Chapter – 309
“ဆုံတွေ့ကြခြင်း”
(ဒုက္ခပါပဲ၊ ဒီလိုရှုပ်ထွေးတဲ့ ကိစ္စတွေကို ငါဘယ်လို လုပ်ရပါ့မလဲ . . .)
ဝမ်ရမ်ချူးချူး သက်ပြင်းချရင်း တွေးလိုက်မိသည်။
ပိုင်ရှင်းယွဲ့သည်လည်း စိတ်ရှုပ်နေသည့်ပုံပင်။သူမ၏ မျက်နှာပင် အနည်းငယ် နီမြန်းလျက် ရှိသည်။
အကယ်၍ ဝမ်ရမ်ချူးချူးအနေဖြင့်ယခုကဲ့သို့ စိတ်ရှုပ်နေသည့် အခြေအနေမဟုတ်ဘဲ သာမန်အခြေအနေမျိုးတွင်သာ ဆိုပါက ဆရာဖြစ်သူ၏ ပုံမှန်မဟုတ်သော အနေအထားအား သတိပြုမိပေလိမ့်မည်။ သို့သော်ယခုအခါတွင်ကိုယ့်အပူနှင့်ကိုယ်ဖြစ်နေသဖြင့်သတိမထားမိလိုက်ချေ။
ဝမ်ရမ်ချုးချုးတို့ နှစ်ယောက်စလုံး အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြသည်။
ရဲရှောင်သည်ပျော်ရွှင်မြူးတူးစွာဖြင့်လေလံခန်းမထဲမှ ထွက်လာကာ မြို့ပြင်သို့ ခပ်သုတ်သုတ်ထွက်သွားလိုက်သည်။ထို့နောက် ရေခဲတောင်ကြီး ရှိရာသို့ ဆက်သွားလိုက်သည်။
ခဏအကြာတွင် မြို့တံခါးရှိရာသို့ အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်တစ်ဦးသည်လှပသော မြင်းတစ်ကောင်ကို စီးကာ ဝင်လာလေသည်။
အစောင့်ရဲမက်မှ လူငယ်အား မြင်လိုက်ေသာအခါ ဦးညွှတ်လိုက်ပြီး –
“သခင်လေးရဲ . . .”
ရဲရှောင်မှ ပြုံးလျက်ပင် –
“ဒီက ညီအစ်ကိုတို့လည်း ပင်ပန်းနေကြရောပေါ့ . . .”
ထို့နောက် ရဲရှောင်လည်း မြို့တွင်းသို့ ဝင်သွားပါတော့သည်။ ထိုအချိန် ရဲမက်တစ်ဦးသည် ရဲရှောင်အား ကြည့်ရင်း စိတ်ရှုပ်ထွေးနေသည့်အမူအယာဖြင့်ခေါင်းကုတ်လိုက်ကာ –
“တစ်ေနကုန် သခင်လေးရဲ မြို့ပြင်ကို ထွက်သွားတာလည်း မမြင်မိပါဘူး။ အခုကြ ဘယ်လိုဖြစ်လို့ မြို့ပြင်က ပြန်လာရတာလဲ၊ ငါပဲ အမှတ်မှားတာလား။ သတိပဲ မေ့နေတာလား မသိပါဘူး . . .”
ထိုအခါ နောက်ရဲမက်တစ်ဦးမှ အထင်သေးသည့်အကြည့်ဖြင့်ကြည့်လျက်-
“ဦးနှောက်မရှိတဲ့ကောင် . . . မင်းက အားလုံးကို ဘယ်လို မှတ်မိနိုင်မှာတုန်း။ မင်းစကားတစ်ခွန်း ပြောနေတဲ့ အချိန်မှာပဲ မြို့ထဲကို အဝင်အထွက် လုပ်တဲ့လူက သိန်းသောင်းချီ ရှိနေတာ မင်းကိုယ်မင်း အားလုံး မှတ်မိနိုင်တယ်များ ထင်နေတာလား . . .”
အပြောခံရသော ရဲမက်မှ –
“မဟုတ်ဘူး၊ မဟုတ်သေးဘူး၊ ဒီကို ဖြတ်သွားတဲ့လူ အများကြီး ရှိရင်တောင် သခင်လေးရဲ ဆိုတာ ငါတို့ သတိထားမိနိုင်တဲ့ လူပဲဟာ။ ဘယ်မေ့ပါ့မလဲ။ ငါတစ်ယောက်ယောက်နဲ့ အမြင်မှားသွားတာများလား . . .”
“သခင်လေးရဲ့ မနေ့ကတည်းကများ ထွက်သွားတာရော မဖြစ်နိုင်ဘူးလား။ နောက်ပြီး မင်းက ငါတို့မြို့ထဲ သူလျှိုတွေ ဝင်မဝင်ဆိုတာကို သတိထားပြီး ကြည့်ရမှာလေ။ စစ်သူကြီးရဲ့သား ကိစ္စကိုများ ခေါင်းကိုက်ခံနေသေးတယ်။ မင်းတော်တော် အားနေတယ် ဟုတ်လား . . .”
အခြား ရဲမက်မှ အော်၍ပြောလိုက်လေသည်။
“အေးပါကွာ . . .”
အပြောခံရသည့်ရဲမက်လည်းထွေထွေထူးထူး ခွန်းတုံ့ပြန်မနေတော့ဘဲ သူ့တာဝန်သူ ဆက်လက် ထမ်းဆောင်နေပါတော့သည်။ ရဲမက်အချင်းချင်း အရေးမကြီးသော ကိစ္စလောက်ဖြင့် စကားမများချင်တော့သောကြောင့်လည်း ဖြစ်သည်။
ရဲရှောင်သည် မြင်းကြီးစီးလျက် ဟိတ်ဟန်အပြည့်ဖြင့်မြို့ထဲသို့ ဝင်လာခဲ့လေသည်။
ရဲအိမ်တော် အဝသို့ ရောက်သောအခါ မျက်နှာချင်းဆိုင်မှ လူအချို့ မြင်များစီးလျက်လာနေသည်ကို မြင်တွေ့လိုက်ရသည်။
ထိုလူများမှာ အိမ်ရှေ့စံမင်းသား၊ ဒုတိယမင်းသား၊ တတိယမင်းသား၊ အငယ်ဆုံးမင်းသားလေး၊ ဇုဝူကျီ နှင့်လန်လန့်လန့်တို့ပင် ဖြစ်ကြလေသည်။
ထိုလူများသည်မြင်းစီးလျက် လာနေသော ရဲရှောင်အား မြင်လိုက်ရေသာအခါ မျက်လုံးများ အရောင်ဝင်းလက် သွားကြသည်။
“ရှောင်ရှောင် . . . မင်းဘယ်တွေ လျှောက်သွားနေတာလဲ၊ ပွဲကြီးပွဲကောင်း မတွေ့လိုက်ရတာ မင်းအစား ရင်နာလိုက်တာကွာ . . .”
လန်လန့်လန့် ရှေ့ဆုံးမှလာရင်း အော်ပြောလိုက်သည်။
ရဲရှောင်လည်း ခေါင်းတစ်ချက် ပြန်ညိတ်ပြလိုက်သည်။ လန်လန့်လန့်၏ ပုံစံသည်အလွန်အမင်းစိတ်လှုပ်ရှား နေသည့် ပုံပင်။ အဘယ့်ေကြာင့်ဆိုေသာ်သူ၏ လက်ထဲတွင် ဆေးလုံး ၆၀၀ ရှိနေသောကြောင့်ပင်ဖြစ်သည်။
စစ်သည်ရဲမက်များအတွက် အလွန်အဖိုးမဖြတ်နိုင်သော ဆေးလုံးများပင်ဖြစ်လေသည်။
ထိုဆေးလုံး ၆၀၀ မှာ အရည်အသွေးကောင်းမွန်လှသည့်တိုင် ဂိုဏ်းကြီးများကဲ့သို့ အင်အားစုများ အတွက်တော့ အသုံးသိပ်ဝင်လိမ့်မည် မဟုတ်ချေ။
အဆိုပါဆေးလုံးများသည်စစ်ပွဲအတွင်း၌သာ အသုံးဝင်သော ဆေးလုံးများ ဖြစ်ကြသည်။ ယခုဆေးလုံးများသည် စစ်ပွဲများအတွက်ထူးခြားအစွမ်းထက် ဆေးလုံးများထက်ပင် ပို၍ အသုံးဝင်ပါသေးသည်။ မည်မျှ ကောင်းမွန်သည့် ထူးခြား အစွမ်းထက် ဆေးလုံးမျိုး ဖြစ်နေစေကာမူ လူတစ်ယောက်တည်းသာ သောက်သုံး၍ ရနိုင်ပေမည်။ သို့သော်ယခုဆေးလုံးများမှာမူ တစ်လုံးတည်းဖြင့် စစ်သည် ၃ ယောက်၏ အသက်အား ကယ်တင်ပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့်စစ်ပွဲများအတွက်အလွန်သိသာသော အကျိုးသက်ရောက်မှုရှိသည့်ဆေးဟုပင် ဆိုရပေမည်။
ဆေးများအား လက်ဝယ်ယူဆောင်လာသော လန်လန့်လန့်မှာ အိမ်သို့ တစ်ယောက်တည်း မပြန်ရဲတော့ချေ။ အကြောင်းမှာအလုခံရမည်ကို စိုးရိမ်နေခြင်းကြောင့်ပင်ဖြစ်သည်။ ထိုဆေးလုံးများသည် စစ်သည်ပေါင်း ၂၀၀၀ ခန့်၏ အသက်အား ကယ်တင်ပေးနိုင်သောဆေးလုံးများ ဖြစ်သည့်အတွက်အိမ်ရှေ့မင်းသားတို့နှင့်အတူ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
လန်လန့်လန့်အား အိမ်ပြန်အိမ်ပြန်ပို့ပေးရန်အတွက် ဇုဝူကျီသည်အိမ်ရှေ့မင်းသားတို့အား အာပေါက်မတတ်ပင်ကူပြောပေးခဲ့ရသည်။ ဇုဝူကျီ၏ ပါးစပ်မှ “စစ်သည်တွေ အသက်ကယ်ဖို့အတွက်၊ ချန်နိုင်ငံတော်ကြီးကို ကယ်တင်ဖို့ အတွက်” ဟူသော စကားလုံးများ လှိုင်လှိုင်သုံးကာ ပြောဆိုခဲ့သဖြင့် မင်းသားများလည်း မတတ်သာတော့ဘဲ လန်လန့်လန့်၏ အိမ်သို့ အရင်လိုက်ပို့နေကြခြင်းပင် ဖြစ်သည်။
သူတို့အားလုံးသည် ရဲရှောင်နှင့် လမ်းတွင်ယခုကဲ့သို့ ဆုံလိမ့်မည်ဟု မထင်မှတ်ထားကြချေ။
ရဲရှောင်နှင့်ထိပ်တိုက်တွေ့ဆုံလိုက်ရသည့်အတွက်မင်းသား ၃ ပါးမှာ မျက်နှာမထားတတ်အောင်ပင်ဖြစ်နေကြသည်။ သူတုိ့၏ စိတ်ထဲတွင်လည်း –
(အခုတော့ လူပြောများတဲ့ လူရှုပ်လူပွေ သခင်လေး ၃ ယောက်ကို တစုတစည်းတည်း တွေ့ရပြီပေါ့)
“ငါဒီလို ပွဲကြီးမျိုး မတက်ချင်ပါဘူးကွာ။ ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က ငါ့ကို အရိုးပျော်လက်ဝါးနဲ့ ရိုက်သွားရင်ဘယ်လိုလုပ်မလဲ။ အဲဒီလိုသာဆို ငါ့အတွက် တော်တော်ကို ဒုက္ခများမှာကွ။ ဟိုတခေါက်တုန်းကတောင် ငါ့အဖေ ငါ့ကို ကုပေးရတာ တော်တော် အားကုန်သွားခဲ့တယ်။ နောက်တစ်ခါဆို ငါ့အဖေပါ အားပြတ်ပြီး သေသွားနိုင်တယ် . . .”
ရဲရှောင် ပြုံးလျက် ပြန်ပြောလိုက်သည်။
ထိုကဲ့သို့ ပြောလိုက်သည့် စကားအား အခြားလူများမှ သာမန်လိုပင် သဘောထား၍ ဂရုမစိုက်သော်လည်း အိမ်ရှေ့မင်းသားမှာမူ မျက်နှာကွက်ခနဲပင် ပျက်သွားသည်။ အခြားသောလူများသည် ထိုကိစ္စ၏ အဖြစ်မှန်အား မသိကြချေ။ အရိုးပျော်လက်ဝါးချက်နှင့်အရိုက်ခံခဲ့ရသည့်အချိန်က ရဲရှောင် သေလုမျောပါးပင်ခံစားခဲ့ရသည့်အတွက်ယခု သူ၏ သူငယ်ချင်းများနှင့်ဆုံသည့်အချိန်တွင်အာလာပသလာပ သဘောမျိုးဖြင့်ပြန်လည် ပြောဆိုလိုက်ခြင်းဖြစ်သည့်အတွက်အခြားလူများအဖို့ ထူးဆန်းသည့် ကိစ္စတစ်ခု မဟုတ်တော့ချေ။
ထို့ပြင်အိမ်ရှေ့မင်းသား၏နောက်ရှိ ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားသူ ကွမ်ဇန်းဝမ်မှာလည်း ငိုင်ခနဲပင်ဖြစ်သွားလေသည်။ သူ၏ စိတ်ထဲတွင်ထိတ်လန့်တုန်လှုပ်နေသည့်အတွက်ဆောက်တည်ရာမရပင်ြဖစ်နေမိသည်။ ထို့ကြောင့်မလုံမလဲ ဖြစ်ကာ ရဲရှောင်အားခိုးကြောင်ခိုးဝှက်ပင်ကြည့်လျက်ရှိသည်။
အိမ်ရှေ့မင်းသားသည်ရဲရှောင်အား ကြည့်ရင်း ပြုံးလျက်-
“သခင်လေးရဲက တကယ်ကို ကံကောင်းတာပဲ။ ကံဆိုးမှုတွေ ရောက်လာတာတောင် ကျော်ဖြတ်နိုင်ခဲ့တယ်။ အခုဆို ကောင်းကောင်း ပြန်ကျန်းမာနေပြီထင်တယ် ဟုတ်တယ်မဟုတ်လား . . .”
“သခင်လေးရဲဆီ လာကြည့်တုန်းက ဒဏ်ရာအပြင်းအထန်နဲ့ မေ့မျောနေခဲ့တာကို သတိရသေးတယ်။ အခုတော့ ကြည့်စမ်းပါဦး၊ တော်တော်ကို ကျန်းမာနေပြီပဲ။ အရင်လိုကို မဟုတ်တော့ဘူး၊ လူကောင်းတွေက အမြဲတမ်း ကံကောင်းတတ်တယ်ဆိုတာ အမှန်ပဲ . . .”
ရဲရှောင်လည်း ပြုံးလိုက်ကာ –
“မင်းသားရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်ဗျာ . . .”
“ခင်ဗျားပြောသလိုပဲ ကံဆိုးမှုတွေကို လွတ်မြောက်နိုင်ခဲ့ပြီ။ ခင်ဗျားသာ မင်းကြီးကို အချိန်မီ အကြောင်းမကြားခဲ့ရင် ကျုပ်အဖေကိုတောင် ပြန်တွေ့ခွင့် ရခဲ့မှာ မဟုတ်ဘူး။ အချိန်မရွေးလည်း သေသွားနိုင်တယ်။ အခုတော့ မြန်မြန်ဆန်ဆန်ပဲ ပြန်ကောင်းလာခဲ့တယ်။ တကယ်ကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ ကျေးဇူး အောက်ေမ့တဲ့အနေနဲ့ နောက်မှ စားသောက်ပွဲတစ်ပွဲ ကျင်းပပါဦးမယ် . . .”
အိမ်ရှေ့မင်းသားသည်ရဲရှောင်၏ စကားအား သဘောတူသည့်အနေဖြင့်ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
ရဲရှောင်တို့ နှစ်ဦးသည်အေးအေးလူလူဖြင့်ပင်စကားပြောဆိုနေကြခြင်း ဖြစ်သည်။ မင်းသားသည် ရက်ရော၍ စိတ်ထားကောင်းသော မင်းသားတစ်ဦး၏ အသွင်မျိုး ရှိနေပြီး ရဲရှောင်သည်လည်း ကျေးဇူးသိတတ်သော လူတစ်ဦးအဖြစ် ရှိနေကြသည်။
သို့သော် မင်းသား၏ စိတ်ထဲတွင်မူ ရဲရှောင်၏ စကားလုံးများထဲတွင်တစ်စုံတစ်ခု ဖုံးကွယ်ထားသည့်အလားခံစားနေရသည်။
(ငါပဲ စိတ်ထင်နေတာလား၊ ရိုးတော့ မရိုးဘူး . . .)
တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားနေရသည့်တိုင် ခေါင်းထဲမှ ထိုကိစ္စအား ထုတ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော်အကယ်၍ ရဲရှောင်သာ အဖြစ်မှန်များအား သိနေမည် ဆိုပါက ယခုအချိန်ထိပင် သူ အသက်ရှင်နိုင်နေမည် မဟုတ်ကြောင်းတွေးလိုက်မိ၍ပင် ဖြစ်ပါတော့သည်။
Top of Form