Switch Mode

Chapter – 34

မင်း ငါနဲ့ ပြိုင်ရဲလား

အခန်း (၃၄)
မင်း ငါနဲ့ ပြိုင်ရဲလား

တစ်ခဏလေး အတွင်းမှာပင် တစ်လဟူသော အချိန် ကုန်ဆုံးသွားသည်။

“ဂျင်ရှစ်ထောင်အား”

ရဲချန်ဖန် တစ်ကိုယ်လုံး သွေးများ စိုရွှဲနေပြီး သွေးသား ကြွက်သား အားလုံးသည် စွမ်းအင်များ ပြည့်နှက်နေသည်။ သွေးဥမှ ဝိညာဉ် စွမ်းအင်များသည် ခန္ဓာကိုယ် တစ်ခုလုံးတွင် စီးဆင်းနေပြီး ခြောက်မီတာ မြင့်သော အနက်ရောင် ဝက်ဝံကြီး၏ မျက်လုံးကို ထိုးချလိုက်သည်။

အနက်ရောင် ဝက်ဝံကြီးသည် ကြောက်မက်ဖွယ် ခွန်အားကြီးသည့် အတွက် နာမည်ကြီး သော်လည်း ရဲချန်ဖန် လက်သီးနှင့် တွေ့သောအခါ လွင့်စဉ် သွားသည်။

အနက်ရောင် ဝက်ဝံကြီး ရင်ဘတ်သည် ချိုင့်ဝင်သွားပြီး သွေးများလည်း စီးကျနေသည်။ အဖြူရောင် တောင်တန်းဒေသတွင် ကြီးစိုး မင်းမူခဲ့သော အနက်ရောင် ဝက်ဝံကြီးသည် ရဲချန်ဖန်ကြောင့် သွေးအိုင်ထဲတွင် လဲနေချေပြီ။

အနက်ရောင် ဝက်ဝံကြီးကို သတ်ပြီးနောက် သွေးဥတွင် နောက်ထပ် အက်ရာ ထင်လာသည်။ ဝိညာဉ်စွမ်းအင်များသည်လည်း ရေကာတာ ကျိုးပေါက်သည့်အလား သွေးကြောများတွင် ဝိညာဉ် စွမ်းအင်များ အလွန် ပြည့်လျှံ သွားသည်။

ယခုအချိန်တွင် ရဲချန်ဖန်သည် အဆင့်မတက်ရန် ဖိနှိပ်ထားသော်လည်း သွေးဥထဲတွင် ဝိညာဉ် စွမ်းအင်များ ပိုလျှံမှုကြောင့် အလိုအလျှောက် အဆင့်ခြောက် သားရဲရှင်အဆင့် ရောက်ရှိ သွားသည်။ သူ၏ အဆင့်သည် တည်ငြိမ်အောင် လုပ်စရာပင် မလိုဘဲ အခြေခိုင်ပြီ ဖြစ်နေသည်။

“အဖြူရောင် အင်ပါယာမြို့ ပြန်ပြီး အင်ပါယာ အကယ်ဒမီ နှစ်ကုန် အရည်အချင်းစစ် ပွဲဝင်ဖို့ အချိန်ရောက်ပြီ။ ဂျန်ရှန်ရှိ သေသွားတာ ဘာတွေ ဆက်ဖြစ်မလဲ မသိဘူး။ ပိုင်ကလန်ကရော ငါ့ကို သစ္စာ ဖောက်သွားလား မသိဘူး”

ရဲချန်ဖန် သက်ပြင်းချ လိုက်မိသည်။ ထို့နောက် တောင်ကြီးတစ်လုံး ဘေးရှိ အလွန်နက်သော ရေအိုင်ကြီးထဲတွင် ရေချိုးလိုက်ပြီး အဝတ်အစား အသစ်များ လဲကာ အဖြူရောင် အင်ပါယာမြို့ဆီ ပြန်လာခဲ့သည်။

ပိုင်ကလန်သည် ဖိအား မခံနိုင်ဘဲ သူ့အား သစ္စာဖောက် သွားမည်ကို စိုးရိမ်ပြီး မျက်နှာဖုံး စွပ်ကာ ရုပ်ဖျက်လိုက်သည်။ ထို့နောက် အခြေအနေကို စုံစမ်းရန် မြို့ထဲ ဝင်သွားလိုက်သည်။

ဒေါသထွက်နေသော ဂျန်ကလန် စွမ်းအားရှင်များ ပြန်သွားသည်ကို သိလိုက်ပြီးနောက် သူ စိတ်အေး သွားသည်။ အဖြူရောင် အင်ပါယာမြို့သည် အရင်အတိုင်းပင် အေးချမ်း ငြိမ်သက်လျက် ရှိသည်။

ပိုင်ကလန်မှ သူ့အား သစ္စာမဖောက်ကြောင်း သိပြီးနောက် သူ ငှါးထားသော ခြံလေးဆီ ပြန်သွား လိုက်သည်။ အင်ပါယာ အကယ်ဒမီ နှစ်ကုန် အရည်အချင်းစစ်ပွဲကို စောင့်ဆိုင်း နေလိုက်သည်။

မနက်ခင်းတွင် အနီရောင် နေမင်းကြီးသည် ထိန်လင်းလျက် ရှိပြီး လှပသော ပန်းချီအလား လန်းဆန်း အသက်ဝင်လျက် ရှိသည်။

ရဲချန်ဖန် မနက်စာ စားပြီးနောက် အင်ပါယာ အကယ်ဒမီသို့ ထွက်လာခဲ့ရာ ရဲဇီလင်နဲ့ တွေ့လိုက်၏။ ဒီနေ့သည် အင်ပါယာ အကယ်ဒမီ နှစ်ကုန် အရည်အချင်းစစ်ပွဲ ဖြစ်သဖြင့် လူများနှင့် စည်ကားနေပြီး မစ်ရှင်များနှင့် ခရီးထွက်နေသည့် ကျောင်းသား အားလုံးလည်း ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။

“ငါ မှားမြင်တာတော့ မဟုတ်ပါဘူးမလား။ အဲကောင်က ရဲချန်ဖန် မလား။ ဒီကောင် ဒီနေ့ ပြန်လာရဲမယ် မထင်ထားဘူး။ သူက လျန်ကလန် သခင်လေးလျန်နဲ့ ပြဿနာ တက်ထားတယ်လေ။ သူ ကြောက်ပြီး မလာရဲဘူး ထင်ထားတာ”

ရဲချန်ဖန် အကယ်ဒမီထဲ ဝင်လိုက်သည်နှင့် ရက်စက် ယုတ်မာသည့် ပြက်ရယ်ပြုသံကို ကြားလိုက်သည်။

ထိုအချိန်တွင် တောက်ပသော အဝတ်အစားများ ဝတ်ထားသော ဒီဝမ်ရှီသည် ပြုံးနေပြီး ရဲချန်ဖန်ဘက်သို့ လျှောက်လာလေသည်။

“ဒီဝမ်ရှီ၊ ငါ သိထားတာက မင်းက လျန်ယုလုံရဲ့ သစ္စာရှိ ခွေးတစ်ကောင်ဆိုတာပဲ။ အင်း ဖြစ်ထိုက် ပါတယ်။ တကယ့် ခွေးအဆင့်ပဲ”

ရဲချန်ဖန်က ဒီဝမ်ရှီ၏ ပြက်ရယ်ပြုခြင်းကို စိတ်မဆိုးပေ။ သူကပင် ပြန်၍ ပြောင်လှောင်လိုက်သည်။ သူ့အတွက် ဒီဝမ်ရှီသည် လူပြက် တစ်ဦးမျှသာ ဖြစ်သည်။

“ရဲချန်ဖန် … မင်း ဘယ်သူ့ကို ခွေးလို့ ပြောလိုက်တာလဲ”

ဒီဝမ်ရှီက ရဲချန်ဖန်ကို ဒေါသတကြီး မေးလိုက်သည်။

“ငါ မင်းကို ခွေးလို့ ပြောနေတာ မင်း ဘာလုပ်ချင်လဲ”

ရဲချန်ဖန်က ဒီဝမ်ရှီကို ကြည့်ပြီး ခပ်ရင့်ရင့် ပြောလိုက်သည်။

“မင်း”

ဒီဝမ်ရှီ အလွန် ဒေါသထွက်သွားသည်။ သူ မမျှော်လင့်သည်မှာ ရဲချန်ဖန် ဒုက္ခ အကြီးအကျယ် ရောက်တော့မည့် တိုင်အောင် မောက်မာရဲ နေခြင်းပေ။

ရဲချန်ဖန်က အလွန်သန်မာပြီး သူသည် ရဲချန်ဖန်၏ ပြိုင်ဘက် မဟုတ်သောကြောင့် ဒေါသကို လျော့လိုက်ရသည်။

“ထွက်သွားစမ်း၊ ငါ လမ်းမှာ လာမရှုပ်နဲ့”

ရဲချန်ဖန်က ဒီဝမ်ရှီကို ခက်ထန်စွာ အမိန့်ပေးလိုက်သည်။

“ငါ မသွားရင်ကော”

ဒီဝမ်ရှီ အလျော့ မပေးဘဲ ပြောလိုက်သည်။

“ဒါဆို မင်း နောင်တရအောင် လုပ်ပေးရမှာပေါ့”

ရဲချန်ဖန် သရော်ပြုံး ပြုံးလိုက်ပြီးနောက် သူ၏ လူသတ်စိတ်ကို ထိန်းချုပ်ခြင်း အလျဉ်းမရှိဘဲ ထုတ်လွှတ်လိုက်သည်။ လူသတ်စိတ်သည် ဒီဝမ်ရှီ၏ စိတ်ကို ထိမှန်သွားပြီး ချက်ချင်းပင် ဒီဝမ်ရှီ၏ ယုံကြည်မှုကို ကျိုးပျက် သွားစေသည်။

ဒီဝမ်ရှီသည် ငရဲကျသွားသလိုပင် ခံစားလိုက်ရပြီး ခြေလက်များ ပျော့ခွေကာ မြေပေါ် လဲကျ သွားသည်။

“ဒီဝမ်ရှီ မင်းက တကယ့် ငပျော့ပဲ”

ရဲချန်ဖန်က မျက်နှာဖြူဖျော့ပြီး အသက်မရှူနိုင် ဖြစ်နေသော ဒီဝမ်ရှီအတွက် စိတ်ရှုပ်ခံ မနေတော့ပေ။ ရဲချန်ဖန် အကယ်ဒမီထဲ ဝင်သွားလိုက်သည်။

“ရဲချန်ဖန် မင်း သိပ်မြောက်မနေနဲ့။ သခင်လေးလျန်က ငါ့အတွက် မင်းကို လက်တုံ့ပြန်မှာ”

ဒီဝမ်ရှီက ရဲချန်ဖန် နောက်ကျောကို ကြည့်ပြီး မကျေမချမ်း ရေရွတ်လိုက်သည်။

ရဲချန်ဖန် အကယ်ဒမီထဲ ဝင်သွားပြီး သိုင်းပြိုင်ပွဲ လုပ်မည့်နေရာသို့ တောက်လျှောက် သွားလိုက်သည်။ ထို့နောက် ပြိုင်ပွဲ စတင်ရန် စောင့်နေလိုက်သည်။

အဖြူရောင် အင်ပါယာ အကယ်ဒမီ နှစ်ကုန် အရည်အချင်း စစ်ပွဲသည် အလွန် ရိုးရှင်းသည်။ ကျောင်းသားများသည် သိုင်းယှဉ်ပြိုင်ရပြီး အစွမ်း အထက်ဆုံးသူသည် ပထမရမည် ဖြစ်သည်။

ရဲချန်ဖန် သိုင်းပြိုင်ပွဲစရန် စောင့်နေခိုက် ရုတ်တရက် အလွန်တရာ အေးစက်သော အော်ရာက သူ့ကို လာရိုက်ခတ်နေသည်။ သူ လှည့်ကြည့်လိုက်ရာ အကယ်ဒမီ၏ နံပါတ်တစ် ပါရမီရှင် လျန်ယုလုံနှင့် အကြည့်ချင်း ဆုံသွားသည်။

“ရဲချန်ဖန်၊ မင်း ဒီမြို့မှာ မနေရဲအောင် ဒီနေ့ အားလုံးရှေ့မှာ မင်းကို ခွေးတစ်ကောင်လို ငါ ရိုက်ပြမယ်”

လျန်ယုလုံ မျက်လုံးထဲတွင် အလွန်ရက်စက်မည့် အရိပ်များ ပြည့်နေသည်။

“ငါ စောင့်နေမယ်”

ရဲချန်ဖန် ပြန်ပြောလိုက်ပြီး လျန်ယုလုံကို လျစ်လျူရှု ထားလိုက်သည်။ လျန်ယုလုံ သာမက ရဲချန်ဖန်ကို သတိထား စောင့်ကြည့်နေသူ ရှိနေသေးသည်။ သူကား ချောင်ဂျင်ယွမ်ပင်။ သူမသည် ရဲချန်ဖန်ကို ပြိုင်ပွဲတွင် စောင့်ကြည့်ပြီး သူမကို အဲညက ကယ်တင်ခဲ့သူ ဟုတ်မဟုတ် လေ့လာရန် ဖြစ်သည်။

ပြိုင်ပွဲ နီးကပ် လာသည်နှင့်အမျှ လူများနှင့် ပြည့်နှက်လာသည်။ အကြီးအကဲပိုင်၊ မြို့တော်ဝန်နှင့် အလွန် လှပနေသော ပိုင်ရှီအာတို့သည်လည်း သီးသန့် ပွဲကြည့်စင်တွင် ရှိနေပြီး ရဲချန်ဖန် အခြေအနေကို အလေးထား စောင့်ကြည့်နေသည်။

ပိုင်ရှီအာသည် လူအုပ်ထဲတွင် တည်ကြည် ခန့်ညားပြီး ယောက်ျား ပီသသော ရဲချန်ဖန်ကို ကြည့်ပြီး သူမ၏ လှပသော မျက်နှာပေါ်တွင် မျှော်လင့်မှုများ ပြည့်နှက်နေသည်။ ရဲချန်ဖန်က တခြား လူစွမ်းကောင်းများကို အနိုင်ယူပြီး အစွမ်းပြနိုင်ဖို့ သူမ မျှော်လင့် နေမိသည်။

“အားလုံး တိတ်တိတ်လေး နေပေးကြပါ။ ဒီနေ့က အဖြူရောင် အင်ပါယာ အကယ်ဒမီ နှစ်ကုန် အရည်အချင်းစစ်ပွဲနေ့ပါပဲ။ ကောင်းကင်မီးဂိုဏ်း ဝင်ခွင့်က အလွန်ခက်တဲ့အတွက် ဒီနှစ် အဖြူရောင် အင်ပါယာ အကယ်ဒမီက ဝင်ခွင့်က တစ်နေရာစာပဲ ရှိတယ်။ ဒါကြောင့် ဒီနှစ်ရဲ့ ပထမရသူ တစ်ယောက် သာလျှင် ကောင်းကင်မီးဂိုဏ်း ဝင်ခွင့် အရည်အချင်းစစ်ပွဲ နေရာ တစ်နေရာကို ရရှိမှာ ဖြစ်တယ်”

ဆံပင် တစ်ခေါင်းလုံး ဖြူနေသည့် အဘိုးအိုက စင်မြင့်ပေါ်ကနေ အားလုံးကို ဝှေ့ကြည့်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

ထိုဆံပင် တစ်ခေါင်းလုံး ဖြူနေသည့် အဘိုးအိုသည် အဖြူရောင် အင်ပါယာ အကယ်ဒမီ၏ ကျောင်းအုပ်ကြီးပင်။

“တစ်နေရာစာပဲ ရှိရင် အဲနေရာက သခင်လေးလျန် အတွက်ပဲ ဖြစ်ရမယ်”

ဒီဝမ်ရှီက တခြားလူ အဖြစ် ပြောင်းသွားသည့်နှယ်။ သူသည် အပြုံးများ ဝေနေပြီး မြှောက်ပင့် ပြောဆိုနေသည်။

“ဟုတ်တယ်၊ သခင်လေးလျန် အစွမ်းနဲ့ဆို အဖြူရောင် အင်ပါယာ အကယ်ဒမီ မပြောနဲ့။ ကောင်းကင် မီးဂိုဏ်းမှာတောင် နံပါတ်တစ် ပါရမီရှင် ဖြစ်နေမှာ”

လျန်ယုလုံ ဘေးတွင် ရှိနေသော သူများသည် မြှောက်ထိုးပင့်ကော် လုပ်နေကြသည်။

“အဲလိုပြောလို့ မရဘူး။ ကောင်းကင်မီးဂိုဏ်းဝင်တွေက ပါရမီရှင်ထဲက ပါရမီရှင်တွေပဲ။ ဒါပေမဲ့ အချိန်တစ်ခုကျရင် ကောင်းကင်မီးဂိုဏ်းမှာ ငါ့သမိုင်းကို ရေးနိုင်မယ်လို့ ငါ ယုံတယ်”

လျန်ယုလုံ မျက်နှာတွင် ယုံကြည်မှု ပြည့်နှက်နေပြီး မောက်မာစွာ ပြောလိုက်သည်။

ကောင်းကင်မီးဂိုဏ်း ဝင်ခွင့် အရည်အချင်းစစ်ပွဲ နေရာတစ်နေရာသည် သူ ရရှိထားပြီးသည့် အတွက် အတိုင်းပဲ။

“ဟုတ်ပြီ၊ အဖြူရောင် အင်ပါယာ အကယ်ဒမီ နှစ်ကုန် အရည်အချင်းစစ်ပွဲကို စတင်ပြီ။ လူတိုင်းက မည်သူကိုမဆို စတင်ပြီး စိန်ခေါ်လို့ ရပြီ”

ကျောင်းအုပ်ကြီးအသံ ဆုံးသွားသည်နှင့် လျန်ယုလုံက သူနဲ့ မနီးမဝေးတွင် ရှိနေသော ရဲချန်ဖန်ကို ကြည့်လိုက်သည်။ မမျှော်လင့်ဘဲ စင်ပေါ် ပထမဆုံး တက်သွားသူမှာ လျန်ယုလုံ ဖြစ်နေ သည်။

“ရဲချန်ဖန်၊ မင်းကို ငါ စိန်ခေါ်တယ်။ မင်း ငါနဲ့ ပြိုင်ရဲလား”

လျန်ယုလုံက ရှည်လျား ချွန်ထက်သော လှံရှည်ဖြင့် စင်အောက်တွင် ရှိနေသော ရဲချန်ဖန်ဘက်ကို ထိုးကာ ရန်စ စကားပြောလိုက်သည်။

အပိုင်း (၃၄) ပြီး၏။ (၃၅) မျှော်

*******

Comment

Leave a Reply

Options

not work with dark mode
Reset