေသော အလွန်ခန့်ညားပြီး ကြီးမားလှသော မြို့ရိုးကြီးကို ကြည့်ပြီး အတိတ်ကလေး ဘဝက ပုံရိပ်များ သူ့အတွေးထဲ ဝင်ရောက် လာလေသည်။ သူ့မွေးစားအဖေ ရဲရှောင်ရန်သည် သူ့အပေါ် အလွန်မေတ္တာတရား ကြီးမားပုံ စောင့်ရှောက်ခဲ့ပုံများ ပြန်မြင်ယောင်လာခဲ့သည်။

လမ်းမအလယ်တွင် အချိန်အတော်ကြာအောင် ရပ်နေမိပြီး ညနေပိုင်းတွင် သူ မြို့ပြင်ရောက် လာသည်။

“အဖေ သား ကောင်းကင်မီးဂိုဏ်း ဝင်ပြီးရင် ကောင်းကင်မီးဂိုဏ်း အားကို ယူပြီး အဖေ သေဆုံး ရတဲ့ အကြောင်းအရင်းကို သားရအောင် ရှာမယ်။ အဖေကို တစ်ယောက်ယောက်က လုပ်ကြံတာဆို သေချာပေါက် ပြန်ပေးဆပ်ရမယ်”

ရဲချန်ဖန် စိတ်ထဲတွင် ကျိန်ဆိုလိုက်သည်။

မြင်းနက်ကြီးကို ဧည့်ရိပ်သာလေး တစ်ခုတွင် အပ်ပြီးနောက် ရဲချန်ဖန် မျက်နှာဖုံး တပ်လိုက်ကာ အဝတ်အစားများ လဲပြီး မြို့ထဲ ဝင်လိုက်သည်။ ရဲချန်ဖန် အလွန် သတိထားနေသည်မှာ ဂျန်ကလန်မှ ရှာတွေ့ပြီး မမျှော်လင့်သော အဖြစ်အပျက်များ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ရင်းနှီး ကျွမ်းဝင်ခဲ့ဖူးသော လမ်းမဟောင်းများထက် လျှောက်ရင်းနှင့် ဇီကျင်နိုင်ငံ၏ အကြီးမား ဆုံးသော စျေးဆိုင်တန်းများဘက်ဆီ လျှောက်လာခဲ့သည်။ သူ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်အတွက် ဝိညာဉ်အဆင့် ဆေးဝါးများ ဝယ်ယူရန်ပင်။

ကောင်းကင်မီးဂိုဏ်း အရည်အချင်းစစ်ပွဲ မတိုင်မီ ကိုယ်ခန္ဓာ ပို၍ သန်မာလာပါက ဂျင်တစ်သောင်းထိ စွမ်းအား တိုးတက် လာနိုင်သည်။ လက်သီးတစ်ချက်နှင့်ပင် သားရဲသခင် အဆင့်ကို အနိုင်ယူ နိုင်ပေမည်။ သို့သော် ဝိညာဉ်အဆင့် ဆေးဝါးများမှာ အလွန်ရှားပါးပြီး တန်ဖိုး ကြီးမားသည်။ ပိုက်ဆံ ရှိသည့်တိုင်အောင် ဝယ်ယူ၍ မရနိုင်ပေ။

“ခန္ဓာကိုယ်ကျင့်စဉ်အတွက်ဝိညာဉ်အဆင့်ဆေးဝါးတွေကဘယ်မှာဝယ်လို့ရနိုင်မလဲ”

ရဲချန်ဖန် စျေးတွင်လျှောက်ပတ်ရင်းစုံစမ်းနေသည်။

“ခန္ဓာကိုယ် ကျင့်စဉ်အတွက် ဝိညာဉ်အဆင့် ဆေးဝါးတွေက အရမ်းတန်ဖိုးကြီးပြီး ရှားပါး လွန်းတယ်။ အရင်နှစ် တော်ဝင် လေလံပွဲမှာတောင် ရောင်းတာ မရှိဘူး”

အဖြူ​ရောင် ဝတ်စုံနှင့် ဆေးဆိုင်ပိုင်ရှင်က ​အေးစက်စက် ဖြေလိုက်သည်။

“ခန္ဓာကိုယ် ကျင့်စဉ်အတွက် ဝိညာဉ်အဆင့် ဆေးဝါးတွေ ဝယ်ဖို့ နည်းပေးနိုင်တယ်ဆိုရင် ပိုက်ဆံ ကြိုက်စျေး ပေးမယ်”

ရဲချန်ဖန် ပိုက်ဆံ အများကြီး ထုတ်ကာ ဆိုင်ရှင်လက်ထဲ ကပ်ထည့်လိုက်သည်။

“မင်းက တော်တော် ဉာဏ်ကောင်းတဲ့ ကောင်ဆိုတော့ ပြောပြရမှာပေါ့။ ဂျီကလန်က မကြာခင်တုန်းကမှ ဂျီကလန် ခေါင်းဆောင်ရဲ့ ဒဏ်ရာ ကုသပေးနိုင်တဲ့ မည်သူမဆို ဆုကြီးတွေ ပေးမယ် ကြော်ငြာထားတယ်။ အဲထဲမှာ နှစ်တစ်ထောင် သွေးဂျင်ဆင်း ဘုရင်လည်း ပါတယ်”

ဆိုင်ရှင်က ငွေအများကြီး ရလိုက်၍ အချိုး ချက်ချင်း ပြောင်းကာ ပိုက်ဆံကို အိတ်ထဲ ထည့်ကာ ပြောလိုက်သည်။

“နှစ်တစ်ထောင် သွေးဂျင်ဆင်း ဘုရင်လား”

ရဲချန်ဖန် ရှေးဟောင်း ဆေးစာအုပ်များထဲတွင် နှစ်တစ်ထောင် သွေးဂျင်ဆင်း ဘုရင် အကြောင်း ဖတ်ဖူးသည်။ ထိုဂျင်ဆင်းသည် ခန္ဓာကိုယ် ကျင့်စဉ်အတွက် အလွန်တရာ အထောက်အကူ ပေးနိုင်ပြီး နတ်ဆေးဟုပင် ပြောလို့ ရနိုင်သည်။ သာမန် ဝိညာဉ်ကျင့်သူ တစ်ယောက်ပင် နှစ်တစ်ထောင် သွေးဂျင်ဆင်းဘုရင် သောက်သုံးပါက အလွန်တရာ အစွမ်းထက် လာပေမည်။

“ဒါပေမဲ့ ဂျီကလန် ခေါင်းဆောင် ဒဏ်ရာက အရမ်းပြင်းတယ်။ တော်ဝင် သမားတော်ကြီး တွေတောင် မကုသနိုင်ဘူး။ မင်းလိုချင်ရင်တော့ မင်း အစွမ်းပေါ်ပဲ မူတည်တယ်”

ဆိုင်ရှင်က ရှင်းပြ လိုက်သည်။

“ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

လိုချင်သော သတင်းရပြီး ဖြစ်သောကြောင့် ကြာကြာ ဆက်မနေဘဲ ရဲချန်ဖန် ထွက်လာခဲ့သည်။

“ဂျီကလန်လား”

ရဲချန်ဖန်က ဂျီကလန်ဆီသို့ မသွားချင်သလို ဂျီချင်ရွှယ်နှင့်လည်း ထပ်မံ၍ မပတ်သက် လိုတော့ချေ။ သို့သော် ရဲချန်ဖန် သွေးဂျင်ဆင်းရမှ ဖြစ်မည်။ သူသာ သွေးဂျင်ဆင်းကို ရပါက သူ့အစွမ်း နှစ်ဆလောက် တိုးလာနိုင်သည်။ ထိုအစွမ်းဖြင့် ကောင်းကင်မီးဂိုဏ်း ရောက်ပါက အရင်းအမြစ်များ ပိုရမည် ဖြစ်သည်။

နောက်တစ်နေ့ မနက်တွင် ရဲချန်ဖန် မြို့၏ အနောက်မြောက်တွင် ရှိသော ဂျီကလန်ဆီ ဦးတည် လိုက်သည်။

“ဂျီကလန်က အင်အား အကြီးဆုံး ကလန်သုံးခုထဲက တစ်ခုပဲ။ ဒါကြောင့် ဆုငွေက လူတော်တော် များများကို ဆွဲဆောင်နေမှာ သေချာတယ်”

ရဲချန်ဖန် ဂျီကလန် အိမ်တော်နား ရောက်လာချိန်တွင် တံခါးဝ၌ သမားတော်များစွာ စုဝေးနေသည်ကို တွေ့လိုက်သည်။ သမားတော်များသည် ဂျီကလန်၏ တင်းကျပ်သော စစ်ဆေးမှုကို ခံယူရပေမည်။

ထိုခက်ခဲ တင်းကျပ်သော စစ်ဆေးမှု အောင်မြင်သူများသာ ဂျီကလန်ထဲ ဝင်ခွင့်ရပြီး ကုသခွင့် ရှိသည်။ သို့သော် ဂျီကလန်၏ တင်းကျပ်သော စစ်ဆေးမှုကြောင့် ကိုးဆယ် ရာခိုင်နှုန်းသော သမားတော် တို့သည် ဂျီကလန်ထဲ ဝင်ခွင့်မရဘဲ မကျေမချမ်း ဖြစ်နေစေသည်။ ဂျီကလန် အင်အားကြီးမှုကြောင့် မကျေမနပ်သာ ညည်းတွားပြီး ထွက်ခွာ သွားကြလေသည်။

“ဟဲလို၊ မင်းလည်းပဲ ဆုကို ကြည့်ပြီး ဂျီကလန် အကြီးအကဲကို လာကုတာလား”

ရဲချန်ဖန် လှည့်ကြည့် လိုက်ချိန်တွင် ဆံပင်ဖြူနှင့် စိတ်ကောင်းရှိပုံ ပေါ်သော အဘိုးအိုကို တွေ့လိုက်သည်။

“အင်း”

ရဲချန်ဖန် ခေါင်းညိတ် လိုက်သော်လည်း သူ့မျက်နှာဖုံးကြောင့် မည်သည့် အမူရာမှ ပေါ်မလာချေ။

“မင်းအတွက် စိတ်မကောင်းပါဘူး။ ဂျီကလန် ခေါ်နေတဲ့ သမားတော်က ကုသရေးမှာ နှစ်သုံးဆယ်ကျော် အတွေ့အကြုံ ရှိမှရမှာ။ ငါက မင်းအသက် သုံးဆယ်ကျော်မယ် မထင်ဘူး”

“ဆေးပညာ အတွေ့အကြုံက ဘာမှ မဟုတ်ဘူး။ ဆေးပညာကပဲ အရေးကြီးတာ။ မင်းတို့ ငါနဲ့ လွဲသွားရင် မင်းဂျီကလန် ခေါင်းဆောင် ကယ်လို့ရမယ့် အခွင့်အရေးနဲ့ လွဲသွားလိမ့်မယ်”

ရဲချန်ဖန်က အလွန်တရာ ဟိတ်ဟန် ကြီးမားသည့်ပုံဖြင့် ပြောလိုက်သည်။

“ဝမ်းနည်းပါတယ်။ ကလန်ခေါင်းဆောင် အသက်က ပေါ့သေးသေး မဟုတ်ဘူး။ မင်း ပြန်လိုက်ပါ”

ဆံပင်အဖြူနှင့် အဘိုးအိုက သူ့ကို ဝင်ခွင့် မပြုချေ။

“ငါ မှတ်မိတာ မမှားဘူးဆိုရင် ခင်ဗျားတို့ သခင်မလေးက အဖြူရောင် အင်ပါယာမြို့ သွားပြီး ပိုင်အကြီးအကဲကို ကုခဲ့တဲ့ သမားတော်ကို ရှာခဲ့တယ်ဆို”

ဆံပင်အဖြူနှင့် အဘိုးအိုက သူ့ကို ဝင်ခွင့် မပေးသော်လည်း သူ စိတ်မဆိုးဘဲ ပြန်မေးလိုက်သည်။

နှစ်တစ်ထောင် သွေးဂျင်ဆင်းဘုရင်အတွက် သူ ဘယ်သူလဲဆိုတာ ထုတ်ဖော် ပြောလိုက်သည်။ အန္တရာယ်မှာ ကြီးသော်လည်း တစ်ဖက်တွင်မူ နှစ်တစ်ထောင် သွေးဂျင်ဆင်းဘုရင် ဖြစ်နေလေသည်။

“မင်းက အဲဆရာလား”

ဆံပင်အဖြူနှင့် အဘိုးအိုက ရဲချန်ဖန်ကို သေချာ စူးစမ်းလိုက်သည်။

ဆံပင်အဖြူနှင့် အဘိုးအိုက ပိုင်ကလန် အကြီးအကဲကို ထူးဆန်းသော လူငယ် သမားတော်က ကုသခဲ့ကြောင်း ဂျီချင်ရွှယ် ပြောဖူးတာ ကြားဖူးသည်။

“ကလန်ခေါင်းဆောင် ဒဏ်ရာကို ငါ ကုသနိုင်တယ်”

“တောင်းပန်ပါတယ်။ ကျွန်တော် မသိလို့ပါ။ ဆရာ စိတ်ထဲမထားပါနဲ့။ ဆရာ့နာမည် ဘယ်လိုခေါ်လဲ မသိဘူး”

ဆံပင်အဖြူနှင့် အဘိုးအိုက တောင်းပန်ကာ သူကိုယ်တိုင်ပင် ရဲချန်ဖန်ကို ဂျီအိမ်တော်ထဲ ခေါ်ဆောင် သွားသည်။

အိမ်ထဲဝင်ရာ လမ်းတစ်လျှောက်တွင် အစွမ်းထက်လှသော တန်ခိုးရှင်တို့၏ အော်ရာများကို ရဲချန်ဖန် အာရုံခံ မိနေသည်။ ထိုအထဲတွင် သားရဲသခင်အဆင့် တန်ခိုးရှင်များပါ ပါဝင်နေသည်။

“ဘာလို့ ဂျီကလန်က ဒီလောက် လုံခြုံရေး တင်းကျပ်နေတာလဲ။ အရေးကြီးတဲ့ ကိစ္စရှိလို့လား”

ပုံမှန် မဟုတ်သော အခြေအနေကို မြင်နေရသည်။

“ဂျီချင်ရွှယ်ကြောင့် များလား”

ရဲချန်ဖန် ဆံပင်အဖြူနှင့် အဘိုးအိုနောက်မှ လိုက်ဝင်လာလိုက်ရာ ဝါးရုံတောလေးနောက်ကို ကျော်ပြီး အလွန်သားနား ကြီးကျယ်သော ခန်းမဆောင်ကြီးဆီ ရောက်လာသည်။ သူ ခန်းမကြီးထဲ ဝှေ့ကြည့်လိုက်ရာ အစိမ်းရောင် ဝတ်စုံလေးနှင့် အလွန်တရာမှ လှပသော ဂျီချင်ရွှယ်ကို တွေ့လိုက်ရ၏။

သူမသည် သူမ၏ အဖေ ဂျီရန်ယုံဘေးတွင် ရပ်နေသည်။ ဤအချိန်တွင် ဂျီရန်ယုံသည် အလွန်စိတ်ရှုပ်ထွေးကာ ဘာလုပ်ရမှန်းပင်မသိ ဖြစ်နေသည်။

ရဲချန်ဖန်က ဂျီချင်ရွှယ်ဆီ မကြည့်တော့ဘဲ အမူအရာ ကင်းမဲ့နေဟန်ဖြင့် ဝင်သွားသည်။ ခန်းမထဲတွင် နာမည်ကျော်ကြားလှသော သမားတော်များသည် ငယ်ရွယ်သော ရဲချန်ဖန်ကို မြင်သော အခါ ထူးဆန်းသော အမူအရာများဖြင့် ကြည့်နေ ကြလေသည်။
အပိုင်း (၃၈) ပြီး၏။ (၃၉) မျှော်
*****

Comment

Leave a Reply

Options

not work with dark mode
Reset