Chapter – 305
“ငြိမ်သက်နေကြခြင်း”
အလင်းတန်းကြောင့် လက်ပြတ်သွားသည်ထက် ပို၍ အံ့သြစရာ ကောင်းသောအရာမှာ ပြတ်သွားသော ပခုံးအရင်းမှ ဒဏ်ရာသည် တိတိရိရိပင် ဖြစ်နေပြီး သွေးဟူ၍လည်း လုံးဝ မထွက်ချေ။
“မင်း . . .”
လိဝမ်ချွန်သည် လက်ကို ကိုင်ရင်း အော်ဟစ်လျက်ရှိသည်။ သူ၏ မျက်လုံးများသည်ပြူးကျယ်လျက်ရှိပြီး နံပါတ် ၁ အခန်းအား ဒေါသတကြီးဖြင့်လှမ်းကြည့်နေလေသည်။
“ခင်ဗျားက ဘာလဲ . . . မိန်းကလေးဝမ်အာက ခင်ဗျားကို မသတ်သွားတာတောင် ကျေးဇူးတင်ရမှာ။ မြန်မြန်သွားတော့လေ၊ ဘာရပ်လုပ်နေတာလဲ။ လက်ဖက်ရည် ဝင်သောက်ချင်နေသေးတာလား . . .”
နံပါတ် ၁ အခန်း အပြင်ဘက်ရှိ ဝတ်ရုံနက်ဖြင့်ဓားကိုင်ထားသော လူသည်ပြုံးကာ ပြောလိုက်သည်။
လိဝမ်ချွန်လည်း သက်ပြင်းသာ အခါခါ ချနေမိသည်။ ထို့နောက် ခေါင်းညိတ်လိုက်ရင်း –
“မုန်တိုင်းအိမ်တော်က စွမ်းအားအကြီးဆုံး အဖွဲ့အစည်း ပီသပါပေတယ်။ ကျုပ်သေချာ မှတ်ထားပါ့မယ်။ ကျုပ်ရဲ့ အသက်ကို နှုတ်ယူမသွားတဲ့အတွက် ကျေးဇူးတင်မိပါတယ် . . .”
ဝမ်အာသည်လိဝမ်ချွန်အား စိုက်ကြည့်လျက်-
“ကျွန်မကတော့ ရှင့်ကို အရှင်မထားချင်ပါဘူး။ ဒါပေမယ့်ဒီနေ့ ကျွန်မ ဆရာက စိတ်ကောင်းဝင်နေတယ်။ လင်းပါအိုကို အပန်းဖြေဖို့ လာခဲ့တာဆိုတော့ ရှင့်သွေးတွေနဲ့ သူ့စိတ်ကို မညစ်နွမ်းသွားစေချင်ဘူး။ အခုရှင်မသွား သေးဘူးဆိုရင် ခေါင်းပါဖြတ်ပေးလိုက်မယ် . . .”
လိဝမ်ချွန်လည်း ပြတ်သွားသော သူ၏လက်အား နောက်လက်တစ်ဖက်ဖြင့် ကောက်ယူလိုက်ရင်း နာကျင်မှုဝေဒနာအား အံကြိတ်ကာ ထွက်သွားပါတော့သည်။
လိဝမ်ချွန် လျှောက်လာရင်းဖြင့် ရဲရှောင်၏ အနားသို့ ရောက်သောအခါ –
“ဖန်ဧကရာဇ်ရဲ့ အကြံအစည်က တကယ်ကို ပိရိပါပေတယ်။ ကျုပ် ဒီနေ့အဖြစ်ကို တစ်သက် မမေ့ဘူး။ ကျုပ်တို့ နောက်များကျရင် တွေ့ဖို့ အခွင့်အရေး ရှိဦးမှာပါ . . .”
ရဲရှောင် အံ့သြသွားသည့်ဟန်ဖြင့် မျက်ခုံးများ ပင့်လိုက်ကာ –
“တော်တော် ထူးဆန်းတာပဲ။ ခင်ဗျားကို ဒဏ်ရာရအောင် လုပ်လိုက်တာ မုန်တိုင်းအိမ်တော်နော်။ သူတုိ့ကို မနိုင်တဲ့အတွက် ခင်ဗျားလည်း အံကြိတ်ရုံကလွဲပြီး ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ဒါက ထားလိုက်ပါတော့။ လူတိုင်းလည်း ဒီလိုပဲ နေကြမှာပါပဲ။ ဒါပေမယ့်အခု ခင်ဗျားက ကျုပ်ကို ပြဿနာ လာရှာနေတယ်။ ခင်ဗျားလုပ်ပုံက ကုလားမနိုင်လို့ ရခိုင်ကို လာမဲနေသလိုပဲ။ ခင်ဗျားက ဘာဖြစ်ချင်နေတာလဲ။ ကျုပ်ဖြင့်တကယ်ကို နားမလည်နိုင်တော့ဘူး . . .”
လိဝမ်ချွန် ပြုံးလျက် ခေါင်းညိတ်လိုက်ရင်း –
“ဘာတွေဖြစ်နေလဲ ဆိုတာကို ကျုပ်နားလည်သလို ခင်ဗျားလည်း နားလည်ပါတယ်။ ရှေ့ဆက်ပြီး စောင့်ကြည့်ကြသေးတာပေါ့ . . .”
ထိုသို့ ပြောပြီးသည်နှင့် ထွက်ခွာသွားလေသည်။
ရဲရှောင် စိတ်ရှုပ်ထွေးနေသည့်အမူအယာမျိုးဖြင့်ရှိနေလေသည်။လိဝမ်ချွန် ထွက်သွားပြီးနောက် လေသံတီးတိုးဖြင့် –
“ကျုပ်နားလည်သလို ခင်ဗျားလည်း နားလည်ပါတယ် ဆိုတာ ဘာကိုပြောချင်တာလဲ။ ငါက ဘာကိုများ နားလည်ရမှာလဲ။ သူပြောနေတဲ့ ကိစ္စအကြောင်းကို သူကိုယ်တိုင်တောင် သေချာသိရဲ့လား မသိဘူး။ ဘာလို့ ထူးထူးဆန်းဆန်းတွေ ပြောနေရတာပါလိမ့် . . .”
ကြယ်ရောင်ဂိုဏ်းမှ ကျန်ရှိခဲ့သည့် လူ ၂ ဦးသည်ရဲရှောင် ပြောလိုက်သည့် စကားအား ကြားကြသည့်တိုင် မည်သည့်စကားမျှ ခွန်းတုံ့ပြန်မနေကြတော့ချေ။ အကယ်၍ဒေါသအလျောက်ပြန်ပြောမိပါက အများအမြင်တွင်သူတို့၏ သိက္ခာတရားများ ထပ်မံ၍ ကျဆင်းသွားနိုင်ပေသည်။ ထို့ကြောင့်ရဲရှောင်အား စားမတတ်ဝါးမတတ်အကြည့်များဖြင့်သာ စိုက်ကြည့်နေကြတော့သည်။
ရဲရှောင် ထိုလူများအား ကြည့်ရင်း စိတ်ရှုပ်ထွေးနေသည့် အမူအယာဖြင့် –
“သူတို့ သုံးယောက်က ဘာဖြစ်နေကြတာလဲ။ တော်တော်ကို ထူးဆန်းနေကြတယ်။ သူတို့ဟာသူတို့ ထူးဆန်းတာက ထားပါတော့။ လင်းပါအိုကို ဘာလို့ အပြစ်လာတင်နေရတာလဲ။တောင်နဲ့မြောက်လိုပဲဘာမှ မဆိုင်တဲ့ ကိစ္စပဲဟာကို။ ကမ္ဘာပေါ်မှာ ဒီလို လူမဆန်တဲ့ လူတွေလည်း ရှိနေသေးတာပါလား . . .”
ထိုအခါလေလံခန်းမအတွင်းရှိ လူများသည်လည်း –
“ဟုတ်တယ်၊ သူတို့က တော်တော်ကို လူမဆန်ကြဘူး . . .”
ထိုကဲ့သို့သာပြောလိုက်ရသော်လည်း လူတိုင်း၏ စိတ်ထဲတွင်မူ မခံချင်ပင်ဖြစ်နေမိကြသည်။
(ခင်ဗျားသာ သခင်ကြီးဘိုင် အားကိုးမရှိရင် နေရောင်ဂိုဏ်းနဲ့ ကြယ်ရောင်ဂိုဏ်းလည်း ဒီလို ခံကြရမှာ မဟုတ်ဘူး။ အခုကြတော့ သူမဟုတ်တဲ့အတိုင်း အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်လို ဟန်ဆောင်နေပြန်ပြီ။ သူ့ကိုယ်သူ ဘာမှ အပြစ်မရှိသလို ပုံစံနဲ့ နေနေတယ်။ ပိုဆိုးတာက ရှိနေတဲ့ လူအားလုံးကိုပါ သူ့ကို စာနာအောင် ပြောပြနေတာကိုပဲ။ တကယ်တမ်း မတရားသဖြင့် ခံရရင်တောင် ခင်ဗျားဘက်က ရပ်တည်ပေးကြဦးမယ်။ အခုကြ သူ့မှာ ဒီလောက်အားကိုးကြီး ရှိနေတာကို ငါတို့က သူ့သနားနေရဦးမှာလား . . .)
ခန်းမအတွင်း ထောင့်တစ်နေရာတွင် ထိုင်နေသည့် ဝမ်ရမ်ချူးချူးနှင့် ပိုင်ရှင်းယွဲ့တို့မှာမူ ရဲရှောင်အား ကြည့်ရင်းြကိတ်၍ ရယ်နေမိကြသည်။ သူတို့၏ ပါးစပ်အား လက်ဖြင့် အုပ်ထားကာ အူတက်မတက်ပင်ရယ်နေမိကြခြင်း ဖြစ်သည်။ ရယ်ရလွန်းသဖြင့် ဗိုက်ကြောများပင် နာနေကြချေပြီ။
အကယ်၍ ရဲရှောင်သည်သာ အန္တရာယ်တစ်ခုခု ရင်ဆိုင်ရပါက ပိုင်ရှင်းယွဲ့တို့နှစ်ဦးသည်ကျိန်းသေပေါက်ပင် အကူအညီပေးမည်ဖြစ်သည်။
နေရောင်ဂိုဏ်းနှင့် ကြယ်ရောင်ဂိုဏ်းတို့သည် မော်တယ်ကမ္ဘာ၏ ထိပ်သီး ဂိုဏ်းကြီးများ ဖြစ်သည့်တိုင် ပိုင်ရှင်းယွဲ့အဖို့ စာမဖွဲ့လောက်ချေ။ သခင်ကြီးဘိုင်အတွက်ဆိုလျှင် ပို၍ပင်လွယ်ကူနေပါသေးသည်။
သို့သော် ထိုဂိုဏ်း ၂ ခုမှာ ချင်းယန်နယ်ပယ်၏ အင်အားအကြီးဆုံး ဂိုဏ်းကြီး ၂ ခုဖြစ်သော သူရိယဂိုဏ်းနှင့် ကြယ်အလင်းဂိုဏ်းများ၏ ဂိုဏ်းခွဲများပင် ဖြစ်သည်။
ပိုင်ရှင်းယွဲ့အနေဖြင့်အဆိုပါ ဂိုဏ်းကြီး ၂ ခုအား သတိပြုရမည် ဖြစ်သည့်တိုင် သခင်ကြီးဘိုင်အတွက်မူ ထိုသို့ မဟုတ်ပေ။ ယနေ့ သူ၏ လုပ်ရပ်အတွက်သူရိယဂိုဏ်းနှင့် ကြယ်အလင်းဂိုဏ်းတို့ သိရှိသွားမည် ကိုလည်း စိုးရိမ်နေစရာ မလိုချေ။ မော်တယ်ကမ္ဘာမှဂိုဏ်းဖြစ်စေ၊ ချင်းယန်နယ်ပယ်မှ ဂိုဏ်းဖြစ်စေ သခင်ကြီးဘိုင်အတွက်မူ ထူးခြား၍ပြောင်းလဲသွားမည်မဟုတ်ပေ။
လေလံပွဲ စတင်သည့် အချိန်မှစ၍ ပိုင်ရှင်းယွဲ့တို့သည်ဆေးလုံးများထံတွင်သာ အာရုံရောက်နေခဲ့ကြသည်။ သူတို့နှစ်ဦး၏ လက်ဝယ်တွင်ငွေစများ မရှိသဖြင့် ဝယ်လည်း မဝယ်နိုင်ကြချေ။
မော်တယ်ကမ္ဘာသို့ အလောတကြီးဖြင့်လာခဲ့ကြရသဖြင့် ငွေစ အလုံအလောက် မပါလာခဲ့ခြင်း ဖြစ်သည်။ အနိမ့်ဆုံး ဆေးလုံး၏ ဈေးနှုန်းအား သိလိုက်ရသည့် အချိန်မှစ၍ မည်သည့် ဆေးလုံးကိုမျှ ရနိုင်တော့မည် မဟုတ်ကြောင်း ပိုင်ရှင်းယွဲ့တို့သဘောပေါက်သွားခဲ့ကြသည်။
ထို့ကြောင့်လေလံပွဲအား နှုတ်ဆိတ်၍သာ ကြည့်နေခဲ့ကြရသည်။
ပိုင်ရှင်းယွဲ့တို့နှစ်ဦးသည်ဖန်ဇီလင်အား ဝင်ရောက် ကူညီရန် ဟန်ြပင်နေစဉ်မှာပင် ဖန်ဇီလင်သည် အခြေအနေ အားလုံးအား ကောင်းမွန်စွာ ထိန်းချုပ် သွားနိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်။
အရာအားလုံး ပြီးဆုံးသွားသည့်တိုင် ဖန်ဇီလင်သည် အပြစ်မရှိသည့် လူတစ်ဦးကဲ့သို့ပင်ဟန်ဆောင် နေပြန်ပါသေးသည်။ မည်သူမျှ သူ၏ စကားအား ယုံကြည်လိမ့်မည် မဟုတ်ချေ။
ယခုအခါ လေလံပွဲသည်လည်း ပွဲတဝက်ခန့်ပင် ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်ခန်းမတစ်ခုလုံး တိတ်ဆိတ်လျက် ရှိပြီး မည်သူမျှ ဆက်လက် ဈေးပြိုင်ပေးခြင်း မပြုကြတော့ပေ။
သခင်ကြီးဘိုင် ရှိနေသည့်အတွက်မည်သူကများ ဈေးပြိုင်ပေးဝံ့ပါမည်နည်း။
တစ်ယောက်ယောက်မှ ဈေးတစ်ခု ပြောလိုက်မည်ဆိုလျှင် သခင်ကြီးဘိုင်မှ “ကျုပ် တစ်ဘီလီယံ ပေးတယ်။ ခင်ဗျား မဖြစ်ဖြစ်အောင် ဆက်လိုက်ရမယ်။ ရပ်လို့ မရဘူး . . .” ဟု ပြောလိုက်လျှင် ခက်ချေပေလိမ့်မည်။ ထို့ကြောင့်လူတိုင်း၏ စိတ်ထဲတွင်တွေးရင်း တုန်လှုပ်နေကြသည်။
(ဂိုဏ်းကြီး ၂ ခုက ချမ်းသာကြတယ်။ သူတို့တွေက ၅ ဘီလီယံ မပေးချင်ကြပေမယ့်အဲဒီထက် ပိုတဲ့ ငွေကြေးပမာဏထိ ချမ်းသာကြတယ်။ ငါတို့ကတော့ သူတို့လောက် မချမ်းသာဘူး။ တစ်ဘီလီယံ ဆိုရင်တောင် တတ်နိုင်မှာ မဟုတ်ဘူး။ နောက်ပြီး ငွေအလုံအလောက် ရှိတယ် ဆိုရင်တောင် သခင်ကြီးဘိုင်က တောင်းရင် သွားပေးရဦးမယ်။ အဲ့ဒီတော့ ငါတို့အဖြစ်ကမြွေပါလည်းဆုံး သားလည်းဆုံးပဲ . . .)
(အခုဆိုရင် ဂိုဏ်းတစ်ခုက ၅ ဘီလီယံ အကုန်ခံခဲ့ပြီး ဒေါသတွေထွက်အရှက်တွေကွဲပြီး ပြန်သွားရတယ်။ နောက်ဂိုဏ်းတစ်ခုကကြဖယောင်းလုံး တစ်လုံးကို ၅ ဘီလီယံ ပေးပြီးတော့ ဝယ်လိုက်ကြရတယ် . . .)
(၅ ဘီလီယံဆိုတာ နောက်စရာ ပမာဏ မဟုတ်ဘူး။ တော်တော်ကို များတဲ့ ပမာဏပဲ။ ဒါကြောင့် ငြိမ်ငြိမ်လေး နေတာပဲ ကောင်းပါတယ်လေ။ ဆေးက ဘယ်လောက်ပဲ တန်ဖိုးရှိရှိ ကိုယ်ပိုင်နိုင်မယ့်အရာမှ မဟုတ်တာ . . .)
လူတိုင်း၏ အတွေးထဲတွင် ထိုကဲ့သို့သာ တွေးနေမိကြသည်။
ထို့ကြောင့် လေလံပွဲကြီးသည်လည်း သုသာန်ပြင်တစ်စအလား ငြိမ်သက် နေလေသည်။
ထို့ပြင် နောက်ထပ် ပြဿနာ တစ်ခုမှာ လေလံပွဲမှ ထွက်သွားချင်ကြသည့်တိုင် မည်သူမျှ မထဝံ့ကြချေ။ အကြောင်းမှာ သခင်ကြီးဘိုင် အမျက်တော်ရှမည် ကို ကြောက်ရွံ့နေကြသောကြောင့်ဖြစ်သည်။
အချို့ဆိုလျှင် အပေါ့အပါးသွားရန်ကိုပင် ထမသွားရဲကြခြင်း ဖြစ်သည်။ ထို့ကြောင့်သူတို့ကိုယ်သူတို့ သတ်သေချင်လောက်အောင်ပင် ဖြစ်နေမိကြသည်။
ဂိုဏ်းကြီး ၂ ခုထက် ပို၍ သြဇာအာဏာ ကြီးမားသည့် လူဟူ၍လည်း မရှိကြသဖြင့် ငြိမ်ကုတ်၍သာနေနေကြရသည်။ သူတို့အားလုံး၏ရှေ့တွင်ပင်ထိုဂိုဏ်းကြီး ၂ ခုအားစော်ကားခံခဲ့ရသည်ကို မျက်ဝါးထင်ထင်ပင်တွေ့မြင်ခဲ့ရသည်မဟုတ်ပါလော။
အကယ်၍ တစ်စုံတစ်ေယာက်မှသာ “အပေါ့အပါး ခဏသွားလိုက်ဦးမယ် . . .” ဟု ပြောလိုက်မည် ဆိုပါက သခင်ကြီးဘိုင်မှ “ငါ့ရှေ့မှာတောင် အပေါ့အပါးသွားမယ် ပြောရဲသေးတယ်။ မင်းက အပေါ့သွားချင်နေတယ်ပေါ့။ ကောင်းပြီ၊ ဒါဆို မင်းကို သတ်လိုက်ရင် အပေါ့သွားစရာလည်း မလိုတော့ဘူးပေါ့ . . .” ဟူသည့်စကားအားပြောလာမည်ကို စိုးရိမ်နေကြသောကြောင့်ပင်ဖြစ်ပါတော့သည်။