Chapter – 304
“ဒေါသတကြီးဖြင့်”
လူတိုင်းသည် ဝမ်အာ၏ စကားအား တိတ်ဆိတ်စွာ နားထောင်နေကြသည်။
မည်သူမျှ အသံမထွက်ရဲကြပေ။
“သူတို့ရဲ့ ဘဝလည်း လေဟုန်စီးနေရသလို ရင်ခုန်စရာ ဖြစ်နေမှာပဲ” ဟု ပြောလိုက်သော ဝမ်အာ၏ အသံသည် ခြောက်ကပ်ကပ်နိုင်လှသည်။
ထိုစကားအားတွေးရင်း လူတိ်ုင်း၏ စိတ်ထဲတွင် ထိတ်လန့်နေကြသည်။
(ဘယ်လို ရင်ခုန်စရာ ဖြစ်မှာလဲ၊ သွေးပင်လယ်ထဲ ကူးခတ်နေရသလို ဖြစ်မှာလား၊ သေရမှာက သေရမှာပဲကို . . .)
နေရောင်ဂိုဏ်း ထွက်သွားပြီ ဖြစ်သဖြင့် ဂိုဏ်းကြီးအနေဖြင့် ကြယ်ရောင်ဂိုဏ်း တစ်ခုတည်းသာ ကျန်ရှိတော့သည်။
ကြယ်ရောင်ဂိုဏ်း၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ လိဝမ်ချွန်သည်အသက်ကိုပင် ရဲရဲ မရှူရဲတော့ပေ။
ဝမ်အာမှ နေရောင်ဂိုဏ်းအား ပယ်ပယ်နယ်နယ်ပင်ထိုးနှက်ခဲ့သည်ကို ကြည့်ရင်း လိဝမ်ချွန်၏ စိတ်ထဲတွင်အကျေနပ်ကြီး ကျေနပ်မိခဲ့သည်။
ပြိုင်ဘက်ဂိုဏ်းသည်သူ၏ရှေ့မှောက်တွင်သိက္ခာကျဆင်းခဲ့ရသည့်အတွက် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့သည်။ နေရောင်ဂိုဏ်း တစ်ခုလုံး အမြစ်ဖြတ် ခံရပါစေဟုပင်ဆုတောင်းနေမိခဲ့သည်။
သို့သော် အခြေအနေများသည် ပို၍ တင်းမာလာခဲ့သည်။ အခန်းထဲတွင်သခင်ကြီးဘိုင်ပါ ရှိနေသည်ကိုပါ သိလိုက်ရသောအခါ လိဝမ်ချွန်၏ အပျော်များ ချက်ချင်းပင် ကြက်ပျောက်ဌက်ပျောက်ပျောက်ကွယ်သွားခဲ့သည်။ ကြောက်ရွံ့မှုကြောင့် နဖူးတွင်ပင် ချွေးစေးများ ထွက်လာခဲ့လေသည်။
လင်းပါအိုအပေါ်တွင်နေရောင်ဂိုဏ်းတစ်ခုတည်းသာ အနိုင်ကျင့်ခဲ့သည် မဟုတ်ပေ။ ကြယ်ရောင်ဂိုဏ်းသည်လည်း အနိုင်ကျင့်ခဲ့ကြသည်။ အစောပိုင်းတွင်လင်းပါအိုအပေါ်၌ပေါ့ပေါ့တန်တန်ပင်တွေး၍ အနိုင်ကျင့်ရန်စိတ်ကူးမိခဲ့ကြသည်။
(လင်းပါအိုဆိုတာ ငွေကြေးအဖွဲ့အစည်း တစ်ခုပဲ။ သူတို့မှာ ငွေစတွေ အများကြီးရှိတယ်။ ငါတို့ သူတို့ကို အနိုင်ကျင့်ချင်သလို ကျင့်တော့ရော ဘာဖြစ်မှာမို့လို့လဲ။ ငါတို့က သူတို့အတွက် အားကိုးစရာ တောင် ဖြစ်လာဦးမယ် . . .)
ယခုအခါတွင် လင်းပါအို၏ အနောက်တွင်အလွန်အင်အားကြီးမားသော ကျောထောက်နောက်ခံ ရှိနေမှန်း သိလိုက်ရချေပြီ။
နေရောင်ဂိုဏ်းမှ လူများသည်လည်း ရစရာမရှိအောင် အစော်ကားခံခဲ့ရသည်။ သို့သော် ယခုအခါတွင်ခန်းမအတွင်း မရှိတော့သဖြင့် မုန်တိုင်းအိမ်တော်၏ အန္တရာယ်စက်ကွင်းမှ လွတ်မြောက်သွားခဲ့ပြီ ဆိုရပေမည်။
ထို့ကြောင့်သခင်ကြီးဘိုင်ဘက်မှ နောက်ထပ် ပစ်မှတ်တစ်ခုအား ဦးတည်လာနိုင်လေသည်။
(သခင်ကြီးဘိ်ုင်ရဲ့ နောက်ထပ်ပစ်မှတ်က ငါများ ဖြစ်နေမလား . . .)
လိဝမ်ချွန် စဉ်းစားရင်း ဇောချွေးပြန်နေမိသည်။
စိတ်ထဲတွင်လည်း တဖွဖွဖြင့်ကြိတ်၍ ဆုတောင်းနေမိသည်။
(ငါဘာမှလည်း မလုပ်ပါဘူး၊ လင်းပါအိုကို နည်းနည်းလောက် ခြောက်လှန့်ရုံလောက်ပဲ လုပ်ခဲ့တာပါ။ သူတို့ အရမ်းကြီး လန့်သွားအောင်လည်း မရည်ရွယ်ခဲ့ပါဘူး။ ဒီနေ့ လေလံလည်း မဆွဲတော့ဘူး။ သခင်ကြီးဘိုင်ရယ် . . . ကျုပ်ကိုတော့ အလွတ်ပေးပါ။ ခင်ဗျားရဲ့ ဒေါသတွေ မြန်မြန် ပြေပျောက်ပါစေ။ နေရောင်ဂိုဏ်းကို စံနမူနာ ပြစရာအဖြစ်ပဲ လုပ်ပြီး ကျန်တဲ့လူတွေကိုတော့ အလွတ်ပေးပါစေ . . .)
သို့သော် အဖြစ်အပျက် ဟူသမျှသည် စိတ်ကူးထားသည့်အတိုင်း ဖြစ်လာသည်မှာ ခပ်ရှားရှားပင်။
သခင်ကြီးဘိုင်မှ တည်ကြည်သော အသံဖြင့်-
“ဒီနေ့ ဂိုဏ်းကြီး ၂ ခုလုံး လာကြတယ်ထင်တယ်။ အခု နေရောင်ဂိုဏ်းက သွားပြီဆိုတော့ ကျန်တဲ့ဂိုဏ်းက ဘာပါလိမ့်၊ ဝမ်အာ မင်းသိလား . . .”
သခင်ကြီးဘိုင်၏ စကားအဆုံးတွင်လိဝမ်ချွန်တစ်ယောက်မျက်ရည်ကျချင်သလိုပင်ဖြစ်သွားသည်။
(ငါလည်း မလွတ်မြောက်နိုင်ပါလား . . .)
သခင်ကြီးဘိုင်သည် စစချင်းမှာပင် ကြယ်ရောင်ဂိုဏ်းအား ဒုက္ခပေးလိုက်သည်။
အကယ်၍ ဝမ်အာဘက်မှ “ကြယ်ရောင်ဂိုဏ်းပါ ဆရာ” ဟု ဖြေလိုက်မည် ဆိုပါက လိဝမ်ချွန်အနေဖြင့် မျက်နှာပျက်စရာ ဖြစ်သွားနိုင်ပေသည်။
ထို့ကြောင့် အလျင်အမြန်ပင် မတ်တပ်ထရပ်၍ –
“ကျုပ်က ကြယ်ရောင်ဂိုဏ်းက လိဝမ်ချွန်ပါ။ သခင်ကြီးဘိုင်ကို ဒီနေ့မှာ တွေ့ရတာ သိပ်ကို ဝမ်းသာမိပါတယ် . . .”
သခင်ကြီးဘိုင်လည်း တအံ့တဩ ဖြစ်သွားသည့်အမူအယာဖြင့်-
“ဪ . . . ကြယ်ရောင်ဂိုဏ်းလား၊ သူတို့တွေက သိပ်ပြီး တည်ငြိမ်နေကြတာလည်း မဆန်းပါဘူးလေ . . .”
လိဝမ်ချွန်၏ နဖူးမှချွေးစေးများပင်စီးကျနေပြီဖြစ်သည်။ ထို့နောက်အားတင်းပြုံးလိုက်ရင်း –
“သခင်ကြီးဘိုင်ကတော့ ရယ်စရာ ပြောနေပြန်ပါပြီ။ ဘယ်သူကများ သခင်ကြီးဘိုင်အရှေ့ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်မှာလဲ . . .”
သခင်ကြီးဘိုင်မှ ကျေနပ်သွားသည့် အသံဖြင့် –
“ကောင်းတယ် . . . ကျုပ်ရှေ့မှာ တည်တည်ငြိမ်ငြိမ် မဖြစ်တဲ့ လူတွေကို ကျုပ်က သဘောကျတယ်။ ခင်ဗျားက ရိုးသားတဲ့ လူတစ်ယောက်လို့ ကျုပ်ယူဆမိပါတယ်။ ကျုပ်ဆီကို လာခဲ့ပါဦးလား။ ဒီနေ့ ခင်ဗျားကို လာရကျိုးနပ်အောင် ကျုပ်လုပ်ပေးပါ့မယ်။ ဒီအတိုင်း ဘာမှမပါဘဲ ပြန်သွားတာ ဘယ်ကောင်းမလဲဗျ။ ကျုပ်ဆီမှာ ဆေးလုံးတစ်လုံးရှိတယ်။ ဒီဆေးလုံးအတွက် ၅ ဘီလီယံပဲ ပေးလေ။ ဒီဆေးနဲ့ဆို ခင်ဗျားပြန်ရောက်တဲ့အခါ နာမည်ကောင်း ရမှာပါ . . .”
လိဝမ်ချွန်၏ မျက်လုံးများ ထွက်ကျသွားမတတ်ပင်ပြူးကျယ်သွားသည်။
(ငါနားကြားများ လွဲသလား . . . ဘုရားရေ၊ သခင်ကြီးဘိုင်က သူ့ဆေးလုံးကို ငါးဘီလီယံနဲ့ ဝယ်ခိုင်းနေပြီ။ နေရောင်ဂိုဏ်းက အရူးတွေ ဒီဆေးအတွက် ၅ ဘီလီယံသုံးပြီး ဝယ်ခဲ့ရတယ်။ အခုကြ ငါပြန်ဝယ်ရမယ်တဲ့လား . . .)
လိဝမ်ချွန် အားတင်း၍ ပြုံးလိုက်ကာ –
“ကောင်းပါပြီ . . .”
သူ့ဘက်မှထိုထက်ပို၍ ဘာမျှ မပြောနိုင်ချေ။ ပြောလည်း မပြောဝံ့ချေ။ အကယ်၍ တစ်စုံတစ်ခု ပြောလိုက်မည်ဆိုပါက အဆုံးသတ်သည် နေရောင်ဂိုဏ်းထက်ပင် ပို၍ ဆိုးရွားသွားနိုင်ပါသေးသည်။
အားလုံးဝိုင်းကြည့်နေသည့် ကြားမှပင် လိဝမ်ချွန်သည် ငွေစများ ထုတ်လိုက်သည်။ ထို့နောက် သူ၏ ဘေးရှိ လူ ၂ ဦးကိုပါ လက်ကုတ်၍ ပိုက်ဆံေတာင်းလိုက်သည်။ သခင်ကြီးဘိုင်အားပေးနိုင်ရန်အတွက်အားလုံး၏ ငွေစများ စုပေါင်းမှသာ ဖြစ်နိုင်ပေလိမ့်မည်။ ကြယ်ရောင်ဂိုဏ်းမှ လူ ၃ ယောက်သည် အလွန်ကြွယ်ဝသူများ ဖြစ်ကြသည့်တိုင် ငွေလုံလောက်စွာ မပါလာခဲ့ချေ။ ထို့ကြောင့် သုံးယောက်ပေါင်းသည့်တိုင် ၅ ဘီလီယံ မပြည့်သဖြင့် အခြားသောဂိုဏ်းတစ်ခုမှ ၁ ဘီလီယံ ချေးလိုက်ရသေးသည်။ နောက်ဆုံးမှသာ နံပါတ် ၁ အခန်းသို့ ထွက်လာနိုင်ခဲ့သည်။
ထိုကဲ့သို့ ငွေစများစွာ ယူ၍ သွားသည့်တိုင် နံပါတ် ၁ အခန်းမှ မည်သူမျှ ချက်ချင်း ထွက်မလာချေ။ အတန်ကြာ စောင့်ဆိုင်းပြီးမှသာ လူတစ်ဦးထွက်လာ၍ ငွေစများအား ယူဆောင်သွားလေသည်။ ထို့နောက် ထိုလူသည် လိဝမ်ချွန်အား ဖယောင်းလုံးတစ်လုံး ထုတ်ပေးလိုက်သည်။
“ဟင် . . . အရိုးသန့်စင်ဆေးက ဘယ်မှာလဲ . . .”
(သခင်ကြီးဘိုင်က သူ့မှာ ဆေးလုံးတစ်လုံး ရှိတယ်ဆို၊ အဲ့ဒီဆေးလုံးက နေရောင်ဂိုဏ်းက ရတဲ့ ဆေးလုံး ဖြစ်ရမှာ မဟုတ်ဘူးလား . . .)
လိဝမ်ချွန်၏ စိတ်ထဲတွင်ဖယောင်းလုံးအား ကြည့်ရင်း အံ့ဩနေမိသည်။
အစောပိုင်းတွင်သခင်ကြီးဘိုင်ထံမှ ဆေးလုံးအား ၅ ဘီလီယံကုန်ကျခံ၍ ဝယ်ရသည့်ုတိုင် ဆေးလုံးတစ်လုံး အဖတ်တင်မည်ဟု တွေး၍ ခံသာနေမိသည်။ ဂိုဏ်းသို့ ပြန်ရောက်သည့် အခါတွင်လည်း ဈေးကြီးရခြင်း အကြောင်းအရင်းအား တစ်ခုခု အကြောင်းပြလိုက်မည်ဟု တွေးထားမိခဲ့သည်။
သို့သော်ယခုအခါတွင်မူ သူ၏ အထင်နှင့်အမြင်သည်တက်တက်စင်အောင်လွဲခဲ့ချေပြီ။
(ငါဘာလုပ်ရမလဲ၊ သခင်ကြီးဘိုင်ကတော့ ဒီလိုအချိုးချိုးလိုက်ပြီ၊ ငါသူ့ကို ထပ်မေးရမလား၊ ငြင်းဆန်ရမလား၊ ဒါပဲယူလိုက်ရမလား . . .)
ဝမ်အာသည်လိဝမ်ချွန်အား ကြည့်လျက်-
“ဘယ်အရိုးသန့်စင်ဆေးကို ပြောနေတာလဲ၊ ဆရာက ရှင့်ကိုအရိုးသန့်စင်ဆေး ပေးမယ်လို့ ပြောခဲ့လို့လား”
လိဝမ်ချွန်ဘက်မှ ပြောစရာစကား ရှာမရတော့ချေ။
ဒေါသထွက်ပစ်ချင်နေသည့်တိုင် မထွက်ရဲပေ။
အကယ်၍ သူ့ဘက်မှ တစ်စုံတစ်ရာ ခွန်းတုံ့မပြန်ခဲ့လျှင်လည်း ဖယောင်းလုံး တစ်လုံးအား ၅ ဘီလီယံ ပေး၍ ဝယ်လိုက်ရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
သူမည်သို့ ဆက်လုပ်ရပါမည်နည်း။
လိဝမ်ချွန်သည်ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ပင်ငူငူငိုင်ငိုင်ကြီးဖြင့်ရပ်နေလေသည်။ သူ၏ မျက်နှာတစ်ခုလုံးသည်လည်း ပြိုတော့မည့်မိုးကဲ့သို့ သုန်မှုန်လျက်ရှိသည်။ ထိုအချိန်မှာပင် ဝမ်အာမှ –
“ဆရာလိ . . . ရှင့်ဘက်က မကျေနပ်ဘူးဆိုရင် ကျွန်မတို့ဆီလာပြီး လက်ဖက်ရည်သောက်ရင်း တောင်းပန်တာ ခံမလား . . .”
လိဝမ်ချွန်လည်း အသက်တစ်ချက် ရှူသွင်းလိုက်ရင်း –
“ကောင်းပါပြီ၊ ကျုပ်ဆေးလုံးကို ယူပါ့မယ် . . .”
ထို့နောက် ချက်ချင်းပင်ချာကနဲ လှည့်ထွက်သွားလေသည်။
ထိုအခါ ဝမ်အာမှ ဒေါသတကြီးဖြင့် –
“နေဦး . . . လိဝမ်ချွန်၊ ရှင်က လာတုန်းကလာပြီး အခုကြ ဒီတိုင်း ထွက်သွားတော့မယ်ပေါ့။ ကျွန်မတို့ ရှိတဲ့ နေရာကို ရှင်က ဘာများ ထင်နေတာလဲ။ လာချင်တိုင်းလာ ပြန်ချင်တိုင်း ပြန်လို့ရမယ်များ ထင်နေတာလား။ ကျွန်မက ရှင့်ကို ယဉ်ယဉ်ကျေးကျေးပြောတယ်။ ရှင်ကတော့ ကျွန်မကို စိတ်ဒုက္ခပေးတယ် . . .”
ထိုအခိုက် နံပါတ် ၁ အခန်းထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လိဝမ်ချွန်လည်း အော်ဟစ် သွားလေသည်။
လိဝမ်ချွန်၏ ညာဘက်လက်သည်လည်း ပခုံးအရင်းမှ ပြတ်သွားကာ ကြမ်းပြင်ပေါ်သို့ ကျသွားပါတော့ သည်။