Chapter – 301
“အရှက်ခွဲခံရခြင်း”
အဘိုးကြီး၏ စိတ်ထဲတွင် –
(သူက ကျွန်မ ဆရာက ပြောဖူးတယ်လို့ ပြောတော့ တကယ်လို့ ငါသာ တစ်ခုခု စကားမှားသွားရင် အခြေအနေတွေ ပိုဆိုးသွားနိုင်တယ်။ ဒီလို သိက္ခာအကျခံပြီး တောင်းပန်ရမယ့်အလုပ်မျိုးလည်း ငါမလုပ်ချင် ဘူး။ ဒါပေမယ့်အခုလည်း ငါ့မှာ ကျစရာ သိက္ခာကို မရှိတော့ပါဘူး။ ဒီလောက်ထိ ဖြစ်နေတာတောင်သူက မကျေနပ်နိုင်သေးဘူး။ ဘာလဲ . . . သူ့ကို ဒူးထောက်ပေးမှ ကျေနပ်မှာလား . . .)
ဝမ်အာမှ –
“ရှင်တို့က ၅ ဘီလီယံ ပေးမှာပေါ့၊ အဲ့ဒီဈေးဆိုရင်တော့ တကယ်ပဲ သင့်တော်နေပါပြီ။ ကျွန်မမှာလည်း အဲဒီလောက် ငွေစ အများကြီး မရှိဘူးလေ။ တကယ်လို့ ရှိခဲ့ရင်တောင် ဒီလို ဆေးလုံးတစ်လုံးအတွက် ဖြုန်းတီးမှာ မဟုတ်ဘူး။ ကျွန်မက နေရောင်ဂိုဏ်းလောက် မချမ်းသာပါဘူး။ အခုက လေလံပွဲဆိုတော့ ကျွန်မ လိုချင်ရင်တောင် မတတ်နိုင်တော့တဲ့အတွက် ကျွန်မ ဆက်မလိုက်တော့ဘူး၊ အဲ့ဒါကြောင့် အခုရှင်နိုင်သွားပါပြီ . . .”
“အ . . .”
အဘိုးကြီးသည် မည်သို့မျှ ထိန်းမထားနိုင်တော့ဘဲ ပါးစပ်မှ သွေးများ အန်ထွက် သွားလေသည်။
လေလံပွဲရှိ အခြားသော လူများသည်လည်း အဓိပ္ပါယ်ပါသော အကြည့်များဖြင့်တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
(မိန်းကလေး ဝမ်အာက တကယ်ကို ရက်စက်တာပဲ။ လူတစ်ယောက်ကို အမြင့်ဆုံးထိ ဆွဲခေါ်လာပြီးမှ အောက်ဆုံးထိရောက်အောင်ကို ရိုက်ချလိုက်တယ်။အရိုးသန့်စင်ဆေးလုံးလေး တစ်လုံးကို ငွေစ ၅ ဘီလီယံတောင် အကုန်ခံပြီး ဝယ်ခိုင်းလိုက်တာပါလား။ ဒီဆေးက တန်တာမှ သန်း ၃၀၀ လောက်ဟာကို။ အခုတော့ အဆ ၂၀ နီးပါး ပိုပေးလိုက်ရပြီ။ မသိရင်တော့ သူ့မှာ ဆက်လိုက်စရာ မရှိတော့လို့ပဲ ဆက်မလိုက်တော့သလိုလို ဘာလိုလိုနဲ့။ တကယ်ကတော့ တမင်ကို ညစ်လိုက်တာပဲ . . .)
အချို့သော လူများသည်လည်း ဝမ်အာမှ အဘိုးကြီးအား သွေးအန်သွားအောင်ပင်လုပ်လိုက်သည့်အတွက် အကျေနပ်ကြီး ကျေနပ်နေကြသည်။
ပြီးခဲ့သော နှစ်များအတွင်း နေရောင်ဂိုဏ်းသည် အင်အားအကြီးဆုံး ဂိုဏ်းတစ်ခု ဖြစ်ခဲ့သည်။ ထိုအခါ ဂိုဏ်းကြီးဂိုဏ်းငယ် အသွယ်သွယ်မှာ နေရောင်ဂိုဏ်း၏ လွှမ်းမိုးချုပ်ကိုင် ခြယ်လှယ်မှုများအား ခံခဲ့ကြရသည်။
သို့သော်ယခုအခါတွင်မူ နေရောင်ဂိုဏ်းသည် လူပုံအလယ်တွင်စော်ကားခံလိုက်ရပြီ ဖြစ်သည်။ ထိုအဖြစ်သည်လူအများစုအတွက် ကျေနပ်ဖွယ်ကောင်းသည့်ကိစ္စတစ်ခုပင်ဖြစ်နေလေသည်။
မူမျိုးနွယ်မှ လူများမှာမူ မတူညီသော ခံစားချက်များ ခံစားနေကြသည်။ တစ်ချိန်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာအားပြန်တွေးမိရင်း ထိတ်လန့်နေမိကြသည်။
ထိုအဖြစ်အပျက်သည်ယခုလေလံခန်းမအတွင်းမှာပင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ထူးခြားအစွမ်းထက် ဖေးယွမ်ဆေးလုံးများအား လေလံဆွဲခဲ့သည့်အချိန်တွင်မူမျိုးနွယ်မှ လူတစ်ဦးသည် ယခု နေရောင်ဂိုဏ်းကဲ့သို့ပင် မျိုးနွယ်၏ အရှိန်အဝါအား သုံး၍ ဆေးလုံးတစ်လုံး ပိုင်ဆိုင်နိုင်ရန်အတွက်ကြံစည်ခဲ့ဖူးလေသည်။ ထိုအခါ ချူးအာနှင့်အတိုက်အခံ ဖြစ်ခဲ့ကြပြီးလေလံပွဲပြီးသည့်နောက်တွင် မူမျိုးနွယ်မှ လူတစ်ရာကျော် အသတ်ခံခဲ့ရသည်။
ယခုအခါတွင်မူ နေရောင်ဂိုဏ်း၏ အလှည့်ဖြစ်ခဲ့ချေပြီ။နေရောင်ဂိုဏ်းသည်မုန်တိုင်းအိမ်တော်နှင့် ထိပ်တိုက် ရင်ဆိုင်နေရပြီ မဟုတ်ပါလော။
ထို့ပြင် ယခုအခါတွင်မူ ဝမ်အာ ဖြစ်နေလေသည်။
နှစ်ကြိမ်စလုံး၊ တစ်နေရာတည်း တစ်ချိန်တည်းမှာပင် အဖြစ်အပျက်ခြင်း အတူတူ ဖြစ်လျက်ရှိသည်။
မူမျိုးနွယ်မှ လူများသည်ဇောချွေးပြန်လျက်ရှိပြီး စိတ်ထဲတွင် ထိတ်လန့်နေကြသည်။
(လင်းပါအိုက မုန်တိုင်းအိမ်တော်နဲ့ အဆက်အသွယ် ရှိနေတာလား။ ဒါမှမဟုတ် မုန်တိုင်း အိမ်တော်ကများ လင်းပါအိုကို ပိုင်တာလား မသိဘူး။ ဒီလိုမှ မဟုတ်ရင် အခုလောက်ထိ ဘယ်တိုက်ဆိုင်ပါ့မလဲ။ နှစ်ခါလုံးမှာ မုန်တိုင်းအိမ်တော်နဲ့ ထိပ်တိုက် ရင်ဆိုင်ရတာချည်းပဲ။ ဒီလောက်ထိ တိုက်ဆိုင်တာကကြ အဓိပ္ပါယ်မရှိတော့ဘူး . . .)
လေလံခန်းမတွင်ရှိသော လူများသည်ပါးရပ်နည်ရပ် ရှိသော လူများသာ ဖြစ်သည့်အတွက်မူမျိုးနွယ်၏ စိတ်ထဲတွင်စဉ်းစားနေကြသည့် အကြောင်းအရာများအား ရိပ်မိနေလေသည်။ မူမျိုးနွယ်စဉ်းစားမိသည့်အတိုင်း သူတို့လည်း စဉ်းစားမိလိုက်ကြသည်။
(လင်းပါအိုခန်းမက မုန်တိုင်းအိမ်တော်ကို ငွေရှာပေးနေတဲ့ နေရာများလား . . .)
ထိုကဲ့သို့ တွေးမိလိုက်သောအခါ စိတ်ထဲတွင်တုန်လှုပ်သွားကြသည်။
“မိန်းကလေးဝမ်အာ . . . မိန်းကလေးက အတင်းအကြပ်ကြီးပဲနော် . . .”
နေရောင်ဂိုဏ်းမှ အဘိုးကြီးသည် ပါးစပ်တွင်ေပနေသောသွေးများအား သုတ်ရင်း ပြောလိုက်သည်။
“ကျုပ်တို့ နေရောင်ဂိုဏ်းဆိုတာ မုန်တိုင်းအိမ်တော်ကို တစ်ခါမှ အတိုက်အခံလုပ်ပြီး မဆန့်ကျင်ခဲ့ဖူး ပါဘူး . . .”
အဘိုးကြီး၏ အသံသည် ဝမ်းနည်းပက်လက်ပင်ဖြစ်လျက်ရှိသည်။
မုန်တိုင်းအိမ်တော်ဘက်မှ မည်သည့်စကားမျိုး ပြန်ပြောလာမည်ကို လူတိုင်း နားစွင့်နေကြသည်။ ထို့ပြင်လင်းပါအိုနှင့် မုန်တိုင်းအိမ်တော်မည်သို့မည်ပုံဆက်စပ်နေကြသည်ကို အဖြေထုတ်၍ စဉ်းစားနေကြသည်။
ထို့ကြောင့်ခန်းမတစ်ခုလုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည်။
ထိုအချိန်တွင်အခန်း နံပါတ်၁ ထဲမှ ကြည်လင် ပြတ်သားသော အသံတစ်သံအား လူတိုင်း ကြားလိုက်ကြသည်။
“အရိုးသန့်စင်ဆေးလုံး တစ်လုံးက ၅ ဘီလီယံတောင် တန်တာလား။ တစ်ခါမှကို ဒီလို မမြင်ဖူးဘူး။ ဝမ်အာ . . . မင်းဒီဆေးလုံးကို ယူပြီး မင်းဆရာဖြစ်တဲ့ ငါ့ကို နည်းနည်းပါးပါး မျက်စိပွင့် နားပွင့်လေးဖြစ်သွားအောင်မပြပေးချင်ဘူးလား . . .”
ထွက်ပေါ်လာသည့်အသံသည်လူငယ်တစ်ဦး၏ အသံပင် ဖြစ်သည်။
ထိုအသံအား ကြားလိုက်ကြရသောအခါ လူတိုင်း၏ စိတ်ထဲတွင်ထိတ်လန့်သွားကြသည်။
ကြားလိုက်ရသူအပေါင်းအဖို့ ကိုယ့်နားပင် ကိုယ်မယုံနိုင်အောင်လည်း ဖြစ်သွားကြသည်။
(ဆရာတဲ့ . . . ဝမ်အာလို့လည်း ခေါ်လိုက်တယ်။ သူ့ကို ဒီလို ဝမ်အာလို့ ခေါ်ရဲတာ တစ်ယောက်ပဲ ရှိတယ်။ ဒါ . . . ဒါ . . . ဒါဆို . . .)
ခဏအကြာတွင် ဝမ်အာမှ ရိုကျိုးသော အသံမျိုးဖြင့် –
“ရတာပေါ့ဆရာ . . . ဆရာ့ရဲ့ တပည့်က တာဝန်ကျေရမှာပေါ့ . . .”
လူတိုင်း ထိတ်လန့်ပြီးရင်း ထိတ်လန့်သွားကြပြန်သည်။
(တပည့်တဲ့ . . . ဒါဆို ပြောတဲ့လူက . . .)
သခင်ကြီးဘိုင်မှန်း သိလိုက်ကြသော်လည်း မည်သူမျှ ပါးစပ်မဟရဲချေ။
(ဝမ်အာက အရင်ကနဲ့ မတူတော့တာလည်းပြောမနေနဲ့တော့။ အမြဲတမ်း နူးညံ့ညင်သာတတ်တဲ့ လူက အခု ခေါင်းမာနေတယ်။ ဒီလူနဲ့အတူ ရှိနေမှတော့ ဒီလိုဖြစ်ပြီပေါ့။ သူ ဒီမှာ ရှိနေမှတော့ နေရောင်ဂိုဏ်းက အဘိုးကြီး မပြောနဲ့ သူတို့ဂိုဏ်းက စီနီယာ ခေါင်းဆောင်တွေ လာရင်တောင် အဲ့ဒီလူကို သွားပြီး ဦးညွှတ်ကြရမှာပဲ။ သူ့စကားက အမိန့်လို ဖြစ်နေမှာပဲ။ ဘယ်သူမှလည်း သူ့ကို ဆန့်ကျင်ဝံ့မှာ မဟုတ်ဘူး။ အားလုံး တလေးတစားနဲ့ကို ဖြစ်နေကြမှာ . . .)
လူတိုင်းသည် နေရောင်ဂိုဏ်းအား သနားစဖွယ်ကောင်းသော အကြည့်များဖြင့်ပင်ဝိုင်း၍ ကြည့်နေကြသည်။
အခန်းထဲတွင် အသက်ရှူသံပင် မကြားရလောက်အောင် တိတ်ဆိတ်လျက် ရှိနေသည်။
ထိုအချိန်တွင်ဝမ်အာမှ –
“မကြားကြဘူးလား၊ နားကန်းနေကြလား။ ကျွန်မဆရာက ၅ ဘီလီယံတန်တဲ့ အရိုးသန့်စင်ဆေးကို ကြည့်ချင်တယ်လို့ ပြောနေတယ်လေ။ အခုထိ မြန်မြန် မယူလာကြသေးဘူးလား။ ဘာလဲ ကျွန်မဆရာကို မခန့်လေးစား လုပ်ချင်တာလား . . .”
လူအားလုံး ကြောင်ငေးသွားကြသည်။
(မုန်တိုင်းအိမ်တော်က ဒီလိုအပြုအမူမျိုး တစ်ခါမှ မလုပ်ဖူးပါဘူး။ သူတို့ပဲ ဈေးမတန်တဆ လိုက်မြင့်ပြီး ဈေးလည်းမြင့်သွားရော ဆက်မလိုက်ကြတော့ဘူး။ သန်း ၃၀၀ ကနေ ၅ ဘီလီယံအထိကို ရောက်သွားတယ်။ ပြီးတော့ မဝယ်ဝယ်အောင် လုပ်တယ်။ ဒါတမင်သက်သက် ညစ်လိုက်တယ်ဆိုတာ သိသာနေတာပဲ။ အခု တစ်ဖက်က ဝယ်သွားပြန်တော့လည်း မကျေနပ်ကြ ပြန်သေးဘူး။ ၅ ဘီလီယံ အကုန်ခံပြီး ဝယ်ထားတဲ့ ဆေးလုံးကို သူတို့ဆီ ယူလာခိုင်းပြန်တယ် . . .)
အဘိုးကြီးသည် ဆေးလုံးကိုပင် မကိုင်နိုင်လောက်အောင် တုန်ယင်ေနလျက်ရှိသည်။
သူ၏ အဖြစ်သည်စော်ကားခံနေရခြင်းထက်အရှက်ခွဲခံနေရခြင်းပင်ဖြစ်နေချေပြီ။
သို့သော် ထိုကဲ့သို့ လုပ်ခံနေရသည့်တိုင်နေရောင်ဂိုဏ်းအနေဖြင့်ဘာဆိုဘာမျှ မတတ်နိုင်ချေ။ သခင်ကြီးဘိုင်၏ အမိန့်အား မည်သူက လွန်ဆန်နိုင်ပါမည်နည်း။
လွန်ဆန်ဝံ့သော သူမှာလည်း ကိုယ့်သေတွင်း ကိုယ်တူးနေသလိုပင်ဖြစ်နေမည်ဖြစ်ပါတော့သည်။