Chapter – 321
“ကြောက်လန့်နေသော ပိုင်အာ”
“မင်းက ဒါကို ဘယ်လိုနေရာမှာများ အသုံးချနိုင်မယ် ထင်လို့လဲ . . .”
ဆောင်ဂျု အထင်သေးဟန်ဖြင့် မေးလိုက်ပြန်သည်။
“ဒါက ဘာမှ ထူးခြားတဲ့ ဖြစ်စဉ် မဟုတ်ပါဘူး။ အသုံးလည်း မဝင်ဘူး။ တခြားလူတွေ ကြောက်အောင် ခြောက်နိုင်ဖို့လဲ မလွယ်ဘူး။ ကျင့်ကြံမှုလုပ်တဲ့ ပညာရှင်တွေဆို ပိုတောင် မကြောက်ဦးမယ် . . .”
ဆောင်ဂျု ရယ်မောလိုက်ပြန်၏။
“ပညာရှင်တစ်ဦးက သင်္ချိုင်းကို မသွားရဲဘူးလို့များ ကြားဖူးလို့လား။ ဒါတွေကို ဂရုစိုက်နေမလား ကိုယ့်ဟာကိုယ် စဉ်းစားကြည့်လေ . . .”
ရဲရှောင် ငြင်းဆန်ချင်သော်လည်း မည်သို့ ငြင်းဆန်ရမှန်းမသိ ဖြစ်နေလေသည်။ ရဲရှောင်သည် တစ္ဆေများအား မြင်သည့် အချိန်တုန်းက အမှန်ကိုပင် ကြောက်ရွံ့ ထိတ်လန့်ခဲ့၏။ ကျင့်ကြံမှုလုပ်သည့် ပညာရှင်တစ်ဦး အနေဖြင့် ထိုကဲ့သို့ မကြောက်သင့်မှန်း သိသည့်တိုင် ကြောက်မိခဲ့၏။ ထို့ကြောင့်ပင် ဆောင်ဂျု၏ စကားကို မချေပနိုင်ခြင်း ဖြစ်ပေသည်။
“ခင် . . . ခင်ဗျားက တကယ်ပဲ မကြောက်ဘူးပေါ့ . . .”
ထိုအချိန် ဆောင်ဂျု၏ မျက်လုံးများ အရောင်ဝင်းလက်သွားပြီး –
“အား . . . သရဲ . . .”
ထို့နောက် ရဲရှောင်တို့အား အထင်သေးသည့် ပုံစံဖြင့် ကြည့်ရင်း –
“ကဲကြည့်လေ . . . အခုငါမင်းတို့ကို ခြောက်လိုက်တာပဲ၊ ကြောက်လားပြော၊ ဘာမှမဟုတ် . . .”
“အမလေး . . . သရဲ . . .”
ဆောင်ဂျု ပြောနေသည့် အချိန်မှာပင် ပိုင်အာသည် ကြောက်လန့်တကြား ထအော်ပြီး လဲကျသွား၏။ သူမ၏ တစ်ကိုယ်လုံး တုန်ယင်လျက် ရှိနေပြီး မျက်နှာသည်လည်း ဖြူရော်ရော် ဖြစ်နေလေသည်။
ဆောင်ဂျု အော်ဟစ်လိုက်သော အသံသည် အမှန်ပင် ကြောက်စရာ ကောင်းလှ၏။
ရဲရှောင်ပင် ကြားကြားချင်း ကြက်သီးထသွားမိသည်။ ၁၂ နှစ်သမီး အသိဉာဏ်သာ ရှိသေးသည့် ပိုင်အာဆိုလျှင် ဆိုဖွယ်ရာပင် ရှိတော့မည် မဟုတ်ချေ။ သူမသည် တကယ့်သရဲကို ကြောက်လန့်ခြင်း မဟုတ်ဘဲ ဆောင်ဂျု၏ အော်ဟစ်သံကြောင့် လန့်သွားခြင်း ဖြစ်ပေသည်။
သရဲမြင်ရသည်ထက်ပင် ပို၍ ဆိုးရွားပါသေးသည်။
ပိုင်အာအား ရဲရှောင် ထူမ၍ ရင်ခွင်ထဲ ထည့်လိုက်သည့် အချိန်တွင် သူမတစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေလေ၏။ ရဲရှောင်လည်း စိတ်ဆိုးမာန်ဆိုးဟန်ဖြင့် ဆောင်ဂျုအား ကြည့်ရင်း –
“ဦးလေးဆောင် . . . သရဲက ကြောက်စရာ မကောင်းဘူး၊ ခင်ဗျားအော်တာက တော်တော် ကြောက်ဖို့ကောင်းတယ် . . .”
ဆောင်ဂျု မျက်နှာပျက်သွားပြီး –
“အဟွတ် . . . ငါမှားသွားတာပါကွာ။ ဒီမိန်းကလေးက ငယ်သေးတာကို ငါမေ့သွားတယ်။ တောင်းပန်ပါတယ် မိန်းကလေးရေ၊ ငါမင်းကို ခြောက်လှန့်ဖို့ တကယ်မရည်ရွယ်ခဲ့ပါဘူး . . .”
ပိုင်အာလည်း ရဲရှောင်၏ ရင်ဘတ်သို့ မျက်နှာအပ်ထားရင်း ခေါင်းညိတ်ပြလိုက်၏။ သူမသည် ရဲရှောင်အား မလွှတ်တော့ချေ။ ယခုထိပင် ကြောက်နေသေးဟန်ပင်။
ဆောင်ဂျုသည်လည်း ရှက်အမ်းအမ်းဖြစ်၍ ချောင်းသာ ဆိုးနေလေတော့၏။ ထို့နောက် စကားလမ်းကြောင်း လွှဲလိုဟန်ဖြင့် –
“တကယ်တော့ သရဲတစ္ဆေဆိုတာ သေပြီးသား လူတွေပါကွာ။ ဘာမှ ကြောက်စရာ မလိုဘူး။ ဒီကောင်တွေကို တစစီ လုပ်ပစ်လို့ ရတယ်။ သေပြီးသား ကောင်တွေ ဆိုမှတော့ ဘာများ ကြောက်နေစရာ လိုဦးမှာလဲ . . .”
သူသည် ပြောနေရင်းဖြင့် အာသွက်လျှာသွက် ဖြစ်လာဟန်ပင်။
“မိန်းကလေး . . . မင်းလည်း မင်းအစ်ကိုကြီးရှောင်နဲ့ ကျင့်ကြံမှုတွေ နည်းနည်းပါးပါး လုပ်ထားပြီး ရောပေါ့။ ငါကြားသလောက်တော့ တော်တော်ကို တိုးတက်လာတယ်ဆို။ အဲဒါတောင် ဘာလို့ ကြောက်တတ်နေရသေးတာလဲ။ မင်းဘာကို ကြောက်နေသလဲဆိုတာ ငါဖြင့် နားတောင် မလည်နိုင်တော့ဘူး . . .”
ပိုင်အာမှ ဖြူရော်ရော် မျက်နှာဖြင့် –
“ကျွန်မ . . . ကျွန်မ အကြောက်ဆုံးက တစ္ဆေသရဲတွေကိုပဲ . . .”
ရဲရှောင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သို့သော် ယုံကြည်မှုရှိသည့် လေသံဖြင့် –
“ကျုပ်ပြောတဲ့ အစွမ်းဆိုတာ အသုံးဝင်တဲ့ အချက်တော့ ရှိကိုရှိရမယ်။ လောကမှာ ဘယ်အရာကမှ အသုံးမဝင်ဘူးဆိုတာ မရှိဘူး။ အရာရာတိုင်းက သူ့နေရာနဲ့သူ အသုံးဝင်ကြတာချည်းပဲ။ ကျုပ်တို့ဘက်က အဖြေရှာဖို့ပဲ လိုတယ် . . .”
ဆောင်ဂျုမှ –
“အသုံးဝင်တယ် ဟုတ်လား . . . တစ္ဆေတွေကို မြင်ရတာ ဘာများ အသုံးဝင်မှာ မို့လို့လဲ။ ဒီတစ္ဆေတွေကို ဖမ်းပြီး တခြားနေရာမှာ သုံးစားလို့ ရနိုင်မှာ မို့လို့လား။ အင်း . . . ဒါနဲ့ ရှောင်ရှောင်၊ မင်းဘာလီု့ ဒီမေးခွန်းတွေ မေးနေရတာလဲ။ ဒီမေးခွန်းအတွက်လည်း အငြင်းအခုံ ဖြစ်နေရတယ်။ ဒီလိုစွမ်းရည်မျိုး မင်းမှာ ရှိနေတာတော့ မဟုတ်ပါဘူးနော် . . .”
ပိုင်အာလည်း အံ့သြသွားသည်။ ရဲရှောင်အား အထိတ်တလန့် ကြည့်လိုက်ပြီး ရဲရှောင်အနားသို့ပင် မကပ်ရဲသလို ဖြစ်သွားသည်။ တကယ်တမ်းသာ ရဲရှောင် တစ္ဆေများကို မြင်နေရသည်ဆိုလျှင် သူမအဖို့ ဒုက္ခများပေလိမ့်မည်။
ရဲရှောင် နှုတ်ဆိတ်သွားသည်။ အကယ်၍ အမှန်တိုင်း ပြောလိုက်မည် ဆိုပါက သူ့ဘေးနားရှိ လူများသည် သူ့အား စွန့်ခွာသွားကြနိုင်ပေသည်။ ထို့ကြောင့် လေးနက်သော လေသံဖြင့် –
“ဦးလေးဆောင် . . . ခင်ဗျားကတော့ ခန့်မှန်းလိုက်ရင် တလွဲတွေချည်းပဲ။ ကျုပ်မှာ ဒီစွမ်းရည် ဘယ်လိုလုပ်ပြီး ရှိမှာလဲဗျ။ နောက်ပြီး ခင်ဗျားက ကျုပ်ကို တစ်သက်လုံး ပြုစုစောင့်ရှောက်လာတာ၊ ကျုပ်မှာသာ ဒီလိုစွမ်းရည်ရှိနေရင် ခင်ဗျား မသိဘဲ နေပါ့မလား။ ခင်ဗျားပဲ ဒါကလေးတွေ ကစားတာပါဆို၊ ကျုပ်က ကလေးမို့လို့လား . . .”
ဆောင်ဂျု စိတ်သက်သာရာ ရသွားဟန်ဖြင့် –
“ဟုတ်သားပဲ . . . မင်းမှာ ဒီလို စူးရှတဲ့ မျက်လုံးများ မရှိဘူးဆိုတာ ငါသိပါတယ် . . .”
ပိုင်အာသည်လည်း ဆောင်ဂျု၏ စကားကြောင့် စိတ်သက်သာရာ ရသွား၏။
“ကျုပ်က ဒီစွမ်းရည် တစ်ခုခု အသုံးဝင်နိုင်တယ်လို့ပဲ တွေးမိတာကို ပြောပြတာပါ။ အသုံးမဝင်တာ တော့ မဟုတ်လောက်ဘူးဗျ . . .”
ရဲရှောင် ပြောလိုက်သည်။ ရုတ်တရက် ဆောင်ဂျု ပြောလိုက်သည့် စကားကို ပြန်စဉ်းစားမိပြီး နည်းနည်း အတွေးပေါက်သလို ဖြစ်သွားပြန်သည်။
“ဦးလေးဆောင် ခုနက ဘာပြောလိုက်တာလဲ . . .”
ရဲရှောင် ကမန်းကတမ်း မေးလိုက်သည။
“အန် . . . ဘာပြောလို့လဲ . . .”
ဆောင်ဂျု မျက်လုံးပြူးရင်း ပြန်မေးလိုက်သည်။
“ငါဘာပြောလိုက်တာပါလိမ့် . . . မင်းမှာ ဒီလိုစူးရှတဲ့ မျက်လုံး မရှိဘူးဆဆိုတာ ငါသိပါတယ် ဆိုတာလား . . .”
ဆောင်ဂျု မသေချာသလို မေးလိုက်သည်။
“မဟုတ်ဘူး၊ အဲဒီစကား မတိုင်ခင်က . . .”
ရဲရှောင် ပြန်ပြောလိုက်၏။
“အာ . . . ငါအဲဒီအရင် ဘာပြောတာပါလိမ့်။ စဉ်းစားလိုက်ဦးမယ် . . .”
ဆောင်ဂျု မျက်မှောင်ကြုတ်ကာ စဉ်းစားနေလေ၏။
“ငါဘာပြောခဲ့တာပါလိမ့် . . .”
ရဲရှောင် စိတ်မရှည်ဖြစ်လာသည်။ ဆောင်ဂျု၏ ဦးနှောက်အား တစစီ စုတ်ဖြဲကာပင် မှတ်ဉာဏ်များအား ပြန်ရှာချင်မိလာသည်။
ပိုင်အာမှ ရဲရှောင်အား မော့ကြည့်လိုက်ရင်း –
“အင်း . . . ဦးလေးဆောင် ပြောတာက ‘တစ္ဆေတွေကို မြင်ရတာ ဘာများ အသုံးဝင်မှာ မို့လို့လဲ။ ဒီတစ္ဆေတွေကို ဖမ်းပြီး တခြားနေရာမှာ သုံးစားလို့ ရနိုင်မှာ မို့လို့လား’ ဆိုတာလား . . .”
“ဟုတ်တယ် . . . အဲဒီစကားပဲ . . .”
ရဲရှောင် ရယ်မောလျက် ကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။ ပိုင်အာ၏ မျက်နှာလေးအား မလိုက်ရင်း ပါးကိုလည်း အနမ်းပေးလိုက်၏။ သူသည် အလွန်ပျော်ရွှင်သွားမိလေသည်။ ထို့နောက် ရယ်မောရင်း –
“ငါ့ပိုင်အာလေးက အရမ်းတော်တာပဲ . . . မင်းပြောတာ အမှန်ပဲ . . .”
ပိုင်အာသည် ရုတ်တရက် အနမ်းခံလိုက်ရသဖြင့် သူမကိုယ်သူမ နှလုံးခုန်ရပ်သွားသလိုပင် ခံစားလိုက်ရသည်။ အလွန်လည်း ရှက်ရွံ့သွားပြီး ချက်ချင်းပင် ရဲရှောင်၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်သွား၏။
“မြင်မကောင်းဘူးဟေ့ . . .”
ဆောင်ဂျု အထင်သေးဟန်ဖြင့် အော်လိုက်သည်။
“မင်းက သူ့ကို အခွင့်အရေး ယူလိုက်တာပဲ။ သူတွေးမိတာနဲ့ မင်းနမ်းတာ ဘာဆိုင်လဲ . . .”
“မင်းကတော့ လူကြီးတစ်ယောက်ရှေ့ ဒီလို လုပ်စရာလား။ ယဉ်ကျေးမှု ရှိစမ်းပါကွ . . .”
ဆောင်ဂျု ရေရွတ်လိုက်ရင်း ထထွက်သွားရန် ပြင်လိုက်သည်။
“တော်ပြီဟေ့ . . . ဒီညတော့ ဝသွားပြီ။ သွားတော့မယ်။ ငါမဝသေးရင်တောင် သရုပ်ပျက် အမူအယာတွေ မြင်ရတာ ရင်ပြည့်ချင်သလို ဖြစ်သွားပြီ။ ကြာကြာထပ်နေမိရင် အန်ထွက်မိလိမ့်မယ် . . .”
ထို့နောက် ဆောင်ဂျုလည်း ထွက်ခွာသွားလေသည်။
ရဲရှောင် မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။ သူ၏ စိတ်ထဲတွင် –
(အမြဲတမ်း ညစ်ညစ်ညမ်းညမ်း ဆဲဆိုနေတဲ့ လူကြီးကများ ငါ့ကို ယဉ်ကျေးမှု ရှိစမ်းပါလို့ ပြောသွားသေးတယ်။ အန်တောင် ထွက်မိမယ် ဆိုပဲ။ ဘာမှ မဆိုတာကို၊ ဆိုင်ရင်လည်း ဘာလို့ ဆိုင်လဲ ဆိုတာ ရှင်းပြဦးမှပေါ့ . . .)
(ဦးလေးဆောင်နဲ့ တိုင်ပင်ဆွေးနွေးမဲ့အစား ပိုင်အာနဲ့ ဆွေးနွေးတာကမှ အကျိုးရှိဦးမယ်။ ဦးလေးဆောင်က လေပဲရှိတာ၊ ဘာမှ တိကျရေရာတဲ့ အဖြေကို မပေးနိုင်ဘူး။ ငါ့ကို ပေါက်ကရတွေသာ ထပ်ပြောနေမယ်ဆို ငါလည်း စိတ်ညစ်ပြီး သေသွားနိုင်တယ်။ သူထွက်သွားတာပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီ . . .)
ပိုင်အာ၏ ကိုယ်လုံးလေးကို ဖက်ထားရင်း ရဲရှောင် တွေးမိနေပါတော့သည် . . .။