Switch Mode

Chapter – 318

ထူးခြားသောကျင့်စဥ်

Chapter – 318
“ထူးခြားသောကျင့်စဉ်”

ရဲရှောင် ပိုင်အာ၏ စကားကို ကြားသောအခါ တုန်လှုပ်သွားလေသည်။ သူမ၏ စကားအတိမ်အနက် အဓိပ္ပါယ်ကိုလည်း စဉ်းစားနေမိလေ၏။
ထို့နောက် ထူးဆန်းသော လူ့ဘီလူးကြီးနှင့် ထူးဆန်းသော ကျင့်စဉ် အကြောင်းကို စဉ်းစားမိသွား ပြန်သည်။
ရဲရှောင်သည် အတွေးပင်လယ်အတွင်း ကူးခတ်လျက် ရှိပြီး သူ့အရှေ့ရှိ မိန်းမလှလေးကိုပင် မေ့လျော့သွားလေ၏။
ပိုင်အာသည် ရဲရှောင် တစ်စုံတစ်ခု စဉ်းစားနေသည်ကို တွေ့သောအခါ အရေးကြီးသည့်အရာ တစ်ခုခုကို စဉ်းစားနေခြင်း ဖြစ်မည်ဟု တွက်ဆမိလိုက်၏။ ထို့ကြောင့် မနှောင့်ယှက်တော့ဘဲ အသာအယာ ထွက်သွားပါတော့သည်။
ထိုရက်များ အတွင်း သူမသည်လည်း အခန်းထဲမှ အခန်းပြင်သို့ မထွက်ခဲ့ချေ။ သူမ၏ စိတ်သည်လည်း ယခင်ကထက်များစွာ ရင့်ကျက်နေပြီ ဖြစ်၏။
ရဲရှောင် တွက်ဆမိသည့်အတိုင်း ပိုင်အာသည် ယခုအခါ ၁၂ နှစ်သမီး အသိဉာဏ်မျိုး ရရှိနေပြီ ဖြစ်၏။ စဉ်းစားဆင်ခြင်ဉာဏ်လည်း ရှိနေပြီ ဖြစ်သည်။
ရဲရှောင်၏ သင်ကြားပေးမှုများကြောင့် သူမသည် အရာရာကို ကောင်းစွာသိမြင် နားလည်နေပြီ ဖြစ်၏။ နောက်ထပ် လေးငါးခြောက်ရက်လောက်သာ ယခုနှုန်းအတိုင်း ဆက်သွားနေမည် ဆိုပါက ၁၈ နှစ်သမီး မှတ်ဉာဏ်မျိုး ရရှိသွားမည် ဖြစ်သည်။
ရဲရှောင် လုပ်ရပ် အောင်မြင်ခဲ့သည်ဟု ဆိုရမည် ဖြစ်၏။
ထိုအချိန်တွင် ရဲရှောင်သည် ယင်ယန်မျက်လုံး ကျင့်စဉ်အကြောင်းကို တွေးနေမိသည်။
စိတ်ဝိညာဉ်အာရုံအား ဟင်းလင်းပြင်ကြီးအတွင်း ဝင်ကြည့်သောအခါ ထင်ထားသည့်အတိုင်းပင် ရွှေရောင်စာလုံးများ တောက်ပနေသည့် စာအုပ်တစ်အုပ်အား တွေ့လိုက်ရ၏။ သေချာကြည့်လိုက်သော အခါ ထိုစာအုပ်သည် ရွှေရောင်အလင်း အစက်ပျောက်များ ဖြစ်သွားပြီး ပျောက်ကွယ်သွားလေသည်။
သူ၏ ခေါင်းထဲတွင်လည်း ကျင့်စဉ်နှင့် ပတ်သက်သည့် စာလုံးအချို့ ပေါ်လာလေ၏။
“ကောင်းကင်ထက်က စကြဝဠာမှာ၊ ကမ္ဘာမြေကြီးပေါ်မှာ ယင်နှင့်ယန် ဟူသော အရာ ၂ ခု ရှိတယ်။ ထိုအရာနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ခေါင်းနှင့်ပန်းလို ဆန့်ကျင်ဘက် အရာနှစ်ခုဖြစ်ပြီး နှစ်ခုလုံး ရှိနေမှသာ ပြီးပြည့်စုံနိုင်တယ်။ သက်ရှိများကို မွေးဖွားစေနိုင်တာလည်း ဖြစ်တယ်။ ယင်နဲ့ယန် ဆိုတာ ဘာလဲ၊ ယင်နဲ့ယန်ကို ထိန်းချုပ်နိုင်တဲ့လူသာ အောင်မြင်မှု ရရှိမယ်။ လူတွေက အသိဉာဏ် နည်းကြတယ်။ အခု ဒီယင်ယန်နည်းလမ်းကသာ လူတို့ရဲ့ အနာဂတ်ကို သိမြင်နိုင်လိမ့်မယ်။ ဒီနည်းလမ်းကနေ မွေးဖွားလာတဲ့ ကျင့်စဉ်ကတော့ ယင်ယန်မျက်လုံး ကျင့်စဉ်ပဲ။ လူတိုင်းမှာ မျက်လုံး ရှိကြတယ်။ ဘယ်ဖက် မျက်လုံးက ယန်ဖြစ်ပြီး ညာဖက်မျက်လုံးက ယင်ဖြစ်တယ်။ ပင်လယ်နဲ့ ကုန်းမြေရဲ့ လှုပ်ရှားမှုကို သိမြင်နိုင်ပြီး နေ၊ လနှင့် ကြယ်တို့၏ လှုပ်ရှားမှုကိုလည်း သိမြင်နိုင်လိမ့်မယ်။ သာမန် မော်တယ်လူသားတွေ မမြင်နိုင်တာကို မြင်နိုင်မယ်။ မကြည့်နိုင်တာကို ကြည့်နိုင်မယ်။ ယင်ယန်မျက်လုံးတွေက အရမ်းကို လျှို့ဝှက်ဆန်းကြယ်တယ် . . .”
“ပထမအဆင့်က ကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်ကို သိမြင်နားလည်နိုင်မယ်။ ဒုတိယအဆင့်က ကမ္ဘာကြီးထဲက ယင်နဲ့ယန်ကို ထိုးထွင်းသိမြင်နိုင်မယ်။ တတိယအဆင့်ကတော့ နေ၊ လနှင့် ကြယ်တို့ကို ထိုးထွင်း သိမြင်နိုင်မယ်တဲ့ . . .”
ကျင့်စဉ်အကြောင်း ဖတ်ပြီးသောအခါ ရဲရှောင် တုန်လှုငပ်သွားမိ၏။ သူကျင့်ကြံသည့် ရှေးဦးခရမ်း ရောင် ချီဓာတ်ကျင့်စဉ် အကြောင်းကိုလည်း စဉ်းစားမိလိုက်၏။ ထိုကျင့်စဉ်အပြင် ယန်နှင့်ယန်ကိုလည်း ကျင့်ကြံနိုင်တော့မည် မဟုတ်ပါလား။
ယခုအခါ သူ့အတွက် ယင်ယန်မျက်လုံး ကျင့်စဉ် ရရှိလာချေပြီ။
ကျင့်စဉ်တစ်ခုနှင့် တစ်ခုသည် ဆက်စပ်နေပေမည်လော . . .
သို့သော်လည်း ယခုအချိန်တွင် ထိုသို့ စဉ်းစားနေရန် အချိန်မရှိချေ။ သူ၏ ရှေးဦးခရမ်းရောင် ချီဓာတ်သည် အားနည်းနေသေး၏။ ထို့ကြောင့် ယင်ယန်မျက်လုံးကျင့်စဉ်ကို စတင်ကျင့်ကြံရန် အဆင်ပြေပါ့မလားဟူ၍ တွေးမိပြန်၏။
ယင်ယန်မျက်လုံးကျင့်စဉ် စာအုပ်၏ ဖော်ပြချက်အရ ထိုကျင့်စဉ်သည် အလွန်ထူးခြားလှသည့် ကျင့်စဉ်တစ်ခုပင် ဖြစ်ပေသည်။ ယခုအခါ သူ့ကို အခွင့်အရေး ပေးလာပြီ ဖြစ်သဖြင့် ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ရမည် ဖြစ်ပေသည်။
ပထမဆုံး ခံစားမိသည်မှာ သူ၏ ညာဖက်မျက်လုံး မသက်မသာ ဖြစ်လာခြင်းကိုပင် ဖြစ်သည်။ မျက်ရည်များ ထပ်မံကျဆင်းချင်သလို ဖြစ်လာလေ၏။
ရဲရှောင် တုန်လှုပ်နေမိလေသည်။ ထပ်မံ၍ မျက်ရည်များလည်း မကျချင်တော့ချေ။
ကံကောင်းစွာပင် ထိုခံစားမှုသည် တခဏမျှသာ ဖြစ်သွားခြင်း ဖြစ်၏။
ထို့နောက်တွင်မူ သူ၏ ညာဖက်မျက်လုံးမှ မြင်တွေ့လိုက်ရသည့် အရာကြောင့် လုံးဝကို အံ့သြသွားရလေတော့သည်။
သူမြင်တွေ့လိုက်ရသည်မှာ နောက်ထပ်ကမ္ဘာတစ်ခုပင် ဖြစ်၏။
သူ၏ အခန်းတွင်းရှိ အရာအားလုံးသည် မူလအတိုင်းပင် ရှိနေတုန်းပင်။ သို့သော် အရာအားလုံးအား အခိုးအငွေ့များ သိပ်သည်းစွာ ဖုံးလွှမ်းထားသလို ဖြစ်နေလေ၏။ အေးစက်စက် အငွေ့အသက်များကိုလည်း ခံစားမိလိုက်သဖြင့် သူ၏ အခန်းသည် ကြောက်စရာ ငရဲခန်းတစ်ခုနှင့်ပင် တူနေပါသေးသည်။
ရဲရှောင် တုန်လှုပ်သွားပြီး ချက်ချင်းပင် ယင်ယန်မျက်လုံးအား ပိတ်ပစ်လိုက်သည်။ ထပ်မံကြည့်ရှု လိုက်သည့် အခါမှသာ အဆိုပါ မြင်ကွင်းမျိုး မမြင်တွေ့ရတော့ချေ။
ရဲရှောင် မယုံကြည်နိုင်အောင် ဖြစ်နေလေ၏။ ထို့ကြောင့် ယင်ယန်မျက်လုံးကို ပြန်လည် ဖွင့်လိုက်ပြန်သည်။ ယခင်မြင်ခဲ့ရသည့် မြင်ကွင်းအတိုင်းပင် မြင်လိုက်ရသဖြင့် တဖန်ပြန်လည်၍ အံ့သြသွားရပြန်ပါတော့သည်။ မှုန်ဝါးဝါး အရိပ်အချို့ လှုပ်ရှားနေသည်ကိုပင် မြင်တွေ့နေရပါသေးသည်။
အဆိုပါ အရိပ်များသည် အစစ်အမှန်ပုံစံများ မဟုတ်မှန်း သိသော်လည်း ပုံစံများ ပြောင်းလဲနေပြန်၏။ တစ်ခါတရံ ရှည်မျောမျောပုံစံ ဖြစ်ပြီး တစ်ခါတရံ ပုံစံခပ်သေးသေးသာ ဖြစ်၏။
အဆိုပါ အရိပ်များသည် ရဲရှောင်အား ရှိသည်ဟုပင် သဘောမထားဘဲ အလုပ်များနေကြသကဲ့သို့ ဟိုဟိုဒီဒီ ရွေ့လျားနေကြလေ၏။
ထိုအချိန် လေအေးတစ်ချက် ဖြတ်တိုက်သွားသောအခါ အရိပ်များအားလုံး ပျောက်ပြယ် လွင့်စင်ကုန်၏။
ရဲရှောင် အတော်ပင် လန့်သွားမိသည်။ ချက်ချင်းပင် ကျင့်စဉ်အား ရပ်တန့်ပစ်လိုက်လေ၏။
“ယင်ယန်မျက်လုံးက ဘာအတွက် သုံးလို့ရတာပါလိမ့် . . .”
ရဲရှောင် နားမလည်နိုင်သလို ဖြစ်နေ၏။
“ငါ့ကို တစ္ဆေတွေကို မြင်နိုင်စေတာလား။ င့ါကို ရူးသွားအောင်များ လုပ်နေတာလား . . . ဒီလို ထူးဆန်းတဲ့ ကျင့်စဉ်မျိုးကို ငါကဘာကြောင့် ရလာခဲ့ရတာလဲ . . .”
တစ္ဆေကဲ့သို့ အရိပ်များ သူ၏ ခန္ဓာကိုယ်အား ထိတွေ့လာသည်ကိုပင် မြင်တွေ့ခဲ့ရ၏။
(ယင်ယန်မျက်လုံးတွေက ပုံရိပ်ယောင်တွေကို မြင်စေတာလား . . . ငါ့ရဲ့ ရှေးဦးခရမ်းရောင်ချီဓာတ် မှာ ပါတဲ့ ယင်ယန်ဓာတ်နဲ့လည်း မတူပါလား . . .)
ရဲရှောင် တုန်လှုပ်လျက်ရှိပြီး ယင်ယန်မျက်လုံးများအနက် ယင်မျက်လုံးအား နောက်တစ်ခါ မသုံးရန်ပင် ဆုံးဖြတ်လိုက်မိ၏။
သို့သော်လည်း ယန်မျက်လုံး၏ ထူးခြားချက်ကိုမူ သူမသိသေးချေ။
သိချင်စိတ်များ ပြင်းပြလာသည့်အတွက် ကျင့်စဉ်ကို ထပ်မံပြုလုပ်ကာ ဘယ်ဖက်မျက်လုံးအား မရဲတရဲဖြင့် ဖွင့်ကြည့်လိုက်သည်။ အစပိုင်းတွင် ညာဖက်မျက်လုံးကဲ့သို့ပင် မသက်မသာ ခံစားလိုက်ရပြီး မျက်ရည်ကျချင်သလို ဖြစ်လာ၏။
စိတ်ထဲတွင်လည်း လန့်သွားမိပြီး မျက်ရည်မကျမိအောင် ကမန်းကတမ်း ထိန်းလိုက်၏။
ထိုအချိန်တွင် အံ့သြစရာ မြင်ကွင်းကို မြင်တွေ့လိုက်ရလေ၏။
သူ၏ အရှေ့တွင် အလွန်လှပသော မိန်းကလေးတစ်ဦးကို မြင်တွေ့လိုက်ရပြီး ထိုမိန်းကလေးသည် မိမွေးတိုင်းဖမွေးတိုင်း ကိုယ်လုံးတီးနှင့် ဖြစ်နေလေသည်။ သူမ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူမ၏ ရင်သားများ တုန်ခါနေသည်ကိုပင် မြင်တွေ့နေရ၏။
အံ့သြစရာ ကောင်းလွန်းသော မြင်ကွင်းပင် ဖြစ်သည်။
ရုတ်တရက် ရဲရှောင်သည် သူမြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးများပင် ပြာဝေသွားပြီး ခေါင်းမူးလာသလိုပင် ဖြစ်လာ၏။ မျက်လုံးပိတ်လိုက်ရမလို ဆက်ဖွင့်ထားရမလိုပင် ဖြစ်နေမိပါတော့သည်။
ထိုမိန်းကလေးသည် ရဲရှောင်အား အပြစ်ကင်းစင်ဟန်ဖြင့် ကြည့်နေလေ၏။ သူမ၏ မျက်ဝန်းများထဲတွင် ကြင်နာသည့် အရိပ်အယောင်များကို မြင်တွေ့နိုင်ပေသည်။
ရဲရှောင်သည် မိန်းမလှလေးအား ကြည့်ရင်း တုန်လှုပ်နေမိ၏။ သွေးများ ဆူပွက်လာပြီး ခေါင်းသို့ပင် တဒိတ်ဒိတ်ဖြင့် တိုးနေလေ၏။
နှာခေါင်းယားသို ဖြစ်လာပြီးနောက် သွေးများ ရေပန်းကဲ့သို့ လျှံကျလာပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset