Chapter – 320
“တိုးတက်မှု”
ရဲရှောင် ကြုံခဲ့ရသည့် ရေခဲချီဓာတ်များမှာ ကြုံခဲ့ဖူးသမျှတွင် အသိပ်သည်းဆုံးပင် ဖြစ်သည်။ ထို့ကြောင့် သူမျှော်လင့်ထားသည့် အတိုင်းပင် ထိုချီဓာတ်များသည် သူ့အား များစွာ အထောက်အကူ ပြုခဲ့၏။
ယခုလောက်ထိ အကျိုးရှိစေမည်ဟုတော့ မမျှော်လင့်မိခဲ့ချေ။
ကောင်းကင်ထက်မှ ရွှေထုပ်တစ်ထုပ် ကျလာသလို ကံကောင်းသွားခြင်းဟုပင် ဆိုနိုင်လေ၏။
သူ၏ သွေးကြောများသည် အနည်းငယ် ပြောင်းလဲသွားခဲ့၏။ ယခင်ကနှင့် သိပ်မကွာလှသည့်တိုင် ပို၍ ထူထည်းလာလေ၏။
အရောင်မှာ သိသိသာသာ ပြောင်းလဲခြင်း မရှိသည့်တိုင် ရဲရှောင်ကတော့ ထူးခြားသော ပြောင်းလဲမှုဟုပင် သိလိုက်၏။
ထိုပြောင်းလဲမှုများကို အဖြေရှာနေရင်း အံ့သြတကြီးလည်း ဖြစ်နေလေ၏။ အရောင်ပို၍ နက်လာခြင်းမှာ သွေးကြောအတွင်း ခရမ်းရောင် စွမ်းအင်အမျှင်တန်းတစ်ခု ရှိသွားခြင်းကြောင့် ဖြစ်ပေသည်။ မသိသာသော်လည်း ထူးခြားမှုကို ခံစားနေရ၏။
ရဲရှောင်သည် ထိုဖြစ်ရပ်မှာ ရှေးဦးခရမ်းရောင် ချီဓာတ်နှင့် ဆက်စပ်နေမည်ဟုလည်း တွေးလိုက်မိ၏။ ထိုအချိန် ဝိညာဉ်တော် ချီဓာတ်များအား လည်ပတ်စီးဆင်းစေလိုက်သောအခါ စွမ်းအင် သိုလှောင်ရာအတွင်းရှိ ချီဓာတ်များသည် ရုတ်တရက် အရှိန်အဟုန်ပြင်းစွာ စီးဆင်းသွား၏ ယခင်ကထက် ၃ ဆလောက် ပိုမြန်အောင် စီးဆင်းသွားခြင်းဖြစ်လေ၏။
ရဲရှောင်သည် အံ့သြသွားသလို ပျော်လည်း ပျော်ရွှင်မိသွား၏။
သာမန်အားဖြင့် မူလတာအိုအဆင့်ရှိ ပညာရှင်များသာ ထိုသို့လုပ်နိုင်မည် ဖြစ်၏။ သူ့ကိုယ်သူ မူလဝိညာဉ်တော် အဆင့်သို့ ရောက်နေပြီလားဟုပင် သင်္ကာမကင်း ဖြစ်သွားလေသည်။
ချက်ချင်းပင် စစ်ဆေးကြည့်လိုက်သောအခါ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားရ၏။
သူသည် ကောင်းကင်အဆင့် ၃ တွင်သာ ရှိနေပေသေးသည်။ များစွာတိုးတက်လာခြင်းပင်ဖြစ်ကာ အဆင့် ၃ မှ အဆင့် ၄ သို့ပင် ရောက်ရှိတော့မည် ဖြစ်၏။
ကောင်းကင်အဆင့်၏ နောက်ဆုံးအဆင့်ကို ရောက်ရှိရန်ပင် အချိန်အတော် ပေးရဦးမည် ဖြစ်သဖြင့် မူလဝိညာဉ်တော်အဆင့်ဆိုလျှင် ပို၍ပင် ကြာပေဦးမည်။
သူ၏ သွေးကြောများ တိုးတက်လာသည့်အပြင် လွယ်လွယ်ကူကူလည်း ကွေးနိုင်ဆန့်နိုင်လာ၏။ ထို့ကြောင့်ပင် ပို၍မြန်ဆန်စွာ လှုပ်ရှားလာနိုင်ပြီး ယခင်ကထက်ကို ၃ ဆလောက် အစစအရာရာတွင် တိုးတက်လာသည်ဟု ခံစားမိလိုက်၏။
တကယ်တမ်းတွင် ထိုကဲ့သို့ တိုးတက်မှုမှလွဲ၍ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိချေ။
ထို့ကြောင့်ပင် ရဲရှောင်သည် တစ်ဖက်တွင် ပျော်ရွှင်မိသလို တစ်ဖက်တွင်လည်း စိတ်ပျက်လက်ပျက် ဖြစ်နေမိ၏။
အကယ်၍ ယခုအချိန် ရဲရှောင်သာ သူ၏ ခံစားချက်ကို တစ်ယောက်ယောက်အား ပြောပြမည်ဆို လျှင် ပညာရှင်တိုင်းလိုလို သူ့ကို ဆဲဆိုသွားနိုင်ပေသည်။ ၎င်းတို့၏ စိတ်ထဲတွင် တွေးမိမည်မှာ –
(မင်းက ဒါကိုတောင် အဆင့်တက်တာ နှေးတယ် ထင်နေတယ်ပေါ့ . . . ဘယ်လောက်ထိများ မြန်ချင်နေသေးတာလဲ။ တော်တော် လောဘကြီးတဲ့ကောင်။ အဆင့်တစ်ဆင့်တက်ဖို့အတွက် မင်းက တစ်ရက်ပဲ ကြာခဲ့တာကွ။ ငါတို့ကတော့ သွေးကြောတွေအားလုံး တည်တည်ငြိမ်ငြိမ်ဖြစ်ပြီး အဆင့်တက်နိုင် ဖို့အတွက် အချိန်အများကြီး ပေးဆပ်ကြရတာ။ မင်းက အခု အဆင့်တက်တဲ့အပြင် ကွေးလို့ဆန့်လို့ပါ ပိုကောင်းသွားပြီ။
မင်းရဲ့ စိတ်အခြေအနေလည်း တိုးတက်ခဲ့တာပဲ၊ အဲဒါတောင် မင်းက မကျေနပ်နိုင်သေးဘူးပေါ့။ လာပြီး အာရုံနောက်နေသေးတယ် . . .)
ရဲရှောင်သည် လူတိုင်း အိပ်မက်သာ မက်ခွင့်ရှိသည့် ကျင့်စဉ်အသစ် တစ်ခုကို ရရှိနိုင်ခဲ့သည်။
ယင်ယန်မျက်လုံးကျင့်စဉ်သည အလွန်အဖိုးမဖြတ်နိုင်သော ကျင့်စဉ်ဖြစ်ကြောင်း ရဲရှောင် သေချာမသိသေးချေ။ သို့သော် တခြားလူများ အမြင်တွင် အရာအားလုံးထက် တန်ဖိုးရှိသော ကျင့်စဉ်တစ်ခု ဖြစ်နေ ပေလိမ့်မည်။
ထိုကဲ့သို့ ပြောင်းလဲမှုများ ဖြစ်သည့်တိုင် ရဲရှောင်သည် ပေါ့ပေါ့တန်တန်ပင် သဘောထားနေ၏။ ထို့အပြင် ထိုကျင့်စဉ်ကို မကျင့်ရန်ပင် ဆုံးဖြတ်ခဲ့ဖူးလေသည်။
(ယင်ယန်မျက်လုံးကျင့်စဉ်က ဘာတွေ ထူးခြားမှု ရှိလဲဆိုတာကို ငါသေချာ လေ့လာမှဖြစ်မယ်။ တော်ရုံနဲ့တော့ ထူးခြားအစွမ်းထက်တဲ့ ကျင့်စဉ်လို့ ခေါင်းစဉ် မတပ်လောက်ပါဘူး . . .)
ညစာစားချိန်သို့ ရောက်သောအခါ ရဲရှောင်သည် လက်တစ်ဖက်မှ တူကိုကိုင်ပြီး ကျန်လက်တစ်ဖက်မှ ပန်းကန်လုံးကို ကိုင်ထားရင်း လေထဲသို့ တွေတွေကြီး ငိုင်လျက် ကြည့်နေလေ၏။
ဆောင်ဂျုနှင့် ပိုင်အာတို့သည် ရဲရှောင်အား ထူးဆန်းသလို ကြည့်နေကြသည်။ ရဲရှောင်၏ ထူးခြားသော အပြုအမူကြောင့် အံ့သြနေမိကြ၏။
ရဲရှောင်သည် မျက်နှာသေ အနေအထားဖြင့်ပင် ပန်းကန်ထဲမှ အရိုးအသား တွဲလျက်သား အဖတ်ကို တူဖြင့်ယူသည်။ ထို့နောက် ပါးစပ်ထဲထည့်လိုက်၏။ ဖြည်းဖြည်းချင်း ဝါးစားနေပြီး သူ၏ မျက်လုံးများမှာမူ တစ်နေရာသို့သာ ငေးစိုက်တွေဝေနေလျက် ရှိသည်။
“ဂျွတ် ဂျွတ် ဂျွတ် . . .”
အရိုးများ အသားများ စိစိညက်ညက် ကြေသွားသည့် အခါမှသာ ရဲရှောင်သည် မျိုချလိုက်၏။ သို့သော် မျက်လုံးများမှာမူ ယခင်အတိုင်းပင် ဖြစ်သည်။ ထို့နောက် နောက်အသားဖတ်တစ်ခု ထပ်ယူ၍ ဝါးလိုက်ပြန်သည်။
“ဂျွတ် ဂျွတ် ဂျွတ် . . .”
ဆောင်ဂျုနှင့် ပိုင်အာတို့ ကြောင်ငေးနေမိကြ၏။ ဘာပြောရမှန်းပင် မသိကြတော့ချေ။
ဆောင်ဂျုစိတ်ထဲ နည်းနည်း လန့်လာပြီ ဖြစ်၏။ ကျောရိုးထဲတွင်ပင် စိမ့်ခနဲ ဖြစ်လာလေသည်။
“ရှောင်ရှောင် . . . မင်းဘယ်လို စားနေတာလဲ။ အရိုးအသား တွဲလျက်သား အဖတ်ကိုမှ မင်းက တကယ်ကြိုက်နေတာလား။ မင်းက အားနည်းတဲ့ လူမဟုတ်ဘူး ဆိုတာ ငါလည်း သိပါတယ်။ ထိပ်တန်းပညာရှင် တစ်ယောက်တောင် ဖြစ်နေပြီ။ ဒါပေမဲ့ မင်းရဲ့ စွမ်းအားတွေကို တဂျွတ်ဂျွတ်ဝါးပြီး ငါတို့သိအောင် ပြနေစရာ မလိုပါဘူဟ။ တမင်လုပ်ပြနေတာလား . . .”
ဆောင်ဂျု ပြောလိုက်သည်။
ရဲရှောင် ခေါင်းမော့ကြည့်လိုက်ရင်း –
“အာ . . .”
ဆောင်ဂျု စိတ်အလိုမကျဟန်ဖြင့် –
“ဘာလဲ အာ ဆိုတာ။ စဉ်းစားစရာ ရှိတာကို စားပြီးမှ စဉ်းစားလို့ မရဘူးလား။ အစာစားတာ ကြာရင် မကောင်းဘူးလေကွာ . . .”
ရဲရှောင်မှ –
“အာ . . .”
ဆောင်ဂျု စိတ်ဆိုးလာပြီဖြစ်သည်။
“မင်းဒီတိုင်း ဆက်လုပ်နေဦးမှာလား။ ငါပြောနေတာကိုရော ကြားရဲ့လား . . .”
ရဲရှောင်မှ –
“အင်း . . . ဟုတ်တယ်၊ ခင်ဗျားပြောတာ မှန်တယ် . . .”
ဆောင်ဂျု မျက်စောင်းတစ်ချက်ထိုးကာ သက်ပြင်းချလိုက်လေ၏။
ပိုင်အာမှာမူ ရယ်မောလျက် ရှိနေလေ၏။
တူဝရီးနှစ်ယောက်မှာ ဦးလေးဖြစ်သူမှ စိတ်ဆိုးနေသော်လည်း တူဖြစ်သူမှာမူ တွေဝေငေးငိုင်လျက် ရှိနေလေသည်။ ရဲရှောင် ပြောလိုက်သည့် စကားမှာလည်း ဆောင်ဂျု မေးသည်နှင့် ဘာမျှ မဆိုင်ချေ။ အမေးတခြား အဖြေတခြားသာ ဖြစ်၏။
ပိုင်အာမှာမူ ပြုံးရယ်လျက်ပင် ကြည့်နေမိပါတော့သည်။
ထိုအချိန် ရဲရှောင်သည် ရုတ်တရက် သူ၏ တူကို အောက်ချလိုက်သည်။ ပုံစံမှာလည်း လေးနက်တည်ကြည့သည့်ဟန် ပေါ်နေပြီးနောက် –
“ကျုပ်စဉ်းစားလို့ မရတာ တစ်ခုရှိတယ် . . .”
ဆောင်ဂျုနှင့် ပိုင်အာတို့မှ –
“ဘာများလဲ၊ ပြောစမ်းပါဦး၊ ငါတို့ ကူစဉ်းစားပေးမယ်လေ . . .”
ရဲရှောင် မျက်မှောင်ကြုတ်လိုက်ရင်း –
“ဒီလိုဗျာ . . . လူတစ်ယောက်မှာ ရုတ်တရက် ထူးခြားတဲ့ စွမ်းရည်တစ်ရပ်ကို ပိုင်ဆိုင်သွားမယ် ဆိုပါတော့။ တခြားလူတွေ မမြင်နိုင်တာကို မြင်နိုင်တာမျိုးပေါ့ဗျာ။ အဲဒီလူ ဒီစွမ်းအင်ကို ဘယ်လို အသုံးချသင့်လဲ . . .”
ရဲရှောင်သည် သူစဉ်းစားနေသည့်တိုင် တိကျသေချာသော အဖြေမရရှိသဖြင့် တခြားလူများထံမှ အကြံဉာဏ်ကို ရယူလိုသောကြောင့် မေးလိုက်မိခြင်း ဖြစ်၏။ အနည်းငယ်တော့ စဉ်းစားစရာ တွေးစရာ ရသွားမည်ဟု မျှော်လင့်နေမိသည်။
ဆောင်ဂျုမှ ရဲရှောင်အား အထင်သေးဟန်ဖြင့် –
“အရေးမပါလိုက်တာ . . . ဘယ်က ထူးခြားတဲ့ စွမ်းရည်ကမှာလဲ။ ဒါက တချို့ ကလေးတွေ သရဲမြင်တမ်း ကစားကြမယ် ဘာညာဆိုပြီး ကစားကြတယ်မလား။ သူတို့မျက်လုံးကနေ သရဲတစ္ဆေတွေ မြင်နိုင်တယ် ဆိုပြီးတော့လေ။ ဒီလို ပေါက်ပန်းလေးဆယ် အကြောင်းအရာကိုများ စဉ်းစားနေရသေးတယ်။ အဲဒီကလေး ကြီးလာရင် ဒါတွေက ကစားခဲ့ရုံ သက်သက်ဆိုတာကို သိသွားမှာပဲ . . .”
“ဒါက ကမ္ဘာပေါ်မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကိစ္စတစ်ခုပါကွာ။ သာမန်လူတွေဆိုလည်း သူတို့ကို နတ်ဘုရားတွေ မိစ္ဆာတွေက ထိန်းချုပ်စောင့်ကြပ်နေတယ်လို့ ထင်ကြတယ်။ ဘယ်လို လုပ်ရမယ် ဆိုတာကိုလည်း မသိကြဘူး။ ဒါပေမဲ့ ကျင့်ကြံမှုလုပ်တဲ့ ပညာရှင်တွေအဖို့ ဒါတွေက ဘာမှ မဟုတ်ဘူး”
ဆောင်ဂျု အထင်သေးဟန်ဖြင့် ပြောလိုက်၏။
သူ၏ပုံစံမှာ ရဲရှောင်အား “မင်းငယ်ပါသေးတယ်ကွာ . . .” ဟူ၍ ပြောနေသလိုပါပင်။
ရဲရှောင် ဆွံ့အမိသွား၏။ သူ၏ စိတ်ထဲတွင် –
(ဒါက ကလေးတွေ ဆော့တာဆိုရင် ကျုပ်က ကလေးတွေ ဆော့သလိုများ ဆော့နေတယ်လို့ ထင်နေတာလား . . .)
“အင်း . . . လူတစ်ယောက်သာ ဒီလိုစွမ်းရည်ကို အသုံးချနိုင်မယ်ဆိုရင် . . .”
ထိုအသံမှာ ဆောင်ဂျုထံမှ မဟုတ်တော့ချေ။ ပိုင်အာထံမှသာ ဖြစ်ပါတော့သည် . . .။