Chapter – 313
“ခရမ်းရောင်တိမ်တိုက်”
ပိုင်အာ၏ ကိုယ်ထဲမှ ချီဓာတ်သည် ပို၍ သန့်စင်၍ ကြောက်စရာ ကောင်းလှသည်။ ပိုင်ရှင်းယွဲ့နှင့် ဝမ်ရမ်ချူးချူးတို့၏ ချီဓာတ်များထက် များစွာ သာလွန်လျက် ရှိသည်။ သို့သော် အမျိုးအစားမှာမူ အတူတူပင် ဖြစ်သည်။
ပိုင်အာ၏ ခန္ဓာကိုယ်ထဲတွင် ထိုချီဓာတ်များစွာ ရှိနေလေသည်။
ထိုချီဓာတ်၏ အမည်မှာ အသက်မဲ့ချီဓာတ်ပင်ဖြစ်ပြီး အလွန်အစွမ်းထက်လှသည်။ သာမန်လူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းတွင်သာ ထိုချီဓာတ်များ ရှိနေမည်ဆိုပါက အသက်ဆုံးရှုံးနိုင်ပေသည်။ ဝမ်ရမ်ချူးချူးကဲ့သို့ ကောင်းကင်အဆင့် ပညာရှင်တစ်ဦးပင် ကောင်းစွာ မထိန်းချုပ်နိုင်ခဲ့ချေ။ ထို့အတူ ပိုင်ရှင်းယွဲ့သည်လည်း ထိုချီဓာတ်အား မနည်းထိန်းချုပ်၍ ထားရခြင်း ဖြစ်လေသည်။
ချီဓာတ်အနည်းငယ်မျှပင် ထိုမျှလောက်အထိ အစွမ်းထက်သည်။
ထိုအေးစက်လှသော အသက်မဲ့ချီဓာတ်များသည် ပိုင်အာ၏ ခန္ဓာကိုယ်အတွင်း၌ ဒီရေလှိုင်းများကဲ့သို့ ဖြစ်ပေါ်နေပြီး အဆုံးမရှိသည့်ပင်လယ်ပြင်ကြီး တစ်ခုကဲ့သို့ပင်ဖြစ်တည်ေနလေသည်။
ရဲရှောင်၏ စွမ်းအင်များ လည်ပတ်စီးဆင်းနေခြင်းဖြင့် အသက်မဲ့ချီဓာတ်များအား အကောင်းဆုံး ထိန်းချုပ်ပေးနိုင်မည် ဖြစ်သည်။ သို့သော် ထိုချီဓာတ်သည် အလွန်အဆင့်မြင့်၍ သိပ်သည်းလှသဖြင့် ရဲရှောင်ပင် အသည်းအသန် ကြိုးစားရမည်ဖြစ်သည်။ အကယ်၍ အားကုန်သုံး၍ ထိန်းချုပ်ရန်ကြိုးစားပါကလည်း သူကိုယ်တိုင်ပင်အေးခဲသွားမည်ဖြစ်သောကြောင့်ထိုနည်းလမ်းသည်ပြဿနာအား ပြေလည်နိုင်စေမည် မဟုတ်ချေ။
လက်ရှိအချိန်တွင်ရဲရှောင်သည် သတိလစ်မေ့မျောနေသည့်လူတစ်ဦးကဲ့သို့ပင်ရှိနေလေသည်။ ဟင်းလင်းပြင်ကိုးခုမှ စွမ်းအားများအား ရှေးဦးခရမ်းရောင်ချီဓာတ်များနှင့် ပေါင်းစပ်ကာ စီးဆင်းနေစေသည့်အချိန်တွင်ပိုင်အာ၏ ကိုယ်အတွင်းမှ အသက်မဲ့ချီဓာတ်များ နိုးကြွလာခြင်းပင် ဖြစ်သည်။ သို့သော် ကံကောင်းစွာဖြင့်ပင် အလွန်အန္တရာယ်ရှိသော အခြေအနေသို့ မရောက်ရှိခဲ့ပေ။
တစ်နည်းအားဖြင့် မတူညီသော စွမ်းအင်နှစ်ခုသည် ရဲရှောင်တို့ မေ့မြောနေစဉ်တွင်ဆန့်ကျင် တိုက်ခိုက်နေကြခြင်းပင် ဖြစ်သည်။
ထိုစွမ်းအား ၂ ခုအနက် ရှေးဦးခရမ်းရောင် ချီဓာတ်သည် အစီစဉ်တကျ လည်ပတ်စီးဆင်းနေခြင်း ဖြစ်ပြီး အသက်မဲ့ချီဓာတ်များမှာမူ ဇောင်းထဲမှ လွှတ်လိုက်သော မြင်းများကဲ့သို့ပင်တွန်းကန်၍ ထွက်လာခြင်း ဖြစ်သဖြင့် စနစ်တကျ စီးဆင်းနေသော ရှေးဦးခရမ်းရောင်ချီဓာတ်အား အသာစီးမရခဲ့ချေ။
ပူပြင်းလှသော နေမင်းကြီးကဲ့သုိ့ပင် ဖြစ်တည်ေနသည့်ခရမ်းေရာင်ချီဓာတ်များသည် အေးစက်လှသည့်အသက်မဲ့ချီဓာတ်များအား ဖြိုခွင်းလျက် ရှိသည်။
ထိုကဲ့သို့ စွမ်းအားပြင်းထန်လှသော ခရမ်းရောင်ချီဓာတ်များအား ရင်ဆိုင်နေရသည့် အေးစက်သော အသက်မဲ့ချီဓာတ်များမှာ ခုခံနိုင်စွမ်း မရှိတော့ချေ။ စက္ကန့်ပိုင်းအတွင်းမှာပင် ထိုချီဓာတ်များ ပြိုကွဲသွားလေသည်။
ထိုအခါ ခရမ်းရောင်ချီဓာတ်များသည် ပိုင်အာ၏ သွေးကြောများအတွင်း အရှိန်အဟုန်အပြည့်ြဖင့် လည်ပတ် စီးဆင်းသွားကြပါတော့သည်။
နေမင်းကြီးမှ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးအား နေရာလွတ်မကျန်အောင် ထွန်းလင်း တောက်ပပေးနေသည့်အလားပင်ဖြစ်နေပါသည်။
ပိုင်အာ၏ အသက်မဲ့ချီဓာတ်များသည်လည်း အတော်အတန်ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။
အလွန် ထူးခြားသော ပြောင်းလဲမှုမျိုးပင် ဖြစ်လေသည်။ ထိုထူးခြားဖြစ်စဉ်ဖြစ်နေစဉ်အတွင်း ရဲရှောင်တို့ နှစ်ဦးအနက်တစ်ဦးဦးသာ သတိပြန်လည်လာပါကအေးစက်သော အသက်မဲ့ချီဓာတ်များကြောင့် ရဲရှောင် သေသွားနိုင်သည်သာမက ပိုင်အာသည်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်ပေသည်။
သို့သော် နတ်ဘုရားများ၏ ဆန္ဒအရ ပိုင်အာသည်နှစ်နှစ်ခြိုက်ခြိုက်ပင်အိပ်မောကျလျက်ရှိပြီး ရဲရှောင်မှာမူ မေ့မြောလျက် ရှိနေကြသည်။
အေးစက်သော အသက်မဲ့ချီဓာတ်များ ထွက်လာမှုကြောင့် အန္တရာယ် မကျရောက်ခဲ့ပေ။ ရဲရှောင်၏ စွမ်းအင်တစ်မျိုး အဖြစ်ပင် ပြောင်းလဲသွားကာ ထိုစွမ်းအင်သည် ခန္ဓာကိုယ်အတွင်း၌ ပုန်းအောင်းသွား လေသည်။
ပိုင်အာ၏ ခန္ဓာကိုယ်ထဲမှ အသက်မဲ့ချီဓာတ်များသည် အနည်းဆုံး ၃ ပုံ ၁ ပုံခန့် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အလွန်အံ့သြစရာကောင်းသော ပမာဏပပင် ဖြစ်လေသည်။
အကယ်၍ ရဲရှောင်သာ ထိုပမာဏအား စုပ်ယူရမည် ဆိုပါက နှစ်ဝက်မျှပင်ကြာမြင့်သွားနိုင်ပေသည်။ ထိုမျှသာမက အလွန်အားစိုက်၍ စုပ်ယူရမည် ဖြစ်သည်။
သို့သော် ၂ ရက်အတွင်းဖြင့် များပြားလှသော ပမာဏအား စုပ်ယူနိုင်ခဲ့သည်။
နှစ်ရက်အတွင်း လုပ်ငန်းကြီးတစ်ခု အောင်မြင်သွားခဲ့လေပြီ။
အချိန်အတော်ကြာပြီးနောက် ပိုင်အာ အရင်နိုးလာလေသည်။ သူ၏ရှေ့တွင်ရှိနေသော ရဲရှောင်အား မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍ ငေးကြည့်နေမိသည်။
“တော်တော် ထူးဆန်းတာပဲ၊ ငါဘာလို့ နှစ်နှစ်ခြိုက်ခြိုက်နဲ့ကို အိပ်ပျော်သွားတာပါလိမ့် . . .”
ပိုင်အာ တအံ့တဩဖြင့်ရေရွတ်လိုက်မိသည်။
“အစ်ကိုကြီးရှောင် . . . အခု ဘယ်လိုနေသေးလဲ . . .”
ပိုင်အာသည်သူမ၏ လက်ဖြင့် ရဲရှောင် နဖူးအား စမ်းလိုက်သည်။ ထိုအခါ သာမန်ကိုယ်အပူချိန်သာ ရှိသဖြင့် စိတ်သက်သာရာ ရသွားလေသည်။
“တော်သေးတာပေါ့၊ အစ်ကိုကြီးရှောင် ပြန်ကောင်းသွားပြီ . . .”
ရဲရှောင် ကောင်းသွားပြီဟု ယူဆလိုက်မိ၍ စိတ်ဒုန်းဒုန်းချမိလိုက်သည်။ ထို့နောက်ပတ်ဝန်းကျင်အား တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထိုအခိုက် သူမ၏ လက်များတွင် အနက်ရောင်များ စွန်းထင်းနေသည်ကို မြင်တွေ့လိုက်ရသည်။ ပိုင်အာလည်း အလန့်တကြားဖြင့် –
“အား . . . ဘာတွေလဲ၊ ညစ်ပတ်လိုက်တာ . . .”
နမ်းကြည့်သည့် အခါတွင်လည်း နံနေသည်ကို တွေ့ရသဖြင့် ပို၍ ထိတ်လန့်သွားလေသည်။ ပိုင်အာအနေဖြင့်မှတ်ဉာဏ်များ ဆုံးရှုံးနေသည့်တိုင် မိန်းကလေးဗီဇအရ အသန့်ကြိုက်တတ်နေသေးပေသည်။ ထို့ကြောင့် ယခုကဲ့သို့ ညစ်ပေသော အရာများ ပေကျံနေသည်ကို တွေ့လိုက်ရေသာအခါ ချက်ချင်းပင် ရဲရှောင်အား ထားခဲ့၍ ရေချိုးခန်းထဲသို့ ဝင်သွားပါတော့သည်။
ရဲရှောင်မေ့မြောနေသည့် အချိန်တွင်အလွန်ထူးခြား၍ ဆန်းကြယ်သော အိပ်မက်တစ်ခုအား မက်နေမိသည်။
မကောင်းသော အိပ်မက်မဟုတ်ဘဲ ကောင်းသော အိပ်မက်ဟုပင် ဆိုနိုင်ပေသည်။
ရေခဲချီဓာတ်များအား စိတ်နှစ်၍ သန့်စင်နေခဲ့သည့် အချိန်တွင် အံ့ဩဖွယ်ကောင်းသည့်ခရမ်းရောင် တိမ်တိုက်ကြီးတစ်ခုအား မြင်တွေ့လိုက်ရသည်။
အသက်မဲ့ချီဓာတ်များကြောင့်ထိုတိမ်တိုက်ကြီး ဖြစ်ပေါ်သွားခဲ့ခြင်းပင် ဖြစ်သည်။
ထိုခရမ်းေရာင်တိမ်တိုက်သည်မရဏကျောက်တုံးမှ ထွက်ေပါ်နေသည့်ေရခဲချီဓာတ်များအား စုပ်ယူနေသဖြင့် ရဲရှောင်လည်း ဖိအား ၃ ပုံ ၁ ပုံခန့်သက်သာသွားလေသည်။
ထိုအခါ ရဲရှောင်အဖို့ အလွန်စိတ်သက်သာရာ ရသွားပြီး ထူးခြားသော စွမ်းအားတစ်မျိုးအား ခံစားလိုက်ရသည်။ ရဲရှောင်အနေဖြင့်ရေခဲချီဓာတ်များ ပေါက်ကွဲသည့် အလားတူ ဖြစ်စဉ်မျိုးအား ရင်ဆိုင်ခဲ့ဖူးသဖြင့်အတွေ့အကြုံ ရှိနေခဲ့ပြီဖြစ်သည်။ ထို့ကြောင့်ဆက်လက်ထိန်းချုပ်ရန် မခက်ခဲတော့ချေ။ ယခုအခေါက်တွင် ရေခဲချီဓာတ်များသည်အလွန်များပြားလွန်းလှသဖြင့် ရဲရှောင်အားအတော်ကုန်ခဲ့ရသည်။ သို့သော် ခရမ်းရောင်တိမ်တိုက်မှ ရေခဲချီဓာတ် ၃ ပုံ ၁ ပုံခန့်အား စုပ်ယူပေးနေသဖြင့် ပင်ပန်းတော့မည် မဟုတ်ချေ။ အန္တရာယ်မှ အမြန်ဆုံး လွတ်မြောက်နိုင်စေရန်အတွက် စွမ်းအင်များအား အင်တိုက်အားတိုက် စုပ်ယူ သန့်စင်နေလိုက်ပါတော့သည်။ ခရမ်းရောင် တိမ်တိုက်ကြီးသည် အမြင့်တွင် ရှိနေသော်လည်း ထိတွေ့၍ ရလောက်သည့် အနေအထားပင်ဖြစ်တည်လျက်ရှိသည်။
ရဲရှောင် အနီးသို့ သွားရန် ကြိုးစားကြည့်သောအခါ တိမ်တိုက်မှလည်း သူ့ထံသို့ ရွေ့လာသည်ကို ခံစားလိုက်ရသည်။ သို့သော် မည်မျှအထိ နီးကပ်အောင် သွားနေစေကာမူ အနီးသို့ မရောက်နိုင်အောင်ပင်ဖြစ်နေလေသည်။
ထိုအခိုက်အတန့်တွင်သက်တောင့်သက်သာ ဖြစ်သွားသလိုပင်ရဲရှောင်ခံစားလိုက်ရသည်။
သူခံစားနေရသည်မှာ အစစ်အမှန်လေလား အတုအယောင်လေလား ဟူသည်တော့ မသိချေ။
ရှေးဦးခရမ်းရောင်ချီဓာတ်များ ပို၍ စီးဆင်းလာသောအခါ ယခင်ကထက်ပင်ပို၍ အစွမ်းထက် သန်မာလာသည်ကို ရဲရှောင်ခံစားလိုက်ရသည်။ ထို့အတူ ခရမ်းရောင် တိမ်တိုက်သည်လည်း သိပ်သည်း လာခဲ့သည်။
ရဲရှောင် အသေအချာ သိလိုက်သည့် အချက်တစ်ချက်မှာ သူ၏ ရှေးဦးခရမ်းရောင် ချီဓာတ်များ အနည်းငယ် တိုးတက်သွားပြီ ဆိုသည့် အချက်ပင် ဖြစ်သည်။ တိမ်တိုက်နားသို့လည်း အနည်းငယ် နီးကပ်လာခဲ့ပြီ ဖြစ်သည်။
ရှေးဦးခရမ်းရောင်ချီဓာတ်များနှင့် တိမ်တိုက်မှ ခရမ်းရောင်ချီဓာတ်များသည် ရဲရှောင်၏ ကိုယ်တွင်း ပေါင်းစပ်၍ စီးဆင်းသွားကြသည်။ ထိုထူးခြားလှသည့် စွမ်းအင်များ သွေးကြောများအတွင်း လျင်မြန်စွာ စီးဆင်းနေမှုကြောင့် ချီဓာတ်အချင်းချင်း ထိတွေ့သံများကိုပင် ရဲရှောင် ကြားနေရသည်။
ထိုအသံသည် အစစ်မှန်ကဲ့သို့ ဖြစ်နေသော်လည်း အတုအယောင်ကဲ့သို့လည်း ဖြစ်နေပြန်သည်။ ရဲရှောင်အနေဖြင့် ထိုကဲ့သို့ တစ်ခါမျှ မကြုံတွေ့ဖူးသဖြင့် အတုအစစ် ခွဲခြားနိုင်ခြင်း မရှိသေးပေ။
ရေခဲချီဓာတ်များသည် သူ၏ ကြိုးစားမှုကြောင့် တဖြည်းဖြည်း လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးတွင်မူ “ဘုန်း” ဟူသော အသံတစ်သံ ကြားလိုက်ရပြီး ထိုအသံနှင့်အတူ ခရမ်းရောင် တိမ်တိုက်သည်လည်း အစိတ်အစိတ်အမွှာမွှာပင်ပေါက်ကွဲထွက်သွားကာ လုံးဝပျောက်ကွယ် သွားပါတော့သည်။