Chapter – 300
“အထင်သေးဝံ့သလား”
(ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးဝမ် အနေနဲ့ ကျေနပ်သင့်ပြီ။ နေရောင်ဂိုဏ်းက မုန်တိုင်းအိမ်တော်ကို လေးစားသမှု ပြတဲ့ အနေနဲ့ ငွေစ သန်း ၂၀၀ တောင် ဈေးထပ်တင်ပေးပြီးသွားပြီ။ အခုလောက် အနိုင်ကျင့်ရ တော်ရောပေါ့ . . .)
လူတိုင်း၏ စိတ်ထဲတွင်ဝမ်အာမှနေရောင်ဂိုဏ်းအပေါ် အနိုင်ကျင့်နေသည့်ကိစ္စအား တွေးနေမိကြသည်။
သို့သော် အရာရာတိုင်းသည် မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာနိုင်ချေ။
ဝမ်အာသည် နေရောင်ဂိုဏ်းအား အလွတ်ပေးလိမ့်မည် မဟုတ်ပေ။
နေရောင်ဂိုဏ်းမှ ငွေစ သန်း ၅၀၀ ပေးသည်ဟု ပြောပြီးနောက် ဝမ်အာလည်း –
“ရှင်တို့က တတ်နိုင်တဲ့ပုံပဲ။ သန်း ၂၀၀ တောင် တိုးပေးလိုက်တာနော်။ ဒါဆို ကျွန်မတို့က ၁ ဘီလီယံပေးမယ်။ ရှင်တို့ ဘယ်လောက် ထပ်ပေးနိုင်မလဲ၊ ရှင်တို့တွေ ရပ်လိုက်ဖို့တော့ အစီအစဉ် မရှိဘူး မဟုတ်လား . . .”
ဝမ်အာ၏ လုပ်ရပ်သည်စိန်ခေါ်နေသည်နှင့်ပင်မတူတော့ချေ။နေရောင်ဂိုဏ်းအဖို့ စော်ကားခံနေရသည့်အလား ခံစားနေရသည်။
ယခုကဲ့သို့သော အခြေအနေမျိုးထိ ရောက်လာလိမ့်မည်ဟု မည်သူကမျှ ထင်မထားခဲ့မိကြချေ။
နေရောင်ဂိုဏ်းမှ အဘိုးကြီးသည် ပါးစပ်အဟောင်းသားဖြင့်ဆွံ့အလျက် ရှိသည်။ စိတ်ထဲတွင်လည်း မုန်တိုင်းအိမ်တော်အပေါ် မကျေမချမ်းပင်ဖြစ်နေမိသည်။
(ဒီလောက်ထိ အနိုင်ကျင့်ပြီးရင် တော်သင့်နေပြီပေါ့၊ အခုကျ ငါ့မျက်နှာကို ငါ့ဖိနပ်အောက်ထိ ထည့်ထားရတော့မလိုပဲ။ မင်းတို့က ငါတို့ကို မရပ်စေချင်လို့သာ ဒီလို လုပ်နေတာ။ မုန်တိုင်းအိမ်တော်က ဘယ်လိုများ ဖြစ်သွားတာပါလိမ့် . . .)
နေရောင်ဂိုဏ်းသည်ဝမ်အာ ကျေနပ်စေရန်အတွက် သန်း ၂၀၀ ပင် တိုး၍ ပေးခဲ့သည်။ သို့သော် ဝမ်အာသည်မကျေနပ်နိုင်သေးသည့်အပြင် အမြင့်ဆုံးသို့ပင်ဆွဲခေါ်နေပြန်သည်။ ပြီးနောက်မှသာ ရိုက်ချမည့်သဘောပင်။
လင်းပါအိုအပေါ် အနိုင်ကျင့်နေသည့်နေရောင်ဂိုဏ်း၏ လုပ်ရပ်ကြောင့်ဝမ်အာ၏ စိတ်ထဲတွင် မခံချင်ပင်ဖြစ်နေမိသည်။
(ကျွန်မကတော့ ရှင့်ကို ရပ်ခွင့် မပေးနိုင်ဘူး။ ရှင့်စကားရှင် တည်အောင် ဒီဆေးတွေကို မရရအောင် ယူရမှာပဲ . . .)
အဘိုးကြီးသည် ဝမ်အာဘက်မှ တမင် ညစ်နေသည်ကို သိလိုက်သည်။ ထို့ကြောင့်ဒေါသထွက်နေသည့်အရှိန်ကြောင့်သူ၏ မျက်နှာတစ်ခုလုံး နီရဲလျက်ရှိသည်။ စိတ်ထဲတွင်လည်း အသံကုန်ခြစ်၍ အော်ဟစ်ပေါက်ကွဲပစ်ချင်နေမိသည်။
(မင်းတို့က ဘာဖြစ်ချင်နေတာလဲ။ များလွန်းနေပြီလို့ မထင်ဘူးလား။ မင်းတို့က အင်အားကြီးတာနဲ့ ငါတို့ကို စော်ကားချင်တိုင်း စော်ကားလို့ ရတယ်များ တွေးနေတာလား။ မင်းတို့ ဘာဖြစ်ချင်တာလဲဆိုတာ ပွင့်ပွင့်လင်းလင်း ပြောလိုက်စမ်းပါ . . .)
သို့သော် ထိုစကားများအား နှုတ်မှ ထုတ်ဖော်၍တော့ မပြောဝံ့ချေ။
ထို့နောက် တုန်ယင်သော အသံဖြင့် –
“မင်းတို့ကပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိနေတာဆိုတော့ ငါတို့ မလိုချင်တော့ပါဘူး မိန်းကလေးဝမ်၊ မင်းတို့ပဲ ယူလိုက်ပါတော့ . . .”
အဘိုးကြီး ထိုသို့ ပြောလိုက်သောအခါ လူအများစုသည် သနားသလိုပင် ဖြစ်သွားကြသည်။
အဘိုးကြီးသည် ကိုယ့်ကိုကိုယ်အလွန် နှိမ့်ချ၍ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထိုထက်ပို၍လည်း ဘာမျှ မပြောနိုင်တော့ချေ။ မုန်တိုင်းအိမ်တော်အား မည်သူက ယှဉ်ပြိုင်ဝံ့ပါမည်နည်း။
သို့သော် နံပါတ် ၁ အခန်းထဲမှ ဝမ်အာသည် ခေါင်းမာစွာဖြင့်-
“ရှင်ဘယ်လို ပြောလိုက်တာလဲ။ ကျွန်မက ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ ပြောလိုက်တာလား။ နောက်ပြီး ရှင်က မလိုချင်တော့ဘူးဆိုတာ ဘာသဘောလဲ။ ကျွန်မက ဆုံးဖြတ်ပိုင်ခွင့်ရှိနေတော့ ကျွန်မပဲ အနိုင်ယူ အဲဒီလို သဘောလား။ အဲ့ဒါဆို ကျွန်မက အရှိန်အဝါကို သုံးပြီး အနိုင်ကျင့်နေတယ်လို့ ပြောချင်ေနတာလား။ ဒါမှမဟုတ်ကျွန်မတို့ မုန်တိုင်းအိမ်တော်က ရှင်တို့ကို ဖိနှိပ်နေတယ်လို့ ဆိုလိုချင်တာလား။ ဒီလို အရှုံးပေးတာမျိုးတော့ လက်မခံနိုင်ဘူး။ ကျွန်မတို့ ၂ ယောက်လုံး ဈေးပြိုင်ကို ပေးရမယ်။ ဈေးမြင့်အောင် ပေးနိုင်တဲ့လူက ဆေးလုံးကို ရမယ်။ ဆက်ပြီး ဈေးမြင့်ပါ။ ရှင့်ဘက်က ကျွန်မပြောတာကို သဘောမတူဘူးဆိုရင် ကျွန်မကို အထင်သေးတာလို့ပဲ ကျွန်မကတော့ သတ်မှတ်ရလိမ့်မယ် . . .”
လေလံခန်းမတစ်ခုလုံး အပ်ကျသံပင် မကြားရလောက်အောင် ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွားသည်။
(ဘယ်လိုဖြစ်တာလဲဟ၊ သူပြောနေတဲ့ စကားအရ ကျွန်မက အရှိန်အဝါကို သုံးပြီး အနိုင်ကျင့်တယ်လို့ ပြောနေတာလား ဆိုတော့ မဟုတ်ဘူးလားလို့ပဲ ပြန်မေးရမယ်။ အဖြူကို အမည်းပါလို့ ကျိန်ပြောနေသလိုပဲ။ ဝမ်အာဆိုတဲ့ မိန်းကေလးကတော့ နေရောင်ဂိုဏ်းကို အလွတ်ပေးမယ့်သဘော မရှိဘူး . . .)
ဝမ်အာ၏ အပြုအမူသည်နေရောင်ဂိုဏ်းအား စော်ကားပြီးရင်း စော်ကားသကဲ့သို့ ဖြစ်နေလေသည်။ သူမ၏ စိတ်ထဲတွင်နေရောင်ဂိုဏ်းနှင့်အဆုံးစွန်အထိ ယှဉ်ပြိုင်သွားရန်ဆုံးဖြတ်ထားသည်။
(ရှင်တို့ဘက်က ငြင်းရဲရင် ငြင်းလိုက်လေ။ အကုန် ဘဝပျက်သွားမယ်မှတ်၊ တကယ်လို့ မငြင်းဘူး ဆိုရင်လည်း ဈေးသာ မြင့်ပေးပေတော့။ ကျွန်မကတော့ လိုက်ဖို့ အဆင်သင့်ပဲ . . .)
ဝမ်အာသည်နေရောင်ဂိုဏ်းအား တမင်ဒုက္ခပေးနေကြောင်း လူတိုင်း၏ စိတ်ထဲတွင်သဘောပေါက်သွားကြသည်။
(ဝမ်အာက အနည်းဆုံး သန်း ၃၀၀ ကျော် တန်တဲ့ ဆေးလုံးကို နေရောင်ဂိုဏ်းက ၁၀ သန်းပဲပေးတော့ တင်းသွားတာလည်း ပါမယ်။ သူတောင် လင်းပါအိုကို အနိုင်ကျင့်သေးတာပဲ။ သူတို့လည်း ပြန်အနိုင်ကျင့်မယ် ဆိုတဲ့ သဘောပေါ့။ သူတို့ပေးတဲ့ ဈေးထက် အဆပေါင်းများစွာ ပေးအောင် လုပ်နေတာ ဖြစ်မယ် . . .)
ဝမ်အာသည် လင်းပါအိုဘက်မှ ဆိုသည်ကိုလည်း အားလုံး ရိပ်စားမိလိုက်ကြသည်။
ဝမ်ဇန်းဟို၊ လျူချန်းဂျန်နှင့် ကျန်အဖွဲ့သားများအားလုံးသည်စိတ်အေးလက်အေးဖြင့်သာ ရှိနေကြသည်။
ကျဉ်းထဲကြပ်ထဲပင်ရောက်နေသောနေရောင်ဂိုဏ်း၏ အဖြစ်အား ကြည့်ရင်း သူတို့အားလုံး၏ စိတ်ထဲတွင်ပူအိုက်သည့် နေ့ခင်းအချိန်အခါမျိုး၌အေးမြသောရေတစ်ခွက်သောက်လိုက်ရသည့်အလား ခံစားနေကြရသည်။
စိတ်ထဲတွင်လည်း အတိုင်းထက်အလွန်ကျေနပ်လျက်ရှိနေကြသည်။
အမြဲလိုလို အေးစက်စက် မျက်နှာထားရှိ၍ အပြုံးအရယ် မရှိသလောက် နည်းလှသော လျူချန်းဂျန်ပင် ပြုံးမိသွားသည်။ တခဏမျှသာ ပြုံးလိုက်ခြင်း ဖြစ်သည့်တိုင် ရှားပါးဖြစ်စဉ်ဟု ဆိုရပေမည်။သာမန်အချိန်မျိုးတွင်ထိုကဲ့သို့သော လူတစ်ယောက်အား ပြုံးရယ်စေရန်ရဲရှောင်လိုလူပင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
နေရောင်ဂိုဏ်းမှ အဘိုးကြီးသည် နဖူးမှချွေးသီးချွေးပေါက်များ ကျကာ သွေးအန်လုမတတ်ပင်ခံစားနေရသည်။
ထို့ပြင်ဟန်မဆောင်နိုင်လောက်အောင်မျက်နှာပျက်ယွင်းလျက်ရှိပြီးဒေါသများလည်းပေါက်ကွဲထွက်ချင်နေမိသည်။
စိတ်ထဲတွင်လည်း “မင်းကို ငါက အထင်သေးတော့ရော ဘာဖြစ်လဲကွာ” ဟူ၍ပင်အော်ဟစ်ပြောဆိုချင်နေမိသည်။
သို့သော် သူ့အနေဖြင့်လျှို့ဝှက်ဆန်းကြယ်လှသော မုန်တိုင်းအိမ်တော်နှင့် ရင်ဆိုင်နိုင်စွမ်း ရှိမည်မဟုတ်ကြောင်း သိနေလေသည်။
မုန်တိုင်းအိမ်တော်မှ သူ့အား မစင်ပုံကို စားခိုင်းလျှင်ပင် မလွှဲမရှောင်သာ စားကို စားရမည် ဖြစ်သည်။
ထိုကဲ့သို့ စားပြီးသည့်အပြင် မစင်မှာ အရသာရှိလှကြောင်း ချီးကျူးပေးရပေဦးမည် ဖြစ်သည်။
မုန်တိုင်းအိမ်တော်သာ စိတ်ကွက်သွားပါက နေရောင်ဂိုဏ်း တစ်ခုလုံး ပြိုကွဲသွားနိုင်ကာ ပျိုပျိုအိုအို၊ လူကြီးလူငယ်၊ ကျားမမရွေး အသတ်ခံရနိုင်သည်။
အဘိုးကြီးသည် တုန်ယင်သော လေသံဖြင့် –
“ကျုပ်ဈေးမြင့်ပါ့မယ်။ နေရောင်ဂိုဏ်းက တစ်ဘီလီယံခွဲ ပေးပါ့မယ် . . .”
ထိုသို့ပြောပြီးသည့်နောက်အဖိုးကြီးသည်လဲကျသွားမတတ် ဖြစ်သွားသည်။ ထို့ပြင်သူ၏ မျက်နှာတစ်ခုလုံး သွေးမရှိတော့သကဲ့သို့ ဖြူဖတ်ဖြူရော်ပင်ဖြစ်နေပြီး စိတ်ထောင်းကိုယ်ကြေပင်ဖြစ်နေခဲ့သည်။
ချောင်ပိတ်၍ ရိုက်ခံနေရသကဲ့သို့ သူ၏ စိတ်အစဉ်တစ်ခုလုံးသည်လည်း မွန်းကြပ်လျက်ရှိသည်။ ယခုအချိန်တွင်သာမန်လူတစ်ဦးပင် သူ့အား အလွယ်တကူ သတ်သွားနိုင်စွမ်း ရှိပေသည်။
သို့သော် ဝမ်အာထံတွင်မူနေရောင်ဂိုဏ်းအားသနားနေသည့်ဟန်ပန်မျိုး မရှိချေ။ နေရောင်ဂိုဏ်းမှ ယခုလောက် ပမာဏဖြင့် သွေးပျက်နေမည်ဟုလည်း ထင်မှတ်မထား၍ ဖြစ်ပေလိမ့်မည်။ ဝမ်အာမှ ကျယ်လောင်သော အသံဖြင့် –
“ရှင်က တကယ်ကို ဈေးတင်ပေးလိုက်တာပဲ။ တကယ့် ထိပ်သီးဂိုဏ်းကြီး ပီသပါပေတယ်။ ဒီဈေးနဲ့ဆို ရသင့်နေပါပြီ။ ဒါပေမယ့်ကျွန်မတို့ကတော့ ဈေးထပ်တင်ဦးမှာ။ ၃ ဘီလီယံပါ . . .”
ယခုအခါ အဘိုးကြီး မဆိုထားနှင့် ကျန်လူများပင် သွေးအန်ချင်သကဲ့သို့ ဖြစ်သွားကြသည်။
(ဝမ်အာက ဘယ်လောက်ထိတောင် အနိုင်ကျင့်ဦးမှာလဲ မသိဘူး။ တော်တော်ကို များနေပြီ . . .)
အဘိုးကြီးသည် နေရောင်ဂိုဏ်း၏ အရေးပါသော လူတစ်ဦးဖြစ်ပြီး သူ၏ ဆုံးဖြတ်ချက်သည်လည်း အရေးပါလှသည်။ ဂိုဏ်းအတွင်း တစ်စုံတစ်ခု ဆုံးဖြတ်ချက် ချရမည်ဆိုလျှင်အဘိုးကြီးမှ ချမှတ်ပေးရပြီး ကျန်လူများသည်သူ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာကြရသည်။
သို့သော် ယခုအခါတွင်ထိုကဲ့သို့သော လူမျိုးသည်လူပုံအလယ်တွင်စော်ကားခံနေရလေပြီ။
အဘိုးကြီးသည် သူ၏ ပါးစပ်အား တစ်ချက် သုတ်လိုက်သောအခါ ဝတ်ရုံစတွင် သွေးများ စွန်းထင်း ကုန်သည်။ ထို့နောက်ကျယ်လောင်သော အသံကြီးဖြင့် –
“၅ ဘီလီယံ . . . မိန်းကလေးဝမ်အာ၊ ဒီလောက်ဆို သင့်တော်တဲ့ဈေး ဖြစ်ပြီ မဟုတ်လား . . .”
တခဏမျှ ငြိမ်သက်သွားပြီးနောက် ဝမ်အာမှ –
“ကျွန်မဆရာ ပြောဖူးတာ ရှိတယ်။ တစ်ယောက်ယောက်ကို ဆန့်ကျင်တိုက်ခိုက်မယ်ဆို အဆုံးစွန်ထိ ဆန့်ကျင်ပါတဲ့။ အခုဆို ကျွန်မတို့က ရန်သူတွေ ဖြစ်သွားကြပြီဆိုတော့ ကျွန်မအနေနဲ့ ရှင်တို့ကို စော်ကားဖို့လည်း ဝန်မလေးပါဘူး . . .”
“ကျုပ်အမှားပါ။ ဘာလို့ ကျုပ်တို့က ရန်သူတွေ ဖြစ်ရမှာလဲ။ မိန်းကလေး ဝမ်အာ ပြောတာကို နားမလည်နိုင်တော့ဘူး။ ကျုပ်တို့ နေရောင်ဂိုဏ်းနဲ့ မုန်တိုင်းအိမ်တော်ဆိုတာ အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်း နေလာခဲ့ကြတာပါ။ ဒီနေ့ အမှားလေးအတွက်နဲ့တော့ ဗွေမယူသင့်ပါဘူး . . .”
နေရောင်ဂိုဏ်းမှ အဘိုးကြီးသည်ကမန်းကတမ်းပင်ပြန်ပြောလိုက်ရပါတော့သည်။