Chapter – 299
“ရပ်ဖို့စိတ်မကူးနဲ့”
ယခုအခါတွင်လေလံခန်းမကြီး တစ်ခုလုံး အပ်ကျသံပင် မကြားရတော့လောက်အောင် တိတ်ဆိတ်လျက် ရှိသည်။
နေရောင်ဂိုဏ်းမှလူလည်း ဘာဆက်လုပ်ရမှန်းမသိအောင်ပင်ဖြစ်နေခဲ့သည်။
မုန်တိုင်းအိမ်တော်မှ သူတို့ထက်ပင်ပို၍ ခြိမ်းခြောက်သော လုပ်ရပ် လုပ်လာခဲ့ချေပြီ။နေရောင်ဂိုဏ်းအနေဖြင့်မည်သို့မျှ မုန်တိုင်းအိမ်တော်အား ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။
မုန်တိုင်းအိမ်တော်ဘက်မှလည်း နေရောင်ဂိုဏ်းအား တိုက်ရိုက် ပြောလိုက်ခြင်း ဖြစ်သည်။
(မင်းတို့က နေရောင်ဂိုဏ်းဆိုတဲ့ နာမည်ကိုသုံးပြီး အနိုင်ကျင့်ချင်တယ်ပေါ့။ ငါတို့ကလည်း မုန်တိုင်းအိမ်တော်ဆိုတဲ့ နာမည်ကို သုံးပြရသေးတာပေါ့။ မင်းတို့ပဲ ရကိုရရမယ် ပြောခဲ့တယ် မဟုတ်လား၊ အဲ့ဒီတော့ ဆက်ပြီး ဈေးမြင့်လိုက်စမ်းပါ . . .)
လူတိုင်း၏ စိတ်ထဲတွင်ပွဲကြီးပွဲကောင်းပင်ကြည့်ရတော့မည်ဟုတွေးနေမိကြသည်။
(ငါတို့က နေရောင်ဂိုဏ်းကို မဆန့်ကျင်ရဲပေမယ့်ဆန့်ကျင်ရဲတဲ့လူ ရှိနေပြီလေ။ အခုတော့ မင်းတို့ နေရောင်ဂိုဏ်းလည်း နှုတ်ဆိတ်နေရပြီ မဟုတ်လား . . .)
နေရောင်ဂိုဏ်းမှလူသည် မည်သည့်စကားမျှပြောနိုင်ခြင်း မရှိတော့ဘဲ မျက်စိပျက် မျက်နှာပျက်ဖြင့်ထိုင်နေလေသည်။မုန်တိုင်းအိမ်တော်သည် လျှို့ဝှက်ဆန်းကြယ်၍ အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်သောကြောင့်နေရောင်ဂိုဏ်းအဖို့ ယှဉ်နိုင်စရာ အကြောင်းမရှိချေ။ အကယ်၍ခေါင်းဆက်မာနေမည် ဆိုပါက နေရောင်ဂိုဏ်းအတွက် ဆုံးရှုံးမှုများသာ ဖြစ်လာစေပေလိမ့်မည်။
ကြယ်ရောင်ဂိုဏ်းမှ လိဝမ်ချွန်သည်နေရောင်ဂိုဏ်းအား ကြည့်ရင်း စိတ်ထဲတွင်ကြိတ်၍ ရယ်ချင်နေမိသည်။
(ကောင်းတယ် . . . မင်းတို့ကိုယ်မင်းတို့ သိပ်ပြီး ဟုတ်လှပြီ ထင်နေတယ်။ အခုတော့ မင်းတို့ မာနတွေ ရိုက်ချိုးခံရတော့မယ် ဟားဟားဟား . . .)
ယခုအခါတွင်နေရောင်ဂိုဏ်းမှ စကားတစ်ခွန်းမျှပင် ပြန်မပြောနိုင်တော့ချေ။ စင်ပေါ်မှ ကွမ်ဝမ်ရှန်သည်လည်း စိတ်လှုပ်ရှားလျက် ရှိနေခဲ့သည်။
“ထူးခြားအစွမ်းထက် အရိုးသန့်စင်ဆေးလုံး သန်း ၃၀၀ တစ်ကြိမ်၊ သန်း ၃၀၀ နှစ်ကြိမ် . . .”
“နေဦး . . .”
ဝမ်အာ တားလိုက်သည်။
လူတိုင်း၏ စိတ်ထဲတွင်အံ့သြသွားကြသည်။
(ခုနကလည်း နေဦးဆိုပြီးပြောတယ်။ အခုလည်း ထပ်ပြီး ပြောတယ်။ သူ ဘာလုပ်ဦးမလို့ပါလိမ့်)
ဝမ်အာမှ –
“နေရောင်ဂိုဏ်း . . . ရှင်တို့က ဘာမှ မကြားချင်ယောင်ဆောင်လိုက်တာနဲ့ပဲ အရာအားလုံး ပြီးသွားပြီလို့ ထင်နေတာလား။ ရှင်တို့ပဲ ဒီဆေးကို ရကိုရရမယ်ဆို။ အခုကျွန်မက ဈေးတင်ပေးလိုက်တာတောင် ရှင်တို့က ဆွံ့အနားမကြားချင်ယောင် ဆောင်နေတယ်။ ထိပ်သီးဂိုဏ်းကြီးတစ်ခုရဲ့ ဇက အဲဒီလောက်ပဲရှိတာလား . . .”
နေရောင်ဂိုဏ်းသည် ထပ်မံ၍ အပြောခံလိုက်ရပြန်ပါသည်။
ယခုအကြိမ်တွင်မူ ဂိုဏ်း၏ သိက္ခာကိုပင်ထိပါးခံလာရပြီ ဖြစ်သည်။ ထို့အတွက်ကြောင့်တစ်ခုခု ပြန်လည် ပြောဆိုမှသာ ဖြစ်ပေတော့မည်။ အကယ်၍မကြားချင်ယောင်သာ ဆက်ဆောင်နေမည် ဆိုပါက ယခုအခြေအနေဆိုးမှ လွတ်မြောက်လာနိုင်သည့်တိုင် ဂိုဏ်းသို့ ပြန်ရောက်ပါက အခြေအနေများ ဆိုးရွားသွားနိုင်ပေသည်။
ဝမ်အာ၏ စကားကြောင့်နေရောင်ဂိုဏ်းမှ လူသုံးယောက်စလုံး၏ မျက်နှာများသည်နီရဲလျက် ရှိသည်။ ရှက်ရွံ့စိတ်များကြောင့်ခုံအောက်တွင်ပင် ငုံ့၍ ပုန်းချင်နေမိကြသည်။
သူတို့အားလုံး၏ စိတ်ထဲတွင်လည်း အံ့သြလျက် ရှိနေကြသည်။
(လင်းပါအိုနဲ့ မုန်တိုင်းအိမ်တော် အဆက်အသွယ် ရှိတယ်လို့ တစ်ခါမှလည်း မကြားဖူးခဲ့ပါဘူး။ အခုမှ လင်းပါအိုကို ဘာလို့ ကူညီပေးနေရတာလဲ။ မုန်တိုင်းအိမ်တော်က တကယ်ကို အပြည့်အဝ အကာအကွယ် ပေးနေတာပဲ။ တစ်ခုခုတော့ မှားနေပြီထင်တယ်။ မိန်းကလေး ဝမ်အာကလည်း ငါတို့ဘက်ကတစ်ခုခု ပြန်မဖြေမချင်း ကျေနပ်မယ့်ပုံ မရှိဘူး . . .)
နေရောင်ဂိုဏ်းမှ အဘိုးကြီးသည်မတ်တတ်ထရပ်လိုက်ရင်း တတ်နိုင်သမျှ အချိုသာဆုံး ပြုံးထားကာ –
“ကျုပ်တို့က ဒီဆေးကို လိုအပ်တယ် ဆိုပေမယ့်မိန်းကလေးဝမ်အာ ပါလာမှတော့ ကျုပ်တို့ဘက်က နောက်ဆုတ်ပေးရတော့မှာပေါ့ . . .”
ဝမ်အာလည်း မဆိုင်းမတွပင်-
“ရှင်တို့ကိုယ်ရှင်တို့ ဘာများ ထင်နေကြလဲ။ ရှင်တို့ကို နောက်ဆုတ်ခွင့် မပြုနိုင်ဘူး။ အများအမြင်မှာ ကျွန်မက ရှင်တို့ကို မုန်တိုင်းအိမ်တော်ရဲ့ အရှိန်အဝါနဲ့ အနိုင်ကျင့်နေတယ်လို့လည်း အထင်မခံနိုင်ဘူး။ ကျွန်မတို့က ကိုယ့်သိက္ခာနဲ့ ကိုယ်နေတာ . . .”
နေရောင်ဂိုဏ်းသည်ဂိုဏ်း၏ အရှိန်အဝါအား အသုံးပြု၍ လင်းပါအိုအပေါ် ညစ်ပတ်ခဲ့ခြင်းဖြစ်ကြောင်း ဝမ်အာမှ ပေါ်လွင်အောင် ပြောလိုက်ခြင်းပင် ဖြစ်သည်။
နေရောင်ဂိုဏ်းမှ လူသုံးယောက်စလုံးသည်အံကြိတ်လျက်သာ ရှိနေကြသည်။ သို့သော် မည်သည့်စကားမျှတော့ ပြန်မပြောရဲကြချေ။ အဘိုးကြီးမှ အားတင်း၍ ပြုံးလိုက်ပြန်ရင်း –
“မိန်းကလေးဝမ် . . . မင်းက အတင်းကြီးကို ပြောနေတာပါလား။ ဘယ်လိုလူကများ မုန်တိုင်းအိမ်တော်ကို သိက္ခာကျအောင် လုပ်ဝံ့မှာလဲ။ နောက်ပြီး မင်းတို့ပေးတဲ့ ဈေးက သင့်တော်တဲ့ ဈေးပါပဲ။ အဲဒါကြောင့် ဒီဆေးကို မင်းတို့ပဲ ပိုင်သင့်တယ် . . .”
ဝမ်အာလည်း မျက်မှောင်ကြုတ်လျက်-
“ကျွန်မက အတင်းကြီးပြောနေတာ မဟုတ်ဘူး၊ အမှန်ကို ပြောနေတာ။ ဒါပေမယ့်ကျွန်မတို့ ပေးတဲ့ဈေးကို သင့်တော်တယ်လို့ ထင်ရင် ရှင်တို့ကြ ဘာလို့ ၁၀ သန်းပဲ ပေးခဲ့ရတာလဲ။ ဆိုလိုတဲ့သဘောက ရှင်တို့ရဲ့ ၁၀ သန်းက ကျွန်မတို့ပေးတဲ့ သန်း ၃၀၀ နဲ့ ညီမျှတယ်လို့ပြောချင်နေတာလား . . .”
နေရောင်ဂိုဏ်းမှလူများ၏ စိတ်ထဲတွင်ဒေါသအလွန်အမင်းထွက်သွားကြသည်။
(ဒီကောင်မလေး ဘာတွေ ဖြစ်နေတာလဲဟ။ ငါတို့ဟာငါတို့ အေးအေးဆေးဆေး နေနေတာ၊ သူတို့ကို တစ်ခါမှလည်း ဆန့်ကျင်တာမျိုး မလုပ်ခဲ့ဖူးပါဘူး။ အဲဒါတောင် ဘယ်လိုဖြစ်လို့ ဒီလောက်ထိ အတိုက်အခံ လုပ်နေရတာလဲ . . .)
ယခုဖြစ်ခဲ့သော အဖြစ်အပျက်များသာ လွန်ခဲ့သော နာရီဝက်ခန့်က ဖြစ်ပျက်ခဲ့မည် ဆိုလျှင် မုန်တိုင်းအိမ်တော်မှ ကြားဝင်လိမ့်မည် မဟုတ်ချေ။ အခြေအနေများအား အပျင်းပြေ သဘောမျိုးဖြင့်သာ ကြည်နေမိမည်ဖြစ်သည်။ ထိုအခါနေရောင်ဂိုဏ်းလည်း ၁၀ သန်းနှင့် ဝယ်ယူခွင့် ရရှိသွားမည်ဖြစ်သည်။
ယခုအခေါက် မုန်တိုင်းအိမ်တော်မှ လေလံပွဲသို့ လာခြင်းမှာလည်း အပျင်းပြေသဘောမျိုး လာခြင်းသာဖြစ်ပြီး မည်သည့်ပစ္စည်းကိုမျှ လိုချင်၍ မဟုတ်ချေ။
သို့သော်ယခုအခါတွင်မူ အခြေအနေချင်း မတူတော့ချေ။ မုန်တိုင်းအိမ်တော်နှင့်ဖန်ဇီလင်နှင့် ပူးပေါင်းမှု ပြုလုပ်လိုက်ပြီ ဖြစ်သဖြင့် ပေးထားသည့် ကတိတည်စေရန်အတွက် လင်းပါအိုအား ကာကွယ်ပေးကြရမည် ဖြစ်သည်။
သခင်ကြီးဘိုင်၊ ဝမ်အာနှင့် မုန်တိုင်းအိမ်တော် အဖွဲ့သားများ အားလုံးသည် မဟာမိတ် ပြုလုပ်ထားသည့် လင်းပါအိုအား တစ်စုံတစ်ယောက်မှ ထိပါးနှောင့်ယှက်လာသည့်အပေါ် မည်သည့်နည်းနှင့်မျှ ခွင့်ပြုလိမ့်မည်မဟုတ်ချေ။
နေရောင်ဂိုဏ်းမှ ၁၀ သန်းဖြင့် လိုချင်သည်ဟု ပြောသည့်အချိန်တွင်မည်သူမျှ အထွန့်မတက်ရဲချေ။
ယခုအခါတွင်လင်းပါအိုဘက်မှ မုန်တိုင်းအိမ်တော်ဝင်ပါလာသည်ကို တွေ့လိုက်ရေသာအခါ လူအားလုံးသည်စိတ်ဝင်စားလျက် ရှိနေကြသည်။
ဝမ်အာမှ –
“လေလံပွဲဆိုတာ ဈေးအမြင့်ဆုံး ပေးနိုင်တဲ့ အဖွဲ့က အနိုင်ရတာ။ ဒါက အခြေခံ စည်းမျဉ်းပဲ။ ရှင်တို့ပဲ ဒီဆေးကို ရရမယ်ဆို၊ အခုကြ ကျွန်မလည်း ဈေးတင်လိုက်ရော ရှင်တို့က ဆွံ့အနားမကြား ဖြစ်သွားကြတယ်။ ရှင်တို့လုပ်ရပ်က ကျွန်မကပဲ ရှင်တို့ကို အနိုင်ကျင့်နေတာလိုလို ဘာလိုလိုနဲ့။ ကျွန်မ အဲ့ဒီလိုတော့ အဖြစ်မခံနိုင်ဘူး၊ အဲ့ဒါကြောင့်ရှင်တို့ ဈေးဆက်တင်ရမယ် . . .”
လူတိုင်း၏ စိတ်ထဲတွင်ဝမ်အာထားရှိသည့်သဘောထားအား နားလည်သွားကြသည်။
(မိန်းကလေး ဝမ်အာကတော့ နေရောင်ဂိုဏ်းကို ဒုက္ခရောက်အောင် လုပ်နေတာပဲ။ ဟိုလူတွေတော့ ရှေ့တိုးရခက် နောက်ဆုတ်ရခက်ကို ဖြစ်နေပြီ။ နေရောင်ဂိုဏ်းကတော့ ဒီနေ့အဖို့ ကြမ္မာငင်ပြီ။ သူတို့ကလည်း ၁၀ သန်းနဲ့ မတရား ယူချင်ခဲ့တာကိုး။ အခုတော့ သူတို့ခံရမယ့်အလှည့် ရောက်လာပြီ။ သူတို့ဘက်က ဈေးမတင်ရင် မုန်တိုင်းအိမ်တော်ရဲ့ အမျက်ရှတာကို ခံရတော့မှာပဲ . . .)
နေရောင်ဂိုဏ်းမှ အဘိုးကြီး သက်ပြင်းသာ ချလိုက်သည်။
“မိန်းကလေးဘက်က ဒီလို ပြောမှတော့ ကျုပ်တို့ဘက်ကလည်း မုန်တိုင်းအိမ်တော် ညိုညင်အောင် မလုပ်တော့ပါဘူး။ ကျုပ်တို့ သန်း ၅၀၀ ပေးပါတယ် . . .”
အဘိုးကြီးသည်ရက်ရက်ရောရောပေးသည့် ပုံစံမျိုးဖြင့် ပြောလိုက်သည်။
သန်း ၂၀၀ ပင် ဈေးထပ်မြင့်ပေးလိုက်ခြင်း ဖြစ်သည်။
(မင်းကအတင်းပြောလာတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ အခု ငါတို့ဘက်က မင်းတိုိ့ကို လေးစားမှု ရှိတယ်ဆိုတာကို ပြနိုင်သလောက် ပြပြီးပြီ . . .)
အဘိုးကြီး၏ ပါးစပ်မှ သန်း ၅၀၀ ဟု ပေါ့ပေါ့ပါးပါး ပုံစံဖြင့် ပြောလိုက်သော်လည်း ရင်ထဲတွင်မူ မချိတင်ကဲပင်ခံစားနေရသည်။
မော်တယ်ကမ္ဘာ၏ ထိပ်သီးဂိုဏ်းကြီးအဖို့ ပထမဆုံးအကြိမ်စော်ကားခံလိုက်ရခြင်းပင် ဖြစ်သည်။ စိန်ခေါ်ခံလိုက်ရသော်လည်း အံကြိတ်၍သာ လိုက်လျောခဲ့ကြရသည်။
မတတ်သာတော့သည့် အခြေအနေမျိုးတွင် လက်မြှောက်အရှုံးပေးရန်သာ ကျန်တော့သည်။
လူအားလုံးသည် မုန်တိုင်းအိမ်တော်အား ပို၍ပင်လေးစားကြောက်ရွံ့သွားကြသည်။
(တော်တော်ကို ကြောက်စရာကောင်းတဲ့ မုန်တိုင်းအိမ်တော်ပါလား၊ စကားတစ်ခွန်းတည်းနဲ့ နေရောင်ဂိုဏ်းလို ဂိုဏ်းကြီးမျိုးကို ဒီလိုဖြစ်အောင် လုပ်လိုက်နိုင်တယ် . . .)