Chapter – 315
“ယင်ယန်မျက်လုံး”
(ဒီလူ့ဘီလူးကြီးရဲ့ မျက်လုံးတွေက အသက်မဲ့နေသလိုပဲ။ လုံးဝကို မလှုပ်ရှားဘူး . . .)
(သူ့မျက်လုံးတွေက တစ်ခုခုကို အာရုံစိုက်ထားသလိုပဲ။ အင်း . . .သက်ရှိလူသားတွေကို ငုံ့ကြည့်နေတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ကမ္ဘာကြီးကို ငုံ့ကြည့်နေတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့်သူ့အကြည့်က မာန်မာန ထောင်လွှားတဲ့ အကြည့်မျိုးလည်းမဟုတ်ပြန်ဘူး။ အကြည့်တွေက သနားနေသလို ပုံစံ ပေါက်နေတာလား . . .)
ရဲရှောင် အတွေးနယ်ချဲ့လျက် ရှိသည်။
(သနားသလို အကြည့်တင် မဟုတ်ဘူး၊ ရက်စက်မှု၊ ကြမ်းကြုတ်မှုနဲ့ ပြတ်သားမှုတွေကိုပါ တွေ့နေရတယ်။နောက်ပြီး သူ့ရဲ့ မျက်လုံးထဲမှာ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေကိုလည်း တွေ့နေရတယ်။ပြောရမယ်ဆိုရင်မှန်မှန်ကန်ကန် ကျင့်သုံးတတ်တဲ့ အကြည့်မျိုးတွေနဲ့ တူနေတယ် . . .)
(ဒီတော့ သူပြောချင်တာက လူသားတွေ ဒုက္ခရောက် ခံစားနေကြရတဲ့အဖြစ်ကနေ ငါ့ကို ကယ်တင်စေချင်တာလား။ မဟုတ်လောက်ဘူး၊ မဖြစ်နိုင်ဘူး။ ဒီလိုသာဆို ဘာလို့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်မျိုး တွေ့ရမှာလဲ . . .)
(ဒီလိုမှ မဟုတ်ရင် ဘယ်လိုများ ဖြစ်နိုင်မလဲ . . .)
(ဒီလူ့ဘီလူးကြီးက ကောင်းကင်ထိမြင့်ပြီး နေနဲ့လကိုလည်း ကိုင်ထားတယ် . . .)
ရဲရှောင် အနည်းငယ် နားလည်စ ပြုလာသော်လည်း တိကျသော အဖြေရရန်မူ ခက်ခဲနေလျက်ရှိသည်။ ထို့ကြောင့်မျက်မှောင်ကြုတ်ရင်းသာ ဆက်၍တွေးနေမိသည်။
(လူ့ဘီလူးကြီးက ပါးစပ်ဖွင့်ပြီး တစ်ခုခု ပြောချင်နေသလိုပဲ ဒါပေမယ့်သူမပြောနိုင်ဘူး ဖြစ်နေတယ်။ ငါ့ကို တစ်ခုခု ပြောချင်နေတယ် ဆိုတာတော့ သေချာတယ်။ ဒါပေမယ့်ဘယ်လိုပြောရမလဲ မသိတာ ဒါမှမဟုတ် ပြောလို့မရတာ ဖြစ်နေတယ်ထင်တယ် . . .)
(သူကငါ့ကို ဘာများ ပြောချင်နေတာပါလိမ့် . . .)
(ဘယ်ပညာမဆို ဆရာကသင်ပေးမှ တတ်နိုင်ပေမယ့်ကျင့်ကြံမှုမှာကြတော့ ကိုယ်တိုင်ကိုယ်ကျ လေ့လာမှပဲရတယ်။ ဘယ်လိုဆရာမျိုးကမှ အတတ်မသင်ပေးနိုင်ဘူး။ ဒါက အဆင့်မြင့် ကျင့်စဉ်တွေနဲ့ ပတ်သက်ပြီးပေါ့။ တပည့်ဖြစ်သူကလည်း ကိုယ့်စွမ်းဉာဏ်စွမ်း ရှိသမျှနဲ့ ကြိုးစားမှ တတ်သိ နားလည်နိုင်မှာ . ..)
(ဒါဆို အခု ငါ့ဟာငါ ရအောင် အဖြေထုတ်ရမယ့်သဘောပဲ . . .)
ရဲရှောင် မျက်မှောင်ကြုတ်ရင်း လေးလေးနက်နက် တွေးနေမိသည်။ ထို့နောက် တင်ပျဉ်ခွေထိုင်လိုက်ကာ မျက်လုံးများအား မှိတ်လိုက်ပြီး ကျင့်ကြံမှုများသာ အာရုံပြုလိုက်သည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကိုမူ သူမသိတော့ချေ။ တစ်ရက်၊ တစ်လ၊ တစ်နှစ်သာမက နှစ်ပေါင်းမရေမတွက်နိုင်အောင်လည်း ကြာကောင်း ကြာသွားပေလိမ့်မည်။ ထိုစဉ် ရဲရှောင်၏ ခေါင်းထဲ၌ စာလုံးတစ်လုံး ရုတ်တရက်မြင်ယောင်သွားလေသည်။
“လူသား . . .”
ထိုစာလုံးအား မြင်မိလိုက်ခြင်းပင်ဖြစ်သည်။
အချိန်အတော်ကြာသည့်တိုင် ထိုစကားလုံး တစ်လုံးတည်းကိုသာ သိခွင့်ရလိုက်ခြင်း ဖြစ်သည်။
(လူသားတဲ့ . . . ဘာလဲ လူသားဆိုတာ . . .)
ရဲရှောင် တွေးလိုက်မိသည်။
(လူသားဆိုတဲ့ထဲမှာ ယောကျာ်း၊ မိန်းမ၊ လူကောင်း၊ လူဆိုး အကုန်လုံး ပါနေတာပဲ . . .)
(ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားအားလုံးမှာ မတူညီတဲ့ စိတ်ဆန္ဒတွေ ရှိကြတယ်။ အဲဒီဆန္ဒတွေကိုလည်း ပြည့်နိုင်အောင် ကြိုးစားကြရတယ်။ အတွေးကိုယ်စီလည်း ရှိကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက လူသားတွေပဲ။ လူသားတွေ ဖြစ်လို့လဲ ဒီလို ဆန္ဒတွေနဲ့ လိုချင်တပ်မက်မှုတွေ ရှိနေကြတာပေါ့ . . .)
(အင်အားကြီးတဲ့ လူဖြစ်ဖြစ်၊ အားနည်းတဲ့ လူပဲဖြစ်ဖြစ်၊ လူဆိုးဖြစ်ဖြစ် လူကောင်းဖြစ်ဖြစ် လူက လူပဲ။ ခြုံကြည့်လိုက်ရင် လူ ဆိုတဲ့ စကားလုံးတစ်လုံးထဲမှာ အားလုံး အကြုံးဝင်နေတယ် . . .)
(ဒီလူတွေထဲကမှ လူဆိုးကို ဘယ်လိုခွဲခြားမလဲ၊ ဘယ်လိုလူပဲဖြစ်ြဖစ် လူကောင်းဖြစ်အောင် ကြိုးစားပြီးတော့ နေသင့်တာချည်းပဲ . . .)
(လူကောင်းတစ်ယောက်ဖြစ်အောင် ဘာတွေက လုပ်ပေးနိုင်မလဲ . . .)
(လူကောင်းတစ်ယောက် ဖြစ်ဖို့အတွက် အဓိကကတော့ ဉာဏ်ပညာ ရှိဖို့ လိုအပ်တယ်။ ဉာဏ်မရှိတဲ့လူထက် လူဆိုးကတောင် ပိုပြီး ကောင်းတယ်လို့ ပြောလို့ရတယ်။ ဉာဏ်ပညာမရှိတဲ့လူကတော့ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူးလဲ ဆိုတာကိုတောင် သိမှာ မဟုတ်ဘူး . . .)
(ဆိုးဆိုးကောင်းကောင်း၊ အားကြီးကြီး နည်းနည်း လူကလူပဲ . . .)
(လူသား . . .)
ထိုအတွေးများသည် ရဲရှောင်၏ ခေါင်းထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ပင်လျင်မြန်စွာဖြင့်ပေါ်သွားလေသည်။
(လူသားစစ်စစ် တစ်ယောက်ဖြစ်ဖို့အတွက် အဆိုးနဲ့အကောင်းကို ခွဲခြားနိုင်ရမယ်။ မှန်ကန်တဲ့ လမ်းကိုပဲ လျှောက်ရမယ်။ မတရားတာကို လက်မခံရဘူး။ ဒုက္ခရောက်နေတဲ့ လူတွေကို ကူညီ ကယ်တင်ပေးရမယ်။ လူယုတ်မာတွေ၊ လူဆိုးတွေကို တားဆီးရမယ်။ အင်း . . . တားဆီးရုံနဲ့ ဘယ်လုံလောက်ပါ့မလဲ၊ သတ်ကိုသတ်ပစ်ရမယ်။ သနားစရာ လုံးဝမလိုဘူး . . .)
(လူဆိုးတစ်ယောက်က ငါ့ကို ဘာမှ မလုပ်ဘူး ဆိုပြီး ဒီကောင့်ကို လွှတ်ထားရင် ငါမဟုတ်တဲ့ တခြားလူတွေကို ဒုက္ခပေးနိုင်တယ်။ ဒါဆို ငါ့အပြစ်လည်း မကင်းဘူး။ ဒုက္ခပေးခံရတဲ့ လူ ဘယ်နှစ်ေယာက်လောက် ရှိသွားမလဲ ဆိုတာကိုလည်း မပြောနိုင်ဘူး . . .)
(အဲဒါကြောင့် ဒီကောင်တွေ အကုန်လုံးကို ဆိုးရွားတဲ့ လုပ်ရပ်တွေ ဆက်မလုပ်နိုင်အောင် သုတ်သင်ပစ်ရမယ် . . .)
(ယောကျာ်းတစ်ယောက်ဖြစ်တဲ့ ငါလည်း ကမ္ဘာမြေပေါ် မားမားမတ်မတ် ရပ်တည်ပြီး မိုးထိအောင် မြင့်မားတဲ့ လူတစ်ယောက် ဖြစ်လာရမယ်။ နေနဲ့လကိုတောင် ဖမ်းဆုပ်နိုင်စွမ်း ရှိရမယ်။ တောတောင်၊ မြစ်ချောင်းအင်းအိုင်တွေ အားလုံးကို သိမ်ငယ်သွားအောင် လုပ်နိုင်စေရမယ် . . .)
ရဲရှောင် စဉ်းစားနေရင်းဖြင့်ကျေနပ်သွားသောကြောင့်ပါးစပ်မှပင် အသံထွက်ကာ –
“ယောကျာ်းတစ်ယောက်ဖြစ်တဲ့ ငါလည်း ကမ္ဘာမြေပေါ် မားမားမတ်မတ် ရပ်တည်ပြီး မိုးထိအောင် မြင့်မားတဲ့ လူတစ်ယောက် ဖြစ်လာရမယ်။ နေနဲ့လကိုတောင် ဖမ်းဆုပ်နိုင်စွမ်း ရှိရမယ်။ တောတောင်၊ မြစ်ချောင်းအင်းအိုင်တွေ အားလုံးကို သိမ်ငယ်သွားအောင် လုပ်နိုင်စေရမယ်။ မှန်ကန်တဲ့ လမ်းကိုပဲ လျှောက်လှမ်းနိုင်စေရမယ်။ သတ်သင့်တဲ့လူ မှန်သမျှကို သတ်ရမယ်။ သနားစရာ လုံးဝ မလိုဘူး။ ငါ့နောက်ကျောမှာ အလောင်းတွေ တောင်လိုပုံပြီး ငါ့ခြေထောက်အောက် သွေးချောင်းစီးနေရုံမက တစ်ကမ္ဘာလုံးက လူတွေအားလုံးရဲ့ ကျိန်ဆဲတာကို ခံနေရရင်တောင်မှ ငါ့ခံယူချက်အတွက် ငါလုပ်စရာရှိတာ လုပ်ရမှာပဲ . . .”
“ဒါမှ လူပီသမှာ . . .”
ရဲရှောင် မျက်လုံးများဖွင့်၍ လူ့ဘီလူးကြီးအား မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင်တိကျပြတ်သားမှု နှင့်ရဲရင့်မှုတို့ကို တွေ့မြင်နိုင်လေသည်။
လူ့ဘီလူးကြီးသည်လည်း ပြောင်းလဲမှု အနည်းငယ်ဖြစ်သွားသည်။
သူ၏ တည်ကြည်လေးနက်၍ ကြောက်မက်ဖွယ် ကောင်းသော မျက်လုံးများသည် နူးညံ့သော အသွင်သို့ ပြောင်းသွားကာ ပြုံးယောင်ပင် သမ်းသွားသလိုပင်။
“ဘုန်း . . .”
ထို့နောက် ထိုလူ့ဘီလူးကြီးသည်ချက်ချင်းပင် ပျောက်ကွယ်သွားပါတော့သည်။
ထိုသို့ ပျောက်ကွယ်သွားချိန်တွင်ကမ္ဘာမြေကြီး တစ်ခုလုံးပေါက်ကွဲထွက်မတတ်ပင်တုန်လှုပ်သွားလေသည်။ ထိုအခါ ရဲရှောင်သည်လည်း မူလ ခန္ဓာကိုယ်ထဲသို့ ပြန်၍ ပူးကပ်သွားလေသည်။
ထိုအချိန်တွင်စကားပြောသံ တစ်ခုအား ရဲရှောင်ကြားလိုက်ရသည်။ ထိုအသံသည် ကောင်းကင်ထက်မှ လာသယောင်ယောင်၊ သူ၏ ခန္ဓာကိုယ်တွင်းမှ ပြောနေသယောင်ယောင်ခံစားလိုက်ရသည်။
“ဟားဟားဟား . . . နောက်ဆုံးတော့ ငါလည်း အထီးမကျန်တော့ဘူးပေါ့ . . .”
ထွက်ပေါ်လာသည့်အသံသည်အလွန်ကြည်လင်ပြတ်သားသော အသံမျိုးဖြစ်ပြီး ပျော်ရွှင်ကျေနပ်နေသည့်ခံစားချက်များလည်း ပါဝင်နေသယောင်ပင်။
“ရဲရှောင် . . . အခု မင်း လူဆိုတဲ့ အဓိပ္ပါယ်ကို ကောင်းကောင်း နားလည်သွားပြီ။ အဲ့ဒါကြောင့်ကမ္ဘာကြီးကို မင်း လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့အတွက် ဒီကျင့်စဉ်နဲ့ ကူညီပေးပါ့မယ် . . .”
ထို့နောက် ရဲရှောင်သည် သူ၏ ဦးနှောက်ထဲ၌ ကျင့်စဉ်တစ်ခု ပေါ်လာသည့်အလား ခံစားလိုက်ရသည်။ ထိုကျင့်စဉ်သည်သူနှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် ကျင့်စဉ်တစ်ခုကဲ့သို့ပင်စွဲမြဲစွာ မှတ်မိသွားလေသည်။
“ယန်ယန်မျက်လုံး” ဟူသည့် ကျင့်စဉ်ပင် ဖြစ်သည်။
ထိုအခိုက် ရဲရှောင်သည် သူ၏ မျက်လုံးများ နာကျင်လာသည်ကို ခံစားလိုက်ရသည်။ နာကျင်မှုကြောင့်
မျက်ရည်များ စီးကျလာကာ ရပ်တန့်သွားေစရန်လည်း မလုပ်နိုင်ချေ။ မျက်လုံးများမှိတ်၍ မျက်ရည်မကျစေရန် ထိန်းနေသည့်တိုင် မအောင်မြင်ပေ။
ထို့ကြောင့် မတတ်သာတော့သည့်အဆုံး ဟန့်တားရန် မကြိုးစားတော့ချေ။ သူ၏ မျက်လုံးများသည်ပို၍ ကိုက်ခဲလာပြီး နေရသည်မှာလည်း သက်တောင့်သက်သာ မဖြစ်တော့ချေ။
သို့သော် ထိုယင်ယန်မျက်လုံးကြောင့် ပြောင်းလဲမှုများစွာ ဖြစ်လာမည်ကို ရဲရှောင်သိနေလေသည်။ အရာအားလုံး ကောင်းဖို့ ဖြစ်လာသည် ဆိုသည်ကိုလည်း သိနေခဲ့သည်။
သို့သော် ထိုယင်ယန်မျက်လုံးများအား မည်သို့ အသုံးပြုနိုင်သည်ကိုမူ ရဲရှောင်သိချင်နေမိပါတော့သည်။