အခန်း (၂၀) ညလက်ဆောင်
“ရဲချန်ဖန်၊ ရှင့်မှာ ကျွန်မ ပေးထားတဲ့ ငွေသုံးသိန်း ရှိနေတာပဲ။ ညစာ စားဖို့ အသေးအဖွဲလေးကို ကျွန်မ သူငယ်ချင်းရှေ့မှာ သက်သက် အရှက်ခွဲတာလား”
ပိုင်ရှီအာ ထွက်သွားသည်နှင့် ဂျီချင်ရွှယ် အပြုံးများ ပျောက်ကွယ်သွားပြီး ဒေါသတကြီးနှင့် ရဲချန်ဖန်ကို ရန်တွေ့ လိုက်သည်။
“ဂျီချင်ရွှယ်၊ မင်း တစ်ခု မေ့နေပြီနဲ့ တူတယ်။ အဲငွေသုံးသိန်းက ငါ့ဟာလေ။ ငါ ကြိုက်သလို လုပ်လို့ ရတယ်။ မင်းဟာ မဟုတ်ဘူး။ ပြီးတော့ ငါတို့ သဘောတူထားတဲ့ ကိစ္စအတွက် မင်း ငါ့ကို အကြွေး ခုနစ်သိန်းကျော် တင်နေသေးတယ်။ လာဒေါသ ထွက်ပြ မနေနဲ့။ မဟုတ်ရင် ငါ မင်းကိစ္စကို ဒုက္ခခံပြီး လုပ်ပေး မနေတော့ဘူး” ရဲချန်ဖန် ခပ်ပြတ်ပြတ်ပင် တုံ့ပြန်လိုက်ပြီး သူမ ဘာတွေးနေလဲ ဂရုမစိုက်တော့ပေ။
“ပြီးတော့ မွေးနေ့မှာ လက်ဆောင် ပေးချင်ရင် ကိုယ့်ဟာကိုယ် ပေးဖို့ ပြင်ထား။ ငါ မင်းအတွက် ဝယ်ပေးဖို့ ပိုက်ဆံ မရှိတော့ဘူး” ပြောပြီး ဒေါသထွက်နေသော ဂျီချင်ရွှယ်ကို ဂရုစိုက်မနေဘဲ အိမ်ထဲ ဝင်လိုက်သည်။
“ရဲချန်ဖန်၊ ရှင့်ကို မုန်းတယ်” သူမသည် အမြဲတမ်း အားလုံး၏ အလေးပေး ဂရုစိုက် ခံရသော မိန်းမချောလေး ဖြစ်သည်။ သူမ လိုချင်သည်ဟု အရိပ်အယောင် ပြလိုက်လျှင်ပင် သူမအတွက် ဝယ်ပေးချင်သူများ တန်းစီနေမည် ဖြစ်သည်။
သူမ အခြေအနေကို ပြန်တွေးပြီးနောက် လတ်တလော အခြေအနေတွင် ဂျန်ကလန်နှင့် လက်ထပ်ရန် ဖိအားမှ လွတ်ရန် သူနဲ့ အဆင်ပြေအောင် နေဖို့ လိုနေသည်။ သူမ မာနနှင့် သိက္ခာကို ခဏ လျော့ထားပြီး အိမ်ထဲ လိုက်ဝင်လိုက်သည်။
အေးချမ်း မှောင်မိုက်သော ညလေးတွင် တိတ်ဆိတ်ခြင်းက ကြီးစိုးနေပြီး လူသား အားလုံးလည်း အိပ်စက် အနားယူ နေကြသည်။
ရဲချန်ဖန်၏ အခန်းသည် တံခါးကို လော့ချထားသည်။ အိမ်ထဲတွင် မည်သည့် အသံမှ မကြားရဘဲ တိတ်ဆိတ် နေသည်။ သူ့ဝိညာဉ် ကျောက်တုံး ထုတ်ယူလိုက်ပြီး ဝိညာဉ်စုပ်သိုင်း သုံးကာ စတင် စုပ်ယူ တော့သည်။ သူ့သွေးကြောများထဲတွင် ဝိညာဉ် စွမ်းအင်များ များသထက် များပြား လာသည်။ သူ စတင်ပြီး အဆင့်လေး ရောက်ရန် ကြိုးစားနေသည်။ စိတ်ကောက်နေသော ဂျီချင်ရွှယ်သည် သူ့အား မခေါ်ပေ။ သူမ ပြန်ရောက်ပြီးနောက် အခန်းတံခါး ပိတ်ပြီး မထွက်တော့ချေ။ ညစာပင် မစားဘဲ စိတ်တို နေလေသည်။
အမှောင်ထုသည်လည်း တစ်အိမ်လုံး ဖုံးလွှမ်းနေပြီး ည နက်သထက် နက်လာသည်။ အခန်းထဲတွင် လေ့ကျင့်နေသော ရဲချန်ဖန်သည် ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။ သူ၏ အစွမ်းထက်သော အာရုံက သူ့ ခြံဝင်းထဲ ကျူးကျော်လာသူများကို အာရုံ ခံမိလိုက်သည်။
“ငါ ငါ့ရဲ့ လေ့ကျင့်ဖို့ ပစ္စည်းတွေ မရှိမှာ စိုးရိမ်နေခဲ့တာ။ မင်းတို့က အချိန်ကိုက်ပဲ။ ငါ ဝမ်းပန်းတသာနဲ့ မင်းတို့ရဲ့ ညလက်ဆောင်ကို လက်ခံလိုက်မယ်။ ဟာဟ” သူ့ မျက်နှာသည် အပြုံးပန်းများ ပွင့်လာသည်။
“ဘယ်သူလဲ” ရဲချန်ဖန် တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် အိပ်နေသော ဂျီချင်ရွှယ် နိုးလာသည်။ အိမ်ထဲ ခိုးဝင်လာသူမှန်း သိလိုက်ပြီး အခန်းမှ ထွက်ကာ စတင်၍ တိုက်ခိုက်တော့သည်။
ဂျီချင်ရွှယ် သုံးယောက် တစ်ယောက် ရင်ဆိုင်နေရသော်လည်း သူမ အောက်စီး မရောက်နေပေ။ သူမသည် မြင့်မားလှသော ပါရမီရှင် ဖြစ်ရုံသာမက အဆင့်ခြောက် သားရဲရှင် ဖြစ်သည်။ ထို့အပြင် သူမ၏ အစွမ်းထက်သော ဝိညာဉ်သားရဲ ရေခဲငှက်ကြောင့် အလွန်လျင်မြန်ပြီး ခဏအတွင်းပင် အသားစီး ရလာသည်။
မည်းမှောင်မှောင် ကောင်းကင်အောက်တွင် ရေခဲငှက်သည် ပျံဝဲနေပြီး ခိုးဝင်လာသူ သုံးယောက်ကို တိုက်ခိုက် နေသည်။ တဖြည်းဖြည်းနှင့် ဒဏ်ရာများ ရလာပြီး သူတို့ တစ်ကိုယ်လုံး သွေးသံ တရဲရဲ ထွက်နေသည်။
“ပြန်ဆုတ်ကြ” ဂျီချင်ရွှယ်၏ ကြောက်မက်ဖွယ် အစွမ်းမြင်ပြီး သူတို့ စတင် ထွက်ပြေး ကြတော့သည်။ ဒဏ်ရာများနှင့် ညအမှောင်ကို အားပြု၍ အမှောင်ထုထဲ ဝင်ရောက် ပျောက်ကွယ် သွားကြသည်။
ဂျီချင်ရွှယ် မျက်မှောင်လေးများပင် ကြုတ်နေသည်။ သူမ လုပ်ကြံသူများနှင့် တိုက်ခိုက်နေစဉ် တွင် ရဲချမ်ဖန်၏ အရိပ်အယောင်ပင် မမြင်ရချေ။ သူ သူ တကယ် ငကြောက်ပဲ။ ရဲချန်ဖန် ထွက်ပင် ထွက်မလာရဲရာ သူမကို စကားပြောရန်ပင် သိက္ခာမရှိ၊ သူမနဲ့ ဘယ်လိုမှ မတန်ဟု ခံစား လိုက်ရသည်။
သူမ မသိသည်မှာ သူမ မသိလိုက်ခင်မှာပင် ရဲချန်ဖန် ထွက်သွားပြီးပြီ ဖြစ်သည်။ အပြင်တွင် ပုန်းအောင်းနေပြီး လုပ်ကြံသူ သုံးယောက်ကို အလစ်တိုက်ရန် စောင့်ဆိုင်း နေသည်။ သူ ဝိညာဉ်စုပ်သိုင်း အဆင့်တက်ရန် သူတို့ သုံးယောက်၏ သားရဲများ စုပ်ယူရမည်။
“ဒန်း၊ ဒါတကယ် ကံမကောင်းတာပဲ။ အဲကောင်လေး ဘေးမှာ အဲလောက် အစွမ်းထက်တဲ့ မိန်ကလေး ရှိနေတာ ဘယ်သူ သိမလဲ။ ငါတို့သာ နည်းနည်း နှေးနေမယ်ဆို အဲက ဘယ်တော့မှ ထွက်ရမှာ မဟုတ်ဘူး။ ငါတို့ ရဲချန်ဖန်ကို လုပ်ကြံတာ မအောင်မြင်တာကို သခင်လေးဒီကို ဘယ်လို ရှင်းပြကြမလဲ”
အနက်ရောင် ဝတ်စုံနှင့် ရင်ဘတ် ဒဏ်ရာမှ သွေးများ ထွက်နေတဲ့လူက ပြောလိုက်သည်။
“ငါတို့ ပြန်သွားရင် ငါတို့ အမြဲသစ္စာရှိပြီး အကောင်းဆုံး ကြိုးစားခဲ့တာ ထောက်ထားပြီး ငါတို့ ဒဏ်ရာတွေ ကုပေးမယ် မျှော်လင့်တာပဲ”
“မင်းတို့ ပြန်လို့ရမယ် ဘယ်သူပြောလဲ” သူတို့သုံးယောက် ဒီကလန်သို့ ပြန်ပြေးနေချိန်တွင် သားရဲ အသံလိုပင် သူတို့နားထား အေးစက်စက် အသံကို ကြားလိုက်ကြသည်။
အေးစက်စက် အသံကြောင့် သူတို့ ပြေးနေရာမှ ရပ်သွားပြီး အသံကြားရာဘက် ကြည့်လိုက် သည်။ သူတို့နား အလျင်အမြန် ချဉ်းကပ် လာနေပြီး သူတို့ နားတွင် ရပ်သွားသည်။
“မင်း ဘယ်သူလဲ”
“မင်းတို့ ငါ့ကို လုပ်ကြံဖို့ လာတာ မဟုတ်လား။ ဘာလို့ ငါ့ကို မသိတာလဲ”
“အော်၊ မင်းက ရဲချန်ဖန်လား” သူတို့ သုံးယောက် မယုံနိုင် ဖြစ်သွားသည်။
သူတို့ ဒီဝမ်ရှီဆီက သိထားသည်မှာ ရဲချန်ဖန်တွင် ဝိညာဉ်သားရဲ မရှိ၍ တကယ် စွမ်းအား မရှိပေ။
“ဟုတ်တယ် ငါပဲ”
ရဲချန်ဖန် လက်ကို နောက်ပစ်၍ သူတို့သုံးယောက်ထံ တစ်လှမ်းချင်း သွားလိုက်သည်။
“အေး၊ မင်းက သေချင်ပြီး လာတယ်ဆိုတော့ ငါတို့ ကူညီပေး ရမှာပေါ့” ရဲချန်ဖန် ထွက်ပေါ်လာပုံမှာ အလွန်ထူးခြား နေသော်လည်း သူတို့ နောက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။ သူတို့ သားရဲနှင့် ပေါင်းစပ်ပြီး လက်နက်များ ထုတ်ကာ တိုက်ခိုက် လိုက်ကြသည်။ သူတို့ သုံးယောက်သည် အဆင့်ငါး သားရဲရှင် ဖြစ်သောကြောင့် အလွန် လျင်မြန်ပြီး ရဲချန်ဖန်ရှေ့ ချက်ချင်း ဆိုသလို ရောက်လာ ကြသည်။ ရဲချန်ဖန် ရင်ဘတ်ထံ ပြိုင်တူ တိုက်ခိုက် လိုက်ကြသည်။
သေကွင်း သေကွက်များကို တိုက်ခိုက်မှုကို ရင်ဆိုင် လိုက်ရ၍ သူ ဂျင်နှစ်ထောင်ငါးရာ စွမ်းအားကို လက်သီးတွင် အပြည့်ထည့်ကာ ထိုးချလိုက်သည်။ ကျိုးပဲ့သံများ နှင့်အတူ ရဲချန်ဖန် လက်သီးက လက်နက်များကို ကျိုးပဲ့ သွားစေပြီး လုပ်ကြံသူ တစ်ယောက်၏ ရင်ဘတ်ကို ဆက်တိုက် ထိမှန်သွားသည်။ ထိုလူသည် ကြိုးပြတ်သည့်စွန်နှယ် လွှင့်ပျံ သွားသည်။ သေသည် ရှင်သည် မသိရပေ။ သူ တစ်ယောက်ကို တိုက်ခိုက်လိုက်စဉ် ကျန်နှစ်ယောက်၏ လက်နက်များသည် သူ့ရင်ဘတ်ဆီ တိုးဝင် လာသည်။ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကြောင့် သူ့အသားသည် သံလို မာကြောနေသည်။ ချွန်ထက်သော လက်နက်များနှင့် တိုက်ခိုက်လိုက်သည့်တိုင် အစင်းရာသာ ကျန်ပြီး မည်သည့် ဒဏ်ရာမှ မရချေ။ သူ၏ ကြောက်မက်ဖွယ် ခံနိုင်ရည်ကို ကြည့်ပြီး အရမ်းလန့် သွားကြသည်။ တစ်ချိန်တည်းတွင် အလွန် အင်အားပြင်းသော လက်ဝါးရိုက်ချက်များ သူတို့ထံ ဝင်ရောက်လာသည်။ သူတို့ ရင်ဘတ်ကို ရိုက်မိပြီး မြေပေါ် လဲကျကာ မေ့မြော သွားကြသည်။
သူ့ခန္ဓာကိုယ် အစွမ်းကို သုံးပြီး အဆင့်ငါး သားရဲရှင်များကို အနိုင်ယူလိုက်ပေပြီ။ သူ့ကိုယ်သူ ဂုဏ်ယူပြီး ဝမ်းသာစိတ်များ ဖုံးလွှမ်းသွားသည်။ တစ်ချိန်က ဆိုပါက ဤအနေအထားသည် သူ စိတ်ကူးယဉ် ခဲ့ရသည်သာ ဖြစ်သည်။ သို့သော် သူ အရေးကြီးသည့်ဟာ မမေ့ဘဲ ဝိညာဉ်စုပ်သိုင်း သုံးကာ ထိုလူသုံးယောက်၏ သားရဲကို စုပ်ယူ လိုက်သည်။ အလွန်သန့်စင်သော ဝိညာဉ်စွမ်းအင်များ ဝင်ရောက် လာသည်။
သူ့ခန္ဓာကိုယ် အတွင်းရှိ ပြောင်းလဲမှုများကို ကြည့်ပြီး ရဲချန်ဖန် ဝမ်းသာနေသည်။
ရဲချန်ဖန် ထိုလူသုံးယောက်၏ ခန္ဓာကိုယ်ကို ရှာဖွေလိုက်သည်။ ထို့နောက် ကျွင်းတူးကာ မြှပ်နှံ လိုက်သည်။ ထို့နောက် ရရှိသည့် ပစ္စည်းများကို စစ်ဆေးလိုက်ရာ ငွေသုံးထောင်နှင့် အမှတ်တံဆိပ်များ တွေ့လိုက်သည်။
ငွေသုံးထောင်သည် သူ အလွန် အသုံးလိုနေချိန်တွင် ရလာခြင်း ဖြစ်သည်။
ထို့နောက် ချက်ချင်းပင် သူ ပြန်လာခဲ့သည်။ ခန္ဓာကိုယ်တွင် ပေနေသော သွေးများ ဆေးကြောလိုက်ပြီး ဝိညာဉ်စွမ်းအင်များကို သွေးဥထဲ စုပ်ယူကာ အဆင့်လေး တက်ရောက်ရန် စတင်ကာ ကြိုးစားတော့သည်။
အပိုင်း (၂၀) ပြီး၏။ (၂၁) မျှော်
******