Switch Mode

Chapter – 307

ရဲတင်းလွန်းသောဖန်ဧကရာဇ်

Chapter – 307
“ရဲတင်းလွန်းသောဖန်ဧကရာဇ်”

ဝမ်ဇန်းဟိုသည် ဝမ်းသာလုံးစို့၍ မျက်ရည်များပင် ဝဲတက်လာလေသည်​။ စိတ်ထဲတွင်လည်း ကျယ်လောင်စွာ အော်ဟစ်ပစ်ချင်နေမိသည်။
“ဟားဟား . . . ငွေရှာရတာ သိပ်လွယ်တာပဲ။ သူများဆီက သွားလုရတာထက်ကို ပိုလွယ်နေ​သေးတယ် . . .”
. . .
“ဒီလေလံပွဲမှာ ငွေစဆိုတာ တန်ကြေးမရှိတော့သလိုပဲ . . .”
ပိုင်ရှင်းယွဲ့ သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
မော်တယ်ကမ္ဘာမှ ငွေကြေးသည် သူမအဖို့ တန်ဖိုးမရှိ​သော်လည်း ယခုကဲ့သို့ အချိန်နှင့်အမျှ ငွေပမာဏ များ တရိပ်​ရိပ်​တိုးတိုးသွားသည်ကို မြင်ရ​သောအခါ အံ့သြနေမိလေသည်။ ပိုင်ရှင်းယွဲ့ကဲ့သို့​ချင်းယန်နယ်ပယ်မှ ထိပ်တန်းဂိုဏ်းကြီး၏ ပညာရှင်တစ်ဦးပင် ယခုကဲ့သို့ နှုတ်​မှ ထုတ်ဖော်ရေရွတ်မိလိုက်သည်​။
ဝမ်ရမ်ချူးချူးသည်လည်း သူမ၏ နှုတ်ခမ်းအား ကိုက်လျက် သက်ပြင်းချလိုက်သည်​။
“ဟုတ်တယ်၊ ငွေရှာရတာ သိပ်လွယ်နေသလိုပဲ။ ကျွန်မ ဖန်ဇီလင်ကိုတောင် သတ်ပစ်ချင်နေမိပြီ။ ဘာလို့လဲဆိုတော့ . . .”
ပိုင်ရှင်းယွဲ့ ပထမ ကြောင်သွားမိသော်လည်း ချက်ချင်းပင် နားလည်လိုက်မိသည်​။
လင်းပါအိုမှ ချန်နိုင်ငံတော်အား ထောက်ပံ့ပေးမည်ဟု အတိအလင်း ကြေညာထားသည်။ ချန်​နိုင်​ငံ​တော်​သည်​လေလံပွဲမှ ရရှိသော ငွေပမာဏအား ရာခိုင်နှုန်းအချိုးကျဖြင့်​ပိုင်ဆိုင်နိုင်မည် ဖြစ်​သည်။ ယခုကာလသည်​ချန်နိုင်ငံတော်အ​နေဖြင့်​စစ်ပွဲအတွက် ငွေကုန်ကြေးကျ များနေသော ကာလဖြစ်သည်​။
​လေလံပွဲမှ ရရှိသော ငွေစအများစုသည် ဝမ်ရမ်ချူးချူး၏ အပြာရောင်လေနိုင်ငံတော်နှင့် စစ်ဖြစ်ရာတွင် သုံးစွဲသွားမည် ဖြစ်သည်။
မော်တယ်ကမ္ဘာမှ ငွေကြေးမှာ ပိုင်ရှင်းယွဲ့အတွက် မှုစရာ မဟုတ်သည့်တိုင် အခြားလူများ အတွက်မူ ထိုသို့ မဟုတ်ပေ။​ငွေသည်​ဒုတိယ ဘုရားသခင်​ဖြစ်​သဖြင့်​ကမ္ဘာကြီးကိုပင် ငွေဖြင့် ပြောင်းလဲပစ်နိုင်စွမ်း ရှိ​လေသည်​။
အထူးသဖြင့်​စစ်ပွဲများအတွက်​မူ ငွေသည် အလွန်​အ​ရေးပါလှသည်​။
ခြုံငုံ၍ သုံးသပ်​ရမည်​ဆိုလျှင်​စစ်ပွဲတွင် နိုင်ခြင်း ရှုံးခြင်းသည် ငွေပေါ်တွင် မူတည်​နေ​လေသည်​။
စစ်ဖြစ်ရာတွင် မည်သည့်ဘက်မှ ငွေကြေးသယံဇာတ ပိုမို ကြွယ်ဝသည်​ဆိုသည့် အချက်ပေါ် တွင်​များစွာ မူတည်လျက်​ရှိသည်​။ စစ်သည်များအဖို့ အနည်းဆုံး စားနပ်ရိက္ခာ လုံလောက်စေရန် အရေးကြီးလှသည်။ အဝတ်အစားသည် ဒုတိယလိုက်၏။ ထို့ပြင် ကျန်ရစ်သူ မိသားစုများကိုလည်း ကူညီထောက်ပံ့နိုင်​ရန် အလွန်​အရေးကြီးလှသည်။
နေ့စဉ်နှင့်အမျှ အသုံးပြုသည့် လက်နက်များမှာ ထိခိုက်ပျက်ဆီးရသည်။ ထိုလက်နက်များ ပြန်လည်ပြင်ဆင်ရန်အတွက်​မည်သည်ကို လိုအပ်ပါမည်နည်း။ ငွေကိုသာ လိုအပ်ပေလိမ့်မည်။
မြင်းများ အစာကျွေးရန်အဆုံး ရေသောက်သည်ကအစ ငွေကို လိုအပ်သည်​။
ချန်နိုင်ငံတော်အတွက်​လင်းပါအိုသည် ငွေထုတ်စက်ကဲ့သို့ ဖြစ်နေလေပြီ။ ဝမ်ရမ်ချူးချူး အသေအချာသိသွားသည့် အချက်တစ်ချက်ရှိ​လေသည်​။ ထိုအချက်မှာ​ယခုလေလံပွဲပြီးနောက် ချန်နိုင်ငံတော်သည် စစ်ပွဲအား ၁၀ နှစ်လောက်ခန့်​အသာအယာ တောင့်ခံထားနိုင်ဦးမည်ကိုပင် ဖြစ်သည်။
ယခုအ​ခြေအ​နေအရ ချန်နိုင်ငံတော် အနေဖြင့် စစ်ပွဲဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အခွန်ကင်းလွတ်ခွင့်ပင် ပေးနိုင်ဦးမည်ဖြစ်သည်​။
အပြာရောင်လေနိုင်ငံတော်မှာမူ ထိုသို့ မဖြစ်နိုင်ချေ။
စစ်ပွဲဖြစ်နေစဉ် ကာလအတွင်း အပြာ​ရောင်​လေနိုင်​ငံ​တော်​အ​နေဖြင့်​ငွေကုန်ကြေးကျများခဲ့သည်​။ မဟာမိတ်များအား ပူးပေါင်းနိုင်ရန်အတွက်လည်း ငွေကုန်ခဲ့ရသည်။ ယခုတိုင်အောင်​ငွေ​ကြေး ကုန်နေဆဲပင်​ဖြစ်​သည့်​အတွက်​အချိန်ကြာမြင့်​စွာ ထိန်းထားနိုင်မည် မဟုတ်တော့​ချေ။
“အကြမ်းဖျဉ်းတွက်ကြည့်ရသလောက် ဒီလေလံပွဲမှာ ဘီလီယံ ၁၂၀ လောက် ရလိမ့်မယ်။ ဒါဆို သူတို့ ကြေညာထားတဲ့အတိုင်း​ချန်နိုင်ငံတော်နဲ့ တစ်​ဝက်စီဆို​တော့ ၆၀ ဘီလီယံစီ ရမှာပေါ့။ ဒီပမာဏက တော်တော်ကို များတယ်နော် . . .”
ဝမ်ရမ်ချူးချူး သူမ၏ နှုတ်ခမ်းအား ကိုက်လိုက်ရင်း –
“အခု ဒီက ငွေစတွေကို ကျွန်မမျက်လုံးထဲ ငွေစတွေလို့ မမြင်မိတော့ဘူး၊ ဓားတွေ၊ လှံတွေ၊ လက်နက်တွေလို့ပဲ မြင်နေရတယ်။ အဲဒီလက်နက်တွေက ကျွန်မတို့နိုင်ငံရဲ့ လူတွေပေါ် ကျလာမှာ . . .”
ပိုင်ရှင်းယွဲ့ လေးလံစွာ သက်ပြင်းချလိုက်မိသည်။
ဝမ်ရမ်ချူးချူးသည် သူမ၏ တပည့်ဖြစ်ပြီး အပြာရောင်လေ နိုင်ငံတော်၏ မင်းသမီးတစ်ပါးလည်း ဖြစ်​ပေသည်​။
. . .
ဝမ်အာပြောခဲ့သည့်​အတိုင်း သူမနှင့် သခင်ကြီးဘိုင်တို့သည် မည်သူမျှ မသိလိုက်ခင်မှာပင် တ်ိတ်တဆိတ် ပြန်သွားခဲ့ကြသည်​။ ပြန်သွားမှန်းပင် မသိလိုက်ကြချေ။ လေလံပွဲသည်လည်း အောင်မြင်စွာ ပြီးဆုံးတော့မည် ဖြစ်သည်​။
ယခု​လေလံပွဲသည်​မော်တယ်ကမ္ဘာ၏ သမိုင်းတွင် စံတင်ရမည့် လေလံပွဲတစ်ခု​ပင် ဖြစ်လေသည်။
​လေလံပွဲမှ ရဲရှောင်​မျှော်​မှန်းထားသည်​ထက်​ပင်​၂ ဆခန့်​ပိုမိုရရှိခဲ့သည်​။
ဝမ်ဇန်းဟိုမှ ရဲရှောင်ထံ အကျိုးအကြောင်း လာပြောသောအခါ ရဲရှောင် တုန်လှုပ်အံ့သြသွားမိခဲ့သည်​။
“ဘာ . . . ၁၄၅ ဘီလီယံကျော် ဟုတ်လား . . .”
ရရှိသည့်​ပမာဏအား ကြားလိုက်ရေ​သာအခါ ရဲရှောင် ကြောင်ငေးသွားမိသည်။
“ဘုရားရေ . . .”
သူ၏ စိတ်​များ တည်​ငြိမ်​သွား​စေရန်​အတွက်​ရဲရှောင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
“သမိုင်းတလျှောက် ဘယ်လေလံပွဲကမှ ကျုပ်တို့ရှာတဲ့ ပမာဏလောက် မရခဲ့ကြဖူးဘူး။ နောက်လည်း ရှိလာမှာ မဟုတ်ဘူး။ ဒီပွဲကတော့ သမိုင်းတွင်သွားပြီပဲ . . .”
ဝမ်ဇန်းဟိုသည် သူ၏ အဆီပြင်ကြီးများ လှုပ်ခါလျက် စိတ်လှုပ်ရှားစွာဖြင့်​ပြောလိုက်သည်။
“ခင်ဗျားပြောတာ မှန်တယ်။ အရင်ကလည်း ဒီလိုပွဲမျိုး မရှိခဲ့သလို နောင်လည်း ရှိမှာ မဟုတ်ဘူး”
ရဲရှောင် ရယ်မောလျက် ပြန်​ပြောလိုက်သည်​။ ထို့နောက် တစ်စုံတစ်​ခုခုအား စဉ်းစားမိသွားသည့်​ဟန်ဖြင့် –
“ဒါနဲ့ နေရောင်ဂိုဏ်းကရတဲ့ ၅ ဘီလီယံကို သခင်​ကြီးဘိုင်​ကျုပ်တို့ကို ပေးမသွားဘူးလား . . .”
ဝမ်ဇန်းဟို အံ့သြသွားဟန်ဖြင့် –
“ဟင့်အင်း​ပေးမသွားဘူး . . .”
ရဲရှောင် ဒေါသထွက်သွားကာ –
“မျိုးမစစ်ကောင်၊ ငါ့ငွေတွေ ယူသွားတယ်။ ၅ ဘီလီယံတောင်မှ၊ တော်တော်ကို များတဲ့ ပမာဏကွာ။ ဒီအကြွေးကို မှတ်ထားမယ်။ မျိုးမစစ်ကောင် အခုတော့ နေနှင့်ဦးပေါ့။ ငါ့ငွေကိုတောင် ဘယ်လို မျက်နှာပြောင်ပြောင်နဲ့ ယူသွားရဲရတာလဲ . . .”
ဝမ်ဇန်းဟိုသည်​ရဲ​ရှောင်​အား ပါးစပ်အဟောင်းသားဖြင့်ပင်​ကြောင်​ငေး၍ ကြည့်နေမိသည်​။ သူ၏ စိတ်ထဲတွင်လည်း ကျိန်​ဆဲ​နေမိသည်​။
(၅ ဘီလီယံက ကျုပ်တို့ငွေ ဘယ်လို ဖြစ်နိုင်ပါတော့မလဲ။ သူရူးများ ရူးသွားတာလား။ ဒီလို ငါတို့ လေလံပွဲ အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်သွားတာ သခင်ကြီးဘိုင်ကြောင့်လေ။ သူ ကျုပ်တို့ဘက်က ရပ်တည်ပေးခဲ့လို့သာ ဒီပွဲက ပိုပြီး အသက်ဝင်သွားခဲ့တာ။ ဒီလိုမှသာ မဟုတ်ရင် ဒီပမာဏရဲ့ တစ်​ဝက်တောင် ရမှာ မဟုတ်ဘူး။ အဲဒါတောင် ခင်ဗျားက သူ့ဆီက ၅ ဘီလီယံကို ပြန်လိုချင်နေသေးတာလား၊ တော်တော် စိတ်ကူးယဉ်နေတာပဲ။ တော်တော်ကိုပဲကွာ . . .)
ဝမ်ဇန်းဟိုသည်​ထိုစကားများအား ပါးစပ်မှ ထုတ်ဖော်၍တော့ မပြောဝံ့ချေ။
လေလံပွဲ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ရဲရှောင်လည်း ငွေစများ ယူဆောင်ရင်း ညွှန်ကြားစရာ ရှိသည်များ ညွှန်ကြားကာ ပြန်လာခဲ့သည်​။
လေလံပွဲလာ ပရိတ်သတ်များသည် ဆေးလုံးများ၏ ဈေးနှုန်း အဆမတန် မြင့်တက်လိမ့်မည်ဟု ထင်မထားခဲ့ကြချေ။ အချို့ဆိုလျှင် ငွေလုံလောက်စွာ မယူခဲ့မိ၍ နောင်တရနေမိကြသည်​။
သို့​သော် ငွေမလုံလောက်သူများအဖို့ လုပ်၍ရနိုင်သော နည်းလမ်းတစ်ခု ရှိ​လေသည်။​ပစ္စည်းတစ်ခုခုအား အာမခံဖြင့် အပေါင်ထားနိုင်ခြင်းပင် ဖြစ်သည်။ သို့သော် ပစ္စည်းတိုင်းရယ်တော့ မဟုတ်ချေ။ ဆိုင်ခန်းများ၊ အိမ်ခန်းများ၊ ကျွန်များကိုမူ အပေါင်လက်မခံချေ။ ထိုပစ္စည်းများအစား ထူးခြားသော ဆေးပစ္စည်းများ၊ ရတနာများ၊ တွင်းထွက်ပစ္စည်းများကိုမူ လက်ခံပေး​လေသည်​။ လင်းပါအိုမှ အဆိုပါ ပစ္စည်းများအား ယူထား၍ ငွေထုတ်ချေးပေးခြင်းပင် ဖြစ်သည်။
အပေါင်ထားသည့်အတွက် ကာလပေါက်ဈေးအတိုင်းတော့ ရမည် မဟုတ်ချေ။ အပေါင်းထားသူ တိုင်းလည်း ထိုအချက်အား နားလည်ကြသည်။ သို့သော် လင်းပါအိုသည် အပေါင်ပစ္စည်း တန်ဖိုး၏ ၉၀ ရာခိုင်နှုန်းကျော်ခန့်အား အမြဲတ​စေ ထုတ်ချေးမြဲပင် ဖြစ်သည်​။ ထိုသည်​မှာ လင်းပါအို၏ သဘောထားကြီးမှုဟုပင် ဆိုနိုင်ပြီး အပေါင်ခံသူဘက်​မှလည်း ကျေနပ်သကဲ့သို့ လင်းပါအိုအတွက်လည်း တွက်ခြေကိုက်​လေသည်​။
ထိုလုပ်ငန်းမှပင် လင်းပါအိုသည် အကျိုးအမြတ်များစွာ ရရှိလျက် ရှိသည်​။ တကယ့်​လက်​တွေ့တွင်​ရရှိသော အကျိုးအမြတ်မှာ မပြောပလောက်သော်လည်း ပစ္စည်းများစွာ စုပေါင်းလိုက်လျှင်မူ ရရှိသည့် ပမာဏမှာ အလွန်များပြားလှပါတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset