Chapter – 303
“သိုသိုသိပ်သိပ်နေဖို့လိုမယ်”
“ဖန်ဇီလင် . . . ကျုပ်တို့ကို လာမစော်ကားရင် ကောင်းမယ်နော် . . .”
“မြေနိမ့်ရာ လှံစိုက်ချင်ရအောင် ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေလဲ . . .”
နေရောင်ဂိုဏ်းမှ လူတစ်ဦးသည်ထအော်လိုက် သည်။
ရဲရှောင်သည် နှုတ်ခမ်းတစ်ချက် မဲ့လိုက်ရင်း –
“ကျုပ်က ဘာကောင်မှတော့ မဟုတ်ပါဘူး။ ဒါပေမယ့်အရှိန်အဝါကို သုံးပြီး ဘယ်တော့မှ လူတစ်ဖက်သားကို အနိုင်မကျင့်ဖူးဘူး။ အဲ့ဒီလို ယုတ်မာတဲ့နည်းနဲ့ အနိုင်ယူဖို့လည်း ဘယ်တော့မှ မတွေးထားဘူး . . .”
နေရောင်ဂိုဏ်းမှလူသည်ရှူးရှူးရှားရှားပင်ဖြစ်သွားကာ –
“ခင်ဗျားက ဒီနေ့ အခွင့်ကောင်း ယူခဲ့တာပဲ။ ကျုပ်တို့ကို ဒုက္ခရောက်အောင် လုပ်ချင်နေတာ။ အဲဒါများ ကိုယ့်ကိုယ့်ကိုယ် သူတော်ကောင်းကြီးလို့ တွေးနေတုန်းလား . . .”
ရဲရှောင် ရယ်မောလိုက်ရင်း –
“သူတော်ကောင်း ဟုတ်လား . . . ဒါဆို နေရောင်ဂိုဏ်းကရော သူတော်ကောင်းကြီးပဲလား။ ခင်ဗျားတို့ စောနတုန်းက လင်းပါအိုကို အနိုင်ကျင့်ခဲ့တယ်။ အဲဒါကရော တရားမျှတတဲ့ လုပ်ရပ်ပဲလား။ ကျုပ်ကတော့ တရားမျှတတယ်လို့ မထင်မိဘူး။ အခု မုန်တိုင်းအိမ်တော်ကို ရင်မဆိုင်နိုင်တဲ့ အခါကျမှ ခင်ဗျားတို့ သိက္ခာကို ပြန်အဖတ်ဆည်ဖို့ ကြိုးစားနေကြတယ်။ မျက်ရည်ခံထိုးပြီး လူတိုင်း ခင်ဗျားတို့ဘက်ပါ အောင် ဆွယ်ချင်နေသေးတာလား . . .”
“ခင်ဗျားတို့ နေရောင်ဂိုဏ်းက သူတော်ကောင်းတရားတွေကိုရော သေချာသိလို့လား . . .”
လူတိုင်းသည် အားရကျေနပ်စွာဖြင့်ရဲရှောင်ပြောသမျှ စကားလုံးများအား နားထောင်နေကြသည်။
ပြီးခဲ့သော နှစ်များအတွင်း မုန်တိုင်းအိမ်တော်သည် လှုပ်လှုပ်ရှားရှား သိပ်မရှိဘဲ နေရောင်ဂိုဏ်းနှင့် ကြယ်ရောင်ဂိုဏ်းတို့သည်သာ မော်တယ်ကမ္ဘာကြီးအား လွှမ်းမိုးချုပ်ကိုင် ခဲ့ကြသည်။နေရောင်ဂိုဏ်းအား ဆန့်ကျင်သူ မှန်သမျှ သေဆုံးခဲ့ကြရပြီး အလိုလိုက် အကြိုက်ဆောင်သော သူများသည်သာ အသက်ချမ်းသာရာ ရခဲ့ကြသည်။
နေရောင်ဂိုဏ်း အမြဲပြောလေ့ရှိသော စကားမှာ “အင်အားကြီးသူ၏ ပါးစပ်မှထွက်သော စကားသည် အမိန့်” ဟူ၍ပင်ဖြစ်သည်။
နေရောင်ဂိုဏ်းမှ မုန်တိုင်းအိမ်တော်အား မကျေမနပ်ဖြင့်ဒေါသထွက်နေသည့် အချိန်တွင်ရဲရှောင်၏ စကားလုံးများကြောင့် ပို၍ပင်ဒေါသများ ယမ်းပုံမီးကျဖြစ်သွားခဲ့ရသည်။
ပေါက်ကွဲထွက်တော့မည့်မီးတောင်တစ်ခုအလားဒေါသထွက်နေကြသည့်နေရောင်ဂိုဏ်းမှ လူများအား ကြည့်ရင်း ရဲရှောင်သည်တည်ငြိမ်သော အသံဖြင့်-
“အင်အားကြီးသူရဲ့ ပါးစပ်က ထွက်တဲ့ စကားက အမိန့်ပဲ . . .”
နေရောင်ဂိုဏ်း အမြဲပြောလေ့ရှိသော စကားအား ရဲရှောင်ပြောလိုက်ခြင်းပင် ဖြစ်သည်။
သူတို့စကားဖြင့် သူတို့ ပြန်အပြောခံလိုက်ရသည့်အတွက် နေရောင်ဂိုဏ်းမှ လူများသည် ဟန်မဆောင်နိုင်လောက်အောင်ပင်ဒေါသထွက်သွားကြသည်။နေရောင်ဂိုဏ်းအဖို့ ကိုယ့်ရှူးကိုယ်ပြန်ပတ်မိလေပြီ။
နေရောင်ဂိုဏ်းမှ အဘိုးကြီးသည်ဆက်၍ နားမထောင်လိုတော့သောကြောင့်-
“သွားမယ် . . .”
သုံးယောက်စလုံး မတ်တတ်ထရပ်၍ ထွက်သွားရန် ဟန်ပြင်လိုက်ကြသည်။
ထိုအချိန်မှာပင် နံပါတ် ၁ အခန်းထဲမှ သခင်ကြီးဘိုင်၏ အသံသည်ထွက်ပေါ်လာလေသည်။
“ဟင် . . . ငါ သတိလက်လွတ် ဖြစ်သွားတယ်ကွာ။ ဆေးလုံး ပြုတ်ကျသွားပြီ၊ မြန်မြန် ရှာကြပါဦး။ ဝမ်အာ မင်းတွေ့မိလား . . .”
ဝမ်အာလည်း အထိတ်တလန့်ဖြစ်သွားသည့်အမူအယာဖြင့်-
“ဟာ . . . ကျွန်မ ရှာမတွေ့တော့ဘူး၊ ဘယ်ရောက်သွားပါလိမ့် . . .”
သခင်ကြီးဘိုင်မှ တုန်လှုပ်နေသည့်အသံဖြင့်-
“မဖြစ်ဘူး၊ ဘယ်လိုလုပ်ကြမလဲ၊ ၅ ဘီလီယံတောင် တန်တဲ့ ဆေးလုံးနော်၊ ငါတို့တွေ နေရောင်ဂိုဏ်းကို ၅ ဘီလီယံတောင်ပြန်လျော်ရတော့မယ်ထင်တယ်. . .”
သခင်ကြီးဘိုင်၏ အသံမှာ ဝမ်းနည်းနေသည့်ပုံပင်။ ထိုမျှလောက် များပြားသော ပမာဏအား ပြန်မလျော်ပေးချင်နေသည့် ပုံစံမျိုးလည်းပေါက်နေလေသည်။
“ဒီလောက်ထိများတဲ့ ပမာဏကို ငါတို့ ဘယ်လိုများ တတ်နိုင်ပါ့မလဲ . . .”
ဆရာတပည့်နှစ်ဦး၏ အသံအား နားထောင်ရင်း လူတိုင်း၏ စိတ်ထဲတွင် မယုံသင်္ကာပင်ဖြစ်လျက်ရှိသည်။
(ဆေးလုံးပြုတ်ကျသွားတယ်ဆိုတာ အရူးပဲ ယုံလိမ့်မယ်။ တကယ်ပဲ ပြုတ်ကျသွားဦးတော့၊ အခန်းကျဉ်းကျဉ်းလေးထဲ မတွေ့စရာ အကြောင်းမှ မရှိတာ။ ဒီနှစ်ယောက်တမင်သက်သက် ပြောနေတာပဲ ဖြစ်ရမယ်. . .)
သခင်ကြီးဘိုင် တမင်ဟန်ဆောင်၍ပြောနေမှန်း သိသည့်တိုင် မည်သူမျှ ထုတ်ဖော်၍တော့ မပြောရဲကြချေ။
သခင်ကြီးဘိုင်အား မည်သူကများ ထပြောဝံ့ပါမည်နည်း။
တကယ်တမ်းတွင်မူ သခင်ကြီးဘိုင်အား နေရောင်ဂိုဏ်းကိုပင် အပြတ်ရှင်းပစ်စေချင်နေမိကြသည်။
အဘယ့်ကြောင့်ဆိုသော်နေရောင်ဂိုဏ်း မရှိမှသာ ကျန်သောလူများ အသက်ရှူချောင်မည် ဖြစ်သောကြောင့်ဖြစ်သည်။
ထိုအချိန် ဝမ်အာမှ –
“စိတ်မပူပါနဲ့ ဆရာ . . . ဒါက ဆေးလုံးလေး တစ်လုံးပါပဲ။ နေရောင်ဂိုဏ်းက လူတွေလည်း ဆေးလုံးပုံစံကို သေချာတောင် မြင်ဖူးလိုက်မှာ မဟုတ်ဘူး။ ကျွန်မတို့ ရွှံ့ကိုဖြစ်ဖြစ် ပြန်လုံးပြီး ပေးလိုက်မယ်လေ။ ပြီးရင် သူတို့ကို ချက်ချင်း မျိုချခိုင်းလိုက်မယ်။ အဲဒါဆို သက်သေလည်းပြလို့ မရတော့ဘူး . . .”
သခင်ကြီးဘိုင်တွေဝေသွားသည့်အသံဖြင့်-
“အဲ့ဒီလိုလုပ်လို့ ဖြစ်ပါ့မလား . . .”
ဝမ်အာမှ မဆိုင်းမတွပင်-
“သူတို့က ဆရာ စိတ်ကောင်းဝင်နေတာကို အနှောင့်အယှက် ပေးခဲ့ကြတယ်လေ။ အခုမှ နားနားနေနေ အပန်းဖြေတဲ့သဘောနဲ့ အပြင်ထွက်လာတာကို သူတို့က လူလို နားမလည်ဘဲ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့ကြတယ်။ ဆရာသာ ကြင်နာတတ်တဲ့လူ မဟုတ်ခဲ့ရင် သူတို့တွေ သေနေတာကြာရောပေါ့။ ဒီကမ္ဘာပေါ်မှာ နေရောင်ဂိုဏ်းကြီးတစ်ခုလုံး ကို အမြစ်ပြတ်သွားဖို့ တစ်ချက်လွှတ် အမိန့်ပေးနိုင်တာဆိုလို့ ဆရာတစ်ယောက်ပဲ ရှိတယ်။ ငှက်ပျောသီး အခွံနွှာနေရတာမှ ကြာပါဦးမယ် ဆရာရယ်။ သူတို့တွေ အသက်ရှင်နိုင်ဖို့ မျှော်လင့်ချက် မရှိပါဘူး။ အဲ့ဒီတော့ အခု ဆရာက သူတို့ဆေးလုံးကို ပျောက်အောင် လုပ်လိုက်တော့ရော ဘာဖြစ်သွားမှာမို့လို့လဲ . . .”
သခင်ကြီးဘိုင်လည်း စဉ်းစားသွားသည့်ဟန်ဖြင့်-
“ဝမ်အာ . . . ငါကတော့ ဒီလို မလုပ်သင့်ဘူးလားလို့၊ ဘာလို့လဲဆိုတော့ အဲ့ဒီလိုလုပ်ရင်ငါ့သိက္ခာကို ညစ်နွမ်းစေမယ် မဟုတ်လား။ နောက်ပြီး ငါ့လက်လည်း အစွန်းအထင်း မခံချင်ဘူး။ မင်းပဲ ရွှံ့လုံးလုံးပေးဖို့ ပြောတယ် မဟုတ်လား၊ ငါ အညစ်အကြေးတွေကို မကိုင်ချင်ဘူး . . .”
လူတိုင်း စိတ်လေသွားကြသည်။
(ခင်ဗျားတောင် ဒီလို ဖြစ်နေရင် နေရောင်ဂိုဏ်းဆို ဘယ်လိုနေမလဲ မစဉ်းစားမိဘူးလား။ ဝမ်အာဆိုတာ မော်တယ်ကမ္ဘာမှာ နှစ်ပေါင်းထောင်နဲ့ချီပြီး အားလုံးကို တုန်လှုပ် ကြောက်ရွံ့စေတဲ့ လူတစ်ယောက်ပဲ။ ဒီလိုလူတစ်ယောက်ရဲ့ အကြံက ဒီလိုမျိုးပဲလား။ သူ့ကိုတော့ လူအတော်များများရဲ့ စိတ်ထဲ အထင်သေးသွားမိကြမှာ အမှန်ပဲ . . .)
ဝမ်အာမှ ဆရာဖြစ်သူအား ကြည့်လိုက်ရင်း –
“ဆရာက နားလည်မှု လွဲနေတာပဲ။ ဆရာ ရွှံ့ကို ကိုင်စရာ မလိုပါဘူး၊ ကျွန်မ ကိုယ်တိုင် ရွှံ့နည်းနည်းယူပြီး လုံးလိုက်မယ်။ ပြီးမှ ပေးလိုက်မယ်လေ။ ဘာမှ စိတ်မပူပါနဲ့ဆရာ၊ နောက်ပြီး နေရောင်ဂိုဏ်းကလူတွေကလည်း ရွှံ့လုံးနဲ့ဆေးလုံး သိပ်ပြီး ကွဲကွဲပြားပြား သိကြမှာ မဟုတ်ပါဘူး။ ကျွန်မတို့အတွက်ဒီနည်းပဲ ကောင်းမယ်ထင်တယ် . . .”
ဝမ်အာတို့ပြောနေကြသည့်စကားများအား နားထောင်ရင်း လူတိုင်း၏ စိတ်ထဲတွင် –
(ဆရာတပည့် ၂ ယောက်ကတော့ နေရောင်ဂိုဏ်းက လူတွေကို အရူးတွေလို ကောင်းကောင်း ဖဲ့နေကြတယ်။ သူတို့တွေက ရွှံ့နဲ့ဆေးလုံး မခွဲတတ်ဘဲ နေပါ့မလား၊ နှစ်ပေါင်း ထောင်နဲ့ချီပြီး သမိုင်းကြောင်း ရှိခဲ့တဲ့ ဂိုဏ်းကြီးပဲဟာကို . . .)
သခင်ကြီးဘိုင် သဘောတူသွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ကာ –
“မတတ်နိုင်ဘူးပေါ့၊ ဒါပေမယ့်ငါတို့တွေ သိုသိုသိပ်သိပ် နေဖို့တော့လိုမယ်။ သိပ်ပြီး မသိသာစေနဲ့၊ ဒီလိုမှ မဟုတ်ရင် အလိမ်ပေါ်သွားနိုင်တယ်။ မင်းဟာမင်းပဲ သူတို့ကို ပြောလိုက်တော့နော် . . .”
“ကောင်းပါပြီဆရာ . . .”
ဝမ်အာ အသံထွက်၍ မရယ်မိစေရန် မနည်းထိန်းနေရသည်။
လူတိုင်းသည်လည်း ပါးစပ် အဟောင်းသားဖြင့် ငေးကြည့်နေကြသည်။
(ခင်ဗျားတို့က နေရောင်ဂိုဏ်းကို ကောင်းကောင်းကြီး သိက္ခာချနေကြတာပဲ။ ခင်ဗျားတို့က ကောင်းကင်ထက်တောင် အဆင့်မြင့်နေတဲ့ လူတွေ၊ အဲဒါတောင် သိုသိုသိပ်သိပ် နေဖို့လိုမယ် ဟုတ်လား၊ ဘယ်လိုတောင် ဗြောင်လိမ်နိုင်ကြရတာလဲ . . .)
နေရောင်ဂိုဏ်းမှ လူ ၃ ယောက်သည်အခန်းထဲမှ ထွက်သွားတော့မည့်အချိန်တွင်ဝမ်အာတို့ အပြန်အလှန် ပြောနေကြသည့်စကားများအား ကြားလိုက်ရသောကြောင့်ဒေါသထွက်သွားကြသည်။ငယ်ထိပ်သို့ပင်ဒေါသများစောင့်တက်သွားသောကြောင့်အမြင်အာရုံများ ဝေဝါးသွားပြီး ခေါင်းထဲတွင်လည်း မိုက်ခနဲ ဖြစ်သွားကြသည်။
အဘိုးကြီးသည် အနောက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။သူ၏ နှုတ်ခမ်းသည်လည်းဒေါသကြောင့်တဆတ်ဆတ်တုန်ယင်လျက် ရှိသည်။ နံပါတ် ၁ အခန်းအား စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး တစ်စုံတစ်ခုပြောရန်ဟန်ပြင်လိုက်သည်။
ထိုအခါ ကျန်လူ ၂ ယောက်သည်အဘိုးကြီးအား ပါးစပ်လှမ်းပိတ်လိုက်ရင်း ခပ်သုတ်သုတ်ပင် ဆွဲခေါ်သွားကြသည်။ ထိုလူ ၂ ယောက်၏ စိတ်ထဲတွင်လည်း အဘိုးကြီးအား ကျိန်ဆဲနေကြသည်။
(အခုချိန် ဘာများ ပြောနိုင်ဦးမှာလဲ၊ တစ်လုံးပြောတာနဲ့ အသတ်တောင် ခံရနိုင်တယ်။ ကျုပ်တို့ အသက်တင်မဟုတ်ဘူး၊ နေရောင်ဂိုဏ်းကြီး တစ်ခုလုံးရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်တယ် အဘိုးကြီးရဲ့)
နံပါတ် ၁ အခန်းထဲမှ သခင်ကြီးဘိုင်လည်း –
“အဘိုးကြီးက လှည့်ကြည့်နေတယ်၊ သူ့ကြည့်ရတာလည်း တော်တော် ဒေါသထွက်နေပုံပဲ၊ ဝမ်အာ မင်းဘယ်လိုထင်လဲ . . .”
ဝမ်အာမှ –
“ကျွန်မ သူတို့ကို ဖမ်းပြီး မေးလိုက်ရင်ရော ဘယ်လိုလဲ။ သူတို့ အခု ဘယ်လို ခံစားနေရလဲလို့ မေးလိုက်မယ်လေ . . .”
သခင်ကြီးဘိုင် တစ်ချက်ပြုံးလိုက်ရင်း –
“ထားလိုက်ပါတော့၊ ငါတို့က သိက္ခာရှိတဲ့ လူတွေပဲဟာ၊ ဒီလို ဂုဏ်မောက်နေတဲ့ လူမျိုးတွေနဲ့ ဖက်မဖြစ်ချင်တော့ဘူး။ သူတို့ကို သွားခွင့် ပေးလိုက်ပါ။ အင်း . . . နေရောင်ဂိုဏ်းသာ ငါ့ကို တစ်ခုခု စိတ်ဆိုးစရာဖြစ်အောင် လုပ်မယ်ဆိုရင် သူတို့ရဲ့ ဘဝလည်း တော်တော် စိတ်ဝင်စားစရာ ကောင်းသွားမှာ”
ဝမ်အာလည်း ရယ်မိနေသည့် သူ၏ ပါးစပ်အား အုပ်လိုက်ကာ –
“ဟုတ်တယ်၊ သူတို့သာ ကျွန်မတို့ကို တစ်ခုခု လုပ်ရင် သူတို့ရဲ့ ဘဝလည်း လေဟုန်စီးနေရသလို ရင်ခုန်စရာ ဖြစ်နေမှာပဲ . . .”
ဝမ်အာ၏ စကားကြောင့်သခင်ကြီးဘိုင်တစ်ယောက်ကျယ်လောင်စွာပင်အော်ဟစ်ရယ်မောလိုက်ပါတော့သည်။