အခန်း (၃၆)
ဘယ်သူ တိုက်မလဲ
“ဝိညာဉ် စွမ်းအင်လား။ သူ့ဆီမှာ ဘယ်လိုလုပ် ဝိညာဉ်စွမ်းအင် ရှိနေတာလဲ။ သူ့မှာ ဝိညာဉ်သားရဲ မရှိဘူး မဟုတ်လား။ ဝိညာဉ်သားရဲက ဒုတိယအကြိမ် နိုးထနိုင်တာလား”
လျန်ဝမ်ဆမ်း အပါအဝင် အကုန်လုံးက ရဲချန်ဖန်၏ ဝိညာဉ်စွမ်းအင်သည် လျန်ယုလုံထက် သာရုံသာမက သားရဲရှင် အဆင့်ခြောက် အမြင့်ဆုံးအဆင့် ရောက်နေသည်ကို မြင်လိုက်ရသောအခါ အလွန်အံ့သြပြီး မှင်တက် နေကြသည်။
ဝိညာဉ်စွမ်းအင်နှင့် ခန္ဓာကိုယ် စွမ်းအား ပေါင်းစပ် လိုက်သောအခါ အလွန် အစွမ်းထက် လာသည်။ မီးတောင်ပေါက်သလိုပင် အားများ ပေါက်ကွဲထွက်ကာ လျန်ယုလုံ၏ လှံရှည်ဆီ ထိုးလိုက် သည်။
လျန်ယုလုံသည် ဖြိုလို့ မရနိုင်သည့် သံတောင်ကို သူ့လှံရှည်က ထိုးလိုက်သလိုပင်။ တန်ပြန်အားသည် သူ့တစ်ကိုယ်လုံးကို ရိုက်ခတ်သွားပြီး သူ့လက်နက်ကို ကျိုးကြေ သွားစေပြီး အတွင်းဒဏ်ရာကို ပိုဆိုးသွားစေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လျန်ယုလုံ အလွန်လန့်သွားသည်။ ရဲချန်ဖန်က လက်နက်မဲ့ဖြင့် သူ့ကို တိုက်ခိုက်ပြီး သူ့ကို အနိုင်ယူနိုင်မည်ဟု မတွေးထားမိချေ။ ရဲချန်ဖန်သည် အလွန် ကြောက်စရာ ကောင်းလောက်အောင်ပင် အစွမ်းထက်နေပြီ ဖြစ်သည်။
လျန်ယုလုံသည် ရဲချန်ဖန် လက်သီးကို မခံနိုင်တော့၍ အရှုံးပေးရန် လုပ်လိုက်ချိန်တွင် ရဲချန်ဖန်၏ လက်သီးမှာ သူ့ဝိညာဉ် အကာအကွယ်ကို ဖျက်ဆီးကာ သူ့ရင်ဘတ်ကို ထိမှန်သွားသည်။ လျန်ယုလုံ လေထဲ လွင့်စဉ်ပြီး စင်မြင့်ပေါ်မှ ကျကာ မြေကြီးနှင့် ဆောင့်ပြီး မေ့မြောသွားသည်။
မည်သည့် အသံမှ မကြားရအောင် တစ်လောကလုံး တိတ်ဆိတ်သွားသည်။ ရဲချန်ဖန်က လျန်ယုလုံကို ပြင်းထန်စွာ ဒဏ်ရာ ရစေသောကြောင့် အကုန်လုံး အံ့သြပြီးရင်း အံ့သြနေကြကာ အသံရှူသံများသာ ကြားနေရသည်။
“အဲဒါ သူပဲ။ ငါ့ကို အဲညက ကယ်ခဲ့တာ သူပဲ”
ချောင်ဂျင်ယွမ်က အံ့ဩလွန်း၍ သူမပါးစပ်ကို လက်နှစ်ဖက်လုံးဖြင့် အုပ်လိုက်မိသည်။ ရဲချန်ဖန်၏ အစွမ်းကို မြင်ပြီးနောက် အဲနေ့က မသေချာဘဲ ယောင်ဝါးဝါး ဖြစ်နေသော ခံစားချက်က ပိုသေချာသွားသည်။
လူအုပ်ထဲတွင် ရှိနေသော ရဲဇီလင်လည်း သူမရှေ့က မြင်ကွင်းကို ကြည့်ကာ တုန်လှုပ်နေသည်။ ရဲချန်ဖန်သည် ဝိညာဉ်သားရဲကို အသက်ဆယ့်ငါးနှစ်တွင် ဒုတိယအကြိမ် နိုးထစေရာ လူတွေ သိရှိ ထားသမျှ စည်းမျဉ်းများကို ကျိုးပျက်သွားစေသည်။
အကယ်၍ ရဲမိသားစုသာ ရဲချန်ဖန် ဤမျှ ပြောင်းလဲ သွားမှန်း သိပါက သူတို့၏ ဆုံးဖြတ်ချက်ကို နောင်တရကြမည် ဖြစ်သည်။
“ယုလုံ သား”
အံ့ဩရာမှ သတိပြန်ဝင်လာသော လျန်ဝမ်ဆမ်းသည် အော်ဟစ်လိုက်ပြီး မုန်ယိုနေသော ဆင်ကဲ့သို့ စင်ပေါ် ပြေးတက်ကာ လျန်ယုလုံကို ဖက်လိုက်သည်။
“တိရစ္ဆာန်ကောင်၊ မင်း တကယ် ရက်စက်တာပဲ။ မင်းက ယုလုံကို သတ်ရဲတယ်ပေါ့ ဟုတ်လား။ မင်းကို ငါ သတ်မယ်”
ဒဏ်ရာကို စစ်ဆေးလိုက်ရာ လက်မှာ သွင်သွင်ကျိုးသွားပြီး သွေးကြောများလည်း အပြင်းအထန် ထိခိုက်သွားသည်။ လျန်ဝမ်ဆမ်း သူ့သား၏ အဖြစ်ကို သိလိုက်ပြီးနောက် ဒေါသမှာ မထိန်းနိုင်တော့ပေ။ ဝိညာဉ်ဆေးလုံးများနှင့် ကုသလျှင်ပင် လျန်ယုလုံမှာ နဂိုအတိုင်း ပြန်ဖြစ်ရန် မလွယ်ကူပေ။
လျန်ကလန်၏ အနာဂါတ် မျှော်လင့်ချက်ကို ရဲချန်ဖန် ရိုက်ချိုးလိုက်သဖြင့် လျန်ဝမ်ဆမ်းဆီမှ လူသတ်စိတ် ထွက်ပေါ်လာသည်။ သူ၏ လူသတ်စိတ်သည် ရဲချန်ဖန်ဆီ တောင်တစ်လုံးက ဖိထားသလိုပင်။
“လျန်ကလန် ခေါင်းဆောင်၊ ဒါ အင်ပါယာ အကယ်ဒမီမှာ ခင်ဗျားတို့ လျန်ကလန် လုပ်ချင်တိုင်း လုပ်လို့ရတဲ့ နေရာ မဟုတ်ဘူး။ ခုလေးတင် ခင်ဗျားသားက ကျွန်တော့်ကို ခြိမ်းခြောက်ထားတာ။ ကျွန်တော်က နိုင်အောင် အစွမ်းကုန် တိုက်ရမှာပဲ။ ဘယ်သူသိမှာလဲ။ သူက ဒီလောက် အသုံးမကျလဲ ဆိုတာ။ စိတ်ပျက်စရာပဲ။ ငါ့လက်သီး သုံးချက်တောင် မခံနိုင်ဘူး”
ရဲချန်ဖန်သည် လျန်ဝမ်ဆမ်း၏ လူသတ်စိတ် ဖိအားကို မမူသလိုပုံနှင့် နဂိုနေရာတွေ ရပ်ပြီး မထုံတက်သေး ပြောလိုက်သည်။
“မင်း”
အဖြစ်အပျက်မှာ လျန်ယုလုံက မောက်မာပြီး ရဲချန်ဖန်ကို သုံးကွက် အကြောပေးလိုက်ခြင်းပင်။ သို့သော် မည်သူက ထင်မည်နည်း။ ရဲချန်ဖန်သည် သားကောင် မဟုတ်ဘဲ သားကောင် ဟန်ဆောင် နေသည့်မုဆိုး ဆိုတာကိုပင်။
ဒဏ်ရာ အပြင်းအထန် ရနေသော သူ့သားကို ကြည့်ပြီး လျန်ဝမ်ဆမ်းသည် စိတ်မထိန်းနိုင်ဘဲ ဖြစ်နေသည်။ ဤအဖြစ်အပျက်ကို ဒီအတိုင်း ထားလိုက်ပါက သူတို့ လျန်ကလန်သည် အင်ပါယာမြို့၏ ဟာသ ဖြစ်လာပေမည်။
ပိုအရေးပါသည်မှာ ရဲချန်ဖန်၏ အစွမ်းနှင့် အလားအလာသည် သူ့ကို ခြိမ်းခြောက်နေခြင်းပင် ဖြစ်သည်။ နောင်ဖြစ်လာနိုင်သည့် အန္တရာယ်များကို ဖယ်ရှားရန် လျန်ဝမ်ဆမ်းက ရဲချန်ဖန်ကို သတ်ချင်နေသည်။
အနက်ရောင် ကင်းမီးတောက်ကြီးသည် လျန်ဝမ်ဆမ်း နားတွင် ပေါ်လာပြီး ရဲချန်ဖန်ကို စူးစိုက် ကြည့်နေသည်။
“လျန်ကလန် ခေါင်းဆောင်၊ ခင်ဗျား ဘာလုပ်နေတာလဲ။ ခင်ဗျား ကိုယ့်ဟာကိုယ် ဘယ်သူလဲ ဆိုတာရော သိသေးရဲ့လား”
လျန်ဝမ်ဆမ်း သည်းမခံနိုင်တော့ဘဲ တိုက်ခိုက်ရန် လုပ်လိုက်ချိန်တွင် မိုးခြိမ်းသံကဲ့သို့ အသံ ထွက်ပေါ်လာသည်။ သူကား အင်ပါယာမြို့၏ နံပါတ်တစ် တန်ခိုးရှင် ပိုင်ကလန်မှ အကြီးအကဲပိုင်ပင်။
“အကြီးအကဲပိုင်၊ ခင်ဗျား တကယ်ပဲ သူ့ဘက်ကနေ ကာကွယ် ပေးမလို့လား” လျန်ဝမ်ဆမ်း ဒေါသတကြီး မေးလိုက်သည်။
“သူက ငါရဲ့ ကျေးဇူးရှင်ပဲ။ သူ အနိုင်ကျင့် ခံနေရတာ။ ငါက သူ့ကို ကာကွယ်ပေးရမှာပဲ” လျန်ဝမ်ဆမ်းကို မျက်နှာသာ မပေးဘဲ နှိပ်ကွပ်လိုက်သည်။
“ဘယ်လိုလုပ် ကျေးဇူးရှင် ဖြစ်ရတာလဲ”
လျန်ဝမ်ဆမ်း မျက်လုံးများ ပြူးကျယ်ကာ သူ နားကြား မှားသည်ဟု ထင်ကာ မယုံနိုင် ဖြစ်နေသည်။ အကြီးအကဲပိုင်လို အဆင့်ငါး ဝိညာဉ်သားရဲသခင် အင်ပါယာမြို့၏ နံပါတ်တစ် ပုဂ္ဂိုလ်ကို ရဲချန်ဖန်က ကယ်တင်ခဲ့သည်မှာ မယုံနိုင်စရာပင်။
“လျန်ကလန် ခေါင်းဆောင် ယုလုံရဲ့ ဒဏ်ရာ အပြင်းအထန် ရနေတာ။ သူ့ကို အမြန်ဆုံး ကုသသင့်တယ်”
အခြေအနေ တင်းမာနေသည်ကို ကြည့်ပြီး အကယ်ဒမီ ကျောင်းအုပ်ကြီးသည် ခါးသီးစွာ ပြုံးကာ ထပြီး ဝင်ရောက် ဖျန်ဖြေ ပေးလိုက်သည်။
“ကောင်းပြီ။ သွားကျမယ်ဟေ့ ဟွန့်”
အကြီးအကဲပိုင်က အကာအကွယ် ပေးနေ၍ လျန်ဝမ်ဆမ်း လက်လွတ်စပယ် မလုပ်ရဲချေ။ သူ့ဒေါသကို မျိုသိပ်ကာ မေ့မြောနေသော လျန်ယုလုံကို သယ်မကာ ထွက်ခွာသွားသည်။
လျန်ကလန်မှ လူများ ထွက်ခွာသွားပြီးနောက် ပွဲကြီးပွဲကောင်း ကြည့်ရမည် ထင်ထားသော ဒီဝမ်ရှီမှာလည်း တိတ်တဆိတ် ထွက်သွားသည်။
“ကောင်းပြီ။ နောက်တစ်ပွဲ စမယ်”
အကယ်ဒမီ ကျောင်းအုပ်ကြီးက လျန်ကလန်မှ လူများ ထွက်ခွာသွားသည်ကို တစ်ချက် ကြည့်လိုက်ပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။ သို့သော် ရဲချန်ဖန် ၏ ကြောက်စရာ အစွမ်းကြောင့် မည်သည့် ကျောင်းသားမှ သူ့ကို စိန်မခေါ်ရဲတော့ပေ။
“ကြည့်ရတာ၊ ဒီနှစ် ပထမနေရာက ရဲချန်ဖန် အတွက်နဲ့ တူတယ်။ သူ့အစွမ်းနဲ့ဆို ကောင်းကင် မီးဂိုဏ်းမှာတောင် အဆင့်မနိမ့်ဘူး” အကြီးအကဲပိုင် ပြုံးကာ ချီးကျူး လိုက်သည်။
“ချန်ဖန်ရဲ့ အစွမ်းနဲ့ဆို နံပါတ်တစ် ဖြစ်ထိုက်ပါတယ်”
ပိုင်ရှီအာက စင်ပေါ်တွင် လက်နောက် ပစ်ကာ နေရောင်အောက်တွင် တည်ငြိမ် ခန့်ညားနေသော ရဲချန်ဖန်ကို ကြည့်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
ထိုအချိန်တွင် ရဲဇီလင်နှင့် ချောင်ဂျင်ယွမ်တို့သည် အတွေးပေါင်း မြောက်မြားစွာ ဖြစ်နေသည်။ အထူးသဖြင့် ချောင်ဂျင်ယွမ်သည် နောင်တ ရနေသည်။ ရဲချန်ဖန် နိမ့်ပါးနေစဉ် သူမတို့ ဆက်ဆံရေးကိုသာ မစွန့်ပယ်ခဲ့ပါက သူမသည် ရဲချန်ဖန်၏ အရင်းနီးဆုံးသူ ဖြစ်နေမည် ဖြစ်သည်။ ယခုတော့ သူတို့ ဆက်ဆံရေး ကျိုးပဲ့ သွားလေပြီ။
“စိန်ခေါ်မယ့်သူ မရှိတော့ဘူးလား”
အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ကျောင်းအုပ်ကြီးသည် မည်သူကမှ ရဲချန်ဖန်ကို မစိန်ခေါ်ရဲသည်ကို တွေ့လိုက်ပြီးနောက် ရဲချန်ဖန် ပထမရကြောင်း ကြေညာလိုက်သည်။
အခန်း (၃၆) ပြီး၏။ (၃၇) မျှော်
*******