အခန်း (၃၂)
တိတ်တခိုး အချစ်
“ချန်ဖန်၊ ဂျန်ရှန်ရှိ ဘယ်ရောက်သွားလဲ။ သူ့ကို မလွှတ်လိုက်သင့်ဘူး”
အခန်းထဲမှ ထွက်လာသော ရဲချန်ဖန်ကို ပိုင်ရှီအာက ဆီးကြို၍ ပြောလိုက်သည်။
“ဂျန်ရှန်ရှိ သေသွားပြီ”
ရဲချန်ဖန် ပိုင်ရှီအာကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
ရဲချန်ဖန်သည် ဂျန်ရှန်ရှိကို သူသတ်သည့် အကြောင်းကို လူသိမခံချင်သော်လည်း ပိုင်ရှီအာကို သတ်ဖို့ မဖြစ်နိုင်ပေ။
ဒါအပြင့် အဖြူရောင် အင်ပါယာ အကယ်ဒမီ နှစ်ကုန် အရည်အချင်းစစ်ပွဲတွင် ပထမဆုကို ယှဉ်ပြိုင် အနိုင်ယူပြီး ကောင်းကင်မီးဂိုဏ်း ဝင်ခွင့်ကို ရယူရန် ဖြစ်သည်။ ထိုသို့ သူ့ အစွမ်းထုတ်ပြ လိုက်ပါက ဇီကျင်နိုင်ငံ၏ အင်အားအကြီးဆုံး ဂျန်ကလန်က သံသယဝင်မည် မလွဲပေ။ ဂျန်ကလန်၏ အင်အားကိုမူ ရဲချန်ဖန် လျစ်လျူရှု၍ မရနိုင်ပေ။
ရဲချန်ဖန်သာ ကောင်းကင်မီးဂိုဏ်း ဝင်ဖြစ်သွားပါက ဂျန်ကလန် အကြောင်းစုံ သိသော်လည်း ဘာမှ လုပ်ရဲမည် မဟုတ်ပေ။
“တိရစ္ဆာန်ကောင် သေတာတောင် နည်းသေးတယ်။ ချန်ဖန် ကျေးဇူးပဲ။ ရှင် ကျွန်မကို ထပ်ကယ် လိုက်ပြန်ပြီ”
ပိုင်ရှီအာ ကျေးဇူးတင်စွာနှင့် ရဲချန်ဖန်ကို ကြည့်လိုက်သည်။ သူမ အကြည့်များတွင် ကျေးဇူးတင်မှုအပြင် အမျိုးအမည် မသိသော ခံစားချက်များ ပါဝင်နေသည်။ ရဲချန်ဖန် အစွမ်းများကို ကြည့်ပြီး သူမ ရှာနေသော ဆရာချန်နှင့် တောထဲတွင် သူမအား ကယ်တင်ခဲ့သူသည် အတူတူပင် ဖြစ်ကြောင်း သူမ သိနေသည်။
“ရှီအာ၊ ဂျန်ရှန်ရှိက ငါတို့ လက်ချက်နဲ့ သေတာ ဂျန်ကလန် သိသွားရင် ငါတင်မကဘူး မင်းတို့ ပိုင်ကလန်ကိုပါ ဂျန်ကလန်က ဒုက္ခပေးလိမ့်မယ်”
“သခင်လေးရဲ၊ ဂျန်ရှန်ရှိ အင်ပါယာမြို့မှာ သေသွားတာကို လက်စပျောက်အောင် ကျွန်တော်တို့ ပိုင်ကလန်က သေချာ ရှင်းလိုက်ပါမယ်။ သခင်လေးရဲ စိတ်ချလက်ချ နေပါ”
ဒဏ်ရာများနှင့် လဲနေသော ပိုင်ကလန် တန်ခိုးရှင်မှ ကတိပေးလိုက်သည်။
“အဲဒါ ကောင်းတယ်”
ဂျန်ရှန်ရှိ သေဆုံးကြောင်း ဂျန်ကလန် သိသွားမည်ကို ပိုင်ကလန်က ပို၍ စိုးရိမ်ပေလိမ့်မည်။ သူ တစ်ယောက်တည်း အနေဖြင့် ဂျန်ကလန်၏ ဖမ်းဆီးခြင်းက အလွယ်တကူ ထွက်ပြေး လွတ်မြောက်နိုင်မည် ဖြစ်သော်လည်း မိသားစုဝင် အများအပြား ရှိသော ပိုင်ကလန်ကမူ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။
“ချန်ဖန်၊ ကျွန်မ ရှင်နဲ့ နှစ်ယောက်တည်း စကားပြောလို့ ရမလား”
“ငါ အလောင်းတွေ အရင် ရှင်းလိုက်ဦးမယ်။ ပြီးရင် ပြောကျတာပေါ့”
သူ ပိုင်ရှီအာ၏ ရည်ရွယ်ချက်ကို သဘောပေါက် လိုက်ပြီး ခေါင်းညိတ် လိုက်သည်။
“သခင်လေးရဲ၊ ဒီကိစ္စ ကျွန်တော့် တာဝန်ထားလိုက်။ သခင်လေးရဲနဲ့ သခင်မလေးတို့ အပြင်မှာ သွားစကား ပြောကြပါ”
ပိုင်ကလန် တန်ခိုးရှင်က ဆေးများ သောက်လိုက်ပြီး ဒဏ်ရာကို ထိန်းလိုက်သည်။
” အဲဒါလည်း ကောင်းတာပဲ။ ရှီအာ အပြင်မှာ ခဏစောင့်နေ။ အဝတ်တွေ လဲပြီးရင် ထွက်ခဲ့မယ်”
ရဲချန်ဖန်၏ ခြံသည် ချောင်ကျပြီး လူသွား လူလာလည်း ပြတ်ကာ ညအချိန်လည်း ဖြစ်နေ၍ ပတ်ဝန်းကျင်မှ လူများသည် သတိမပြုမိချေ။
“ချန်ဖန်၊ ကျွန်မ အဘိုးကို ဆေးကု ပေးသွားတဲ့ သမားတော်ချန်က ရှင် ဟန်ဆောင်ထားတာ မလား”
သူမသည် အဝတ်များလဲပြီး ခြံပြင် ထွက်လာသော ရဲချန်ဖန် မျက်နှာကို ကြည့်ပြီး မေးလိုက်သည်။ ရဲချန်ဖန်သည် လရောင်အောက်တွင် ချောမော ခန့်ညားနေရာ ကြည့်နေသော ပိုင်ရှီအာ မျက်နှာလေးသည် တဖြည်းဖြည်း ရဲတက်လာသည်။
“ဟုတ်တယ်။ အဲဒါ ငါပဲ”
သူ ဖုံးကွယ် မနေတော့ပေ။
“ကျွန်မနဲ့ ချင်ရွှယ်ကို မနေ့ညက ကယ်တင်ခဲ့တာလည်း ရှင်ပဲမလား”
“ဟုတ်တယ်။ မင်းတို့ကို ကယ်ခဲ့တာလည်း ငါပဲ”
“ရှင်ပဲဆိုရင် ကျွန်မ ရှင့်ကို ပထမဆုံးအကြိမ် ကတည်းက မှတ်မိတာကို ဘာလို့ ဖုံးကွယ် ထားတာလဲ။ မနေ့က ကျွန်မတို့ကို ကယ်တုန်းက ဘာလို့ ရုပ်ဖျက်ထားတာလဲ”
သူမ သံသယများဖြင့် မေးလိုက်သည်။
“တကယ်လို့ ချင်ရွှယ်သာ မနေ့က သူ့ကို ကယ်ခဲ့တဲ့လူဟာ ရှင်မှန်းသိရင် ရှင့်အပေါ် အမြင်တွေ ပြောင်းသွားမှာ။ ရှင်သာ သူ့အဘိုး ဒဏ်ရာသာ ကုသပေးနိုင်မယ်ဆို ဂျီကလန်ကလည်း ရှင်တို့ လက်ထပ်တာကို သေချာပေါက် သဘောတူလိမ့်မယ်”
“မင်း ဘာကြောင့်လဲဆိုတာ သိချင်လား”
သူ စဉ်းစားပြီး ပြန်မေးလိုက်သည်။
“ကျွန်မ သိချင်တယ်။ ရှင် ပြောပြမှာလား”
“ငါ ပြောပြမယ်။ ဒီအကြောင်းကို ငါတို့ကြားပဲ လျှို့ဝှက်ချက်အဖြစ် ထားချင်တယ်။ နောက်လူ တစ်ယောက်ကမှ မသိစေရဘူး။ မင်း ကတိပေးနိုင်မလား”
“ကျွန်မ ကတိပေးတယ်။ နောက်တစ်ဦးတစ်ယောက်သာ သိပါက မိုးကြိုးပစ်ပြီး အသေဆိုးနဲ့ သေပါစေ ” ပိုင်ရှီအာ ကျိန်လိုက်သည်။
“တကယ်တော့ ငါ ဖုံးကွယ်ထားတဲ့ အကြောင်းအရင်းက ဂျီချင်ရွှယ်ကြောင့်ပဲ”
ဝိညာဉ်စုပ်သိုင်းသည် အလွန်ကြောက်စရာ ကောင်းသော ပညာရပ် ဖြစ်သည်။ လူမသိလေ ကောင်းလေ ဖြစ်သည်။ ထို့ကြောင့် သူ ဂျီချင်ရွှယ်ကို ရမယ်ရှာ လိုက်ချင်းပင် ဖြစ်သည်။
“ချင်ရွှယ်ကို မသိစေချင်လို့ ဟုတ်လား။ သူက ရှင့်ဇနီးလောင်း မဟုတ်ဘူးလား။ သူ့ကို ဘာလို့ မသိစေချင်တာလဲ”
ပိုင်ရှီအာ အလွန်သိချင်သွားပြီး မေးခွန်းများ အဆက်မပြတ် မေးလိုက်သည်။
“ဇနီးလောင်း ဟုတ်လား။ အဲဒါက အပြင်လူတွေ အမြင်လေ။ ငါတို့ ဆက်ဆံရေးက သဘောတူညီမှု တစ်ခုပဲ”
သူ လှောင်ရီ ရယ်မောရင်း အကြောင်းစုံကို ပြောပြလိုက်သည်။
“ချင်ရွှယ်၊ သူ သူ ဘယ်လိုလုပ်ပြီး ဒီလို လုပ်ရက်တာလဲ။ ရှင့်ကို အကာအကွယ်အဖြစ် လုပ်တာက ရှင့်အန္တရာယ် ရှိလာမှာကို မတွေးဘူးလား”
ပိုင်ရှီအာက အဖြစ်မှန်ကို သိသွားပြီးနောက် သူမ ရဲချန်ဖန်အတွက် စိတ်မကောင်း ဖြစ်သွားသည်။ ဘာလို့ အကြိမ်ကြိမ် ဖုံးကွယ်နေလဲဆိုတာကို နားလည်သွားသည်။ ကိုယ်အဆင်မပြေချိန် ရှောင်ဖယ်ပြီး အမြင့်ရောက်မှ အတူတူ ရှိချင်သည့် မိန်းကလေးမျိုးကို အဘယ် ယောက်ျားသားက အလိုရှိမည်လဲ။
သူမ ဒေါသထွက် နေသော်လည်း ရင်ထဲတွင် ကျိတ်ပျော်သွားသည်။ ရဲချန်ဖန်ကို ခိုးခိုးကြည့်ပြီး သူမ အကြည့်များသည် ပို၍ နူးညံ့လာသည်။
“နောက်ကျနေပြီ။ ပြန်ကျရအောင်”
ရဲချန်ဖန်က ပိုင်ရှီအာ သူ့ကို တွယ်တာနေသည်ကို သူမ မျက်လုံး မှတစ်ဆင့် မြင်နေရသည်။ သို့သော် သူ ပြန်မတုံ့ပြန်ဝံ့ပေ။ သူ တန်ခိုး အထွတ်အထိပ် ရောက်အောင် ကျင့်ကြံရန် သံဓိဋ္ဌာန်ချ ထားသည်။ ခံစားချက်များ ရောလာပါက အမြင့်ဆုံး တာအိုနောက် လိုက်ရန် မဖြစ်နိုင်ပေ။
“ချန်ဖန်၊ ရှင် ဒီမှာ မနေတော့တာ အကောင်းဆုံးပဲ။ ရှင့်စိတ်ထဲ မထားရင် ညီမအိမ် လိုက်နေလို့ ရတယ်။ အိမ်မှာ နေစရာ အများကြီး ရှိတယ်” ပိုင်ရှီအာ ဖိတ်ခေါ်လိုက်သည်။
“ကျေးဇူးပဲ။ ဒါပေမဲ့ မလိုက်တော့ဘူး။ အခုကစပြီး နောက်လမှာ လုပ်မယ့် အကယ်ဒမီ နှစ်ကုန် အရည်အချင်းစစ် ပွဲအတွက် အဖြူရောင် တိမ်တိုက် တောင်တန်းထဲမှာ သွားလေ့ကျင့်တော့မယ်”
သူ ပိုင်ရှီအာကို ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်သည်။
“ဒါဆိုလည်း ရှင် တစ်ခုခု လိုတာနဲ့ ညီမကိုပြော။ ညီမ အားလုံးကို တတ်နိုင်သမျှ လုပ်ပေးမယ်”
သူမ ရင်ထဲမှာတော့ ရဲချန်ဖန် ငြင်းလိုက်သည့်အတွက် စိတ်ပျက်သွားသည်။
“အင်း” ရဲချန်ဖန် သဘောတူ လိုက်သည်။
ရဲချန်ဖန် ခြံဝင်းထဲ ပြန်ရောက်သောအခါ ခြံဝင်းက နဂိုအခြေအနေ ပြန်ရောက်နေပြီ ဖြစ်သည်။ မြေပြင်ရှိ သွေးများလည်း လုံးဝ ရှင်းနေပြီး အလောင်းများကိုလည်း မြှုပ်နှံထားပြီး ဖြစ်သည်။ လေထဲရှိ သွေးနံများပင် ပျောက်နေပြီး သဲလွန်စ တစ်စတစ်နပင် မကျန်ချေ။ ရဲချန်ဖန် ကျေနပ် သွားသည်။ သူ လုပ်လျှင်ပင် ဒီလောက် သပ်ရပ်မည် မဟုတ်ပေ။
“သခင်မလေး မစောတော့ဘူး။ ပြန်ကျရအောင်။ မြို့တော်ဝန်ကို ချက်ချင်း သတင်းပို့မှ ရမယ်။ စီစဉ်သင့်တာ စီစဉ်ပြီး ဂျန်ကလန်ရဲ့ အမျက်ကို ရှောင်မှ ရမယ်။ မဟုတ်ရင် ပိုင်ကလန် ဒုက္ခ ရောက်လိမ့် မယ်”
ပိုင်ကလန် တန်ခိုးရှင်က ဆော်သြ လိုက်သည်။
ပိုင်ရှီအာ သွားပြီး မကြာမီ ရဲချန်ဖန်လည်း အထုပ်အပိုးများ သိမ်းပြီး ညအမှောင်ထဲတွင် အဖြူရောင် တိမ်တိုက် တောင်တန်းဆီသို့ ထွက်ခွာသွားသည်။ သူ ဝိညာဉ်သားရဲ သခင်အဆင့်သို့ မကြာမီ ရောက်မည်လား ဆိုတော့ … ။
အပိုင်း (၃၂) ပြီး၏။ (၃၃) မျှော်
******