Chapter – 308
“အကျိုးအမြတ်”
၁၄၅ ဘီလီယံဆိုသည့် ပမာဏမှာ အလွန် များပြားသော ပမာဏပင် ဖြစ်သည်။ မော်တယ်ကမ္ဘာကြီး တစ်ခုလုံးတွင် လည်ပတ်စီးဆင်းလျက် ရှိသည့် ငွေကြေးစီးဆင်းမှုသည်ပင် ယခုပမာဏ၏ တစ်ဝက်လောက်ခန့်ရှိမည် မဟုတ်ပေ။
ထို့ကြောင့်လင်းပါအိုသည်လေလံပွဲမှနေ၍ အကျိုးအမြတ်များစွာ ရရှိခဲ့သည်ဟု ဆိုရပေမည်။
ယခုလေလံပွဲသို့ တက်ရောက်ခဲ့ကြသည့် လူများတွင်အထူးသဖြင့် မျိုးနွယ်စုကြီးများမှ လူများသည်လေလံပွဲ၌ရောင်းချမည့် ဆေးလုံးများမှာ ဈေးကြီးမြင့်မည် ဖြစ်ကြောင်း သိနေခဲ့ကြသည်။ ထို့ကြောင့် ဆေးလုံးများအား ပိုင်ဆိုင်နိုင်ရန်အတွက်မျှော်လင့်ချက် မရှိသဖြင့်ငွေကြေးပင် အလုံအလောက်အောင် မယူလာခဲ့ကြပေ။ ဂိုဏ်းကြီးများသာ ဆေးလုံးများအား အပြိုင်အဆိုင် အလုအယက်ဝယ်ကြမည်ကို ကြိုတင်၍ သိထားကြလေသည်။ ထို့ကြောင့် မျိုးနွယ်စုကြီးများသည်ဆေးလုံးများအား ပိုင်ဆိုင်နိုင်သည်ဖြစ်စေ မပိုင်ဆိုင်နိုင်သည်ဖြစ်စေ ကံတရားဟုသာတွေးထားခဲ့ကြသည်။ အကယ်၍ ကံကောင်းလျှင် ဆေးလုံးတစ်လုံး ရရှိနိုင်မည် ဖြစ်ပြီး ကံဆိုးပါက တစ်လုံးမှပင်ရလိမ့်မည်မဟုတ်ကြောင်း ခံယူထားကြသည်။ အချို့မှာလည်း အရိုးသန့်စင်ဆေးလုံး တစ်လုံးတည်းအား သန်း ၃၀၀ အကုန်ခံ၍ ဝယ်ယူမည့်အစား အခြားသော ပစ္စည်းများစွာကိုသာ ဝယ်ယူကြလေသည်။
လေလံပွဲ၌ နေရောင်ဂိုဏ်းနှင့် ကြယ်ရောင်ဂိုဏ်းတို့သည် လင်းပါအိုအပေါ် မသမာသော နည်းဖြင့် ဆေးလုံးများအား လိုချင်နေကြသဖြင့် သခင်ကြီးဘိုင်၏ အမျက်ရှခြင်းကို ခံခဲ့ကြရသည်။ နောက်ဆုံးတွင်မူ ထိုဂိုဏ်းကြီး ၂ ခုလုံး လက်ဗလာဖြင့်ထွက်ခွာသွားကြရသည်။
ဂိုဏ်းကြီး ၂ ခု ထွက်သွားပြီးသည့်ေနာက်တွင်မုန်တိုင်းအိမ်တော်လည်း ပြန်သွားခဲ့သည်။ ထိုအခါ ကျန်ရှိနေကြသည့် လူများအတွက် ဆေးလုံးများ ပိုင်ဆိုင်ရန် ပို၍ အခွင့်အရေး ရှိသွားခဲ့ကြလေသည်။
ကျန်လူများအဖို့ ငွေစလုံလုံလောက်လောက် ရှိလျှင် ဖြင့်ပင်ဆေးလုံးများအား ပိုင်ဆိုင်နိုင်ကြမည် ဖြစ်သည်။ ထိုအခါကြမှသာ ငွေလုံလောက်စွာ ယူမလာခဲ့မိကြသော မျိုးနွယ်စုကြီးများမှာ ပျာယာခတ်သွားခဲ့ကြသည်။
ပွဲအတွင်း ဝင်ရောက် ဈေးပြိုင်ပေးခဲ့ကြပြီး အချို့ဆိုလျှင် အိမ်သို့ပင်ပြန်၍ ငွေစများ ပြန်ယူခိုင်းကြလေသည်။
သို့သော် ယခုလေလံပွဲတွင် ဈေးနှုန်းများသည် ခေါင်ခိုက်နေသဖြင့် မတတ်နိုင်သည်က များသည်။ မျိုးနွယ်စုကြီးများ၏ အဓိက လုပ်ငန်းများမှာ အရောင်းအဝယ် လုပ်ငန်းများသာ ဖြစ်သဖြင့် ငွေစများအား ထုတ်ချင်သလို ထုတ်၍ မဖြစ်နိုင်ချေ။ ထိုကြောင့်ငွေမလောက်သည့်အခါ ပစ္စည်းများအား အပေါင်ထားကြရသည်။
ချန်ရှင်းမြို့တော်တွင် နေထိုင်ရင်း နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သည့် ပစ္စည်းများအား လင်းပါအိုတွင် အပေါင်ထားကြလေသည်။
ထိုအထဲတွင် လောင်မျိုးနွယ်သည် လောဘအကြီးဆုံးပင်ဖြစ်သည်။လေလံပွဲတွင်လောင်မျိုးနွယ်အနေဖြင့်ဆေးလုံး ၁၀ လုံး ရရှိခဲ့ကြပြီး ၃ ဘီလီယံ ကုန်ကျခဲ့ကြသည်။ အချိန်တိုအတွင်း ထိုမျှလောက် များပြားသည့်ငွေစပမာဏအား မည်သို့ ရရှိနိုင်ပါမည်နည်း။လောင်မျိုးနွယ်စု တစ်စုလုံး နှစ်ထောင်နှင့်ချီ၍ စုဆောင်း သိမ်းဆည်းထားသည့်ပစ္စည်းများမှ ရရှိလိုက်ခြင်းပင်ဖြစ်သည်။
ငွေကြေးများစွာ ကုန်ကျသွားသည့်တိုင်အောင်လောင်မျိုးနွယ်သည်သူတို့ကိုယ်သူတို့ ကံကောင်းသည်ဟု မှတ်ယူနေကြဆဲပင်ဖြစ်သည်။လေလံပွဲမှနေ၍ အကျိုးအမြတ်များစွာ ရရှိသွားသည်ဟုလည်း ထင်နေကြပါတော့သည်။
လေလံပွဲ၌ ၁၄၅ ဘီလီယံခန့် ရရှိခဲ့သည် ဆိုသော်လည်း အမှန်တကယ်တွင်မူ ၁၆၀ ဘီလီယံခန့် ရရှိလိုက်သည်ဟု ဆိုရပေမည်။ ထိုအထဲမှ ၈၀ ရာခိုင်နှုန်းခန့်သာ ငွေစအနေဖြင့် ရရှိခဲ့ခြင်း ဖြစ်ပြီး ကျန်ရာခိုင်နှုန်းမှာ အမျိုးမျိုးသော ပစ္စည်းများ ရလိုက်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ၁၅ ဘီလီယံခန့်ပိုရလိုက်ခြင်းပင်ဖြစ်သည်။
ထိုပစ္စည်းများမှ အကျိုးအမြတ်အား ချန်နိုင်ငံတော်ထံသို့ ခွဲဝေပေးရန်လည်း မလိုအပ်ေချ။ နောက်ဆုံး စာရင်းချုပ်လိုက်သောအခါ ၇၂ ဘီလီယံခန့်အမြတ်ရရှိခဲ့သည်။
လင်းပါအိုမှ ကတိပေးထားခဲ့သည့်အတိုင်း ၁၄ ဘီလီယံအား အခွန်ဆောင်ခဲ့သကဲ့သို့ ၆၀ ရာခိုင်နှုန်း ဖြစ်သည့် ၄၂ ဘီလီယံကိုလည်း ချန်နိုင်ငံတော်အား ထောက်ပံ့ပေးလိုက်သည်။ ထို့ပြင် စစ်သည်မိသားစု များအတွက် ၁၀ ရာခိုင်နှုန်းဖြစ်သည့် ၇ ဘီလီယံကိုလည်း ထောက်ပံ့ပေးခဲ့သည်။
ထို့ကြောင့် အားလုံးပေါင်းလိုက်သောအခါ ၆၃ ဘီလီယံခန့် ကုန်ဆုံးသွားလေသည်။
လင်းပါအိုအတွက်မူ ၁၀ ဘီလီယံ အမြတ်ကျန်ပါသေးသည်။
ထိုပမာဏကိုပင် ဝမ်ဇန်းဟိုတစ်ယောက်အကျေနပ်ကြီးကျေနပ်နေမိသည်။
“ကျုပ်တို့ အကျိုးအမြတ်တွေကို ခွဲယူကြတာပေါ့။ ဒီတိုင်းသိမ်းထားရင် အန္တရာယ်ကို လက်ယက်ဖိတ်ခေါ်သလို ဖြစ်နေမယ် . . .”
ဝမ်ဇန်းဟိုပင် ခွဲခြမ်းရေး လုပ်လိုက်သည်။
လက်ခံနိုင်လောက်သည့် ခွဲခြမ်းမှုမျိုးပင် ဖြစ်သည်။
ဝမ်ဇန်းဟိုသည်လက်ခံရရှိခဲ့သည့် ပစ္စည်းများစွာအား ရဲရှောင်ထံ ပေးလိုက်လေသည်။ ရဲရှောင်လည်း စစ်ဆေးခြင်းပင် မပြုတော့ဘဲ ဟင်းလင်းပြင်ကြီး အတွင်းသို့သာ ပစ်ထည့်လိုက်သည်။
ရဲရှောင်အဖို့ ယခုလောက် များပြားသည့်ပမာဏမျိုး တစ်ခါမျှ မမြင်ခဲ့ဖူးချေ။
“မျိုးနွယ်စုကြီးတွေ အပေါင်ထားမယ့်အချို့ ပစ္စည်းတွေ ကျန်သေးတယ်။ အဲဒါတွေက ၃ ရက်အတွင်း ရောက်ဦးမှာ . . .”
ဝမ်ဇန်းဟိုသည်ပါးစပ်နားရွက်တက်ချိတ်မတတ်ပင်ပြုံးရင်း ရဲရှောင်အားပြောလိုက်သည်။
ရဲရှောင်လည်း ထခုန်မတတ်ပင်ပျော်နေမိသည်။
သူ့အတွက် တန်ဖိုးရှိသော ပစ္စည်းများစွာ ရရှိခဲ့လေပြီ။
ပိုင်ရှင်းယွဲ့နှင့် ဝမ်ရမ်ချူးချူးတို့သည် ရဲရှောင် ထွက်သွားတော့မည်ကို မြင်ရသောအခါ သက်ပြင်းချရုံမှ လွဲ၍ ဘာမျှ မတတ်နိုင်ကြချေ။
ဝမ်ရမ်ချူးချူးသည်မျက်စိပျက်မျက်နှာပျက်ပင်ဖြစ်နေပြီး ပိုင်ရှင်းယွဲ့သည်လည်း အနည်းငယ် စိတ်ရှုပ်နေသည့်ဟန်ပင်။
သူတို့ ၂ ဦးစလုံး၏ စိတ်ထဲတွင် ဖန်ဇီလင်သည် ရန်သူလေလား မိတ်ဆွေလား ဟူ၍ပင်ဝေခွဲမရ ဖြစ်နေမိကြသည်။
“ဆရာ . . . ဆရာနေပြန်ကောင်းရင် ကျွန်မ အပြာရောင်လေ နိုင်ငံတော်ကို ခဏပြန်ဦးမယ်။ ချန်နိုင်ငံတော်နဲ့ ကျွန်မတို့ အပြင်းအထန် တိုက်ခိုက်ရမယ်ထင်တယ်။ ကျွန်မက မင်းသမီးတစ်ပါးလေ။ ကျွန်မနိုင်ငံဘက်က အခြေအနေ မကောင်းဘူး။ ကျွန်မကိုယ့်တာဝန်ကိုယ်ကျေအောင်လည်း လုပ်ရဦးမယ်”
ဝမ်ရမ်ချူးချူး ရဲရှောင် ထွက်သွားသည်အား ငေးကြည့်ရင်း ပြောလိုက်သည်။ သူမ၏ မျက်နှာသည် လေးနက်တည်ကြည်နေလျက်ရှိပြီး စိတ်ထဲတွင်လည်း တစ်စုံတစ်ခုအား ပြတ်ပြတ်သားသား ဆုံးဖြတ်ထားသည့်ပုံပင်။
(သူကလည်း သူ့တာဝန် သူကျေအောင် လုပ်သလို ငါကလည်း ငါ့တာဝန် ငါကျေအာင် လုပ်ရမှာပေါ့ . . .)
ပိုင်ရှင်းယွဲ့ သက်ပြင်းချလိုက်ရင်း –
“အင်း၊ ငါလည်း နည်းနည်း နေပြန်ကောင်းလာရင် ချင်းယန် ပြန်ဦးမယ်။ ငါလုပ်စရာတွေ ရှိတယ်။ တတ်နိုင်သမျှ အမြန်ဆုံး အားဖြည့်ကြာပန်းတွေကို ရှင်သန်အောင် လုပ်ရမယ်။ ဖန်ဇီလင် ကူညီနိုင်ဖို့ အတွက် ငါ့ဂိုဏ်းကို လိုအပ်တာတွေ အမြန်ဆုံး ရှာပေးဖို့လည်း ပြောရမယ်။ ဒီကိစ္စက တိမ်မြိူခိုးနန်းတော်ရဲ့ အနာဂတ်အတွက်အများကြီး အရေးကြီးတယ်။ ငါတို့ အမှားလုပ်မိလို့ မဖြစ်ဘူး . . .”
ဝမ်ရမ်ချူးချူးလည်းခေါင်းညိတ်လိုက်ရင်း –
“နားလည်ပါပြီ ဆရာ . . .”
ထို့နောက် ဝမ်ရမ်ချုးချုး ခေါင်းငိုက်စိုက် ကျသွားပြန်သည်။
သူမတို့နှစ်ဦးအနေဖြင့် ဖန်ဇီလင်အား အဆုံးရှုံးခံ၍ မဖြစ်ချေ။ သို့သော် ဖန်ဇီလင်သည် ချန်နိုင်ငံတော်ဘက် မှ ဖြစ်သည်။ ချန်နိုင်ငံတော်နှင့် အပြာရောင်လေ နိုင်ငံတော်သည် ရန်သူများသာ ဖြစ်ကြသည်။
ထို့ပြင် သူသည် အပြာရောင် လေနိုင်ငံတော်၏ မင်းသမီးတစ်ပါး ဖြစ်နေသည်။
ထိုအခြေအနေမျိုးတွင်ဝမ်ရမ်ချုးချုးသည်ဖန်ဇီလင်အပေါ် စိတ်ယိုင်၍ သဘောကျနေမိသည်။
တိုင်းပြည် အနာဂတ်နှင့် သူ၏ ကိုယ်ရေးကိုယ်တာ ခံစားချက်များ နှိုင်းယှဉ်လာမည် ဆိုပါက သူ၏ ခံစားချက်များကိုသာ လျစ်လျူရှုပစ်ရမည် ဖြစ်သည်။ ထိုသို့ရွေးချယ်လိုက်ရသည့်အတွက်သူ၏ ဘဝတစ်ေလျှာက်လုံး နာကျင်နေရမည် ဆိုလျှင်ပင် နောင်တရလိမ့်မည် မဟုတ်ချေ။ သို့သော် ဖန်ဇီလင်သည် တိမ်မြူခိုး နန်းတော်၏ နောက်ဆုံး မျှော်လင့်ချက်လည်း ဖြစ်နေပြန်သည်။
ထိုအကြောင်းအရာများ စဉ်းစားမိလိုက်သည့် အခါတိုင်း သူ၏ခေါင်းတစ်ခုလုံး ကိုက်ခဲသွားသည့် အလား ခံစားနေရပါတော့သည်။