Chapter – 302
“ဖန်ဧကရာဇ်၏အကြည့်”
နေရောင်ဂိုဏ်းမှ ပါလာသည့် လူနှစ်ဦးမှာလည်း အဘိုးကြီးအား အပြစ်တင်နေသည့်အကြည့်မျိုးဖြင့်ငေးကြည့်နေကြရင်း စိတ်ထဲတွင်လည်းဒေါသထွက်နေမိကြသည်။
(ခင်ဗျား တောက်လျှောက် အလျော့ပေးခဲ့ရပြီးပြီ။ အရာအားလုံးလည်း ပြီးတော့မယ်ဆိုမှ ခင်ဗျားပြောလိုက်တဲ့ စကားက အခုလို အခြေအနေ ဆိုးရွားသွားမယ်ဆိုတာ မစဉ်းစားမိဘူးလား။ ခင်ဗျားပြောလိုက်တာ ခင်ဗျားကိုယ်ခင်ဗျား နှိမ့်ချသလို ဖြစ်တယ်ပဲထား၊ သူတို့ကို မကျေနပ်ဘူးလို့ ဆိုလိုသလို ဖြစ်သွားစေတယ်လေ။ ဘာတဲ့ . . . မိန်းကလေးက အတင်းအကြပ်ကြီးနော်တဲ့၊နောက်ပြီးနေရောင်ဂိုဏ်းက မုန်တိုင်းအိမ်တော်ကို အတိုက်အခံ မလုပ်ဖူးပါဘူးတဲ့။ အဲ့လိုသွားပြောမှတော့ ရန်ညိုးရန်စ မရှိဘဲ မုန်တိုင်းအိမ်တော်ကပဲ တမင်လုပ်နေတယ်အများအမြင်မှာ မဖြစ်စေဘူးလား . . .)
(နောက်ပြီး လူတွေကလည်း အများကြီးရှိနေတာ။ အဲဒါတောင် ဝမ်အာကိုသွားပြီး ခွန့်တုန့်ပြန်နေသေးတယ်။ ခြေလှမ်း ၉၉ လှမ်းတောင် လှမ်းခဲ့ပြီးပြီ ၁၀၀ ပြည့်အောင် လှမ်းလိုက်တော့ ဘာဖြစ်မှာ မို့လို့လဲ။ ဘာမှ မပြောဘဲ ခင်ဗျား ပါးစပ်ပေါက်ပိတ်ပြီး ငြိမ်နေလိုက်တော့ပေါ့ . . .)
(ခင်ဗျားတော့ ကိုယ့်သေတွင်းကိုတူးလိုက်တာပဲ။ ဝမ်အာက ဘာမှ မပြောတော့ဘူး။ ဝမ်အာထက် အဆပေါင်း ထောင်ချီ ပိုပြီး ကြောက်စရာကောင်းတဲ့ သခင်ကြီးဘိုင်က ထပြောတော့ ဒုက္ခမများပေဘူးလား . . .)
(အခု သခင်ကြီးဘိုင်ပါ ပါလာပြီဆိုတော့ နေရောင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာလည်း သူ့ဖိနပ်အောက်သာ ရောက်ပြီလို့မှတ်တော့။ ကျုပ်တို့ကို ငဲ့ညှာနေမယ် မထင်နဲ့ . . .)
(ထူးခြားအစွမ်းထက်တဲ့ အဆင့် ဖြစ်နေရင်တောင် အရိုးသန့်စင်ဆေးလုံး တစ်လုံးကို ငွေစ ၅ ဘီလီယံ အကုန်အကျခံပြီး ဝယ်လိုက်တာ တကယ့်ဟာသပဲ . . .)
(အခုကျ ၅ ဘီလီယံ အကုန်အကျခံပြီး ဝယ်ထားတဲ့ ဆေးလုံးကို ကျုပ်တို့က သွားပေးရတော့မယ် . . .)
(ဒါနောက်စရာ မဟုတ်ဘူးနော်၊ ၅ ဘီလီယံဆိုတာ နောက်စရာ မဟုတ်ဘူး။ သခင်ကြီးဘိုင်က တောင်းမှတော့ မပေးဘဲလည်း နေလို့မရဘူး . . .)
(အခုကစပြီး ငါတို့ နေရောင်ဂိုဏ်းလည်း မော်တယ်ကမ္ဘာမှာ လူရယ်စရာ ဂိုဏ်းကြီး ဖြစ်တော့မယ်။ ငါတို့ရဲ့ သိက္ခာတွေတော့ မြောင်းထဲ ရောက်ကုန်ပါပြီ . . .)
နေရောင်ဂိုဏ်းမှ လူများအားလုံး မျက်စိပျက်မျက်နှာပျက်ပင်ဖြစ်နေကြသည်။
အဘိုးကြီးလည်း မတ်တတ်ရပ်လိုက်ရင်း –
“ကောင်းပါပြီ၊ ကောင်းပါပြီ . . .”
ဆေးလုံးအား ယူဆောင်ရင်း သူ၏ အခန်းထဲမှ ထွက်လာခဲ့သည်။
နံပါတ် ၁ အခန်းရှေ့သို့ ရောက်သောအခါ –
“မိန်းကလေးဝမ် . . . ဒီမှာ ဆေးလုံး ရောက်ပါပြီ။ သေချာ ကြည့်ပါဦး . . .”
“အပြင်မှာထားခဲ့။ ကျွန်မကိုယ်တိုင် ထွက်ယူရလောက်အောင် တန်ဖိုးကြီးနေလို့လား . . .”
ဝမ်အာ၏ အသံသည်တည်တည်ငြိမ်ငြိမ်ပင်ရှိနေသော်လည်း အနည်းငယ် ဒေါသထွက်နေသည့်ပုံပင်။
အဘိုးကြီးလည်း အံကိုတင်းတင်းကြိတ်၍ ဆေးလုံးထည့်ထားသည့် ပုလင်းအား ချထားခဲ့လိုက်သည်။ ထို့နောက် ချက်ချင်း လှည့်မပြန်သေးဘဲ အခန်းထဲသို့ ကြည့်လိုက်ရင်း –
“ကျုပ်တစ်ခုလောက် သိချင်လို့ မေးခွင့်ရှိမလား။ ကျုပ်စိတ်ထဲ မရှင်းဖြစ်နေလို့ပါ . . .”
ဝမ်အာမှ –
“ဘာလဲ . . .”
နေရောင်ဂိုဏ်းမှ ကျန်ခဲ့သော လူနှစ်ဦးလည်း အဘိုးကြီးအား သွား၍ပင်ဆွဲခေါ်ချင်နေမိကြသည်။ အဘိုးကြီး စကားပြောမှားသွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ အဘိုးကြီး၏ စကားအမှားကြောင့် ၅ ဘီလီယံ တန်ဖိုးရှိသည့် ဆေးလုံးအား သွားပေးနေရပြီ မဟုတ်ပါလား။
“ကျုပ်သိချင်တာက သခင်ကြီးဘိုင် ဒီနေ့ ဘာများ ဖြစ်နေသလဲလို့ပါ။ ကျုပ်တို့က မုန်တိုင်းအိမ်တော်ကို တစ်ခါမှ မစော်ကားဖူးပါဘူး။ အဲ့ဒါတောင်ကျုပ်တို့ကို ဘာလို့ ဒီလောက်ထိ ဖိနှိပ်နေရတာလဲပေါ့”
ဝမ်အာမှ အေးစက်စက် လေသံဖြင့် –
“ကျွန်မတို့က သန်း ၃၀၀ လောက်တန်တဲ့ဆေးကို ရှင်တုိ့ ၅ ဘီလီယံပေးပြီး ဝယ်ရအောင်ပဲ လုပ်လိုက်ရုံပါ။ ရှင်က အဲဒါကို ရှင်တို့ကို စော်ကားတယ်လို့ ခံစားနေရတာလား။ ရှင်တို့ ၁၀ သန်းနဲ့ ပေးဝယ်တုန်းကကြ တစ်ဖက်သား ဘယ်လိုခံစားရမလဲ ဆိုတာ မတွေးမိဘူး မဟုတ်လား . . .”
ဝမ်အာ၏ စကားကြောင့်အဘိုးကြီး ရုတ်တရက်ကြောင်ငေးသွားသည်။ ခဏအကြာတွင်မူ သဘောပေါက်သွားသည့်ဟန်ပင်။
အဘိုးကြီး၏ စိတ်ထဲတွင်ကိုယ့်ကိုကိုယ်ပင်သတ်သေချင်စိတ်ပင် ပေါက်နေပြီ ဖြစ်သည်။
(ဒီအကြောင့်ပြချက်လေးကြောင့်ဒီလို လုပ်လိုက်တာပေါ့။ ဒီလို ရိုးရှင်းတဲ့ အကြောင်းပြချက်လေးကြောင့်တဲ့လား . . .)
ဝမ်အာမှလေသံခပ်မာမာဖြင့်-
“၁၀ သန်းဆိုတာ ကြမ်းခင်းဈေးတောင် မရှိဘူး၊ ရှင်တို့က အဲဒီဈေးနဲ့ ရဖို့ ကြိုးစားခဲ့တယ်။ ဒါဆို လုယူတာနဲ့ ထူးမခြားနားပဲ မဟုတ်လား။ ပေါက်ဈေးအောက် အဆ ၃၀ လောက် နည်းနေတယ်လေ။ အဲဒါကြောင့် ကျွန်မကလည်း ရှင်တို့ကို ပေါက်ဈေးထက် အဆ ၃၀ လောက် ပိုများများ ပေးပြီး ဝယ်အောင် လုပ်မလို့ပဲ။ ဒါပေမယ့််ကျွန်မဆရာက တားခဲ့တယ်။ ဒီလိုမှ မဟုတ်ရင် ရှင်တို့ ၅ ဘီလီယံ မဟုတ်ဘူး၊ ၉ ဘီလီယံနဲ့ ဝယ်ရမှာ။ နားလည်လား . . .”
အဘိုးကြီးလည်း အံတင်းတင်းကြိတ်၍ ခေါင်းညိတ်လိုက်ကာ –
“ကျုပ်သိပါပြီ။ ဒါပေမယ့်မရှင်းတာ တစ်ခု ရှိသေးတယ်။ လင်းပါအိုနှင့် မုန်တိုင်းအိမ်တော် ဘယ်လိုများ ပတ်သက်နေလဲ သိချင်ပါတယ် . . .”
လူတိုင်းသည် မုန်တိုင်းအိမ်တော်ဘက်မှ ပြန်ဖြေမည့်အဖြေအား နားစွင့်လျက် ရှိကြသည်။
ထိုမေးခွန်းသည်အရေးပါသော မေးခွန်းတစ်ခုပင်ြဖစ်သည်။ အကယ်၍ လင်းပါအိုသည်သာ မုန်တိုင်းအိမ်တော်နှင့် ဆက်စပ်မှု ရှိနေသည်ဆိုလျှင်လူတိုင်း လင်းပါအိုအား လေးစားကြောက်ရွံ့ ကြရတော့မည်သာ ဖြစ်သည်။
“ဘယ်လိုမှ မပတ်သက်ဘူး . . .”
သခင်ကြီးဘိုင် ခပ်ပြတ်ပြတ်ပင်ပြောလိုက်သည်။
ဝမ်အာမှ ဖန်ဇီလင်အား ကူညီပေးနေသည်ကို သခင်ကြီးဘိုင်သိနေလေသည်။ လင်းပါအိုဘက်မှ လွန်လွန်ကဲကဲ အထိမခံနိုင်နာပြနေခြင်းကိုမူ သခင်ကြီးဘိုင် လက်ခံမည်မဟုတ်ပေ။
သခင်ကြီးဘိုင်သည်ပြုံးလျက်-
“ဒီနေ့ လုပ်ခဲ့တယ် ဆိုတာ ကျုပ်ရှေ့မှာ အနိုင်ကျင့်နေတာမျိုးကို လက်မခံတာကြောင့်ပဲ။ လေလံပွဲဆိုတာ ငွေကြေးနဲ့ပဲ ဆိုင်တယ်၊ ငွေများများ သုံးနိုင်တဲ့လူက ဝယ်နိုင်မှာပဲ။ အရှိန်အဝါနဲ့ မဆိုင်ဘူး။ ဒီနေ့ ကျုပ်လုပ်ရပ်ကြောင့် လင်းပါအိုရဲ့ လေလံပွဲလည်း အနှောင့်အယှက် ဖြစ်သွားရတဲ့ပုံပဲ။ ဒါပေမယ့် ကျုပ်မြင်သလောက်တော့ခင်ဗျားတို့ နေရောင်ဂိုဏ်းက လင်းပါအိုကို စပြီး အနိုင်ကျင့်နေတာပဲ။ မစိုးရိမ်ပါနဲ့၊ ကျုပ်တို့ ခင်ဗျားတို့ကို ဘာမှ မလုပ်ပါဘူး . . .”
အဘိုးကြီးလည်း မျက်စိပျက်မျက်နှာပျက်ဖြင့်-
“ကျုပ်တို့ဘက်ကလည်းဘာမှ မလုပ်ဝံ့ပါဘူး . . .”
ထိုကဲ့သို့ပြောလိုက်ရသော်လည်း အဖိုးကြီး၏ စိတ်ထဲတွင်မူ မကျေမနပ်ဖြစ်လျက်ရှိသည်။
(သခင်ကြီးဘိုင်က ဒီလိုပြောမှတော့ ဘယ်သူကများ လင်းပါအိုကို အနိုင်ကျင့်ရဲတော့မှာလဲ။ လင်းပါအိုကို ပြဿနာရှာတာ သခင်ကြီးဘိုင်ကို ပြဿနာရှာတာနဲ့ အတူတူပဲလို့ပြောနေသလိုပဲ။ သခင်ကြီးဘိုင်က ဘာမှ မလုပ်ဘူးတဲ့လား။ ကလေးတွေပဲ ဒီလိုစကားကို ယုံလိမ့်မယ်။ သူက ဘာလုပ်စရာ လိုမလဲ၊ အမိန့်တစ်ချက် ပေးလိုက်ရင်ဖြစ်ဖြစ် နောက်ဆုံး မျက်တောင်တစ်ချက် ခတ်ပြလိုက်ရင်တောင် သူလုပ်ချင်တာ အကုန် ဖြစ်နေတာပဲဟာ . . .)
နောက်ဆုံးတွင်မူ အဘိုးကြီးလည်း သူ၏ အခန်းထဲသို့ ပြန်ဝင်သွားပါတော့သည်။
မတတ်သာသည့်အခြေအနေတွင်လက်မှိုင်ချ၍ ပြန်လာခဲ့ရသော်လည်း သူ၏ စိတ်ထဲတွင်မူ အမုန်းမီးတောက်များဖြင့် ပြည့်နှက်လျက်ရှိသည်။ သို့သော်နှုတ်မှ ထုတ်ဖော်၍တော့ မပြောရဲချေ။လေလံပွဲရှိ လူအားလုံးသည်အဘိုးကြီး၏ ရင်ထဲတွင် ခံစားေနရသောဒေါသများအား ခံစားမိနေကြသည်။
သို့သော် မုန်တိုင်းအိမ်တော်မှ သခင်ကြီးဘိုင်အား မည်သူကများ ဆန့်ကျင်ဝံ့ပါမည်နည်း။
နေရောင်ဂိုဏ်းမှ အဘိုးကြီးပင်စကားတစ်ခွန်းမျှ ခွန်းတုံ့ မပြန်ရဲခဲ့ချေ။ “သွားလိုက်ပါဦးမည်” ဟူသော နှုတ်ဆက်စကားပင် မပြောနိုင်ခဲ့ခြင်း ဖြစ်သည်။
ဂိုဏ်းကြီး ၂ ခုဖြစ်သော နေရောင်ဂိုဏ်းနှင့် ကြယ်ရောင်ဂိုဏ်းတို့သည် နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်း ရှိခဲ့ပြီး ခေါင်းဆောင်များစွာ ပြောင်းလဲခဲ့သည်။ သို့သော် မုန်တိုင်းအိမ်တော်မှ သခင်ကြီးဘိုင်မှာမူ နှစ်ပေါင်း ထောင်ချီသည့်တိုင် ငယ်ရွယ်နုပျိုလျက် ရှိနေတုန်းပင်ဖြစ်သည်။
ဝမ်အာနှင့် ချူးအာတို့သည်လည်း ထို့အတူပင် ဖြစ်သည်။
နှစ်ပေါင်း ထောင်ချီ၍ အသက်ရှည်ခဲ့သော ထိုလူ ၃ ယောက်အား မည်သူကများ ရင်ဆိုင်နိုင်ပါမည်နည်း။
ယခုအခါတွင်မူနေရောင်ဂိုဏ်း၏ သိက္ခာတရားများ ကုန်းကောက်စရာ မရှိအောင်ပင်ကျဆင်းခဲ့ရပြီ ဖြစ်သည်။
ကြယ်ရောင်ဂိုဏ်းမှာမူ ဘာမျှ လှုပ်ရှားမှု မလုပ်ရသေးသည့်တိုင်နေရောင်ဂိုဏ်းအား ကြည့်ရင်း ဇောချွေးများ ပြန်လျက်ရှိသည်။
ဘာဆို ဘာမျှလည်း မလုပ်ဝံ့တော့ချေ။ နေရောင်ဂိုဏ်းကဲ့သို့လည်း အဖြစ်ဆိုးမျိုးနှင့်လည်း မကြုံချင်ကြတော့ပေ။ ယခုအချိန်တွင်လင်းပါအိုအား အနိုင်ကျင့်သည့်လုပ်ရပ်မျိုး သွားလုပ်မိမည် ဆိုပါက နေရောင်ဂိုဏ်းထက် ပိုမိုဆိုးရွားစွာ ခံကြရနိုင်ပေသည်။ နေရောင်ဂိုဏ်းသည် စံနမူနာအဖြစ် ပြသခြင်း ခံခဲ့ရပြီးဖြစ်သဖြင့် ထပ်မံကျူးလွန်သူအဖို့ ပို၍ ဆိုးရွားသွားပေလိမ့်မည်။
ထို့ကြောင့် ကြယ်ရောင်ဂိုဏ်းမှ လူများသည် တိတ်ဆိတ်စွာပင် ထိုင်နေလျက် ရှိကြသည်။ လေပင် မလည်ရဲကြချေ။
ထိုအချိန်မှာပင် အသံတစ်သံသည်ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
“နေရောင်ဂိုဏ်းကြီးကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ဂိုဏ်းကြီးတစ်ဂိုဏ်း ပီသပါပေတယ်။ ဒီနေ့တော့ ကျုပ်အမြင်တော်တော် ကျယ်ခဲ့ရပြီ . . .”
အားလုံးသည် အသံလာရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။
နေရောင်ဂိုဏ်းမှ လူများ၏ စိတ်ထဲတွင် –
(ငါတို့ မုန်တိုင်းအိမ်တော်က သခင်ကြီးဘိုင်နဲ့ အပေါင်းအပါတွေကို မဆန့်ကျင်ရဲဘူး ဆိုတာ မှန်ပါတယ်။ ဒါပေမယ့်တခြား ဘယ်သူကများ ငါတို့ကို စော်ကားဝံ့တာလဲ။ ကြယ်ရောင်ဂိုဏ်းက ဆိုရင်တောင် ငါတို့ကတော့ ပြောတဲ့လူကို သတ်ပစ်ရမှာပဲ . . .)
လှမ်းကြည့်လိုက်သည့်အချိန်တွင်အသံပိုင်ရှင်မှာ ဖန်ဇီလင်ဖြစ်ကြောင်း တွေ့လိုက်ကြရသည်။ ဖန်ဇီလင်သည်နေရောင်ဂိုဏ်းအား လက်ပိုက်လျက် ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ရှိနေပါတော့သည်။