Switch Mode

Chapter – 35

မင်းကို သုံးကွက် အကြောပေးမယ်

အခန်း (၃၅)
မင်းကို သုံးကွက် အကြောပေးမယ်

“မင်းသဘော အတိုင်းပဲ”

ရဲချန်ဖန်သည် လျန်ယုလုံက စင်ပေါ် တက်လျှင်တက်ချင်း သူကိုယ်တိုင် စိန်ခေါ်လာလိမ့်မည်ဟု မထင်ထားချေ။ သူ ပြုံးယောင်ယောင် ဖြစ်သွားသော်လည်း တစ်ဦးမှ သတိ မထားမိပေ။ ရဲချန်ဖန် စင်ပေါ် ခုန်တက်လိုက်ပြီး လျန်ယုလုံကို ကြည့်လိုက်သည်။

“ယုလုံ၊ ဒီကလေး အရမ်း အလျင်လိုတာပဲ။ တခြားလူတွေကို အခွင့်ရေး ပေးရမယ်မှန်း မသိဘူး”

လျန်ကလန် ခေါင်းဆောင် လျန်ဝမ်ဆမ်း အပြစ်တင် သလိုလိုနှင့် သူ့မျက်နှာတွင် ဂုဏ်ယူ ဝင့်ကြွားမှုကို မြင်နေရသည်။

“ယုလုံရဲ့ အစွမ်းနဲ့ဆို ပြိုင်နေလည်း သိပ်မထူးပါဘူး။ ပထမနေရာက သူ့အတွက်ပဲကို”

“လျန်ကလန် ခေါင်းဆောင် အရင်ကြိုပြီး ဂုဏ်ပြုပါတယ်”

လျန်ကလန်သည် အင်ပါယာမြို့၏ အင်အားကြီးကလန် ဖြစ်သောကြောင့် သူနှင့် ဆက်နွှယ် နေသော ကလန်များစွာ ရှိနေရာ လျန်ကလန် မျက်နှာသာ ပေးမှုကို လိုချင်၍ မြှောက်ပင့် နေကြသည်။ လျန်ဝမ်ဆမ်းသည် အလွန်ပျော်နေသည်။

“ပြိုင်ပွဲကိုပဲကြည့် မြေးလေး၊ အစွမ်းရှိတဲ့လူပဲ အနိုင်ရမှာ ဟုတ်ပြီလား”

မနီးမဝေးတွင် ရှိနေ သော ပိုင်ရှီအာသည် အလွန် စိတ်တိုနေသည်။ သူ့မြေးမလေး ဒေါသထွက် နေသည်ကို ကြည့်ပြီး အကြီးအကဲပိုင်သည် သူမ ခေါင်းလေးကို ပုတ်ပြီး ပြောလိုက်သည်။

“ရဲချန်ဖန်၊ ငါ မင်းကို အနိုင်မကျင့်ချင်ဘူး။ ငါ မင်းကို သုံးကွက် အကြောပေးမယ်။ သုံးကွက်တိတိ ငါ ကာပဲ ကာကွယ်မယ်။ မင်းကို ပြန်မချဘူး”

လျန်ယုံလုံက ကြီးကျယ် မြင့်မြတ်သည့်ဟန်နှင့် ပြောလိုက် သည်။

“သခင်လေးလျန်က အရမ်းတော်တာပဲ။ ပါရမီရှင်နဲ့ အလကားကောင် ဘယ်လောက်ကွာလဲ ပြလိုက်ပါ”

“သခင်လေးလျန်၊ ဒီကောင်ကို သေအောင် လုပ်လိုက်စမ်းဘာ။ ဒါမှ ဒီကောင်မှတ်မှာ”

ရဲချန်ဖန် လှောင်ပြောင် အော်သံများကို လျစ်လျူရှု ထားလိုက်သည်။ သူ လျန်ယုလုံကို တည်ငြိမ်စွာ ကြည့်ပြီး ပြောလိုက်သည်။

“မင်း သုံးကွက်ကို ခံနိုင်ရည်ရှိဖို့ပဲ ငါ မျှော်လင့်တယ်”

“ဟားဟား၊ ရဲချန်ဖန် မင်း သုံးကွက်ပြီးရင် မင်းမှာ အခွင့်အရေး ရှိမယ် ထင်နေလား။ မင်းက တော်တော် ရိုးအပြီး ချစ်ဖို့ကောင်းတာပဲ”

လျန်ယုလုံ အထင်သေးစွာ ပြောလိုက်သည်။

“အဲဒါ နုံအတာ ဟုတ်မဟုတ် ခဏနေ မင်းသိလိမ့်မယ်”

ရဲချန်ဖန် အကြည့်က စူးရှနေသည်။

“ဒီကလေး ယုလုံက တကယ် အမူအကျင့်ကောင်းတွေ ရှိတာပဲ”

“တကယ့်ကို အင်ပါယာမြို့ နံပါတ်တစ် ပါရမီရှင် ပီသပါတယ်။ သူ သိပ်မကြာခင် အရင် လူဟောင်းတွေကိုပါ ကျော်တက် သွားလိမ့်မယ်”

အကုန်လုံးက လျန်ယုလုံကို အလွန် အထင်ကြီးနေသည့် အချိန်တွင် အလွန် ကျယ်လောင်သော အားပေးသံ ထွက်ပေါ် လာသည်။

“ချန်ဖန်၊ ကြိုးစားထား”

အသံလာရာကို လှမ်းကြည့် လိုက်သောအခါ အလွန်တရာ ချောမောလှသည့် ပိုင်ရှီအာက ရှက်ဝဲဝဲနှင့် သူ့ကို အော်ဟစ် အားပေးနေသည်ကို တွေ့လိုက်ရသည်။

ရဲချန်ဖန်က ပိုင်ရှီအာကို ပြုံးပြလိုက်ပြီးနောက် သူ့ကိုယ်က လှုပ်ရှား သွားသည်။ ရဲချန်ဖန် ခြေထောက်အောက်မှ မိုးခြိမ်းသံကဲ့သို့ အသံထွက်လာပြီး သူ၏ ကိုယ်လုံးသည် လျန်ယုလုံဆီသို့ အလျင်အမြန် ချဉ်းကပ်သွားသည်။ ရဲချန်ဖန်ဆီမှ ဖိအားများကို လျန်ယုလုံ ခံစားနေရသည်။

“ဘယ်လိုလုပ် သူ့ခန္ဓာကိုယ်ဆီက ဘာလို့ ဖိအားက ဘာလို့ အဲလောက် ပြင်းထန်ရတာလဲ”

လျန်ယုလုံသည် လှံရှည် မှတစ်ဆင့် ရဲချန်ဖန်ဆီမှ ဖိအားကို ခံစားနေလိုက် ရသည်။ ဖိအားသည် အလွန် ပြင်းထန်ရာ သူ့ လက်မောင်းများပင် ထုံကျင်သွားပြီး လှံရှည်ကိုပင် မကိုင်ထားနိုင်တော့ဘဲ လက်မှ လွတ်ကျ သွားလေသည်။

သူ မယုံနိုင် ဖြစ်နေသည်မှာ ရဲချန်ဖန်လို ဝိညာဉ်စွမ်းအင် မရှိသူသည် ဤမျှ အစွမ်းထက်သော ခန္ဓာကိုယ် စွမ်းအား ရှိနေခြင်းကိုပေ။ သူ ဝိညာဉ်သားရဲ သံမဏိ မိကျောင်းနှင့် အမြန် ပေါင်းစပ်လိုက်ရာ သူ့ ဝိညာဉ်စွမ်းအင်များ အလွန်တိုးလာသည်။

“ဘန်း”

ဂျင်ငါးထောင် အားပါသော ရဲချန်ဖန် လက်သီးသည် လျန်ယုလုံ၏ လှံရှည်နှင့် ထိတွေ့ လိုက်ချိန်တွင် သံမဏိမိကျောင်းသည် အရိုးများ ကျိုးကြေသွားပြီး သူ့တစ်ကိုယ်လုံးလည်း အလွန် တုန်ခါ သွားသည်။

သွေးများ လည်ချောင်းထိ တက်လာချိန်တွင် သူ အတင်း မျိုချလိုက်သည်။ သွေးများ မအန်ထုတ်ဘဲ အတင်းပြန် မျိုချလိုက်သောကြောင့် သူ့ အတွင်းဒဏ်ရာများသည် ပို၍ ဆိုးသွားသည်။

“ငါ့ လက်သီးချက်ကို မင်းခံနိုင်မယ်လို့ မထင်ထားဘူး။ မင်း မဆိုးဘူး။ ဒါပေမဲ့ နှစ်ကွက် ကျန်သေးတယ်။ မင်း အဆင့်သင့် ဖြစ်ပြီလား”

ရဲချန်ဖန်က လျန်ယုလုံကို ပြုံးပြီး မေးလိုက်သည်။

ရဲချန်ဖန် အသံထွက်လာသည်နှင့် လျန်ယုလုံ မျက်နှာပျက် သွားသည်။ ရဲချန်ဖန်သည် ဤမျှ အစွမ်းထက် နေမည်ဟု လျန်ယုလုံ မတွေးဘူးချေ။ လက်သီး တစ်ချက်ဖြင့် သူ့အကာအကွယ်ကို ကျိုးပဲ့ပြီး သူ့ကို သွေးအန်သွားစေသည်။

သို့သော် သူ့တွင် ရွေးချယ်စရာ မရှိပေ။ နောက်ဆုတ်၍လည်း မရနိုင်တော့ပေ။ သူ ရဲချန်ဖန်၏ လက်သီးသုံးချက်သာ မခံနိုင်ပါက ကောင်းကင်မီးဂိုဏ်း အရည်အချင်း စစ်ပွဲဝင်ခွင့် တစ်နေရာနှင့် လွဲချော်ရမည့်အပြင် အင်ပါယာမြို့တွင် သူ အရှက်ကွဲ ရပေမည်။

“ဒါ သူ အားကုန်တိုက်တာနဲ့ တူတယ်။ ငါ့အစွမ်းကုန် ခုခံလိုက်ရင် ကျန်နှစ်ချက်ကို ခုခံဖို့ ဖြစ်နိုင်တယ်။ အဲဒီအချိန်ကျရင် ငါ ဒီအခြေအနေကို ပြန်ပြောင်းနိုင်မယ်”

လျန်ယုလုံက သူ့ကိုယ်သူ အားပေး လိုက်သည်။

အဲအချိန်တွင် သိုင်းပြိုင်ပွဲ ကျင်းပရာ နေရာသည် တိတ်ဆိတ်သွားသည်။ ထိုမြင်ကွင်းကို ကြည့်ပြီး လျန်ယုလုံကို အားပေးနေသူများသည် အံ့အားသင့်ပြီး ကြောင်သွားကြသည်။

လျန်ဝမ်ဆမ်း၏ ယုံကြည်မှု အပြည့်ရှိပြီး စိတ်အေးနေသော မျက်နှာတွင်ပင် အပြုံးများ ပျောက်သွားပြီး စိုးရိမ် ပူပန်လာသည်။

“ဒုတိယအကွက် လာပြီ။ သတိထားပေတော့”

ရဲချန်ဖန် နှာခေါင်းရှုံ့လိုက်ပြီး တစ်ကိုယ်လုံးအားကို လက်တွင် ထည့်ပြီး ထိုးလိုက်သည်။ ထိုလက်သီးသည် လေထုကို ခွဲကာ လျန်ယုလုံ၏ ရင်ဘတ်ကို ထိမိသွားသည်။

“သံမဏိ မိကျောင်း”

ရဲချန်ဖန်၏ ကြောက်မက်ဖွယ် လက်သီးကို ခံစားမိပြီး သံမဏိ မိကျောင်းထဲသို့ ဝိညာဉ်စွမ်းအင်များ ထည့်ပြီး လှံရှည်ကို လက်နှစ်ဖက်နှင့် ကိုင်ကာ အစွမ်းကုန် ခုခံလိုက်သည်။

“အုန်း၊ ဝုန်း”

လျန်ယုလုံ၏ လှံရှည်သည် ရဲချန်ဖန်၏ လက်သီးဒဏ်ကို မခံနိုင်ဘဲ လှံရှည်သည် ကွဲအက်ရာများ ထင်လာသည်။ သူ၏ လက်သည်းလည်း ပြင်းထန်သော ဒဏ်ကို ခံစားလိုက်ရပြီး သွေးများ ထိန်းမရနိုင်အောင် ကျဆင်းလာသည်။

“အာ့”

ဤအကြိမ်တွင် လျန်ယုလုံသည် သူ့ကိုယ်သူပင် မထိန်းနိုင်တော့ဘဲ သွေးများကို အန်ထုတ် လိုက်ပြီး သိုင်းပြိုင်ပွဲစင် အစွန်းနားထိပင် ဆုတ်လိုက်ရသည်။ သူသာ ပြုတ်ကျ သွားပါက ပြိုင်ပွဲတွင် ရှုံးနိမ့် သွားပေလိမ့်မည်။

ပြိုင်ပွဲ တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားသည်။ ဤမြင်ကွင်းကို ကြည့်ပြီး လူတိုင်း ကြက်သေ သေသွားသည်။

“ဒီရဲချန်ဖန်က လူရော ဟုတ်ရဲ့လား။ ဘယ်လိုလုပ် လှံကို လက်သီး တစ်ချက်တည်းနဲ့ ကျိုးကြေ သွားစေတာလဲ”

“မဟုတ်ဘူး”

“ဒါမဖြစ်နိုင်ဘူး”

“ဒါမျိုး ခုမှ မြင်ဘူးတာပဲ”

“ခန္ဓာကိုယ်ကို အဲလောက်သန်အောင် လေ့ကျင့်လို့ ရတာလား”

ပရိသတ်ကြားတွင် မယုံနိုင်သော ရေရွတ်သံများ ထွက်ပေါ် လာသည်။

“ဒီလိုဖြစ်လို့ မရဘူး။ သခင်လေးရှုံးလို့ မဖြစ်ဘူး။ ရဲချန်ဖန်ကို ခွေးလိုဖြစ်အောင် ရိုက်ရမှာ”

ဒီဝမ်ရှီ ယခုလို ဖြစ်လာသည်ကို လက်မခံနိုင်ချေ။ အကယ်၍ လျန်ယုလုံပင် ရဲချန်ဖန်၏ ပြိုင်ဘက် မဟုတ်လျှင် သူ လက်စားချေရန် မဖြစ်နိုင်တော့ပေ။

“လျန်ယုလုံ၊ ဒါ နောက်ဆုံးအကွက်ပဲ”

ရဲချန်ဖန် ပြုံးနေပြီး တတိယတစ်ခါ တိုက်ခိုက် လိုက်သည်။

“ငါ ရှုံးလို့ မဖြစ်ဘူး။ ကောင်းကင်မီးဂိုဏ်း ဝင်ခွင့်က ငါ့အတွက်ပဲ ဖြစ်ရမယ်”

လျန်ယုလုံသည် ရဲချန်ဖန် လက်သီး၏ ကြောက်မက်ဖွယ် အစွမ်းကို မြင်နေရသည်။ ဤလက်သီးသာ သူ မခုခံနိုင်ပါက သူ ရှုံးသွားမည် ဖြစ်သည်။ လျှပ်တစ်ပြက်အတွင်း သူ့စိတ်ထဲ အတွေးမြောက်မြားစွာ ဝင်လာပြီး သူ ကတိ ဖျက်လိုက်သည်။ ရဲချန်ဖန်ကို သူ ပြန်၍ တိုက်ခိုက်လိုက်သည်။

“ရဲချန်ဖန် သေစမ်း”

လျန်ယုလုံ၏ နောက်တွင် သံမဏိ မိကျောင်းကြီး ပေါ်လာပြီး သံမဏိ မိကျောင်းကြီး၏ စွမ်းအားသည် လှံရှည်နှင့် ပေါင်းစပ်လိုက်သည့်နောက် လှံရှည် အစွမ်းသည် ပို၍ တိုးလာသည်။

“ရွံစရာ ကောင်းလိုက်တာ။ လူရှေ့ သူရှေ့မှာ ကတိပေးပြီးတော့မှ ဖျက်ရဲတယ်။ လျန်ယုလုံ အကျင့်က အဲလိုလား။ တကယ်ကို အရှက်မရှိတာပဲ”

ပိုင်ရှီအာ ထိုင်နေရာမှ ထကာ ဒေါသတကြီး စွပ်စွဲလိုက်သည်။

ဒီဝမ်ရှီနှင့် အခြားလူများမှာမူ အလွန် ပျော်ရွှင်သွားသည်။ သူတို့ အမြင်တွင် လျန်ယုလုံ ကတိဖျက်လိုက်ပြီး ဖြစ်သောကြောင့် ရဲချန်ဖန်တွင် အခွင့်အရေး မရှိတော့ပေ။

“လျန်ယုလုံ၊ ငါ မင်းကို ထင်တာ မမှားဘူး။ မင်းက တကယ့်လူလိမ်ပဲ”

ရဲချန်ဖန် အလွန် အန္တရာယ်များသော အနေအထားကို ရောက်သွားသည်။ သူ လူအများရှေ့တွင် သူ၏ လျှို့ဝှက်ချက် ဖြစ်သော ဝိညာဉ်သားရဲ ထုတ်ရန် အခြေအနေကို ရောက်လာသည်။ သွေးဥမှ ဝိညာဉ်စွမ်းအင်များ ထွက်လာပြီး သူ့ခန္ဓာကိုယ် စွမ်းအားနှင့် ပေါင်းစပ်ပြီး အစွမ်းများ အလွန်တိုးလာသည်။
အခန်း (၃၅) ပြီး၏။ အခန်း (၃၆) မျှော်
*****

Comment

Leave a Reply

Options

not work with dark mode
Reset