Chapter – 312
“ပိုင်အာ၏ချီဓာတ်”
ခံစားနေရသော ဖိအားများ အနည်းငယ် လျော့ကျသွားသည်ကို ရဲရှောင်ခံစားလိုက်ရသည်။
(အလုပ်ဖြစ်တယ်ထင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ဖြစ်သွားတာ တကယ်ကောင်းတာပဲ . . .)
ထို့ကြောင့် ရဲရှောင်သည် ပိုမို အားစိုက်၍ သူ၏ ရှေးဦးခရမ်းရောင် ချီဓာတ်များအား လည်ပတ်စီးဆင်းစေလိုက်ကာ ရေခဲချီဓာတ်များကို ထိန်းချုပ်လိုက်သည်။
ပိုင်အာသည်အေးစက်မှုဝေဒနာအား အံကြိတ်၍ တင်းခံလျက်ရှိပြီး စက္ကန့်ပိုင်းအတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားသည်။ ရဲရှောင်ထက်ပင် ပိုမိုဆိုးရွားသော အခြေအနေသို့ရောက်ရှိသွားကာ ခိုက်ခိုက်တုန်အောင် ချမ်းေနလျက်ရှိသည်။ အသက်ရှူထုတ်လိုက်သည့် လေများပင် အေးစက်နေခြင်း ဖြစ်သည်။
(ငါသေတော့မယ် . . . အေးလို့ သေရတော့မယ် . . .)
(ငါက အခုမှ နေကောင်းစ ရှိသေးတယ်။ အပြင်ကိုတောင် လမ်းထွက်မလျှောက်နိုင်သေးဘူး။ အခုတော့ သေရတော့မယ်။ တော်တော် ကံဆိုးတာပါလား။ အစ်ကိုကြီးနဲ့တောင်နေလို့ မဝသေးဘူး)
ပိုင်အာ သတိရတစ်ချက် မရတစ်ချက် ဖြစ်နေရင်း တွေးနေမိသည်။
ထိုအချိန်တွင်မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့သည်။
ပိုင်အာ၏ ကိုယ်အတွင်း ဝင်ရောက်ခဲ့သည့် ရေခဲချီဓာတ်များသည် အပြင်သို့ ရုတ်တရက်ပြန်ထွက်သွားလေသည်။ အလွန်လျင်မြန်သော နှုန်းဖြင့် အရပ်မျက်နှာ အသီးသီးသို့ ထွက်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် သေလုမတတ် အေးစက်နေသော အဖြစ်မှလည်း လွတ်မြောက်သွားသည်။
ရေခဲချီဓာတ်များသည် မြင်းအကောင်ရေပေါင်း ထောင်နှင့်ချီ၍ ပြေးလွှားထွက်သွားသည့်အလား တဟုန်ထိုး ထွက်သွားခြင်းပင်ဖြစ်သည်။
“ထူးဆန်းလိုက်တာ . . . ဘယ်လိုဖြစ်တာပါလိမ့်။ ဘာလို့ မအေးတော့တာလဲ မသိဘူး . . .”
ပိုင်အာသည်ရဲရှောင်အား တင်းကျပ်စွာ ဖက်ထားရင်း ရေရွတ်လိုက်သည်။ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကိုလည်း နားမလည်နိုင်အောင်ပင်ဖြစ်နေမိသည်။ရေခဲချီဓာတ်များ ထွက်သွားသောကြောင့်သူ၏ ခန္ဓာကိုယ်တစ်ခုလုံး နွေးလာသကဲ့သို့ ရဲရှောင်၏ ခန္ဓာကိုယ်သည်လည်း နွေးလာသည်ကို ခံစားလိုက်ရသည်။ ထို့အတွက်ကြောင့်ပိုင်အာ၏ စိတ်ထဲတွင် အလွန်ပျော်ရွှင်သွားမိသည်။
ရဲရှောင်လည်း အကြပ်အတည်းမှ တဖြည်းဖြည်း လွတ်မြောက်တော့မည်ကို ခံစားနေရသည့်အတွက်ရှေးဦး ခရမ်းရောင် ချီဓာတ်များအား အာရုံစိုက်၍ စီးဆင်းစေလိုက်သည်။ ထိုအခါ ဟင်းလင်းပြင်ကြီး အတွင်းရှိ ရေခဲချီဓာတ်များ လျင်မြန်စွာ ကျဆင်းလာကာ ခရမ်းရောင်ချီဓာတ်များသာ နေရာယူလာကြသည်။
ထိုအခြေအနေသို့ ရောက်သွားသည့်အခါမှသာ ရဲရှောင်လည်း စိတ်သက်သာရာ ရသွားမိလေသည်။နောက်ဆုံးတွင်မူ သေဘေးမှ လွတ်မြောက်နိုင်ခဲ့ပြီ ဖြစ်သည်။
မုန်တိုင်းပြီးလျှင် လေပြည်လာစမြဲ ဆိုသည့်အတိုင်း သူ၏ခန္ဓာကိုယ်သည် အလွန်အန္တရာယ်များသော အခြေအနေသို့ရောက်ရှိခဲ့သည့်တိုင် အခွင့်အရေးတစ်ခုအား ရရှိလိုက်သည်။ ထိုအခွင့်အရေးမှာ ရေခဲချီဓာတ်များအား သူ၏ ကိုယ်ပိုင်စွမ်းအင်များအဖြစ် သန့်စင်စေနိုင်လိုက်ခြင်းပင် ဖြစ်သည်။
ထိုအခွင့်အရေးအား အမိအရ ဖမ်းဆုပ်နိုင်စေရန်အတွက် ရဲရှောင်သည် စွမ်းအင်သန့်စင်ခြင်းအား စိတ်နှစ်၍ လုပ်ဆောင်နေခဲ့သည်။
ထိုအခါ သူ၏ စိတ်ဝိညာဉ်ပင် ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်ခွာသွားသည့်အလား ခံစားလိုက်ရသည်။ အရာအားလုံးသည်လည်း မပီပြင်ဝိုးတဝါးပင်ဖြစ်နေခဲ့သည်။
သူ၏ ရှေးဦးခရမ်းရောင်ချီဓာတ်များ ပိုင်အာ၏ သွေးကြောများအတွင်း ဝင်ရောက်၍ လည်ပတ် စီးဆင်းနေသည်ကိုလည်း ရဲရှောင် သတိမထားမိချေ။
ရေခဲချီဓာတ်များအား သန့်စင်စီးဆင်းစေလိုက်သောအခါ ခရမ်းရောင်ချီဓာတ်များ ဖြစ်သွားကာ ရှေးဦးခရမ်းရောင်ချီဓာတ်စွမ်းအင်အဖြစ် ပြောင်းလဲသွားကြသည်။
ထိုကဲ့သို့ စဉ်ဆက်မပြတ် လည်ပတ်စီးဆင်းနေသဖြင့် ပိုင်အာ၏ ခန္ဓာကိုယ်တွင်းမှ ချီဓာတ်များသည်လည်း မြူခိုးများကဲ့သို့ပင် ဖြစ်သွားလေသည်။
စွမ်းအင်သန့်စင်ခြင်းအား စိတ်နှစ်၍ လုပ်ဆောင်နေသဖြင့်ရဲရှောင်သည်သတိမေ့မြောနေသည့် လူတစ်ဦးကဲ့သို့ ဖြစ်နေသည့်တိုင်အပူအအေး ပြောင်းလဲမှုများကိုမူ ခံစားနိုင်စွမ်းရှိနေပါသေးသည်။ထိုအချိန်တွင်ရုတ်တရက် ပြန်လည်၍ အေးစက်လာသည်ကို ရဲရှောင်ခံစားမိလိုက်သည်။ အဘယ့်ကြောင့်ဆိုသော်ရေခဲချီဓာတ် အကြွင်းအကျန်များ၏ တန်ပြန်ရိုက်ခတ်မှုများကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ရဲရှောင်ဘက်မှပို၍ အားစိုက်ကာ ကြိုးစားရပြန်သည်။
ပိုင်အာသည်အစပိုင်းတွင်နာကျင်မှုဝေဒနာများအားတောင့်ခံနိုင်ခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ ဟန်ပင်မဆောင်နိုင်တော့ဘဲ အိပ်ချင်လာသလိုပင်ဖြစ်လာခဲ့သည်။ ထို့နောက်ရဲရှောင်၏ ရင်ခွင်ထဲတွင်ဘာဆိုဘာမှ မသိတော့ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားပါတော့သည်။
ထို့အတွက်ကြောင့်သူမ၏ ခန္ဓာကိုယ်အတွင်း ထူးခြားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို မသိလိုက်ေချ။
ထို့ပြင် ယခုအချိန်တွင် ပိုင်အာသည်ကလေးမလေးတစ်ဦး၏ အသိဉာဏ်သာ ရှိနေသေးသည်။
ထိုပြောင်းလဲမှုများ၏ နောက်ကွယ်တွင်အန္တရာယ်ရှိသော အခြေအနေများ ရှိနေသည်ကို မသိချေ။ အစောပိုင်းတွင်အေးစက်မှုဝေဒနာအား လွန်လွန်ကဲကဲ ခံစားခဲ့ရသော်လည်းနောက်ပိုင်းတွင်မူ သက်တောင့်သက်သာဖြစ်လာခဲ့ပြီး နေလို့ ကောင်းလာသဖြင့် စိုးရိမ်မှုမရှိခဲ့ပေ။ ထို့ပြင် ရဲရှောင်၏ ခန္ဓာကိုယ်သည်လည်း အေးစက်နေရာမှ နွေးထွေးလာသဖြင့် ပိုင်အာတစ်ယောက်စိတ်သက်သာရာ ရသွားခဲ့သည်။ ထို့ကြောင့်ပင် စိတ်ဒုန်းဒုန်းချ၍ အိပ်မောကျသွားခြင်း ဖြစ်သည်။ ထိုသို့ အိပ်မောကျနေစဉ် အတောအတွင်း သူ၏ ခန္ဓာကိုယ်ထဲ၌ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်သွားလေသည်။
သို့သော်နှစ်နှစ်ခြိုက်ခြိုက်ပင်အိပ်ပျော်သွားသည့်ပိုင်အာသည်ထိုပြောင်းလဲမှုများအား မရိပ်စားမိလိုက်ေချ။ ရဲရှောင်သည်လည်း ကျင့်ကြံမှုအပေါ်တွင်သာ စိတ်နှစ်၍ စွမ်းအင်များအား သန့်စင် ပြောင်းလဲနေရသဖြင့်သတိမထားမိလိုက်ပေ။
ယခုဖြစ်ပေါ်ရသည့် အကြောင်းရင်းမှာ မရဏကျောက်တုံး၏ ပြင်းထန်သော ပေါက်ကွဲမှုကြောင့်ပင်ဖြစ်သည်။ ထိုပေါက်ကွဲမှုအား အချိန်မီ မထိန်းချုပ်နိုင်ပါက သူ၏ ဟင်းလင်းပြင် ကိုးခုလုံး ပျက်ဆီးသွားပေလိမ့်မည်။ အခြေအနေများ ပို၍ဆိုးလာပါက ဟင်းလင်းပြင်အတွင်း ပစ်ထည့်ခဲ့သော ပစ္စည်းများအားလုံး ရေစုန်မျောရမည့်အခြေအနေသို့ရောက်ရှိသွားနိုင်လေသည်။
ထိုကဲ့သို့ ဆိုပါက သူ၏ ကျင့်ကြံမှုများ အဆင့်မြင့်တက်ရန်အတွက် များစွာ နှောင့်နှေး ကြန့်ကြာ သွားမည်ဖြစ်သည်။
ဟင်းလင်းပြင်ကြီး တစ်ခုလုံးသည် ရေခဲချီဓာတ်များ၏ လွှမ်းမိုးခြင်းအား ခံခဲ့ရသည်။ သို့သော်ဥမှာမူ အချပ်ပြားပေါ်တွင် မလှုပ်မယှက် ရှိနေဆဲပင်ဖြစ်သည်။ ပတ်ပတ်လည်တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များ အားလုံးသည်သူနှင့် လားလားမှ မသက်ဆိုင်သည့်အလား ဥသည် အေးအေးဆေးဆေးဖြင့်ပင် ရှိနေလေသည်။ မည်မျှအထိ ပြင်းထန်သည့် ရေခဲချီဓာတ်များပင် ဖြစ်လင့်ကစား ဥကိုမူ သက်ရောက်မှု မဖြစ်စေချေ။
ရေခဲချီဓာတ်များသည်ပေါက်ကွဲနေတုန်းပင်ဖြစ်ပြီး ဥမှလွဲ၍ ကျန်သောအရာများအားလုံး ပျက်ဆီးလုနီးပါးပင်ဖြစ်နေရသည်။
ရဲရှောင်သည် အဆိုပါ ရေခဲချီဓာတ်ဘေးမှ ကင်းဝေးစေရန်သာ အာရုံစိုက်လျက်ရှိသည်။ သူ၏ ရှေးဦးခရမ်းရောင်ချီဓာတ် ဒုတိယအဆင့်သို့ တက်လှမ်းခဲ့စဉ် သူ၏ ကျင့်ကြံမှုများသည်လည်း အလွန်တိုးတက်လာခဲ့သည်ဟု ထင်မြင်မိခဲ့သည်။ သို့သော် လုံလောက်သော တိုးတက်မှုတော့ မဟုတ်ခဲ့ချေ။
ဒုတိယအဆင့် ရှေးဦးခရမ်းရောင်ချီဓာတ်၏ အစွမ်းသည်ယခုထက် ပို၍ အစွမ်းထက်သင့်ပေသည်။
သို့သော် ဒုတိယအဆင့်သို့ ရောက်ခါစပင် ရှိသေးသည် ဆိုသည့် အချက်အား ရဲရှောင် ထည့်မတွက်မိခဲ့ချေ။ ထို့ကြောင့် လုံလောက်သော စွမ်းအင်မျိုး မရှိသေးခြင်းပင်ဖြစ်သည်။ ကျင့်ကြံမှုများအား အချိန်အတိုင်းအတာ တစ်ခုအထိ အားစိုက်၍ လုပ်ဆောင်မှသာ ဒုတိယအဆင့် ရှေးဦးခရမ်းရောင် ချီဓာတ်၏ စွမ်းအင် အစစ်အမှန်အား အပြည့်အဝ အသုံးချနိုင်မည်ဖြစ်သည်။
ရဲရှောင်သည် ဟင်းလင်းပြင် ကိုးခု၏ အကူအညီဖြင့် ရေခဲချီဓာတ်များအား ထိန်းချုပ်ရန် ကြိုးစားလျက် ရှိသည်။
မတူညီသော စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ အလိုအလျောက်စီးဆင်းနေပြီး ရေခဲချီဓာတ်များ၏ ရန်မှ ခုခံကာကွယ်ပေးလျက် ရှိသည်။
ပြသာနာများ၏ အဓိက တရားခံဖြစ်သည့်မရဏကျောက်တုံးအား ကောင်းစွာ ထိန်းချုပ်နိုင်မှသာလျှင် အဆုံးသတ်သွားမည် ဖြစ်သည်။
ဟင်းလင်းပြင်ကိုးခုသည် ရဲရှောင်အား အလွန်ပင်အထောက်အကူ ပြုလှသည်။
ယခုကဲ့သို့ ကျဉ်းထဲကြပ်ထဲ ရောက်နေသည့် အခြေအနေမျိုးတွင်ပင် ရဲရှောင်သည်ဟင်းလင်းပြင် ကိုးခု၏ စွမ်းအင်များအား ကောင်းစွာ ထိန်းချုပ်နိုင်ပေသေးသည်။ တစ်နည်းအားဖြင့် သူ၏ ဟင်းလင်းပြင်ကြီးတွင် သူသာလျှင် ရှင်ဘုရင် ဖြစ်သည်။ ထိုအချိန်တွင်ရဲရှောင်သည် အရာအားလုံးအပေါ် ထိန်းချုပ်နိုင်သည့်ရှင်ဘုရင်တစ်ဦးကဲ့သို့ပင်ကိုယ့်ကိုကိုယ်ခံစားနေရသည်။
ရှေးဦးခရမ်းရောင်ချီဓာတ်များနှင့်အတူ ဝိညာဉ်တော် ချီဓာတ်များသည်လည်း ရဲရှောင်၏ ခန္ဓာကိုယ်တွင်း စီးဆင်းလျက် ရှိနေသည်။
ထိုစီးဆင်းမှုသည် ပိုင်အာ၏ ကိုယ်တွင်းသို့လည်း ဝင်ရောက်လည်ပတ် စီးဆင်းနေကြသည်။ ပိုင်အာနှင့် ရဲရှောင်တို့နှစ်ဦးသည်ပေါင်းကူးတံတားကဲ့သို့ပင်တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ထားမိ နေကြသည်။ပိုင်အာ၏ ခန္ဓာကိုယ်ထဲသို့ ရေခဲချီဓာတ်များသာမက ရှေးဦးခရမ်းရောင် ချီဓာတ်များသည်လည်း ဝင်နေလျက်ရှိသည်။
ထိုဖြစ်စဉ်သည်ထူးခြားသော ဖြစ်စဉ်တစ်မျိုးပင်ဖြစ်သည်။ ရဲရှောင် လည်ပတ်စီးဆင်းစေလိုက်သမျှ စွမ်းအင်တိုင်းလိုလိုသည်ပိုင်အာ၏ ကိုယ်ထဲသို့ ဝင်ရောက်ရှိနေခြင်းပင်ဖြစ်သည်။ စွမ်းအင်များသည်ပိုင်အာ၏ သွေးကြောများအတွင်း လည်ပတ်စီးဆင်းသွားကာ ရဲရှောင်၏ စွမ်းအင်သိုလှောင်ရာသို့ ပြန်ဝင်သွားကြသည်။ ထိုမှတဖန် ရဲရှောင်ထံမှ ပိုင်အာထံသို့ ပြန်၍ စီးဆင်းသွားကြပြန်သည်။ ထိုကဲ့သို့ဖြင့်ထပ်တလဲလဲ စီးဆင်းမှု ဖြစ်ပေါ်နေခြင်းပင်ဖြစ်သည်။
စွမ်းအင်များ စီးဆင်းမှုသည်အဆုံးမရှိတော့မည့်အလားပင်ဖြစ်ပေါ်နေသည်။ ထိုအချိန်မှာပင် ပိုင်အာ၏ သွေးကြောများအတွင်း ရေခဲချီဓာတ်တစ်မျိုး ထပ်မံ၍ ပေါ်လာလေသည်။
အကယ်၍ ထိုအချိန်တွင် ရဲရှောင်သာ သတိကောင်းစွာ ရှိနေမည် ဆိုပါက ထိုရေခဲချီဓာတ်အား သတိပြုမိပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော်ထိုချီဓာတ်သည် ပိုင်ရှင်းယွဲ့နှင့် ဝမ်ရမ်ချူးချူးတို့ထံတွင် တွေ့ရသော ချီဓာတ်မျိုး ဖြစ်နေသောကြောင့်ပင် ဖြစ်ပါတော့သည်။