Chapter – 322
“အသုံးဝင်လှသောကျင့်စဉ်”
“ပိုင်အာ . . . မင်းနဲ့ ဆွေးနွေးတာကမှ ကောင်းဦးမယ်ထင်တယ် . . .”
ရဲရှောင် ပြောလိုက်သည်။
“ဘာအကြောင်းများလဲ . . .”
ပိုင်အာ ပြန်မေးလိုက်သည်။ သူမသည် အနည်းငယ် ရှက်အမ်းအမ်း ဖြစ်နေဟန်ပါပင်။
“ဒီတစ္ဆေသရဲတွေကို ငါတို့အတွက် အသုံးချနိုင်မယ်လို့ ထင်လား . . .”
ရဲရှောင် မေးလိုက်သည်။
“အား . . .”
ပိုင်အာ အော်ဟစ်ရင်း ရဲရှောင် ရင်ခွင်ထဲသို့ ပုံကျသွားပြန်သည်။ ထို့နောက် တုန်ယင်သော လေသံဖြင့် –
“အစ်ကိုကြီးရှောင် . . . ဒီလိုအကြောင်းအရာတွေ မပြောပါနဲ့တော့ . . . ကျေးဇူးပြုပြီး မပြောပါနဲ့တော့နော် . . .”
သူမ၏ မျက်နှာသည် ဖြူရော်ရော် ဖြစ်သွားပြန်သည်။
ရဲရှောင် စိတ်ထဲတွင် –
(ဒီကောင်မလေး တကယ်ကြောက်နေတာ ထင်တယ် . . .)
(ဒါပေမဲ့ ဒီကိစ္စက င့ါအနာဂတ်နဲ့ သက်ဆိုင်နေတာဆိုတော့ တိကျသေချာတဲ့ အဖြေမျိုး ရမှဖြစ်မှာ)
“အေးပါ . . . အစ်ကိုကြီးရှောင် မပြောတော့ဘူးနော် . . .”
“တခြားအကြောင်းအရာ တစ်ခု ပြောကြတာပေါ့ . . .”
ပိုင်အာ၏ မျက်နှာသည် ကြောက်ရွံ့နေသေးဟန်ပင်။ ဖြည်းညင်းသော လေသံဖြင့် –
“ဘာအကြောင်း ပြောမှာလဲ . . .”
သူမသည် ရဲရှောင် သရဲတစ္ဆေများအကြောင်း ပြောမည်ကို စိုးရိမ်နေဟန်ပင်။ သူမ၏ မျက်နှာကိုပင် မဖော်ဝံ့တော့ချေ။
ရဲရှောင် ရယ်မောလိုက်ရင်း –
“ပိုင်အာ . . . မင်းမှာသာ ဒီအစွမ်းမျိုး ရှိရင် မင်း . . .”
ရဲရှောင် ပြောနေရင်း တမင် ရပ်လိုက်သည်။
ပိုင်အာမျက်နှာ သွေးမရှိတော့သလို ဖြစ်သွားပြန်ပြီး မျက်လုံးများမှာလည်း ကြောက်ရွံ့မှုများဖြင့် ပြည့်နေလေသည်။ သူမသည် ခေါင်းပင် မမော့ရဲတော့ချေ။ သူမ မျက်လုံးထဲ တစ္ဆေများကိုပင် တကယ် မြင်လာရသလို ခံစားလိုက်ရလေသည်။
ရဲရှောင်မှ တစ္ဆေများအကြောင်းပင် ထပ်ပြောလိမ့်မည်ဟုလည်း ထင်နေမိ၏။
ရဲရှောင်သည် ပိုင်အာ အတွေးကို ရိပ်မိသည့်အတွက် ရယ်မောလိုက်ပြီး –
“ဒီလိုကွာ . . . မင်းသာ လူတွေရဲ့ အဝတ်တွေကို ဖောက်ထွင်းပြီး မြင်နိုင်စွမ်းရှိရင် မင်းအတွက် ဘာအကျိုးရှိမလဲ . . .”
ပိုင်အာ၏ မျက်နှာ တည်သွားသည်။ အကြောင်းအရာ ပြောင်းသွားသဖြင့် စိတ်သက်သာရာ ရသွားဟန်လည်း ရှိသည်။
“လူတွေအဝတ်အစားကို ဖောက်ထွင်းပြီး မြင်နိုင်မယ်ဆိုရင် . . . အင်း . . . ကျွန်မ စဉ်းစားကြည့်ရ သလောက်တော့ . . .”
ပိုင်အာသည် မျက်မှောင်ကြုတ်ရင်း လေးလေးနက်နက် စဉ်းစားနေဟန်ပင်။
“ပုံမှန်အတိုင်း ဆိုရင်တော့ အဝတ်ကို ဖောက်မြင်ရတယ်ဆိုရင် ဘာများ မြင်နိုင်မလဲ . . . ပိုက်ဆံလား၊ တန်ဖိုးရှိတာ တစ်ခုခု ဖွက်ထားတာကိုလား . . . ဖွက်ထားတဲ့ လက်နက်ပုန်းတွေကိုလား၊ သူ့မှာ ဘာပဲဖွက်ထားထား မြင်နိုင်တယ်ဆိုတော့ အကျိုးရှိတာပဲ မဟုတ်လား . . .”
ပိုင်အာသည် စဉ်းစားလိုက် ပြောလိုက် လုပ်နေလေ၏။ သူမ၏ စကားကြောင့် ရဲရှောင်လည်း ပျော်ရွှင်သွားပြီး မျက်လုံးများလည်း အရောင်ဝင်းလက်သွား၏။
(ဒီကောင်မလေးရဲ့စိတ်က ဖြူစင်တော့ ငါနဲ့မတူတဲ့ ရှုထောင့်ကနေ တွေးနိုင်နေပါလား။ သူတွေးတာတွေက တကယ်ကို ငါ့အတွက် အသုံးဝင်တာပဲ။ ငါကတော့ ညစ်ညမ်းတာတွေပဲ တွေးနေမိခဲ့တာပါလား . . .)
“ဒီလောက်ပဲလား . . .”
ရဲရှောင် ထပ်သိရလို သိရငြား မေးလိုက်သည်။
“ဒါအပြင် ဘာများ အသုံးဝင်နိုင်ဦးမလဲဆိုတော့ . . .”
ပိုင်အာသည် မျက်လုံးများ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြန်ရင်း –
“အဝတ်အစားတွေ ဖောက်မြင်ရတာဆိုတော့ တခြားဟာတွေကိုလည်း ဖောက်ပြီး မြင်နိုင်လောက် တယ်။ အဝတ်စတို့၊ ခန်းဆီးတို့ပေါ့။ အဝတ်ပါးပါးလိုမျိုး အရာတွေကို ပြောတာ။ ဒီထက်ပိုချင်ရင် နံရံကိုများ ဖောက်မြင်နိုင်မလားပဲ . . . နံရံဆိုတာ အဝတ်ထက် ပိုထူတော့ မြင်ရဖို့ ခက်ခဲမှာတော့ အမှန်ပဲ။ အလုပ်ဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ်။ နံရံကိုပါ မြင်နိုင်ပြီ ဆိုရင်တော့ အဲဒီထက် ပိုပြီး ထူတဲ့ အရာတွေကို လည်း မြင်နိုင်မှာပဲ။ ဒါဆို ကမ္ဘာကြီးကိုရော . . . မြေကြီးအောက်မှာ ရှိနေမဲ့ အရာတွေကိုပါ မြင်နိုင်မလား မသိဘူး . . .”
ပိုင်အာသည် မသေချာသည့် ပုံစံဖြင့် ပြောနေသော်လည်း ရဲရှောင်မှာမူ သူမ၏ စကားများအား နားထောင်ရင်း မျက်လုံးများ အရောင်တောက်သထက် တောက်လာလေသည်။
ရဲရှောင် ထိုအချက်များကို မစဉ်းစားမိသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။ သူပထမဆုံး ယင်ယန်မျက်လုံးကို အသုံးပြုစဉ် ပိုင်အာ၏ အဝတ်မဲ့ ခန္ဓာကိုယ်ကို မြင်တွေ့ခဲ့ရ၏။ လှပ၍ ဆွဲဆောင်မှု ရှိသော မိန်းကလေးတစ်ဦးအား ကိုယ်လုံးတီး မြင်တွေ့ရသူအဖို့ အဘယ်မှာ စိတ်ရိုင်းများ မဝင်ဘဲ နေပါမည်နည်း။
ထို့ကြောင့်ပင် သူသည် အဝတ်အစားမှတဆင့် ခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်ရသည်မှလွဲ၍ ကျန်သော အချက်များကို မစဉ်းစားမိခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မည်သည့်ယောကျာ်းသားမဆို ထိုသို့သာ တွေးမိကြမည် မဟုတ်ပါလား။
ထို့ကြောင့် ရဲရှောင် ထိုသို့ မတွေးမိသည်မှာ မထူးဆန်းပေ။
ယခုအခါ ရဲရှောင်အဖို့ တွေးစရာ လမ်းစရသွားချေပြီ။ ရုတ်တရက် စိတ်ထဲတွင်လည်း တိကျသော အဖြေများ စဉ်းစားမိလိုက်၏။
(ပိုင်အာရဲ့ ထင်မြင်ယူဆချက်တွေသာ မှန်မယ်ဆိုရင် ငါရန်သူတွေရဲ့ လက်နက်ပုန်းတွေကို မြင်နိုင်မယ်။ ဒါဆို လုပ်ကြံခံရတာမျိုးလည်း ခံရမှာ မဟုတ်တော့ဘူး။ ဒီအချက်နဲ့တင် တော်တော် ဟုတ်နေပြီ . . .)
ထိုလက်နက်ပုန်းများအကြောင်း စဉ်းစားလိုက်သောအခါ သူ့ကိုယ်တွင် ဖွက်ထားသော ဓားများနှင့် အပ်များကို သတိရမိလိုက်သည်။ တစ်ဖက်ရန်သူသာ သူ့လို လက်နက်ပုန်းများ ဆောင်ထားသူ ဖြစ်မည်ဆိုလျှင် မခက်ပါလော။ ထို့ကြောင့်ပင် ယခုကျင့်စဉ်သည် သူ့အတွက် အလွန်အသုံးဝင်သည်ဟု ဆိုနိုင်ပေ၏။
သူသည် ယခုအချိန်တွင် အတော်ဆုံး ထိပ်တန်းပညာရှင်တစ်ဦး မဟုတ်သေးချေ။ ထို့ကြောင့် သူ့လို လက်နက်ပုန်းများ အသုံးပြုသူ ရန်သူမျိုး ဖြစ်မည် ဆိုပါက သေချာပေါက် ခံရပေလိမ့်မည်။
ထို့အပြင် သူ့ထက် ကျင့်ကြံမှုပိုင်း ပိ်ုမိုအဆင့်မြင့်သာ ဖြစ်မည်ဆိုလျှင် အသတ်ပင် ခံရနိုင်ပေသည်။
ဉာဏ်နီဉာဏ်နက်များ၍ အတွေ့အကြုံရင့်ကျက်သူတစ်ဦး ဖြစ်သည့်တိုင် မည်သို့မျှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
သို့သော် အဆိုပါ လက်နက်ပုန်းများကိုသာ မြင်နိုင်မည်ဆိုလျှင် တစ်ဖက်လူထက် တစ်ကွက်မက သာနေပေလိမ့်မည်။ အနည်းဆုံးတော့ အသက်အန္တရာယ်အတွက် လုပ်ကြံခံရမည် မဟုတ်ချေ။
ရဲရှောင် ပိုင်အာ ပြောသမျှအား လေးလေးနက်နက်ပင် ခေါင်းညိတ်ပြနေမိ၏။
(ယင်ယန်မျက်လုံးကျင့်စဉ်က တကယ်ကို အသုံးဝင်တာပဲ။ အသုံးမဝင်တဲ့ ကျင့်စဉ် လုံးဝ မဟုတ်ပါလား။ ပထမအဆင့်ကို အောင်မြင်အောင် ကျင့်နိုင်ရင်ကို တော်တော် အသုံးဝင်လောက်ပြီ။ ကျင့်ဖို့လည်း လွယ်မယ်ထင်တယ် . . .)
ရဲရှောင်မှ –
“ဆက်ပြောပါဦး ပိုင်အာ . . .”
“တခြားရှုထောင့်က ပြောရမယ်ဆိုရင် . . . ဒီအစွမ်းရဲ့ အတိုင်းအဆကို ကျွန်မ သေချာ မသိရတော့ ပြောရနည်းနည်းခက်တယ်။ ဒါပေမဲ့ ဒီကျင့်စဉ်နဲ့သာဆို ခန္ဓာကိုယ်ကိုပါ ဖောက်ထွင်း မြင်နိုင်မလား မသိဘူး။ ဒါဆို လူတစ်ယောက်ရဲ့ ကိုယ်တွင်းကိုယ်ပ ဒဏ်ရာတွေကို မြင်နိုင်မယ်။ ရောဂါ ရှိနေတာကို သိနိုင်မယ်။ အင်း . . . ဒီအစွမ်းက တကယ်ကို အသုံးဝင်မဝင်တော့ မပြောတတ်ဘူး ထူးခြားတာတော့ သေချာတယ် . . .”
ရဲရှောင် တုန်လှုပ်အံ့သြသွားသည်။
(ဟုတ်လိုက်လေခြင်း . . . ပိုင်အာပြောတာ အမှန်တွေချည်းပဲ။ ဒီထက်မှန်တာတောင် ဒီလောက် မှန်မှာ မဟုတ်ဘူး။ ဒီကျင့်စဉ်က ကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေကိုပါ ဖောက်ထွင်း သိမြင်နိုင်မှာ။ ဒါဆို လူ့ခန္ဓာကိုယ်လောက်ကတော့ သေချာပေါက် မြင်နိုင်မှာပဲ။ သာမန်လူသားတွေ မမြင်နိုင်တာကို မြင်နိုင်မယ်၊ မကြည့်နိုင်တာကို ကြည့်နိုင်မယ်လို့လည်း ပြောထားတယ် မဟုတ်လား . . .)
ထိုသို့သာဆိုလျှင် အဆိုပါ ကျင့်စဉ်သည် သူ့အတွက် အလွန် အသုံးဝင်လှပေမည်။
ရဲရှောင်၏ ရင်ခုန်သံများလည်း ပို၍ မြန်လာပါတော့သည် . . .။