Switch Mode

Chapter – 21

စျေးကြီးသည့် အသက်ကယ် တန်ဖိုး

အခန်း (၂၁) စျေးကြီးသည့် အသက်ကယ် တန်ဖိုး

အာရုဏ်ဦး အလင်းရောင် ပေါ်ထွက်လာသည်။ တစ်ညတာ ကုန်ဆုံး၍ နေ့သစ် ရောက်လာသည်။
“ဟူး၊ နောက်ဆုံးတော့ ငါ အဆင့်လေး ရောက်သွားပြီ” တစ်ညလုံး လေ့ကျင့်ပြီးနောက် သွေးဥတွင် တတိယမြောက် အက်ရာ ပေါ်လာသည်။ သူ နောက်တစ်ဆင့် တက်ခါနီးတိုင်း သွေးဥတွင် အက်ရာသစ် ပေါ်လာပြီး နောက်တစ်ဆင့် တက်ရန် စွမ်းအား ထောက်ပံ့ပေးသည်။ အဲအချိန်တွင် သူ့စိတ်ထဲ သိလိုက်သည်မှာ သူ့တွင် ဝိညာဉ်စွမ်းအား ပိုစုပ်ယူ နိုင်လေလေ သွေးဥတွင် အက်ရာ ပိုမိုများပြား လာမည်ကိုပင်။ ဝိညာဉ်စွမ်းအား ပမာဏတစ်ခု ရောက်ရှိသွားပါက သွေးဥက ဝိညာဉ်သားရဲ ပေါက်ဖွားလာမည်လား” ရဲချန်ဖန် သူ့အဆင့် အခြေခိုင်မာအောင် ဆက်လေ့ကျင့်နေစဉ် တံခါးဆက်တိုက် ခေါက်သံများ ကြားလိုက် ရသည်။
“အစောကြီး ဘာလာလုပ်တာလဲ” သူ တံခါးဖွင့်လိုက် သောအခါ အဖြူရောင် စကပ်လေးနှင့် ချစ်စရာ ကောင်းနေသည့် ဂျီချင်ရွှယ်ကို တွေ့လိုက်သည်။
“စောတယ် ဟုတ်လား။ နေ့ခင်းတောင် ရောက်တော့မယ်။ မနေ့ညက လုပ်ကြံသတ်ဖြတ်ရေး သမားတွေ ရှင့်ကို လာလုပ်ကြံတယ်။ ကျွန်မသာ မရှိနေရင် ရှင် ခုသေနေပြီးပြီ” သူမ ဒေါသတကြီးနဲ့ ရန်တွေ့ လိုက်သည်။
“လုပ်ကြံ သတ်ဖြတ်ရေးသမားတွေ ဟုတ်လား၊ မဖြစ်နိုင်ဘူး။ ငါ ဘာသံမှ မကြားမိဘူး” သူ ကြောက်လန့်ဟန် သရုပ်ဆောင် လိုက်သည်။
“ဘယ်ကတည်းက မအိပ်ရသေးတဲ့ ကာလနဂါးလဲ မသိဘူး” ရဲချန်ဖန် အံ့ဩသွားပုံ ကြည့်ပြီး သူမ ပိုစိတ်ပျက် သွားသည်။
“အဲတော့ ရှင့်အသက် ကယ်ပေးခဲ့တဲ့အတွက် ငွေနှစ်ထောင် ပေးရမယ်။ ဒါမှ မွေးနေ့ လက်ဆောင် ပေးနိုင်မှာ ”
“ပိုက်ဆံ တပြားမှ မရှိဘူး”
မနေ့ညက ဒီကလန် သားရဲရှင်များကြောင့် ငွေသုံးထောင် ရှိနေခြင်း ဖြစ်သည်။ သူတို့နှင့် မတွေ့ခဲ့ပါက သူ့တွင် ငွေအကြွေသာ ကျန်ပေလိမ့်မည်။
“ရှင် ရှင်” ဂျီချင်ရွှယ် ကပ်စီးနဲသော ရဲချန်ဖန်ကို အမြင်ကပ် နေသည်။
“ရှင်ဆီက နှစ်ထောင် ခဏ ချီးမယ်။ ပြီးရင် နှစ်ဆ ပြန်ဆပ်မယ်။ အဲလိုဆို ကျေနပ်ပြီလား”
“ငါ ပြောပြီးပြီလေ။ ပိုက်ဆံ မရှိပါဘူးဆို မရှိဘူးပေါ့”
“ရှင် ယောက်ျားဖြစ်ပြီး ဘာလို့ အဲလောက် ကပ်စီးနဲ ရတာလဲ။ ပိုက်ဆံ ပြန်ပေးမယ်လို့ ပြောနေ တယ်လေ။ ပြီးတော့ မနေ့ညက ရှင့်အသက်ကို ကျွန်မ ကယ်ခဲ့တာ။ ကျွန်မကြောင့် မဟုတ်ရင် ရှင် ခု သေနေလောက်ပြီ” ရဲချန်ဖန် ပိုက်ဆံ မချီးသဖြင့် သူမ အလွန်ဒေါသထွက်ကာ ဆွေ့ဆွေ့ခုန်နေသည်။ သူမ ရဲချန်ဖန်ကို အလွန်စိတ်ပျက် သွားသည်။
“ရပြီ ရပြီ အဲလောက်ဆို ရပြီ။ ငါ မင်းကို နှစ်ထောင် ချီးမယ်။ အဲဆို ရပြီလား”
သူ ဒေါသ ထွက်နေသည့် ဂျီချင်ရွှယ်ကို ကြည့်ကာ ကူညီရာမဲ့ ဖြစ်နေသည်။ ထို့နောက် သူ ဝိညာဉ်စုပ်သိုင်း ကျင့်ကာ ဝိညာဉ် ကျောက်တုံးများ ဆက်စုပ်ယူနေသည်။ သူ နောက်နှစ်လတွင် ကျင်းပ မည့် အဖြူရောင် အင်ပါယာ အကယ်ဒမီ၏ နှစ်ကုန် အရည်အချင်းစစ်ပွဲကို ပြင်ဆင်နေသည်။
အရင်နှစ် စည်းမျဉ်းများအရ အကယ်ဒမီ အရည်အချင်းစစ်ပွဲတွင် ထိပ်ဆုံးအဆင့်ရသူ သုံးယောက်သည် ကောင်းကင်မီးဂိုဏ်း နောက်ဆုံး အရည်အချင်းစစ်ပွဲတွင် ပါဝင်ခွင့်ရမည် ဖြစ်သည်။
သို့သော် ကောင်းကင်မီးဂိုဏ်း နောက်ဆုံး အရည်အချင်းစစ်ပွဲသည် အလွန် ခက်ခဲသည်။ သူ ချောချောမွေ့မွေ့ အောင်ချင်ပါက သူ့လက်ကျန် ရက်များတွင် အစွမ်းကုန် ကြိုးစားရပေမည်။
“ရဲချန်ဖန် ဒါ ရှင့်အတွက် ဝယ်လာတဲ့ ဝတ်စုံတွေ။ မြန်မြန် သွားလဲလိုက်။ ပြီးရင် ရှီအာ အဘိုး မွေးနေ့ပွဲ သွားရအောင်” နှစ်ရက်လောက် ဂျီချင်ရွှယ် ပျောက်နေပြီးနောက် ရဲချန်ဖန် အိမ်ထဲ ဝင်လာကာ တန်ဖိုးကြီး အဝတ်အစားများကို ပစ်ပေးပြီး လဲခိုင်းလိုက်သည်။
ဂျီချင်ရွှယ် ကပ်စီးနဲ ရဲချန်ဖန်ကို ကြည့်မရသော်လည်း အဝတ်အစား ကောင်းများ ဝတ်ပြီးနောက် ရဲချန်ဖန် လုံးဝ ပြောင်းလဲ သွားကာ ကြည့်ကောင်း နေသည်ကိုတော့ ဝန်ခံရပေမည်။
သန့်ရှင်းသည့် အဝတ်အစား၊ သန်မာ တောင့်တင်းသော ခန္ဓာကိုယ်၊ ယောက်ျား ပီသသော အမူအရာ၊ တည်ငြိမ်သော ဟန်ပန်နှင့် ရဲချန်ဖန်ကို ခဏခဏ ခိုးကြည့် နေမိလိုက်သည်။
“ရဲချန်ဖန် ရှီအာအဖေက အင်ပါယာ မြို့ရဲ့ မြို့တော်ဝန်၊ သူ့ အဘိုးက ဇီကျင်နိုင်ငံရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်ပဲ။ အဲရောက်ရင် စကားကို တတ်နိုင်သလောက် အနည်းဆုံးပြော” ရဲချန်ဖန် စကားမပြောတတ်၍ အရှက်ကွဲမည် စိုးကာ သူမ သေချာ သတိပေးနေသည်။
“စိတ်မပူနဲ့။ ငါ စကား လက်လွတ်စပယ် မပြောဘူး” ရဲချန်ဖန် ပြုံး၍ ပြောလိုက်သည်။
အရာအားလုံး စီစဉ်ပြီးနောက် ဂျီချင်ရွှယ် ငှါးထားသည့် မြင်းရထား စီးကာ မြို့တော်ဝန် ရဲတိုက်သို့ ထွက်လာခဲ့သည်။ သူတို့ ခပ်စောစော ရောက်သွားကြသည်။ မြို့တော်ဝန် ရဲတိုက်သည် မြို့၏ အလယ်ဗဟို၌ ရှိသည်။
ပိုင်အကြီးအကဲ အသက်ခုနစ်ဆယ်ပြည့် မွေးနေ့ပွဲ ဖြစ်သောကြောင့် မြို့တော်ဝန်နှင့် ရဲတိုက် အမှုထမ်းအားလုံးသည် ဝတ်ကောင်းစားကောင်းများ ဝတ်ဆင်ထားကြပြီး ဧည့်သည်တော်များကို ကြိုဆို ဧည့်ခံ နေကြသည်။ ချိုသာသော သံစဉ်များကိုလည်း တီးမှုတ် ဖျော်ဖြေနေကြသည်။ ရဲချန်ဖန်လို အေးဆေး နေတတ်သူအတွက် လူအများကြားတွင် သက်တော့သက်သာ မဖြစ်ဘဲ အဆင်မပြေ ဖြစ်နေ သည်။
“ဝင်ကြရအောင်” သူမ ရဲချန်ဖန်နှင့် လက်ချင်းချိတ်ကာ ရထားပေါ်မှ ဆင်းလိုက်သည်။
ဘာကြောင့်မှန်း မသိဘဲ သူမ ရဲချန်ဖန်ကို လက်ချင်းချိတ်လိုက်ချိန်တွင် သူမ ရွံရှာသည်ဟု မခံစားရဘဲ စိတ်အေးချမ်းမှုကိုသာ ခံစား လိုက်ရသည်။ ရဲချန်ဖန်က သူမ၏ အားကိုး ယုံကြည်ရာလိုပင်။ သူမ စိတ်တည်ငြိမ် အေးချမ်းနေပြီး မည်သည့် ဘေးဒုက္ခမှ ကြောက်စရာ မလိုဟု ထင်မိသည်။
“ချန်ဖန် ချင်ရွှယ် နင်တို့ ရောက်လာပြီလား” သူတို့ ဆင်းလိုက်သည်နှင့် ရဲတိုက်ထဲတွင် လိုက်ဧည့်ခံနေသည့် ပိုင်ရှီအာ ချက်ချင်း မြင်သွားပြီး နှုတ်ဆက်လိုက်သည်။
ဒီနေ့ ပိုင်ရှီအာ မိတ်ကပ်ပါးပါး လိမ်းထားကာ အနီရောင် ပတ္တမြား ဆွဲကြိုး ဝတ်ထားပြီး အနက်ရောင် ကိုယ်ကျပ် ဝတ်စုံ ဝတ်ထားသည်။ သူမ၏ နူးညံဖြူဖွေးလှသည့် အသားအရည်နှင့် အင်္ကျီသည် သူမ၏ လှပလွန်းသည့် ခန္ဓာကိုယ် ကောက်ကြောင်းများ ပေါ်လွင် နေစေသည်။ လူ့ဘုံကို ဆင်းသက်လာသည့် အလှနတ်သမီးအလား သူမ လှုပ်ရှားနေဟန်သည် ရှုမငြီးသည့် ပန်းချီအလားပင်။
ဂျီချင်ရွှယ်လည်း အထူးပင် လှနေသည်။ သူမသည် အဖြူရောင် ဂါဝန်အင်္ကျီ ဝတ်ထားရာ သူမ၏ အမို့အမောက် အရှိက်အဝိုက်တို့သည် မြင်သူတိုင်း မျက်နှာမလွှဲနိုင်အောင် ပြီးပြည့်စုံ နေသည်။ သူမတို့ နှစ်ယောက် ဆုံလိုက်ချိန်တွင် အားလုံး၏ စိတ်အာရုံသည် သူမတို့ထံ ရောက်လာသည်‌။ သူမတို့ နှစ်ယောက်သည် မှောင်မိုက်သည့် ညတွင် တောက်ပနေသည့် ကြယ်နှစ်လုံးနှယ် လှပ ပေါ်လွင်နေသည်။ ဂျီချင်ရွှယ်သည် လှပ လိုက်ဖက်သည့် အဝတ်အစားများ ဝတ်ထားရာ အထူးပင် ပေါ်လွင်နေ၍ နတ်မိမယ် လေးလိုပင်။ သူမ မျက်လုံးများသည် မိုးသောက်ကြယ်လိုပင် လင်းလက်နေသည်။
“ဒီဝမ်ရှီ အဲအရမ်းချောတဲ့ ကောင်မလေး ဘေးမှာ ရပ်နေတဲ့ ကောင်က ရဲချန်ဖန်မလား” ထိုကဲ့သို့ နတ်မိမယ်လို လှပနေသည့် ဂျီချင်ရွှယ်ကို မြင်ပြီး အံ့ဩ မှင်တက်၍ လျန်ဆန်အွန်က ဘေးတွင် ရှိနေသော ဒီဝမ်ရှီကို မေးလိုက်သည်။
“ငါ ဒီလောက်လှတဲ့ မိန်းကလေးကို အခုမှ မြင်ဖူးတာပဲ။ သူ ဒီမြို့က မဟုတ်တာ သေချာတယ်” ဒီကလန်မှ လုပ်ကြံရေးသမား သုံးယောက်လုံး သေသွားသဖြင့် ဂျီချင်ရွှယ် အကြောင်း သူ မသိသေးပေ။
“ငလူးတဲ့ ရဲမိသားစုက နှင်ချခံထားရတဲ့ အလကား ကောင်က ဘယ်လို ကံကောင်းပြီး ဒီလို ကောင်မလေးနဲ့ ကြိုက်နေတာလဲ။ သူ့လိုကောင်က ဒီလိုအလန်းလေးနဲ့ တစ်စက်မှ မတန်ဘူး”
လျန်ကလန်မှ စစ်သား သုံးယောက်သည် အေးစက်စက် ပြုံးလိုက်ပြီး ဆုံးဖြတ်လိုက်သည်။ ဂျီချင်ရွှယ် ရဲချန်ဖန် တို့ကို သူတို့ သားကောင်အဖြစ် သတ်မှတ် လိုက်သည်။ သူတို့ မသိသည်မှာ သူတို့ အစွမ်းကုန် ရှာနေသော သမားတော် ဆရာချန်နှင့် ရဲချန်ဖန်မှာ တစ်ဦးတည်း ဆိုတာကိုပင်။
” ချင်ရွှယ်၊ ချန်ဖန် ငါ့အဘိုးကို မိတ်ဆက် ပေးမယ်။ သူ နင်တို့လာမှာ သိပြီး အရမ်း ဝမ်းသာနေတာ” ပိုင်ရှီအာ ဂျီချင်ရွှယ် လက်ချိတ်ကာ ဧည့်ခန်းမကြီးဆီကို ဆွဲခေါ်သွားသည်။ သူတို့ ပြန်ကျန်းမာလာ၍ အထူးခန့်ညား နေသော ပိုင်အကြီးအကဲကို သွားနှုတ်ဆက် လိုက်ကြသည်။
အပိုင်း (၂၁) ပြီး၏။ (၂၂) မျှော်
******

Comment

Leave a Reply

Options

not work with dark mode
Reset