Switch Mode

Chapter – 17

လူဆိုးကို လူဆိုးမှန်း မသိသော လူဆိုး

အခန်း (၁၇) လူဆိုးကို လူဆိုးမှန်း မသိသော လူဆိုး

“ရဲချန်ဖန်၊ မင်း ဘယ်ကို သွားဦးမလို့လဲ” သူ အကယ်ဒမီမှ ထွက်လိုက်သည်နှင့် အသံဩဩကို ကြားလိုက်ရသည်။
ဒီဝမ်ရှီသည် ရဲချန်ဖန်ကို လက်စားချေရန် အကယ်ဒမီမှ ပြန်ထွက်လာမည်ကို အချိန် တော်တော်ကြာ စောင့်ဆိုင်း နေခဲ့သည်။ ဒီမိသားစုမှ အဆင့်လေး သားရဲရှင် သုံးယောက်သည် သူကို တွေ့လိုက်သည်နှင့် ထွက်ပြေးလို့ မရအောင် ဝိုင်းထားလိုက်သည်။
“ဒီဝမ်ရှီ ဘာလဲ။ မင်းက ဒဏ်ရာက သက်သာ လာတာနဲ့ နောက်တစ်ကြိမ် ခံချင်နေပြီလား”
သူ အဝတ်အစားကောင်းများ ဝတ်ထားပြီး ကောက်ကျစ်စွာ ပြုံးနေသည့် ဒီဝမ်ရှီကို ကြည့်ပြီး နှာခေါင်းရှုံ့ လိုက်သည်။
“ငလူးမသား၊ အရင်တစ်ခေါက်က မင်း ငါ့ကို အကောက်ကြံ ခဲ့တယ်။ ဒီတစ်ခေါက် မင်းလက်တွေ ချိုး၊ အရေခွံ နွှာပစ်မယ်။ မဟုတ်ရင် ငါ လူမဟုတ်ဘူး” သူ့ မျက်လုံးထဲတွင် ဒေါသမီးများ တောက်လောင် နေသည်။
“မလုပ်ပါနဲ့၊ ငါက မင်းလောက် အသက်မကြီးသေးဘူး။ အသက်ရှင် ချင်သေးတယ်။ ဟာ ဟ” ရဲချန်ဖန် လက်ကို နောက်သို့ပင် ပစ်ထားကာ လှောင်ပြောင်လိုက်သည်။
“ဟာ၊ မင်း မင်း မင်းက သေတော့မှာတောင် ငါ့ကို ပြန်ပြောရဲတယ်ပေါ့။ မင်းတို့သုံးယောက် ဘာ ရပ်လုပ်နေတာလဲ။ သူ့ကို ငါနဲ့အတူတူ မတိုက်ခိုက် သေးဘူးလား။ သူ့ ခြေလက်တွေ အရင်ချိုးပြီးမှ ဒူးထောက် ခိုင်းပြီး ငါ့ကို တောင်းပန်ခိုင်းမယ်” ဒီဝမ်ရှီ အမိန့်ပေးလိုက်သည်။
“ငါ ခြေထောက်ကို ချိုးမယ် ဟုတ်လား” ရဲချန်ဖန် အဆင့်လေး သားရဲရှင် သုံးယောက်ကို အေးစက်စွာ လှည့်ကြည့်လိုက်ချိန် သူ့ နှုတ်ခမ်းများက ပြုံးယောင် သန်းသွားသည်။
တစ်ချိန်တည်းမှာပင် ရဲချန်ဖန် ခန္ဓာကိုယ်မှ အလွန်ကြီးမားသော စွမ်းအားသည် မီးတောင် ပေါက်သကဲ့သို့ ထွက်ပေါ် လာသည်။
“ဘန်း”
ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသည့် အသံများ မြေပေါ်မှ ထွက်လာသည်။ ဒီကလန်မှ အဆင့်လေး သားရဲရှင် သုံးယောက်အား တိုက်ခိုက်ပြီးနောက် တိုက်ခိုက်မှုမှ ထွက်လာသည့် ပြန်ကန်အား သုံးပြီး ကျွမ်းထိုးလိုက်ရာ ဒီဝမ်ရှီ မတုံ့ပြန်နိုင်၊ ရဲချန်ဖန်က ဒီဝမ်ရှီ ရှေ့တွင် ပေါ်လာသည်။
ရဲချန်ဖန်က ဒီဝမ်ရှီ လည်ပင်းကို ညစ်၍ လေထဲ ဆွဲမ လိုက်သည်။ သူ၏ အလွန် မြန်ဆန်သော အရှိန်ကြောင့် အသံလှိုင်းများ ထွက်ပေါ်လာပြီး ဒီဝမ်ရှီ နားစည်ကိုပါ ထိခိုက်သွားသည်။
သူ့ လည်ပင်းကို ရဲချန်ဖန် ညှစ်ထားရာ သူ့မျက်နှာ ပျက်သွားပြီး မျက်နှာမှာ သွေးရောင်ပင် မရှိတော့ဘဲ အသက်ရှူ မြန်လာသည်။
“ခွေးကောင်၊ မင်း သေချင်နေတာလား” ဒီကလန် နောက်လိုက် သုံးဦးသည် ရဲချန်ဖန်က ဒီဝမ်ရှီ လည်ပင်း ညှစ်ထားသည်ကို မြင်မှ သတိပြန်ဝင် လာကြသည်။ သူတို့ သားရဲနှင့် ပေါင်းစည်း၍ အစွမ်းထုတ်ကာ ဒီဝမ်ရှီကို ကယ်ရန် ကြိုးစားလိုက်သည်။
“ဘာလဲ။ မင်းတို့က ငါ သူ့ကို သတ်တာ မြင်ချင်တာလား” ရဲချန်ဖန် လက်ကို အားနည်းနည်း ပိုထည့် ညှစ်လိုက်သည်။
“လွှတ်၊ ငါ့ကို လွှတ်ပေးပါ”
ဒီဝမ်ရှီ လေထဲမှာ မြောက်နေပြီး အသက်ရှူရတာ တဖြည်းဖြည်း ခက်လာသည်။ ရေနှစ်ခံရသည့် ဘဲလိုပင် ပါးစပ်ဟကာ အတင်း ရုန်းနေသည်။
ဒီအချိန်တွင် ဒီဝမ်ရှီ တကယ် ကြောက်နေသည်။ ရဲချန်ဖန်၏ လူသတ်လိုစိတ်ကို ခံစား သိရှိနေရာ သူ့အတွင်း နှလုံးသား ထိပါး ခံစားနေရသည်။
“ခွေးကောင်၊ မင်း မသေချင်ဘူးဆို သခင်လေးဒီကို လွှတ်လိုက်။ မဟုတ်ရင် လူဖြစ်လာရတာကို နောင်တ ရအောင် လုပ်ပေးမယ်” ဒီကလန်၏ အဆင့်လေး သားရဲရှင် သုံးယောက်သည် သူ့ကို ပြင်းထန်စွာ သတိ ပေးလိုက်သည်။ သူတို့သည် ရဲချန်ဖန် သွေးပူပြီး မစဉ်းစားဘဲ ဒီဝမ်ရှီကို သတ်ပစ်မှာ ကြောက်နေသည်။ ဒီဝမ်ရှီသာ ရဲချန်ဖန် လက်ထဲတွင် သေသွားပါက သူတို့ ရဲချန်ဖန်ကို ပြန်သတ်လိုက် နိုင်သည့်တိုင် ပြင်းထန်သော ဒဏ်ပေးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
“သူတို့ကို ဒူးထောက် ခိုင်းလိုက်”
ရဲချန်ဖန် သူတို့ပေးတာ ဂရုမစိုက်ဘဲ မျက်နှာပင် မည်းပြာနေပြီ ဖြစ်သော ဒီဝမ်ရှီကို အမိန့်ပေး လိုက်သည်။
“အန်း၊ ဒူးထောက်လိုက်ကြ” အဲအချိန်တွင် ဒီဝမ်ရှီ အလွန် ကြောက်လန့်နေပြီ ဖြစ်ပြီး ရဲချန်ဖန် အမိန့်ကို မလွန်န်ရဲချေ။ သူ အော်ဟစ် အမိန့်ပေး လိုက်သည်။
“ဘာလဲ။ မင်းတို့က ဒူးမထောက်ဘူးပေါ့။ ငါ သူ့ကို တကယ် မသတ်ရဲဘူး ထင်နေတာလား” ရဲချန်ဖန် မလှုပ်မယှက် လုပ်နေသည့် ထိုလူသုံးယောက်ကို ကြည့်ပြီး သူ့လက်ချောင်းတွေကို အားထပ်ထည့် လိုက်သည်။ နာကျင်မှုကြောင့် သေမလိုပင် ဖြစ်လာကာ လေထဲတွင် မြှောက်နေသော ခြေထောက် လက်များ အတင်းရုန်းနေသည်။
“ရပ်လိုက်၊ ငါတို့ ဒူးထောက်မယ်” သေမလို ဖြစ်နေသည့် ဒီဝမ်ရှီကို ကြည့်ပြီး ဒီကလန်၏ အဆင့်လေး သားရဲရှင် သုံးယောက်သည် သွားများ ကြိတ်ကာ အရှက်တကွဲဖြင့် ဒူးထောက်လိုက် ကျသည်။
“အရမ်းကောင်းတယ်။ ဒီဝမ်ရှီ ဒီတစ်ခါ မင်းကို လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါဆိုရင်တော့ မင်း ကောင်းကောင်း ခံရပြီမှတ်” သူ အားလျော့ပြီး အဝေးကို ပစ်လွှတ် ချလိုက်ရာ ဒီဝမ်ရှီ မြေနှင့် ပြင်းထန်စွာ ဆောင့်ကျ သွားသည်။
ဒီဝမ်ရှီကို ရဲချန်ဖန် ပစ်လိုက်သည်နှင့် ဒီကလန်၏ အဆင့်လေး သားရဲရှင် သုံးယောက်သည် တိုင်ပင် ထားသည့်နယ် မြေပေါ် ခုန်ထကာ တစ်ပြိုင်နက် တိုက်ခိုက် လိုက်သည်။
ရဲချန်ဖန်ထက် ဒီကလန်၏ အဆင့်လေး သားရဲရှင် သုံးယောက်သည် သားရဲအဆင့် ပိုမြင့် သော်လည်း သူ့ခန္ဓာကိုယ် စွမ်းအား တစ်ခုတည်းဖြင့် သူတို့ကို အမှုန့်ချေလိုက်လို့ ရသည်။
“ဖြန်း” ရိုက်မိသည့်အသံ ထွက်လာပြီး ရဲချန်ဖန်နှင့် အနီးဆုံးတွင် ရှိနေသော ဒီကလန် သားရဲရှင်သည် လက်ဝါးတစ်ချက်နှင့် အဝေးသို့ လွင့်သွားသည်။ ကြိုးပြတ်သည့် စွန်နှယ် ဆယ်ပေကျော် လွင့်ပြီး မြေကြီးနှင့် ပြင်းထန်စွာ ဆောင့်မိသည်။ တစ်ဆက်တည်းပင် အလွန် လျင်မြန်သော အရှိန်ဖြင့် ကျန်နှစ်ယောက် လက်သီးကို ဆွဲဖမ်းလိုက်သည်။
ရဲချန်ဖန် ဆွဲဖမ်းသည်ကို သိလိုက်သည်နှင့် မျက်နှာ ပျက်သွားပြီး ဝိညာဉ်သားရဲနှင့် ပေါင်းစည်း လိုက်သည်။ ဝိညာဉ် စွမ်းအားနှင့် ပေါင်းလိုက်၍ သူတို့ တိုက်ခိုက်မှုမှာ ပို၍ ပြင်းထန်လာသည်။ ရဲချန်ဖန် ချုပ်ထားသည့် လက်သီးများကို ချိုးလိုက်ရာ ဝိညာဉ်သားရဲများ၏ အော်ဟစ် ညည်းညူသံများ ဆက်တိုက် ထွက်လာသည်။
“မင်းတို့ အရမ်းညံ့တာပဲ” သူ၏ ဂျင်နှစ်ထောင် ငါးရာအားဖြင့် အရိုးများကို ရိုက်ချိုးလိုက်သည်။
အလွန်နာကျင်မှုကြောင့် သားသတ်ရုံမှ သတ်ခံရတော့မည့် တိရစ္ဆာန်များအလား အော်ဟစ် နေသည်။ အသားပေါ်မှ အရိုးများ တစ်ချောင်းပြီး တစ်ချောင်း ထွက်ပေါ်လာပြီး သူတို့ကို အရမ်းတုန်လှုပ် သွားစေသည်။
သူတို့ကို အလွန်အားပါသည့် လက်ဝါးဖြင့် ပခုံးကို ရိုက်ချလိုက်ရာ ဝိညာဉ်သားရဲများ အပြင်းအထန် ခံစားလိုက်ရပြီး မြေပေါ်သို့ ဒူးထောက် ကျသွားသည်။
“ဒီဝမ်ရှီ ကြည့်ရတာ မင်းကို တစ်သက် မမေ့နိုင်အောင် လုပ်ပေးဖို့ လိုပြီနဲ့ တူတယ်”
ဒီဝမ်ရှီ ရဲချန်ဖန် ဘာလို့ ရက်အနည်းငယ်အတွင်း ဘာလို့ အစွမ်း ထက်လာလဲပင် မတွေးနိုင် တော့ပေ။ သူ့တွင် ကြောက်လန့်ခြင်းသာ ကြီးစိုး သွားသည်။
“ရဲချန်ဖန် အထင်မလွဲပါနဲ့။ မင်းကို အလစ်တိုက်တာ သူ။ ငါ မဟုတ်ဘူး။ မင်း ပြန်လုပ်ချင်ရင် သူ့ကိုပဲ လုပ်သင့်တယ်” ဒီဝမ်ရှီ အရှက်မရှိ ပြောလိုက်သည်။
“အဲလိုလား။ ဒူးထောက်စမ်း”
“မင်း”
“ငါ ထပ်ခါ ပြောရတာ မကြိုက်ဘူး။ မင်း ဒူးမထောက်ရင် မင်း ခြေထောက် ငါ ရိုက်ချိုးမှာကို အပြစ်မတင်နဲ့” ရဲချန်ဖန်က ဒီဝမ်ရှီကို လူသတ်လိုစိတ်နဲ အေးစက်စွာ ပြောလိုက်သည်။ ခုနလေးတင် အလွန် မောက်မာနေသော ဒီဝမ်ရှီသည် ရဲချန်ဖန်၏ အလွန်ပြင်းထန်သော လူသတ်စိတ်အား မခံနိုင်တော့ ၍ အရှက်တကွဲ ဒူးထောက် ထိုင်ချလိုက်သည်။ သူ့မာန ကျိုးပဲ့ သွားလေပြီ။
“သူက ဘယ်သူလဲ။ ဒီဝမ်ရှီကို လူအများ ရှေ့မှာ ဘာလို့ အတင်း ဒူးထောက်ခိုင်း ရတာလဲ။ သူ ဒီကလန်ကို မကြောက်ဘူးလား”
ပတ်ဝန်းကျင်မှ လူများသည် ရဲချန်ဖန် ဒီဝမ်ရှီကို အားသုံး၍ ဒူးထောက် ခိုင်းသည်ကို ပြောဆို နေကြသည်။ ဒီဝမ်ရှီ အရှက်တကွဲ ဒူးထောက်နေစဉ် စည်းကမ်း ထိန်းသိမ်းရေးမှူး လေးယောက် လမ်းလျှောက် လာနေသည်။
အဝေးက လမ်းလျှောက် လာနေသည့် စည်းကမ်း ထိန်းသိမ်းရေးမှူး လေးယောက်ကို ကြည့်ပြီး သူ အသက်ရှင်နိုင်သည့် လမ်းကို တွေ့သည့်အလား အော်ဟစ် အကူအညီ တောင်းတော့သည်။
ဒီဝမ်ရှီ၏ အကူအညီ တောင်းသံ ကြားပြီး ရဲချန်ဖန် စိတ်ထဲ အတွေးများစွာ ဖြစ်ပေါ်လာသည်။
ဒီကလန်၏ အဖြူရောင် အင်ပါယာမြို့တွင် ဩဇာ လွှမ်းမိုးသည့်ပုံဖြင့် သူ့ကို စည်းကမ်း ထိန်းသိမ်းရေးမှူးများ ဖမ်းပါက လွတ်မြောက်ရန် မလွယ်ပေ။
“ငါ့ကို အတင်းမလုပ်ဖို့ မျှော်လင့်တယ်။ မဟုတ်ရင် မင်း နောင်တ ရလိမ့်မယ်” ရဲချန်ဖန် လူသတ်စိတ်များ မျက်လုံးထဲတွင် လက်နေသည်။
အပိုင်း (၁၇) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset