Chapter – 310
“အချိန်တွေကျန်ပါသေးတယ်”
အမှန်တကယ်တွင်မူ အိမ်ရှေ့မင်းသားသာမက ကွမ်ဇန်းဝမ်သည်လည်း ရဲရှောင်အပေါ် သံသယမကင်း ဖြစ်နေမိသည်။ ထို့ကြောင့်ရဲရှောင်၏ နှုတ်မှ ထွက်သမျှ စကားလုံးတိုင်းအား ဂရုတစိုက်ဖြင့်နားထောင်နေခဲ့မိသည်။ထိုမျှသာမက ရဲရှောင်၏ ကိုယ်နေဟန်ထား၊ မျက်နှာအမူအယာများအား မျက်တောင်မခတ်တမ်းပင်အကဲခတ်နေခဲ့လေသည်။
သို့သော် အိမ်ရှေ့မင်းသား၏ အတွေးနှင့် ကွမ်ဇန်းဝမ်တို့၏ အတွေးများသည်မတူကြချေ။ ကွမ်ဇန်းဝမ်သည်ရဲရှောင်၏ ခန္ဓာကိုယ် အခြေအနေအား အကဲခတ်ရင်း စိတ်ထဲတွင်အံ့ဩလျက်ရှိသည်။
(သူက ငါ့ရဲ့ အရိုးပျော်လက်ဝါးရိုက်ချက်နဲ့ အရိုက်ခံခဲ့ရတာတောင် ပြန်ကောင်းတာ မြန်လှချည်လား . . .)
ရဲနန်ရှန်သည် သူ၏ အရိုးပျော်လက်ဝါးရိုက်ချက်ကိုပင် ကုသနိုင်ခဲ့ပြီး ရဲရှောင် မြန်မြန်ဆန်ဆန်ဖြင့်ပြန်လည်သက်သာလာစေရန်အတွက်လည်း ပြုလုပ်နိုင်ခဲ့သည်ဖြစ်ကြောင်း ကွမ်ဇန်းဝမ်၏ စိတ်ထဲတွင်တွေးလိုက်မိသည်။ထို့ပြင် တော်ဝင်မိသားစုထံမှ ရှားပါး ဆေးပစ္စည်းမျိုးစုံကိုပါ ရရှိခဲ့သဖြင့် ယခုကဲ့သို့ လျင်မြန်စွာ ပြန်ကောင်းလာခြင်း ဖြစ်မည်ဟုလည်း စဉ်းစားလိုက်မိသည်။
အိမ်ရှေ့မင်းသား ကဲ့သို့ပင် ကွမ်ဇန်းဝမ်လည်း အကောင်းဘက်မှ တွေးလိုက်တော့သည်။ ရဲရှောင်မှ သူတို့၏ လုပ်ရပ်များအား သိလိမ့်မည်မဟုတ်ဟုသာ ယုံကြည်ထားလိုက်ပါတော့သည်။
“အခုမင်းလည်း ပြန်ကျန်းမာလာပြီဆိုတော့ ငါတို့အရင်လို ပျော်ပျော်ပါးပါး အပြင်ထွက်လို့ ရပြီပေါ့ကွာ။ ဒါပေမယ့်ဒီညတော့ မဖြစ်သေးဘူးကွ။ ဒီဆေးလုံးတွေကို ပို့ရဦးမယ်။ ဒါက အသက်အများကြီးနဲ့ သက်ဆိုင်နေတဲ့ ကိစ္စ။ တစ်ရက်ရက်မှ ဇု နဲ့အတူတူ မင်းဆီ လာခဲ့ဦးမယ်။ ပြီးရင်ငါ့ဆိုင်ကို သွားကြတာပေါ့။ ငါလည်း တော်တော် စီးပွားဖြစ်နေပြီကွ။ အဲ . . . လင်းပါအိုလောက်တော့လည်း မဟုတ်သေးဘူးပေါ့ကွာ။ ဒါပေမယ့်တစ်နေ့နေ့တော့ လင်းပါအိုထက်ကို ပိုပြီး ငါ့ဆိုင်ကနာမည်ကျော်သွားမယ်လို့ ယုံကြည်နေတယ် . . .”
လန်လန့်လန့်သည်ထိုစကားများအား ယုံကြည်ချက် အပြည့်ဖြင့်ပင်ပြောနေခြင်း ဖြစ်သည်။
လန်လန့်လန့်ကဲ့သို့ပင် အခြားသော လူများသည်လည်း ရဲရှောင်အား နှုတ်ဆက်လိုက်ကြသည်။ လူအားလုံးသည် မင်းသားတစ်ပါးအား နှုတ်ဆက်နေကြသည့်အလား ရဲရှောင်အပေါ် ရိုရိုသေသေဖြင့်ပင်ရှိနေလေသည်။
နောက်ဆုံးတွင် ဇုဝူကျီသာ ကျန်တော့သည်။ ဇုဝူကျီ၏ ဘေးတွင် အငယ်ဆုံးမင်းသားလေး ချန်ဇီ ရှိနေပြီး ချန်ဇီမှ ဇုဝူကျီအား မေးခွန်းများ မေးနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ဇုဝူကျီသည်ရဲရှောင်အား ချက်ချင်း နှုတ်မဆက်နိုင်သေးခြင်း ဖြစ်သည်။
ဇုဝူကျီသည် ချန်ဇီမေးသမျှမေးခွန်းများအား စိတ်ရှည်လက်ရှည်ဖြင့်ပင်ရှင်းပြနေသည်။ရဲရှောင် သူတို့ အနားသို့လျှောက်သွားသည့်အခါမှသာ ဇုဝူကျီလည်း ရဲရှောင်အား လှမ်း၍ ကြည့်လိုက်သည်။
ရဲရှောင်၏ မျက်လုံးများအား စူးစိုက်၍ ကြည့်လိုက်ခြင်းပင်ဖြစ်သည်။
ထိုအခါ ဇုဝူကျီ၏ မျက်နှာသည်အံ့သြသွားသည့်ပုံ ဖြစ်သွားလေသည်။ ထို့ေနာက် ရဲရှောင်အား ချက်ချင်းပင်ခေါင်းညိတ်ပြလိုက်သည်။
ရဲရှောင်လည်း အံ့သြသွားကာ ခဏတာမျှ စဉ်းစားသွားသည့်အမူအယာ ဖြစ်သွားလေသည်။ ဇုဝူကျီမှာလည်း ရဲရှောင်အား စကားတစ်ခွန်းမျှ မပြောဘဲ မျက်မှောင်ကြုတ်၍သာ စိုက်ကြည့်နေလျက်ရှိသည်။
ဇုဝူကျီ နှုတ်ဆိတ်နေချိန် ရဲရှောင် သက်ပြင်းတစ်ချက်ချရင်း ပခုံးတွန့်ပြလိုက်သည်။
ဇုဝူကျီလည်း ရဲရှောင်ကဲ့သို့ပင် သက်ပြင်းချ၍ ပခုံးပြန်တွန့်ပြလိုက်သည်။
သူတို့နှစ်ဦးသည်ထိုကဲ့သို့ အပြန်အလှန်လုပ်ပြီးသည်နှင့် စကားတစ်ခွန်းမှမပြောကြဘဲ ထွက်ခွာသွားရန်ဟန်ပြင်လိုက်ကြသည်။
နှစ်ဦးသား စကားတစ်ခွန်းတစ်လေမျှပင်မပြောကြဘဲ တစ်ယောက်ယောက်နှင့်တစ်ယောက် အမူအယာများဖြင့်သင်္ကေတများ လုပ်ပြနေကြသကဲ့သို့ပင် ဖြစ်နေလေသည်။
“ခင်ဗျားတို့က အသံတိတ်ပဟေဠိဖွက်တမ်း ကစားနေကြတာလား။ ဘာတွေ ဖြစ်နေကြတာလဲ . . .”
ချန်ဇီမှ ဇုဝူကျီအား စိတ်ဝင်တစားဖြင့်ပင်မေးလိုက်သည်။
ဇုဝူကျီ ပြန်မဖြေဘဲ ပြုံးရုံသာ ပြုံးနေလိုက်သည်။ အကြောင်းမှာမင်းသားလေး ချန်ဇီအား မည်သို့ ဖြေရမှန်း မသိအောင်ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
ချန်ဇီ၏ စကားကြောင့်ရဲရှောင်ပြုံးလိုက်ရင်း စိတ်ထဲတွင်တွေးလိုက်မိသည်။
(အသံတိတ်ပဟေဠိဖွက်တမ်း ကစားနေကြတာတဲ့လား။ ထားလိုက်ပါတော့၊ အဲ့ဒီ အသံတိတ် ပဟေဠိကမင်းတို့ ညီအစ်ကိုလေးယောက်ရဲ့ အနာဂတ်ဘဝကို လွှမ်းမိုးလာနိုင်လိမ့်မယ် ဆိုတာကိုတော့ မင်းဘယ်သိပါ့မလဲ။ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းရဲ့ ဘဝကို လွှမ်းမိုးနိုင်မှာကွ . . .)
ရဲရှောင် စကားတစ်ခွန်းမျှ မပြောဘဲ ဇုဝူကျီအား မျက်နှာရိပ် မျက်နှာကဲ ပြလိုက်သည်။ နည်းနည်း ထပ်ပြောပြလိုက် ဟူသည့် သဘောမျိုးပင်။ ထို့နောက် ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားလိုက်သည်။
ဇုဝူကျီလည်း ရဲရှောင် ဆိုလိုချင်သည့် သဘောအားနားလည်သဘောပေါက်လိုက်သည်။
လူရှုပ်လူပွေလေး ၃ ယောက်မှာ အသွင်တစ်မျိုးစီ ဖြစ်နေကြသည်။ လန်လန့်လန့်သည်ပျော်ရွှင်နေသဖြင့် ဘာကိုမျှ သတိမပြုမိချေ။ သို့သော် ရဲရှောင်နှင့် ဇုဝူကျီတို့မှာမူ သူတို့ ၂ ယောက်လုံး ပြောင်းလဲနေပြီ ဖြစ်ကြောင်း သတိပြုမိကြသည်။
အမှန်တကယ်တွင်မူ ၃ ယောက်စလုံး ပြောင်းလဲကုန်ကြခြင်းပင်ဖြစ်သည်။
လန်လန့်လန့်သည် ကလေးဆန်သောစိတ် ရှိနေသေးသော်လည်း သူလုပ်ရမည့် တာဝန် ဝတ္တရားများအား ကျေပွန်စွာ ထမ်းေဆာင်ရမည် ဆိုသောစိတ်ရှိနေပြီဖြစ်သည်။ လုပ်သင့် လုပ်ထိုက်သည့် အရာများကိုလည်း ခွဲခြား၍ သိမြင်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ရှေ့ဆက်လျှောက်လှမ်းရမည့်သူ၏ ဘဝ ခရီးလမ်းသည် ကြမ်းတမ်းေနလျှင်ပင်အလုပ်ကိုသာ အာရုံစိုက်၍ ကြိုးစားသွားမည်ဟု ခံယူထားလေသည်။
ဇုဝူကျီမှာမူ ကြင်နာသနားတတ်၍ ရက်ရောတတ်သည့်လူတစ်ဦးဖြစ်သည်။ ထိုမျှသာမက ယုံကြည်ချက်နှင့် မာနလည်း ရှိသည့်လူတစ်ဦးပင်ဖြစ်သည်။
ရဲရှောင်ဇုဝူကျီနှင့်အကြည့်ချင်း ဆုံခဲ့သည့်အချိန်တွင်ထူးဆန်းသော ခံစားချက်တစ်မျိုး ခံစားခဲ့ရသည်။
စကားတစ်ခွန်းမျှ မပြောခဲ့ကြသည့်တိုင် ထိုခံစားချက်အား ရဲရှောင်ကောင်းစွာ သဘောပေါက်လိုက်မိသည်။
တစ်နေ့နေ့ တစ်ချိန်ချိန်တွင်ဇုဝူကျီသည်အမတ်ဖြစ်လာနိုင်ကြောင်း ရဲရှောင်သုံးသပ်လိုက်မိသည်။ အမတ်အားလုံး၏ အထက်တွင်ရှိသော အမတ်ချုပ်ပင် ဖြစ်လာနိုင်ပေသည်။
ဇုဝူကျီသည်ဉာဏ်ရည်ထက်မြက်သူတစ်ဦး ဖြစ်သဖြင့် ထိုရာထူးမျိုးကိုသာ ပိုင်ဆိုင်ခဲ့မည်ဆိုပါက မည်သူမျှ ထင်မှတ် မထားလောက်အောင်ပင် ထက်မြက်နေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
ဇုဝူကျီသည် ထိုကဲ့သို့ ဖြစ်လာနိုင်သည့်တိုင် အတိုက်အခံများစွာ ကျော်ဖြတ်ရမည် ဖြစ်သဖြင့် သူ၏ အနာဂတ် ခရီးလမ်းသည် မုန်တိုင်းအပြည့်ဖြင့် ဖြစ်နေပေလိမ့်မည်။ အမတ်တစ်ယောက်ဖြစ်ချင်နေသော ဇုဝူကျီကိုယ်တိုင်သည်လည်း သူရွေးချယ်ထားသည့်လမ်းသည်ဆူးငြောင့်ခလုတ်များနှင့်ပြည့်နှက်နေသည်ကို သိသော်လည်း ပိုးဖလံမျိုး မီးကိုတိုး ဆိုသည့် ဆိုးရိုးစကားအတိုင်းပျော်ပျော်ကြီးပင်ရှေ့ဆက်တိုးလျက်ရှိသည်။
သူ၏ အနာဂတ်အတွက် အခိုင်အမာ ပြင်ဆင်နေလျက်ရှိပြီး ရည်မှန်းချက်များ ပြည့်မီရန်အချိန်တစ်ခုသာ လိုပါတော့သည်။
ဇုဝူကျီမှာလည်း သူငယ်ချင်းဖြစ်သူ ရဲရှောင်သည် ယခင်ရက်များနှင့် မတူတော့ဘဲ စိတ်သစ်ကိုယ်သစ်ပင်ဖြစ်နေသည့်လူတစ်ဦးနှင့်ပင်တူနေကြောင်း ခံစားလိုက်မိသည်။
ယခင်က ရဲရှောင်သည်အားအင်ချိနဲ့၍ နေမကောင်းဖြစ်နေသည့်လူမမာ တစ်ဦးကဲ့သို့ပင်ဖြစ်နေသည်ကို မြင်တွေ့ခဲ့ရသည်။
သို့သော်ယခုအခါတွင်မူ ဟိတ်ဟန်အပြည့်ဖြင့်ရှိနေလေသည်။ လှုပ်ရှားမှုများအစ မျက်နှာ အမူအယာအဆုံး လန်းဆန်းတက်ကြွလျက်ပင်ရှိနေခဲ့သည်။
ထို့ပြင် ရဲရှောင်ထံတွင်ကမ္ဘာကြီးတစ်ခုလုံးအား ချုပ်ကိုင်ထားနိုင်သည့်အရှိန်အဝါမျိုးလည်း တွေ့နေရသည်။ ကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမျှ ဂရုမစိုက်သည့်ပုံပေါ်လွင်လျက်ရှိသည်။
(ရဲရှောင်ရဲ့ အနာဂတ်က ဒီမော်တယ်ကမ္ဘာလောက်မှာပဲ အဆုံးမသတ်လောက်ဘူး။ အခုတောင် သူက ဒီကမ္ဘာက ထွက်သွားဖို့ အဆင်သင့် ဖြစ်နေတဲ့ပုံပဲ . . .)
ဇုဝူကျီ၏ စိတ်ထဲတွင်ရဲရှောင်နှင့်ပက်သက်၍ တွေးနေမိသည်။
“ဘာတွေ စဉ်းစားနေတာလဲ အစ်ကိုဇု၊ ဟိုမှာ ရောက်ပြီဗျ . . .”
ချန်ဇီ၏ အသံကြားမှသာ ဇုဝူကျီလည်း အတွေးနယ်ချဲ့နေရာမှ သတိပြန်ဝင်လာလေသည်။ အရှေ့သို့ လှမ်းကြည့်လိုက်သောအခါ တောင်ပိုင်းစစ်သူကြီး၏ အိမ်တော်သို့ပင်ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။
လန်လန့်လန့် သူ၏ အိမ်သို့ချောမွေ့စွာရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ မင်းသားများလည်း အိမ်တော်တွင်းသို့ ဖိတ်ခေါ်မှုကို ယဉ်ကျေးစွာပင် ငြင်းဆန်၍ ပြန်လာခဲ့ကြသည်။
အိမ်ရှေ့မင်းသားမှ ချန်ဇီအား နန်းတော်သို့ တစ်ခါတည်း ပြန်လိုက်ခဲ့ရန် ခေါ်သော်လည်း ချန်ဇီမှာမူ မလိုက်ချင်သေးချေ။ အကြောင်းမှာ ဇုဝူကျီနှင့် အတူတူ လျှောက်သွားချင်နေသေးသောကြောင့်ဖြစ်သည်။ ဇုဝူကျီလည်း အိမ်ရှေ့မင်းသားအား ပြုံးကာ ခွင့်ပြုချက် တောင်းခံပေးလိုက်သည်။ အိမ်ရှေ့မင်းသားသည်ရဲရှောင်ကိစ္စ စဉ်းစားနေရသည့်အတွက်စိတ်ရှုပ်နေသဖြင့် ကျန်သော ကိစ္စများအား အလေးအနက်မထားနိုင်တော့ပေ။ ထို့ကြောင့်ခွင့်ပြုပေးလိုက်သည်။
အိမ်ရှေ့မင်းသားလည်း မသွားခင်အချိန်တွင်ချန်ဇီအား သတိပေးစကားပြောခဲ့သည်။
“ဇီ . . . မင်းကိုယ်မင်း ဆင်ဆင်ခြင်ခြင်နေပါ။ ပြဿနာ မဖြစ်စေနဲ့နော် . . .”
ထို့နောက် ချန်ဇီ၏ ခေါင်းအား ပုတ်လိုက်ရင်း ဇုဝူကျီကိုပါ လက်ပြနှုတ်ဆက်ကာ ထွက်ခွာ သွားလေတော့သည်။
အိမ်ရှေ့မင်းသားမှ ချန်ဇီအား မှာကြားနေစဉ်တွင်ချန်ဇီ၏ မျက်လုံးများထဲ၌ ကြောက်ရွံ့မှု အရိပ်အယောင်များ ပြည့်နှက်လျက်ရှိသည်ကို ဇုဝူကျီ မြင်တွေ့လိုက်ရသည်။ သူတို့နှစ်ဦး၏ မြင်ကွင်းမှ အိမ်ရှေ့မင်းသား ပျောက်ကွယ်သွားသည့်အချိန်အထိတိုဇုဝူကျီသည် ပြုံးလျက်သာ ကြည့်နေခဲ့သည်။
သူ၏ မျက်နှာတွင် အပြုံးများသာ အစဉ်သဖြင့် နေရာယူထားခြင်း ဖြစ်သည်။
အပြုံးမျက်နှာဖုံးတစ်ခု တပ်ထားသည်ဟုပင် ဆိုနိုင်ပေသည်။
“ငါ့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ် . . .”
ဇုဝူကျီ တီးတိုး ရေရွတ်လိုက်မိသည်။
ထို့နောက် ချန်ဇီဘက်သို့ လှည့်ကာ –
“မင်းလည်း ဒီလိုပါပဲ။ မင်းမှာလည်း အချိန်တွေ အများကြီး ရှိပါသေးတယ် . . .”
ချန်ဇီလည်း မျက်လုံးပြူးသွားပြီး –
“ဘယ်လို၊ အစ်ကိုဇုက ဘာကို ပြောနေတာလဲ . . .”
ဇုဝူကျီမှာမူ ပြုံးလျက်သာ ရှိနေပါတော့သည်။