Chapter – 316
“ရှက်ရွံ့နေသည့်ဧကရာဇ်”
ရဲရှောင် အတွေးနယ်ချဲ့နေစဉ်မှာပင် အော်သံတစ်ခု ကြားလိုက်ရသည်။
“အစ်ကိုကြီးရှောင် . . . ဘာဖြစ်နေတာလဲဟင်။ ဘာလို့ ရုတ်တရက်ကြီး ငိုနေရတာလဲ။ မျက်ရည်တွေ လည်း အများကြီးပါလား။ ဘာလို့များ ဝမ်းနည်းနေရတာလဲ။ တိတ်ပါတော့ အစ်ကိုကြီးရှောင် . . .”
ထိုအသံထဲတွင်စိုးရိမ်ပူပန်မှုများ အပြည့်ပါဝင်လျက်ရှိသည်။ ငိုတော့မည့် အသံမျိုးပင်။
ရဲရှောင် သူ၏ မျက်လုံးများ ဖွင့်ကြည့်လိုက်ေသာအခါ ချစ်စဖွယ်ေကာင်းသော မိန်းကလေးတစ်ဦး သူ့အား စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။
သွယ်လျလှပသော ခန္ဓာကိုယ်နှင့် ချစ်စဖွယ် ပုံစံရှိသော မိန်းကလေးပင် ဖြစ်သည်။ ထိုမိန်းကလေးသည်ရဲရှောင်၏ သွန်သင်ဆုံးမမှုများကြောင့် ယခုအခါတွင်ယခင်ကထက်အနည်းငယ် ရင့်ကျက်လာခဲ့ပြီ ဖြစ်သည်။
ရဲရှောင် ပြုံးလျက်-
“ဘာမှ မဖြစ်ပါဘူး ပိုင်အာရဲ့၊ ငါအဆင်ပြေပါတယ်။ အရင်ကထက်တောင် ပိုပြီး နေလို့ ကောင်းလာ သေးတယ်။ အခုက ငါငိုနေတာ မဟုတ်ပါဘူး . . .”
ပြောနေရင်းဖြင့်ပင် မျက်ရည်များသည် အဆက်မပြတ် စီးကျလာပြန်သည်။
ထို့ပြင်နှာရည်များပါ ထွက်လာသဖြင့် သူ၏ အသံမှာ နှာသံပင်ေပါက်လျက်ရှိသည်။
ရဲရှောင်ပြောလိုက်သည့် စကားနှင့် မြင်နေရသော မြင်ကွင်းသည် လုံးဝဆန့်ကျင်ဘက်ပင် ဖြစ်နေသည်။
ပိုင်အာမှ စိုးရိမ်တကြီးဖြင့် –
“အစ်ကိုကြီးက မျက်ရည်တွေကျပြီး ငိုနေတာလေ။ ကျွန်မကို မစိုးရိမ်စေချင်လို့သာ တမင် ပြောနေတာ။ အစ်ကိုရှောင် ညာနေတာ . . .”
ရဲရှောင် မျက်ရည်များ စီးကျလျက်ပင် –
“မဟုတ်ဘူး၊ ငါတကယ် မငိုပါဘူးကွာ။ သေချာကြည့်စမ်းပါ . . .”
ရဲရှောင် အားတင်း၍ ပြုံးပြလိုက်သည်။
ထိုအခါ မျက်ရည်များကျလျက် ပြုံးပြလိုက်သောအခါ ရဲရှောင်၏ မျက်နှာသည်ငိုနေသည်ထက်ပင် ပို၍ ဆိုးရွားသည့်ပုံ ပေါ်သွားလေသည်။
ရဲရှောင်၏ စကားကြောင့်ပိုင်အာသည်မျက်နှာအားစေ့စေ့စပ်စပ်ပင်ကြည့်လိုက်ကာ –
“အစ်ကိုကြီးရှောင် လိမ်နေတာ၊ ငိုနေတာ တွေ့နေရတာကိုပဲ လိမ်ချင်နေသေးတယ်။ အစ်ကိုကြီးရှောင် ငိုနေတာကိုကြည့်ပြီး ကျွန်မပါ ငိုချင်လာပြီ ဟင့် . . .”
ရဲရှောင်ထိတ်လန့်သွားမိသည်။
(မဖြစ်ဘူး၊ မဖြစ်ဘူး . . .)
နှစ်သိမ့်ပေးနိုင်မည့် စကားလုံးများ ရဲရှောင်စဉ်းစားနေစဉ်မှာပင် ပိုင်အာသည် ကြမ်းပြင်ထက်၌ ထိုင်ချရင်း ငိုနေပြီ ဖြစ်သည်။ မျက်ရည်များ ပိုးပိုးပေါက်ပေါက် စီးကျလျက် ငိုယိုနေခြင်းပင် ဖြစ်သည်။
ရဲရှောင်ခြေမကိုင်မိ လက်မကိုင်မိပင် ဖြစ်သွားသည်။
(ဘုရားရေ . . . ငါအကြောက်ဆုံးက မိန်းကလေးတစ်ယောက် ငိုတာကိုပဲ . . .)
မိန်းမကျမ်းမကြေသည့်ယောက်ျားတစ်ဦး ဖြစ်သည့်အတွက်သူ၏ရှေ့တွင် မိန်းကလေးတစ်ဦး ငိုနေသည့်အခါ ဘာဆိုဘာမှ မလုပ်တတ်တော့ချေ။
ကြံရာမရသည့်အဆုံး စိတ်ကိုတင်းလိုက်ရင်း ပိုင်အာအား ဖက်လိုက်သည်။ ထို့နောက်နူးညံ့ညင်သာသော အသံဖြင့်-
“မငိုပါနဲ့ ပိုင်အာရယ် . . . ငါလည်း မငိုတော့ပါဘူး။ ငါမငိုဘူး။ တကယ်ပြောတာ မငိုတော့ဘူးနော်”
ထိုသို့ချော့မော့နေရင်းဖြင့်စိတ်ထဲတွင်ကျင့်စဉ်အားကျိန်ဆဲ နေမိသည်။
(ဘယ်လိုကျင့်စဉ်ကြီးလဲဟ။ ငါ့ မျက်ရည်တွေတောင် ကုန်တော့မလား မသိဘူး။ ငါ့ရဲ့ နှစ်ဘဝစာ မျက်ရည်တွေ ပေါင်းလိုက်ရင်တောင် အခုကျတဲ့ မျက်ရည်လောက် ရှိမှာ မဟုတ်ဘူး။ တော်တော်ကို ရှက်စရာ ကောင်းတာပဲ၊ အခုလိုအချိန်ဦးလေးဆောင် ဝင်မလာပါစေနဲ့ပဲ ဆုတောင်းရမယ် . . .)
ပိုင်အာမှ ငိုနေရင်းဖြင့် –
“အစ်ကိုကြီးရှောင် ငိုတာရပ်ရင် . . . ဟင့် . . . ပိုင်အာလည်း ရပ်မယ်။ ဟင့် . . . ဒါပေမဲ့ အစ်ကိုကြီးရှောင်က ငိုနေတုန်းလေ၊ ဟင့်ဟင့် . . . ကျွန်မလည်း ဘယ်ရပ်လို့ ရပါ့မလဲ . . .”
ပြောနေရင်းဖြင့်ပင်ပို၍ သည်းထန်စွာ ငိုကြွေးလျက် ရှိသည်။
ရဲရှောင် မျက်ရည်များ အဆက်မပြတ် စီးကျနေတုန်းပင် ဖြစ်သည်။ ထိုကြားထဲတွင်ပိုင်အာမှလည်း ငိုကြွေးနေသည့်အတွက်ဘာလုပ်၍ ဘာကိုင်ရမည်မှန်းပင် မသိတော့ချေ။
ကြံရာမရတော့သည့်အဆုံး ယခုအတိုင်းသာ ဆက်နေလိုက်တော့မည်ဟုသာ စဉ်းစားမိလိုက်သည်။
သူ၏ မျက်လုံးမှ မျက်ရည်များသည်လည်း ရေတံခွန်မှ ရေများ စီးဆင်းနေသည့်အလား အဆက်မပြတ်ပင်ထွက်နေပါတော့သည်။
. . .
ရဲရှောင်၏ ဆုတောင်းအား နတ်ဘုရားများမှ မဖြည့်ဆည်းပေးချင်သည့်ဟန်ပေ။ ဆောင်ဂျုမှ ငိုသံများ ကြားမိလိုက်သည့်အတွက် စိတ်ဝင်စားသွားမိသည်။
(ဘာတွေများ ဖြစ်နေကြတာပါလိမ့် . . .)
ရဲရှောင်မှ သူ့အား “အခန်းထဲ ဝင်မလာခဲ့နဲ့ဦး . . .” ဟူသည့် ပြောလိုက်သည့်စကားကိုပင်လျစ်လျူရှု လိုက်သည်။
ရဲရှောင်သည် သူ၏ အခန်းထဲသို့ လူစိမ်း အဝင်မခံချေ။ အဘယ်ကြောင့်ဆိုသော် ပိုင်အာရှိနေသဖြင့် ထိုကဲ့သို့ စည်းကမ်းသတ်မှတ်ထားရခြင်း ဖြစ်သည်။
အမှန်တကယ်တွင်မူ သူ၏ လျို့ဝှက်ချက်များ ရိပ်မိသွားမည်စိုးသောကြောင့်လည်း ဖြစ်သည်။
ဆောင်ဂျုသည် ရဲရှောင်၏ စကားအတိုင်း အခန်းထဲသို့ မဝင်ဘဲ နေခဲ့သည်။ ထို့ကြောင့် ရဲရှောင်၏ အခန်းထဲသို့ မရောက်သည်မှာပင် ကြာလှချေပြီ။
သို့သော် ယခုအခါ သည်းသည်းထန်ထန် ငိုကြွေးနေသည့် အသံများအား ကြားလိုက်ရသဖြင့် ထိုစည်းကမ်းများကိုလည်း ဂရုမစိုက်နိုင်တော့ချေ။
ထို့ကြောင့်အခန်း တံခါးအား ဝုန်းခနဲပင်မြည်အောင်တွန်းဖွင့်လိုက်သည်။ ထိုအခါ မြင်ေတွ့လိုက်ရသည့် မြင်ကွင်းကြောင့်တုန်လှုပ်သွားလေသည်။
“ဘာ . . . ဘာဖြစ်နေကြတာလဲ . . .”
ဆောင်ဂျုသည် ရဲရှောင်တို့နှစ်ဦး တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်ဖက်ထားကြရင်း ငိုကြွေးနေကြသည်ကို တွေ့လိုက်ရသည်။ ရဲရှောင်၏ မျက်လုံးများမှ မျက်ရည်များ စီးကျလျက် ရှိနေပြီး ပိုင်အာသည်လည်း သည်းထန်စွာ ငိုကြွေးနေလေသည်။ ငိုသံမှာ ကျယ်လောင်လွန်းလှသဖြင့် သူပင် ထိတ်လန့်သွားမိသည်။
(သူတို့ ဘာဖြစ်နေကြတာပါလိမ့်။ ဘာမှ ထူးထူးခြားခြား အခြေအနေလည်း မတွေ့ရပါဘူး။ ဒါဆို ဘာလို့ သူတို့က ဒီလောက်ထိ သည်းသည်းမဲမဲကို ငိုနေကြတာလဲ။ ပိုင်အာက ငိုတယ် ဆိုရင်တောင် ထားလိုက်ပါဦး အံ့သြစရာ မရှိဘူး။ ရဲရှောင်က သူ့ကို တစ်ခုခု လုပ်လိုက်လို့ ငိုတယ်လို့ ယူဆလို့ ရသေးတယ်။ ဒါပေမယ့်အခု ရဲရှောင်ကပါ ဘာလို့ ငိုနေရတာလဲ . . .)
ဆောင်ဂျုသည် သူ့တူအကြောင်း ကောင်းစွာသိနေလေသည်။ ရဲရှောင်အား သတ်နိုင်သောသူ ကမ္ဘာပေါ်တွင် များစွာ ရှိနိုင်သည့်တိုင် ငိုယိုအောင် လုပ်နိုင်သော အရာဟူ၍ မရှိချေ။ တစ်ဦးပင် မရှိနိုင်ဟု ဆောင်ဂျု ယုံကြည်ထားခဲ့မိသည်။
သို့သော် ယခုလက်ရှိ အခြေအနေသည် သူယုံကြည်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေလေသည်။ ဆောင်ဂျုမှာ သူ၏ မျက်လုံးပင် မယုံနိုင်အောင် ဖြစ်နေမိသည်။
ရဲရှောင်၏ မျက်နှာတစ်ခုလုံးတွင် မျက်ရည်များ၊ နှာရည်များဖြင့် ပေကျံလျက် ရှိသည်။ ထို့ပြင်အသက်အား ပြင်းထန်စွာ ရှူသွင်းနေရသည့်ပုံ ပေါ်နေပြီး ဝမ်းပမ်းတနည်း ငိုယိုနေသည့် ပုံလည်းပေါက်လျက်ရှိသည်။
ဆောင်ဂျု ငိုင်သွားမိသည်။
(ဘာများ ဖြစ်ကြတာပါလိမ့်၊ စိုးရိမ်စရာ အခြေအနေ တစ်ခုခုများလား . . .)
ရဲရှောင်သည် မျက်ရည်များ စီးကျလျက်ပင် တံခါးဝမှ ဝင်လာသော ဆောင်ဂျုအား ကြည့်လိုက်သည်။ ဆောင်ဂျုအား မြင်သည့်အခါမှသာ အမှန်တကယ်ပင်ငိုချင်သွားမိလေသည်။
(တောက် . . . ရှက်ဖို့ ကောင်းလိုက်တာကွာ . . .)
တခဏကြာပြီးနောက် ဆောင်ဂျုသည် ရဲရှောင်၏ ရှင်းပြချက်များကြောင့် အခြေအနေအား နားလည် သဘောပေါက်သွားခဲ့သည်။ သို့သော် လက်ခံပေးရန်ခက်ခဲနေလေသည်။
“မင်းငိုရတာ ကျင့်စဉ်တစ်ခုကြောင့်ပေါ့ ဟုတ်လား . . . ဒီလို ထူးဆန်းတဲ့ ကျင့်စဉ်မျိုး ငါတစ်ခါမှ မကြားဖူးပါဘူး။ မင်းလိမ်နေတဲ့လူက ဘယ်သူလဲ ဆိုတာရော သိရဲ့လား ကောင်စုတ်လေး . . .”
ဆောင်ဂျုလည်း မကျေမချမ်း ရေရွတ်လိုက်ရင်း အခန်းထဲမှ ပြန်ထွက်ခွာသွားသည်။
ရဲရှောင်တို့အား လွတ်လပ်စွာ ငိုယိုခွင့် ပြုလိုက်ခြင်းပင်ဖြစ်သည်။
(ငါနားမလည်နိုင်တဲ့ အရာတွေ တကယ်ပဲ ရှိနေသေးတာလား . . .)
ဆောင်ဂျု သက်ပြင်းချရင်း တွေးနေမိသည်။
ထို့နောက် ဆောင်ဂျုသည် တဖျစ်တောက်တောက် ရေရွတ်၍ မကျေမနပ် ဖြစ်နေမိပြန်သည်။
ထိုနေ့မှစ၍ ရဲရှောင်သည် နေ့နေ့ညည မျက်ရည်များ အဆက်မပြတ် ကျဆင်းလျက် ရှိသည်။ စားလည်းကျ၊ သွားလည်းကျ၊ ထိုင်လည်းကျ၊ ထလည်းကျရုံမက အိပ်နေသည့် အချိန်၌ပင် မျက်ရည်များ စီးကျနေခြင်း ဖြစ်သည်။
ရဲရှောင်၏ ခန္ဓာကိုယ်အတွင်း မြစ်တစ်စင်း ရှိနေသကဲ့သို့ မျက်ရည်များသည် မကုန်နိုင် မခမ်းနိုင်ပင်ဖြစ်လျက်ရှိသည်။
ထိုမြစ်ကြီးသည်မည်သည့်အချိန်၌ ခန်းခြောက်သွားမည်ဆိုသည်ကို မည်သူမျှ မသိနိုင်ကြပေ။
ကံကောင်းသည့် အချက်မှာ ပိုင်အာသည် အစပိုင်းတုန်းကကဲ့သို့ မငိုတော့ချေ။ အခြေအနေများအား နားလည် သွားပြီ ဖြစ်သဖြင့် မငိုတော့ခြင်းဖြစ်သည်။ မှတ်ဉာဏ်များ ပျောက်ဆုံးနေသည့်တိုင် လိမ္မာပါးနပ်သည့်မိန်းကလေး တစ်ဦးပီပီ ဆောင်ဂျု ထွက်သွားပြီးသည့်အချိန်မှစ၍ အငိုတိတ်သွားခြင်း ဖြစ်သည်။
သို့သော်ရဲရှောင်အား အငိုတိတ်ပြီလား ဟူ၍သာ အမြဲတစေစောင့်ကြည့်လျက် ရှိနေခဲ့သည်။ ရဲရှောင်အား ရှားပါး သတ္တဝါတစ်ကောင်ကဲ့သို့ပင်မျက်ခြေမပြတ် ကြည့်နေခြင်းပင်ဖြစ်သည်။
(ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ၊ ယောကျာ်းတစ်ယောက်ရဲ့ မျက်ရည်တွေက မိန်းမတစ်ယောက်ရဲ့ မျက်ရည်တွေထက်တောင် ပိုများနေပါလား . . .)
ပိ်ုင်အာ စိတ်ထဲတွင်တွေးနေမိပါတော့သည်။