အခန်း (၂၈) ဆိုင်သူ မဟုတ်တော့ပါ
” အဆင့်ငါး သားရဲရှင် အဆင့်လား။ ဒါဆို သူ မနေ့ညတုန်းက သားရဲသခင်ကို သတ်လိုက်တုန်းက အဆင့်လေး သားရဲရှင် အဆင့်ပဲ ရှိသေးတာလား”
ရဲချန်ဖန်သည် ဝိညာဉ်စုပ်သိုင်းကို ကျင့်ထားသောကြောင့် သာမန် အဆင့်တူသူများသည် သူ ရောက်နေသည့် အဆင့်ကို သိရန် မလွယ်ကူချေ။ သို့သော် ရဲချန်ဖန် အဆင့်တက်နေချိန် ဖြစ်သောကြောင့် ဂျီချင်ရွှယ်တို့ နှစ်ယောက် သူ့အဆင့်ကို သိခြင်း ဖြစ်သည်။
ရဲချန်ဖန် အဆင့်တက်ပြီးနောက် အဆင့်ငါး သားရဲရှင်သာ ဖြစ်သည်။ ရဲချန်ဖန်၏ တိုက်ခိုက်မှု အစွမ်းကြီးမားမှုသည် သူမတို့ကို မယုံကြည်နိုင်ပဲ အံ့ဩ တုန်လှုပ်စေသည်။
“သူ့ဆီမှာ အလွန်ကြီးမားတဲ့ လျှို့ဝှက်ချက် ရှိရမယ်” ရဲချန်ဖန်သည် အလွန်ထူးခြားသောသူ ဖြစ်မည်ဟု ဂျီချင်ရွှယ် သိလိုက်သည်။ ထို့ကြောင့် သူမ ပိုပို၍ စိတ်ဝင်စားသွားသည်။
“မိုးလည်း သောက်နေပြီ။ တောင်ပေါ်က ဆင်းကြတာပေါ့” ရဲချန်ဖန်က လေ့ကျင့်ရာမှ နိုးထ လာသည်။
သုံးနာရီခန့် ကြာပြီးနောက် သူတို့ အဖြူရောင် တိမ်တိုက် တောင်ကြောဆီမှ ထွက်ခွာလာပြီး အင်ပါယာ မြို့ပြင်သို့ ရောက်လာသည်။
“အင်း၊ ဒီမှာ လုံခြုံပါပြီ။ ဒီနေရာမှာ ကိုယ်ဟာကိုယ် သွားကြတာပေါ့” မြို့ဝင် တံခါးကို ကြည့်ပြီး ရဲချန်ဖန် ပြောလိုက်သည်။
“ရှင်၊ ခဏနေဦး” ရဲချန်ဖန် ပြောပြီး ချက်ချင်း ထထွက်သွားသည်ကို မြင်ပြီး သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး အလျင်အမြန် တားလိုက်သည်။
“ဘာလဲ။ ကိစ္စရှိလို့လား” ရဲချန်ဖန် တွေဝေနေသော ဂျီချင်ရွှယ်ကို ကြည့်ပြီးညင်သာစွာ မေးလိုက်သည်။
“ရှင်၊ ရှင့်နာမည် ဘယ်လိုခေါ်လဲ။ ရှင်ကို ဘယ်မှာ တွေ့လို့ရမလဲ”
“ငါ့ကို ရှာဖို့လား။ ငါ့ကို ဘာလို့ ရှာမှာလဲ”
“ရှင်၊ ရှင် အထင်မလွဲပါနဲ့။ ကျွန်မက ကျေးဇူး ပြန်ဆပ်ချင်လို့ပါ” ဂျီချင်ရွှယ်သည် မည်သည့် ယောက်ျားကိုမှ စတင်၍ လိပ်စာ မတောင်းဘူးချေ။ ရဲချန်ဖန်၏ စူးစမ်းသော မျက်ဝန်းများ မြင်သောအခါ သူမ မျက်နှာ ရဲသွားပြီး မြင်သူ ရူးလောက်အောင်ပင် ချစ်စရာ ကောင်းသွားသည်။ သူမ ရင်ခုန်သံ အလွန်မြန်နေပြီး ရှိုးတိုးရှန့်တန့်လေး ရှင်းပြလိုက်သည်။
“မလိုဘူး။ ငါ မင်းတို့ကို ကယ်တာ တစ်စုံတစ်ခုကို လိုချင်လို့ မဟုတ်ဘူး။ နှုတ်ဆက်ပါတယ်” သူ တွေဝေ မနေဘဲ ဂျီချင်ရွှယ်၏ စိတ်ပျက်သော အကြည့်အောက်ကပင် ထွက်လာခဲ့သည်။
“ချင်ရွှယ်၊ နင် သူ့ကို တစ်ယောက်နဲ့ တူနေတယ်လို့ မထင်ဘူးလား။ ပိုင်ရှီအာသည် ရဲချန်ဖန်၏ ထွက်သွားသော ပုံရိပ်ကို လိုက်ကြည့်နေစဉ် သူမက ရဲချန်ဖန်၏ နောက်ကျောနှင့် တူညီနေသည်ကို ရုတ်တရက် ခံစား လိုက်ရသည်။
“ဘယ်သူနဲ့လဲ”
“ချန်ဖန်”
“ချန်ဖန်လား။ ရှီအာ၊ နင် ချန်ဖန် ဟန်ဆောင်ထားတယ် မထင်သင့်ဘူး” သူမ ရင်ကို လာထိ စေသော သူသည် သူမ အထင်သေးသောသူ ဖြစ်နေမည်ဟု ဘယ်တော့မှ ယုံကြည်မည် မဟုတ်ပါ။ ထို့အပြင် ရဲချန်ဖန်သည် အလွန် ကြောက်တတ်ပြီး ကပ်စီးကလည်း နဲသေးသည်။
” ဘာကွ။ မြေခွေးနက်နဲ့ ကျန်နှစ်ယောက် အဖြူရောင် ရေကန်ဘေးမှာ သေသွားတယ်။ ပြီးတော့ မိစ္ဆာနက်လည်း အဆက်အသွယ် ပျက်နေတယ်။ ဟုတ်လား” အင်ပါယာမြို့ အရှေ့ပိုင်းရှိ လှပသော ခြံဝင်းထဲတွင် အနက်ရောင် ဝတ်စုံ ဝတ်ထားသော လူငယ်လေးသည် ဒေါသပုန် ထနေသည်။ သူသည် ဖြူဖျော့သော မျက်နှာ၊ နှာခေါင်းမှာ ချွန်၍ ကောက်နေပြီး ကောက်ကျစ် ရက်စက်သော အမူအရာ ရှိသည်။
” အသုံးမကျတဲ့ ကောင်တွေ။ ဒီလောက်လေးတောင် မလုပ်နိုင်ဘူး။ ဆက်ပြီး မိစ္ဆာနက်ကို ရှာကြ။ သူနဲ့ အဆက်အသွယ်ရတာနဲ့ ငါ့ကို ချက်ချင်း လာတွေ့ခိုင်းလိုက်။ ပြီးတော့ ရဲချန်ဖန် ဘယ်မှာ ရှိလဲ ဆက်စုံစမ်းထား။ သူတို့သတင်း ကြားတာနဲ့ ငါ့ကို ချက်ချင်း သတင်းပို့” စိတ်တိုနေသော လူငယ်လေး သည် တခြားလူ မဟုတ်ချေ။ သူသည် ဂျန်ကလန်၏ ဒုတိယ သခင်လေး ဖြစ်သည့် ဂျန်ရှန်ရှိပင် ဖြစ်သည်။ ရဲချန်ဖန် နှင့် လက်ထပ်မည့် သတင်းကြားပြီး အလွန် စိတ်ဆိုးသဖြင့် လက်တုံ့ပြန် ကလဲ့စား ချေရန် ဂျန်ကလန်မှ ထိပ်သီးပညာရှင်များ နှင့်အတူ အင်ပါယာမြို့သို့ ရောက်နေခြင်း ဖြစ်သည်။
ဂျန်ရှန်ရှိသည် အမြဲ ဆိုးသွမ်း ရမ်းကားသော်လည်း သူ့အား လွန်ဆန်ဝံ့သူ မရှိချေ။ ဂျီချင်ရွှယ်က သူ့ အလိုဆန္ဒကို ဆန့်ကျင်ရုံ သာမက အလွန်ရှက်ကွဲအောင် ရက်စက်သော နည်းကို အသုံးပြုမည်ဟု သူ မတွေးထားခဲ့ချေ။
ဤဖြစ်ရပ်သည် သူ့ကို အလွန် အရှက်ရစေခဲ့၏။ ဂျီချင်ရွှယ် အသုံးမကျသည့် ကောင်နှင့် ယူသွားသည်ကို တွေးမိတိုင်း တစ်စုံတစ်ယောက်ကို သတ်ပစ်ချင်လောက်အောင် စိတ်တိုသည်။
“ရဲချန်ဖန်၊ ဂျီချင်ရွှယ်၊ မင်းတို့ နောင်တရအောင် ငါ လုပ်ပြမယ်။ အဲအလကားကောင်ကို ငါက မင်းလို မကောင်းတဲ့ ကောင်မကို အိပ်ရာထဲမှာ ဘယ်လို ဖျက်ဆီးပြမလဲ ဆိုတာကို မျက်လုံးပြူးပြီး ကြည့်နေ ခိုင်းမယ်” အလွန် အကြင်နာတရား ခေါင်းပါးသော မျက်နှာတွင် လူသတ်လိုသည့် စိတ်များ ပြည့်နှက် နေသည်။
ကောင်မလေး နှစ်ယောက်နဲ့ လမ်းခွဲ လာပြီးနောက် သူ မြိုပြင်တွင် ခဏ ဆက်နေနေပြီး သူ့ မူလရုပ် ပြန်ပြောင်းကာ သူ ငှါးထားသော ခြံလေးဆီ တိတ်တဆိတ် ပြန်လာခဲ့သည်။
ရဲချန်ဖန် ပြန်ရောက်ပြီး မကြာမီ ဂျီချင်ရွှယ်လည်း ပြန်ရောက်လာသည်။ ပိုင်ရှီအာတင် သာမက အင်ပါယာမြို့၏ နံပါတ်တစ် တန်ခိုးရှင် ဖြစ်သည့် ပိုင်ရှီအာ၏ အဘိုး အကြီးအကဲပိုင်လည်း လိုက်ပါ လာသည်။ အကြီးအကဲ ပိုင်သည် သားရဲသခင် အဆင့်ငါးကို ရောက်ရှိနေပြီ ဖြစ်သည်။
“အဘိုးပိုင်၊ ရှီအာ ငါ တစ်ယောက်တည်း ချန်ဖန် နဲ့ စကား ပြောချင်တယ်။ ခြံထဲမှာ ခဏ စောင့်နေလို့ ရမလား။ ငါ ချန်ဖန် ခြံထဲမှာ ရှိတယ်ဆိုတာ အာရုံခံ မိနေတယ်” ဂျီချင်ရွှယ် တောင်းဆို လိုက်သည်။
“အင်းလေ၊ အဘိုးတို့ အပြင်မှာ စောင့်မယ်” အဖြူရောင် အင်္ကျီရှည် ဝတ်ထားသည့် အကြီးအကဲ ပိုင်မျက်နှာသည် နီးမြန်းနေပြီး အားမာန် ပြည့်နေသည်။
“ချန်ဖန်၊ ငါ နင့်ကို ပြောစရာရှိလို့ ငါ ဝင်လာလို့ ရမလား”
“တံခါး မပိတ်ထားဘူး။ ဝင်လာခဲ့”
“ဂျန်ရှန်ရှိ၊ ဒီမြို့ကို ရောက်နေပြီ။ ရှီအာနဲ့ ငါနဲ့ မနေ့ညက အန္တရာယ်နဲ့ ကြုံခဲ့တယ်” ဂျီချင်ရွှယ် တံခါးဖွင့် ဝင်သွားပြီး ရဲချန်ဖန်ကို တစ်ချက် ကြည့်လိုက်သည်။ အထင်သေး ရွံရှာသော အမူအရာ သူမ မျက်ဝန်းထဲ ပေါ်လာပြီး သူမ ပြောပြလိုက်သည်။
သူမ ဖြစ်ပျက်ခဲ့သည့် အကြောင်းများကို ပြောပြလိုက်သည်။
“မင်း ထွက်သွား တော့မှာလား” ရဲချန်ဖန် သူမ ပြောသည့် နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်သည်။
“ဒီမြို့က အန္တရာယ် အရမ်းများနေပြီ။ လုံခြုံရေးအတွက် ငါ အဘိုးကို ပြောထားတယ်။ ဒီည အင်ပါယာမြို့ဆီ ငါ့ကလန်က ထိပ်သီး တန်ခိုးရှင်တွေ ရောက်လာမယ် ထင်တယ် ”
“ငါ နင့်ကို ငွေခုနစ်သိန်း ပေးစရာ ရှိသေးတာ။ ရော့ ဒီဟာကို ယူပြီး ဒီမြို့က ထွက်သွားတော့။ ပြီးရင် ရှင့်နာမည် ပြောင်းပြီး လုံခြုံတဲ့ တစ်နေရာမှာ သွားနေတော့”
“ပြီးတော့ ခုချိန်က စပြီး နင်နဲ့ ငါကြား ဘာမှ ပတ်သက်မှု မရှိတော့ဘူး။ ငါ့ခင်ပွန်းလောင်းလို့ ပြောခွင့်လည်း မရှိဘူး” ဂျီချင်ရွှယ် ပိုင်ကလန်ဆီမှ ချေးလာသည့် ငွေကို ထုတ်ပေး လိုက်ပြီး ရဲချန်ဖန်ကို အလေးအနက် သတိပေး လိုက်သည်။
“စိတ်မပူနဲ။ ငါ လျှောက်မပြောပါဘူး။ မင်း မိသားစုဆီလည်း သေချာပေါက် လာမပတ်သက် စေရဘူး။ ပြီးတော့ ငါ ထွက်သွား မသွားကို မင်း စိတ်ပူစရာ မလိုဘူး” ရဲချန်ဖန် ငွေကိုယူပြီး လှောင်ပြောင် သည့် အမူအရာဖြင့် ပြောလိုက်သည်။
“ရဲချန်ဖန်၊ ရှင် ကျွန်မ စကား နားမထောင်ဘူးလား။ ရှင် အခုမှ ထွက်မသွားရင် ဂျန်ကလန်ရဲ့ ပုံစံအတိုင်းဆို ရှင့်ကို လွှတ်ပေးမှာ မဟုတ်ဘူး” ရဲချန်ဖန် ထွက်သွားမည့်ပုံ မတွေ့ရ၍ သူမ ချက်ချင်း စိတ်ပူလာသည်။
“မင်း စိတ်ပူပေးတာ ကျေးဇူးပဲ။ ဒါပေမဲ့ ဂျန်ရှန်ရှိက ငါ့ကို သတ်နိုင်မယ်လို့ ငါ မယုံဘူး”
ဂျန်ရှန်ရှိ နားတွင် သားရဲသခင် အဆင့် ပုဂ္ဂိုလ်ရှိမည်ဟု သူ ခန့်မှန်းထားသော်လည်း သူသည် အဆင့်ငါး သားရဲရှင်အဆင့်၊ ကောင်းကင်ခန္ဓာကျင့်စဉ် ဒုတိယအဆင့်ကို ရောက်ရှိနေပြီး ရွှေအပ် အဆောင်လည်း ရှိနေသောကြောင့် ဂျန်ရှန်ရှိကို မကြောက်ပေ။
“ရဲချန်ဖန်၊ ရှင် ရူးသွားပြီလား။ သေမှာ မကြောက်ဘူးလား”
“တော်ပြီ၊ ဂျီချင်ရွှယ် ခု ငါတို့ကြား ဘာပက်သက်မှုမှ မရှိတော့ဘူး။ ငါသေမှာ ရှင်မှာ စိတ်မပူနဲ့။ နောက်ကျနေပြီ၊ မင်းအချိန် ငါ့ဆီမှာ မဖြုန်းနဲ့” ရဲချန်ဖန် ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“ကောင်းပြီ၊ ရဲချန်ဖန် နင်ဆုံးဖြတ်ချက်အတွက် နောင်တ မရပါစေနဲ့လို့ ငါ ဆုတောင်း ပေးတယ်” သူမ ပြောပြီးနောက် တွေဝေချင်း အလျင်းမရှိဘဲ ထွက်သွားသည်။
အပိုင်း (၂၈) ပြီး၏။ (၂၉) မျှော်
******