Switch Mode

Chapter – 33

ဂျီကလန် အခက်အခဲ

အခန်း (၃၃)
ဂျီကလန် အခက်အခဲ

တစ်လောကလုံး တိတ်ဆိတ် မှောင်မိုက်နေပြီး လေကြမ်းများလည်း တိုက်ခတ်နေသည်။

“ငါ မနေ့ကမှ အဆင့်ငါး ရောက်တာ။ ဒီနေ့သာ အဆင့် ထပ်တက်သွားမယ်ဆို ငါ ခြေမခိုင်ဘဲ နောက်ပိုင်း အဆင့်တွေဆို ဒုက္ခ ရောက်လိမ့်မယ်”

ဂျန်ရှန်ရှိနှင့် မစ္စတာဝူတို့၏ သားရဲကို စုပ်ယူပြီးနောက် ရဲချန်ဖန် နောက်တစ်ဆင့် တက်ရန် လုံလောက်သော ဝိညာဉ် စွမ်းအင်ရှိနေပြီ ဖြစ်သည်။ သို့သော် နတ်ဦးနှောက်က သူ့ကို သတိပေး နေသည်မှာ အခြေခံ ခိုင်မာမှုသည် အလွန်အရေးကြီးသည်။ အကယ်၍ အစောပိုင်း အဆင့်များတွင် အခြေမခိုင်ဘဲ အဆင့်တက်ခဲ့ပါက အနာဂါတ်တွင် အဆင့်တက်ရန် အလွန် ခက်ခဲလာပေမည်။ လေ့ကျင့်ရန် ပိုခက်ခဲသကဲ့သို့ တိုက်ခိုက် အစွမ်းထက်မှုပါ ထိခိုက်လာနိုင်သည်။

အဆင့်ငါး ခိုင်မာရန် သာမက အနာဂါတ်အတွက် ကောင်းမွန်သော အခြေခိုင်မာရန် ပြင်းပြင်း ထန်ထန် လေ့ကျင့်ရမည်။ ဝိညာဉ်စွမ်းအင် အလွန်အမင်း များပြား ပိုလှျံမှသာ နောက်တစ်ဆင့် တက်ရန် အကောင်းဆုံး ဖြစ်သည်။

အခြေခိုင်မာရန် အကောင်းဆုံး နည်းလမ်းမှာ တိုက်ခိုက်ခြင်း ဖြစ်သည်။ စဉ်ဆက်မပြတ် တိုက်ခိုက်ခြင်းသည် အကောင်းဆုံးသော အခြေခံကို တည်ဆောက်ခြင်းပေ။

လေအေးများ တိုက်ခတ်နေပြီး လရောင်အောက်တွင် ရဲချန်ဖန်သည် သားကောင် ရှာနေသော ကျားသစ် တစ်ကောင်အလားပင်။ သူသည် အဝေးတွင် ရှိနေသော တောင်ကြားလေးထဲကို အကဲခတ် နေသည်။ တောင်ကြားလေးသည် အရွယ်မျိုးစုံသော ဝံပုလွေ အကောင်နှစ်ဆယ်ကျော် ကျက်စားရာ နေရာ ဖြစ်သည်။ ဝံပုလွေများသည် အဖြူရောင် တောင်တန်း တစ်ဒေသ တစ်ဝိုက်တွင် ဘုရင်ဟု ဆိုနိုင်လောက်အောင် မင်းမူ စိုးမိုးနေကြသည်။ သူတို့သည် မြေခွေးများ ကဲ့သို့ပင် ရက်စက် ကြမ်းတမ်းပြီး အုပ်စုလိုက် ကျက်စားကြသည်။ သူတို့၏ သားကောင်အဖြစ် လိုက်ခြင်း ခံရပါက အလွန်အန္တရာယ် များပြားပေသည်။

စွမ်းအား ကြီးလှသော သားရဲသခင်ပင်လျှင် ဝံပုလွေများနှင့် တိုးပါက အသက်လု၍ ထွက်ပြေး ရပေလိမ့်မည်။ ရဲချန်ဖန်ကမူ ဝံပုလွေများနှင့် အသက်လု တိုက်ပွဲ ဆင်နွှဲချင်နေသည်။ အသက်လု တိုက်ပွဲများကသာ သူ၏ အစွမ်းကို အမြင့်ဆုံး ရောက်အောင် လှုံ့ဆော် ပေးနိုင်မည်ဟု ခံစားနေရသည်။

“ယား”

ရဲချန်ဖန် တောင်ကြားလေးထဲ တိတ်တဆိတ် ချဉ်းကပ်သွားလိုက်သည်။ ထို့နောက် အရှည်သုံးပေ ရှည်သော ဝံပုလွေအား သူ့ ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပြီး လျှပ်စီး လက်သကဲ့သို့ တိုက်ခိုက် လိုက်သည်။

ဝံပုလွေက အန္တရာယ် အငွေ့အသက်ကို ရလိုက်၍ ရှောင်ရှားရန် ကြိုးစား လိုက်သော်လည်း ရဲချန်ဖန် လက်သီးက သူ့ခေါင်းကို ထိမှန် သွားသည်။

ကျိုးကြေသံများ ထွက်လာပြီး ဝံပုလွေ ခေါင်းကာ ကွဲကြေသွားလေသည်။ ကြီးမားသော ကိုယ်ခန္ဓာကြီးမှာ လေထဲ လွင့်စဉ်ပြီး တိတ်ဆိတ်သော တောင်ကြားလေးကို တုန်ဟည်း သွားစေသည်။ တောင်ကြားလေးထဲရှိ ဝံပုလွေများ အငိုက်မိသွားသည်။

“အားဝူး”

အူသံများနှင့်အတူ အလွန် ကြမ်းတမ်း ရက်စက်သော ဝံပုလွေများသည် သေမှာပင် ဂရုမစိုက်ဘဲ အရူးအမူး တိုက်ခိုက်ကြသည်။ ဝံပုလွေများ တိုက်ခိုက်မှုကို မရှောင်ရှားဘဲ ရဲချန်ဖန်သည် ရှေ့ပင် တက်ကာ အပြင်းအထန် တိုက်ခိုက်လိုက်သည်။ ဝံပုလွေအုပ်က ပိုပို၍ များလာကာ ရဲချန်ဖန်သည် အလူးအလဲ တိုက်ခိုက် ခံနေရသည်။ ရဲချန်ဖန်မှာ ဒဏ်ရာ များသထက် များလာပြီး သူ၏ ခန္ဓာကိုယ် အစွမ်းကို အမြင့်ဆုံး ရောက်အောင် လှုံ့ဆော် ပေးနေသည်။ သူ သွေးဥနှင့် ပေါင်းစပ်လိုက်ရာ ဒဏ်ရာများ ထိန်းနိုင်သွားသည်။

နောက်တစ်နေ့ မနက်တွင် နေရောင်သည် တောင်ကြားလေးထဲ ဖြာကျလာသည်။ နောက်ဆုံး ကျန်သော ဝံပုလွေသည် အော်ဟစ် ညည်းညူသံ နှင့်အတူ ကျောက်နံရံနှင့် ဆောင့်သွားပြီး သေဆုံး သွားသည်။

“အားလုံးပေါင်း နှစ်ဆယ့်ရှစ်ကောင် သတ်ပြီးပြီ”

သေနေသော ဝံပုလွေများကို ကြည့်ပြီး ရဲချန်ဖန်လည်း အားအင်ကုန်ဆုံးကာ မလှုပ်နိုင်ဘဲ မြေပေါ် လဲကျနေသည်။ တစ်ညလုံး တိုက်ခိုက်ပြီးနောက် ဝိညာဉ်စွမ်းအင်များသည် သွေးဥနှင့် ပေါင်းစည်း နေသည်ကို သိရှိနေသည်။ သူ နောက်တစ်ဆင့် တက်မည်ဆိုပါက တက်လို့ရနေပြီ ဖြစ်သည်။

သို့သော် ရဲချန်ဖန်က ဝိညာဉ် စွမ်းအင်များကို ဖိနှိပ်ထားသည်။ သွေးဥ အမြင့်ဆုံး စွမ်းအား ရောက်မှသာ သူ အဆင့်တက်ပေမည်။

“အသက်လု တိုက်ပွဲတွေက တကယ် အစွမ်းထက်ဖို့ အကောင်းဆုံး လေ့ကျင့်နည်းပဲ”

သူ အားအင် ကုန်ဆုံးနေသော်လည်း သူ ပြုံးနေပြီး ဒီအတိုင်း ဆက်လေ့ကျင့်ရန် ဆုံးဖြတ် လိုက်သည်။

တစ်နာရီခန့် ကြာပြီးနောက် ရဲချန်ဖန် အားအနည်းငယ် ပြန်ပြည့်လာသည်။ သူသည် သွေးနံ့များ ဖုံးနေသည့် တောင်ကြားမှ ထွက်ခွာပြီး နောက်ပစ်မှတ် လိုက်ရှာတော့သည်။

သူ အဖြူ​ရောင် တောင်တန်းထဲတွင် အသက်လု တိုက်ပွဲများ ဆင်နွဲ၍ လေ့ကျင့်နေခိုက် တော်ဝင်မြို့တော် ဂျန်ကလန်မှာမူ ဂျန်ရှန်ရှိနှင့် တန်ခိုးရှင်များ ထူးဆန်းစွာ ပျောက်ဆုံးသွား၍ ဒေါသပုန် ထနေသည်။

“သူတို့ကို ရှာမတွေ့ သေးဘူးလား”

ဂျန်ကလန် ခေါင်းဆောင်၏ အိမ်ထဲတွင် ရွှေဝါရောင်ဝတ်စုံ ဝတ်ထားသော ဂျန်ကျုံးရှင်းသည် ဒေါသကြီးစွာ ပုတ်လိုက်ရာ ကြီးမားသော စားပွဲခုံကြီးသည် အစိတ်စိတ် အမြွှာမြွှာ ကွဲသွားသည်။

“အင်ပါယာမြို့ကို လူလွှတ်ပြီး စုံစမ်းထားတာ ခုထိတော့ ဘာသတင်းမှ မရသေးဘူး။ သခင်လေးဂျန် ပျောက်သွားတဲ့နေ့မှာ ဂျီကလန် ထိပ်သီး တန်ခိုးရှင်က အင်ပါယာမြို့ကို သွားခဲ့တယ်။ အဲလူနဲ့ သခင်လေး ပြဿနာ ဖြစ်ခဲ့မယ်လို့ ထင်ရတယ်”

ငွေရောင်ဝတ်စုံ ဝတ်ထားသော ဂျန်ကလန် တန်ခိုးရှင်က ပြောလိုက်သည်။

” အဲကောင်တွေ တော်တော် သတ္တိကောင်း နေတယ်ပေါ့။ ဆက်စုံစမ်းပြီး တစ်ခုခု သိရတာနဲ့ ငါ့ဆီ ချက်ချင်း သတင်းပို့။ ငါ့မြေး ပျောက်တာ ဂျီကလန်နဲ့ ပတ်သက်လို့ကတော့ သူတို့ ကောင်းကောင်း ပေးဆပ်ရမယ်”

အဲအချိန်မှာပင် ဂျီချင်ရွှယ်သည် ဂျန်ရှန်ရှိ ပျောက်ဆုံး နေသည်ကို သိသွားသည်။

“မြေးလေး၊ သမီးမှန်မှန်ပြော။ ဂျန်ရှန်ရှိ ပျောက်တာ သမီးကို ကယ်တင်ခဲ့တဲ့ လူနဲ့ ပတ်သက် နေလား”

ဂျီချင်ရွှယ်၏ အဘိုးဂျီကလန် ခေါင်းဆောင် ဂျီရန်ဇန်သည် အခြေအနေ တင်းမှာမူကို သိနေပြီး အလေးထား မေးနေသည်။

ဂျန်ကလန်ကသာ ဂျန်ရှန်ရှိအား ရှာမတွေ့၍ ဂျီကလန်ကိုသာ သံသယ ရှိလာပါက သူတို့ အကြီးအကျယ် ဒုက္ခ ရောက်သွားနိုင်သည်။ ဤသည်ကို ကလန်ခေါင်းဆောင် အနေဖြင့် မမြင်တွေ့လိုပေ။

“အဘိုး၊ သမီး ပြောပြီးပြီလေ။ သမီး သူ့ကို သိလည်း မသိဘူး။ ဂျန်ရှန်ရှိ သေတာ သူနဲ့ ဘာမှ မဆိုင်ဘူး။ သူက သားရဲရှင် အဆင့်ငါးပဲ ရှိသေးတာ။ ဘယ်လိုလုပ် ဂျန်ရှန်ရှိကို သတ်နိုင်မှာလဲ”

ရဲချန်ဖန်၏ သာမန်ထက် ပိုသော အစွမ်းကိုမူ သူမ ဖုံးကွယ်ထားသည်။

“ဒါဆို ဘယ်သူ လုပ်တာလဲ။ တကယ် တရားခံသာ ရှာမတွေ့ဘူးဆိုရင် ဂျန်ကလန်ရဲ့ ဒေါသကို အဘိုးတို့ ရင်ဆိုင်ရမှာ။ အဲအချိန်ကျရင် အဘိုးတို့ ကလန်အတွက် အန္တရာယ်များတယ်”

ဂျီရန်ဇန် အသံတွင် စိုးရိမ်မှုများ ပြည့်နေသည်။

“အဘိုး၊ ဂျန်ကလန်က အဲလောက် ကြောက်ဖို့ကောင်းလား”

ဂျီရန်ဇန်၏ စိုးရိမ်နေသော မျက်နှာ ကြည့်ပြီး သူမလည်း စိုးရိမ်လာသည်။

“လွန်ခဲ့တဲ့ တစ်နှစ်လောက်ကဆိုရင် သိပ်စိုးရိမ်စရာ မရှိပေမဲ့ ခု အဘိုးက ဒဏ်ရာက မပျောက်ဘဲ ပိုပိုဆိုးလာတယ်။ သူတို့နဲ့ အရင်လို မယှဉ်နိုင်ဘူး”

“ဂျန်ကျုံရှင်းရဲ့ အကြီးဆုံးမြေး၊ ဂျန်ရိကျန်က ကောင်းကင်မီးဂိုဏ်းမှာ ဝင်သွားတာ နှစ်နှစ် ရှိနေပြီ။ သူ အစွမ်း အရမ်းထက်လာမှာပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ သားရဲသခင် အဆင့်လေး ရောက်သွားပြီ။ ပိုအရေးကြီးတာက ပထမ မင်းသားနဲ့ ဂျန်ကလန်က ပူးပေါင်းပြီး အဘိုးတို့ ဂျီကလန်နဲ့ ဒုတိယ မင်းသားကို ဖိအားပေးနေတာပဲ။ တကယ်လို့ ဂျန်ကလန်က ဂျီကလန်ကို တကယ် တိုက်လာရင် ဂျီကလန် ရှောင်ပုန်းရမှာပဲ”

“အဘိုး ဂျန်ကလန်ကို ပြန်တိုက်ရင်ကော”

“အဘိုးရဲ့ ဒဏ်ရာ ပျောက်ပြီး နောက်တစ်ဆင့် မတက်နိုင်ရင် ဂျန်ကလန်နဲ့ ပြိုင်ဖို့ မဖြစ်နိုင်ဘူး”

“အဘိုး တကယ်လို့ ဆရာချန်ကို ရှာပြီး အဘိုးကို ကုသနိုင်ရင်ကော”

သူမ အကြံရကာ မေးလိုက်သည်။

“သူသာ ကုပေးနိုင်ရင်တော့ ရမယ်။ ဒါပေမဲ့ ဒီလောက်များတဲ့ လူကြားမှာ ဘယ်လိုလိုက်ရှာမလဲ”
ဂျီရန်ဇန် အသံတွင် အားလျော့မှုများသာ ရှိနေသည်။

အပိုင်း (၃၃) ပြီး၏။ (၃၄) မျှော်
*****

Comment

Leave a Reply

Options

not work with dark mode
Reset