Chapter – 298
“ဈေးကသိပ်နည်းလွန်းတယ်”
ဝမ်အာ ခေါင်းညိတ်လိုက်ရင်း –
“ဒါတင် ဘယ်ကဦးမလဲ၊ ဒီလို အရည်အချင်း ရှိတဲ့ လူကကြောက်စရာကောင်းတဲ့ လူတစ်ယောက် ဖြစ်လာနိုင်တယ်။ သူက လူကောင်းပဲဖြစ်ဖြစ် လူဆိုးပဲဖြစ်ဖြစ် အစွမ်းအစ ရှိတာတော့ အမှန်ပဲ။ ဒီလိုလူမျိုးက အောင်မြင်မှုတွေ အများကြီး ရတတ်တယ် . . .”
သခင်ကြီးဘိုင်ဝမ်အာ၏ စကားအားထောက်ခံသည့်ဟန်ဖြင့်ခေါင်းညိတ်ပြလိုက်ကာ –
“ငါ့စိတ်ထဲမှာ သူ ငါ့ကို အညိုးကြီးကြီးနဲ့ကို ရန်ငြိုးဖွဲ့ထားသလို ခံစားနေရတယ်။ ဘာကြောင့်လဲဆိုတာတော့ ငါ နားမလည်နိုင်အောင်ပဲ . . .”
ဝမ်အာ ပြုံးလျက်-
“အဲ့ဒီလိုဖြစ်တာ မထူးဆန်းပါဘူး၊ သူက ဆရာ့ကို ရန်သူအဖြစ် မမြင်မှသာ ထူးဆန်းနေဦးမယ်။ ဆရာ ဖြိုခွဲဖို့ လုပ်နေတဲ့ နိုင်ငံက သူ့နိုင်ငံလေ။ သူ့ရဲ့ အသွေးအသားထဲမှာ သူ့နိုင်ငံကို ကာကွယ်ချင်နေတဲ့စိတ်တွေနဲ့ပဲ ပြည့်နေတာဆိုတော့ ဆရာ့ကို ရန်လိုတဲ့ အပြုအမူမျိုး မရှိရင်သာ ကျွန်မတို့ ပိုသတိထားရမှာ . . .”
သခင်ကြီးဘိုင်သည်သူ၏ နှုတ်ခမ်းများကွေးသွားအောင်ပင်ပြုံးလိုက်ရင်း –
“ငါတစ်ယောက်တည်း နှစ်ပေါင်းများစွာ နေလာခဲ့ရတာ တော်တော် ပျင်းနေပြီ။ ဒီလို ပြိုင်ဘက်ကောင်းမျိုး ပေါ်လာတာ ကံကောင်းတာပဲ . . .”
“ဒီဖန်ဇီလင်သာ ငါ့ရဲ့ ရန်သူစစ်စစ် တစ်ယောက် ဖြစ်လာမယ်ဆိုရင် တော်တော် စိတ်လှုပ်ရှားဖို့ ကောင်းလောက်မယ်. . .”
ထို့နောက် သခင်ကြီးဘိုင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရင်း –
“ကိစ္စမှန်သမျှ မင်းနဲ့ ချုးအာကိုပဲ ခိုင်းလာခဲ့ရတာ။ ငါကိုယ်တိုင် မလုပ်ခဲ့ရတာကို တော်တော်ကြာလှပါရောလား . . .”
ဝမ်အာမှ လေသံတီးတိုးဖြင့် –
“ဖန်ဇီလင်က သိပ်တော်တဲ့ လူတစ်ယောက်ပါ။ ဒါပေမယ့်ဆရာ့ကို ဆန့်ကျင်နိုင် လောက်တဲ့အထိတော့ အဆင့်မမီသေးပါဘူး။ သူ့ကို ကျွန်မနဲ့ ချူးအာတင် ရင်ဆိုင်လို့ ရနေပါပြီ။ နောက်ဆုံး ကျွန်မတို့ကိုသူ အနိုင်ယူနိုင်တယ်ပဲထားဦး အဲ့ဒီအခါကြမှ ဆရာဝင်လာလည်း နောက်မကျ လောက်သေးပါဘူး။ နောက်ပြီး သူက အဆင့်မြင့် ပညာရှင်တစ်ယောက်လည်း မဟုတ်တော့ ဆရာ့အနေနဲ့ လှုပ်ရှားရတာ မတန်ပါဘူး . . .”
သခင်ကြီးဘိုင် ပြုံးလျက် ခေါင်းညိတ်လိုက်ရင်း –
“ထားပါ အဲ့ဒါတွေ။ ငါတို့ အခု လက်ရှိအချိန်ကိုပဲ အာရုံစိုက်ကြစို့။ ငါ့ဘက်ကသူနဲ့ ပူးပေါင်းမှု မလုပ်ချင်ခဲ့ပေမယ့်ခေါင်းညိတ်ပေးခဲ့တယ်။ အဲ့ဒီတော့ ငါတို့ ကတိပေးခဲ့သလိုပဲ ဂိုဏ်းကြီး ၂ ခုကို သေချာစောင့်ကြည့်ကြတာပေါ့ . . .”
“ငါတို့တွေ တိုက်ပွဲတွေမှာတုန်းက နှစ်ဖက်စလုံးကို တိုက်ခဲ့ကြတယ်။ ဘယ်ဖက်ကိုဖြစ်ဖြစ် လုပ်ချင်သလို လုပ်ယူခဲ့ကြတယ်။ ဒါပေမယ့်အခုက ကတိပေးထားတဲ့ ကိစ္စ ဖြစ်နေတာဆိုတော့ ငါကတိပေးထားတဲ့လူက မိတ်ဆွေဖြစ်ဖြစ်ရန်သူဖြစ်ဖြစ်ငါတို့ဘက်က အကောင်းဆုံး ကတိတည်အောင် လုပ်ပေးရမှာပဲ . . .”
ဝမ်အာ ခေါင်းညိတ်ပြလိုက်ကာ –
“ကျွန်မ နားလည်ပါပြီ . . .”
ဝမ်အာ၏ စိတ်ထဲတွင်အတိုင်းမသိ ပျော်ရွှင်နေမိသည်။ ယနေ့အဖို့ ကြားခဲ့ရသမျှ စကားလုံးများသည်သူမအဖို့ ပျော်စရာချည်းပင် ဖြစ်သည်။ သိပ်မကြာခင် အချိန်အတွင်းမှာပင်ဆရာဖြစ်သူ၏ ခြေထောက်များ ပြန်လည် ကောင်းမွန်လာနိုင်တော့မည် မဟုတ်ပါလော။ ဝမ်အာနှင့် ချူးအာအဖို့ သခင်ကြီးဘိုင် ပြန်ကောင်းလာရေးသည်သာ အရေးကြီးဆုံးပင်ဖြစ်ပေသည်။
သို့သော်ပျော်ရွှင်မှုများသည်ကြာရှည်မခံတတ်ပေ။ တစ်စုံတစ်ယောက်၏ ပယောဂကြောင့်ဖြစ်စေ အကြောင်းတစ်စုံတစ်ခုကြောင့်ဖြစ်စေထိုပျော်ရွှင်မှုများသည်ပျက်ဆီးသွားတတ်ကြသည်။
ယခုတွင်လည်း ဝမ်အာ၏ အပျော်များ ပျက်ဆီးရန် အကြောင်းဖန်လာခဲ့ချေပြီ။
“ကျုပ်တို့ နေရောင်ဂိုဏ်းက ဒီအရိုးသန့်စင်ဆေးကို ၁၀ သန်း ပေးပါ့မယ်။ အဲ့ဒါကြောင့်ကျုပ်တို့ပဲ ယူလိုက်တော့မယ် . . .”
ခန်းမတစ်ခုလုံး အပ်ကျသံပင် မကြားရတော့လောက်အောင် တိတ်ဆိတ်သွားသည်။
လူတိုင်း အသံလာရာဆီသို့ လှမ်းကြည့်လိုက်ကြပြီး အချို့မှာ ခေါင်းချက်ချင်း ပြန်ငုံ့၍ စကားပင် မပြောကြတော့ချေ။
အရိုးသန့်စင်ဆေး၏ ဈေးနှုန်းသည် အနည်းဆုံး သန်း ၃၀၀ ခန့် တန်ကြေးရှိလေသည်။
ယခု စတင်ပေးသော ကြမ်းခင်းဈေးမှာ ၁၀ သန်းမျှသာ ဖြစ်သည်။
နေရောင်ဂိုဏ်းဘက်မှ ဈေးအား ထပ်မံ၍ တိုးပေးရန် အစီအစဉ် မရှိတော့ဘဲ ကြမ်းခင်းဈေးနှင့်ပင် အရယူလိုသည့်ဟန်လည်း ရှိနေသည်။
ထိုသည်မှာ အနိုင်ကျင့်လိုက်ခြင်းပင် မဟုတ်ပါလော။
နေရောင်ဂိုဏ်း၏ လုပ်ရပ်သည်ကလေးများ ကစားနေသည်ကို လူကြီးတစ်ဦးမှ ဗိုလ်ကျကာ အနိုင်ပိုင်းချင်နေသည့်ပုံစံနှင့်ပင်တူနေပါသေးသည်။
နေရောင်ဂိုဏ်းမှပြောလိုက်သည့်စကားများတွင် အဓိပ္ပါယ်များစွာ ပါဝင်လျက် ရှိသည်။ ထိုစကားများ၏နောက်ကွယ်တွင်မူ “ငါတို့က နေရောင်ဂိုဏ်းကပဲ။ မင်းတို့တွေ ငါတို့ကို မဆန့်ကျင်တာ ကောင်းလိမ့်မယ်။ ဒီဆေးလုံးကို ၁၀ သန်းနဲ့ပဲ ငါတို့ဝယ်မယ်။ ဘယ်သူ ငါတို့ကို တားရဲလဲ . . .” ဆိုသည့်အဓိပ္ပါယ်များ ပါဝင်နေလေသည်။
အမှန်တကယ်တွင်မူ ခြိမ်းခြောက်မှုတစ်ခု ပြုလုပ်လိုက်ခြင်းသာ ဖြစ်သည်။
ဝမ်ဇန်းဟိုသည် ထိုအသံအား ကြားလိုက်သောအခါကြောက်လန့်တကြားဖြင့်ထခုန်မိမတတ်ပင်ဖြစ်သွားသည်။ လျူချန်းဂျန်၏ သတ်ဖြတ်လိုသော အငွေ့အသက်များသည်လည်း တဖန်ပြန်၍ ထွက်လာပြန်ခဲ့သည်။
သူတို့ ၂ ဦးစလုံးသည် ရဲရှောင်အား ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။ ရဲရှောင်၏ အမိန့်အား စောင့်ဆိုင်း နေကြသည့်ဟန်ပင်။
ရဲရှောင်မှာမူအေးအေးလူလူဖြင့်သာ မတ်တတ်ရပ်လျက် ရှိပြီး ပြုံးရုံသာ ပြုံးနေလိုက်သည်။နေရောင်ဂိုဏ်းနှင့်ပက်သက်၍ မည်သည့်အရာမျှ တုန့်ပြန်နေစရာမလိုသည့်အမူအယာမျိုးဖြင့်ပင်ရှိနေခဲ့သည်။
လေလံစင်မြင့်ထက်မှ ကွမ်ဝမ်ရှန်းသည်လည်း မည်သို့မည်ပုံ ဆက်လုပ်ရမှန်း မသိဘဲ ကြောင်ငေး၍သာ ကြည့်နေမိသည်။ တခဏအကြာမှသာ တူကို မြောက်လိုက်ရင်း –
“နေရောင်ဂိုဏ်း ၁၀ သန်း တစ်ကြိမ်၊ ဘယ်သူမှ ဈေးထပ်မတိုးတော့ဘူးလား၊ ထူးခြားအစွမ်းထက် အရိုးသန့်စင်ဆေးကို ၁၀ သန်းထက် ထပ်တိုးပေးမယ့်လူများ ရှိပါသေးလား ခင်ဗျာ . . .”
သူ၏ အသံသည် စင်ပေါ်သို့ တက်လာခါစက အသံနှင့်မတူတော့ဘဲ ခပ်တိုးတိုးသာ ဖြစ်နေတော့သည်။
ယခုဆေးလုံးအား နေရောင်ဂိုဏ်းထံသို့ ငွေစ ၁၀ သန်းဖြင့်သာ ရောင်းချရတော့မည် ဆိုသည်ကို ကွမ်ဝမ်ရှန်သိလိုက်သည်။ မည်သူမျှ နေရောင်ဂိုဏ်းအား အတိုက်အခံ လုပ်ရဲမည် မဟုတ်ချေ။
နေရောင်ဂိုဏ်း၏ အမျက်တော်ရှ မခံရစေရေးအတွက် အားလုံး လက်ရှောင်ကြမည်သာ ဖြစ်သည်။မော်တယ်ကမ္ဘာ၏ နံပါတ် ၁ ဂိုဏ်းဟုပင် ဆိုရလောက်အောင်ပင်နေရောင်ဂိုဏ်းသည်အင်အားကြီးသော ဂိုဏ်းတစ်ခုပင် မဟုတ်ပါလော။
သို့သော်သန်း ၃၀၀ ကျော်တန်သည့် ဆေးလုံးအား ကြမ်းခင်းဈေး ၁၀ သန်းဖြင့် လေလံပွဲတွင် ရောင်းချလိုက်မည်ဆိုပါက လင်းပါအို၏ လေလံသမိုင်းသည်ရာဇဝင်ရိုင်းသွားချေလိမ့်မည်။
ကွမ်ဝမ်ရှန်၏ အမေးအား ယခုအချိန်ထိ မည်သူမျှ ပြန်မဖြေကြချေ။ နေရောင်ဂိုဏ်းမှ လူများမှာမူကောက်ကျစ်သော အပြုံးများဖြင့်ပြုံးလျက်ရှိသည်။
(ဝမ်ဇန်းဟိုက ငါတို့ပြောတဲ့အတိုင်း မလုပ်မှတော့ ငါတို့ဘက်ကလည်း ဘာမှ ညှာနေစရာ မလိုဘူး၊ ငါတို့ လိုချင်တာကို မရရတဲ့နည်းနဲ့ လုပ်ရမှာပဲ . . .)
(သိပ်မကြာခင် ငါတို့ ဆေးလုံးတွေ ရတော့မယ်၊ နောက်ပြီး ဆေးလုပ်တဲ့ လူကိုပါ ငါတို့ ခေါ်သွားရလိမ့်မယ်။ ဆေးလုံးတွေ အကုန်လုံး မဟုတ်တောင် လင်းပါအိုဆီကနေ ရသလောက်တော့ ယူရမှာပဲ။ ဒီနေ့ကိစ္စကို ဘယ်သူကများ ငါတို့ကို ဆန့်ကျင်ရဲမှာလဲ။ ငါတို့နေရောင်ဂိုဏ်းက မင်းတို့ လင်းပါအိုလို လေလံခန်းမမျိုးကို ဂရုစိုက်နေမယ်များ ထင်နေတာလား . . .)
“၁၀ သန်း နှစ်ကြိမ် . . .”
ကွမ်ဝမ်ရှန် အားမရှိတော့သည့်အသံမျိုးဖြင့် ပြောလိုက်သည်။ စိတ်ဖိစီးမှုများကြောင့်မျက်နှာအသွင်အပြင်သည်လည်း ချုံးချုံးကျလျက်ရှိပြီး အသံမှာလည်း ထွက်ရုံဆိုသည်မျှသာ ထွက်တော့သည်။
ထိုအချိန်တွင်နံပါတ် ၁ အခန်းထဲရှိ ဝမ်အာသည်မျက်မှောင်ကြုတ်သွားသည်။
ပျော်ရွှင်နေ၍ စိတ်ကောင်းဝင်နေသည့်အချိန်တွင်နေရောင်ဂိုဏ်း၏ ခြိမ်းခြောက်သံအား ကြားလိုက်ရသောကြောင့်ဒေါသအလွန်အမင်းထွက်သွားလေသည်။ထို့အပြင် လင်းပါအိုနှင့် မုန်တိုင်းအိမ်တော်တို့သည်ပူးပေါင်းမှု လုပ်လိုက်ပြီ ဖြစ်သဖြင့် ယခုခြိမ်းခြောက်မှုသည် မုန်တိုင်းအိမ်တော်ကိုပါ ခြိမ်းခြောက်မှု ပြုလုပ်လိုက်သည်နှင့်တူနေသည်။
ဝမ်အာအဖို့ စိတ်အနှောင့်အယှက် ဖြစ်သွားရုံသာမက သူမ၏ အပျော်များကိုပါ ဖျက်ဆီးပစ်လိုက်သည့်အလားခံစားလိုက်ရသည်။
တိုက်ဆိုင်မှုပင် ဖြစ်လင့်ကစား သူအတွက်မူနေရောင်ဂိုဏ်း၏ လုပ်ရပ်သည်မခံရပ်နိုင်စရာပင်ကောင်းလှသည်။
ဝမ်အာ၏ ရင်ထဲတွင်ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်နေပြီဖြစ်သဖြင့်သူ၏ ဒေါသများသည် နေရောင်ဂိုဏ်းအပေါ် စုပုံ၍ ကျသွားလေသည်။
သခင်ကြီးဘိုင်မှာလည်း အေးစက်စက် ပြုံးလျက်ရှိကာ စိတ်ထဲတွင် မကျေမချမ်းပင်ဖြစ်နေမိသည်။
(ဒီနေရာင်ဂိုဏ်းကတော့ ရူးနေပြီထင်တယ်။ ဖန်ဇီလင် ငါ့အခန်းထဲက ထွက်သွားတာကို သူတို့လည်း မြင်တယ်။ ငါ့မိတ်ဆွေတစ်ယောက် မဟုတ်တောင် ငါနဲ့ အဆက်အသွယ် ရှိတဲ့လူဆိုတာ သူတို့ သိရမယ်လေ။ ဒါတောင်မှ ဒီလို ခြိမ်းခြောက်မှုမျိုးလုပ်ပြီး ငါ့ကို မခန့်လေးစား လုပ်ရဲနေပါ့လား . . .)
“၁၀ သန်း သုံးကြိမ် . . .”
ကွမ်ဝမ်ရှန် တူကိုမြောက်ရင်း ပြောလိုက်သည်။ ထုိ့နောက် စားပွဲအား ထုချလိုက်ရင်း မျှော်လင့်ချက်မဲ့သည့် လေသံမျိုးဖြင့် –
“နေရောင်ဂိုဏ်းက ရသွားပါပြီ . . .”
“နေဦး . . .”
ကျယ်လောင်၍ စူးရှသော အသံတစ်သံသည်နံပါတ် ၁ အခန်းထဲမှ ထွက်ပေါ်လာသည်။
“ရှင်တို့က ထူးခြားအစွမ်းထက် အရိုးသန့်စင်ဆေးကို ၁၀ သန်းတည်းနဲ့ တကယ် လိုချင်နေတယ်ပေါ့”
နေရောင်ဂိုဏ်းမှ ၁၀ သန်းပေးမည်ဟု ပြောလိုက်သူသည် စိတ်ထဲတွင်တုန်လှုပ်သွားမိသည်။
(ငါ့ဟာငါ လင်းပါအိုကို ဘယ်လိုလုပ်လုပ် မုန်တိုင်းအိမ်တော်နဲ့ ဘာဆိုင်လို့လဲဟ . . .)
“ဒီဈေးက သိပ်နည်းလွန်းတယ်။ ဆေးလုံးရဲ့ တန်ဖိုးကိုပါ ချလိုက်သလိုပဲ။ ကျွန်မတို့ မုန်တိုင်းအိမ်တော်က သန်း ၃၀၀ ပေးမယ်။ ရှင်တို့ဘက်က ဘယ်လောက်ထပ်တိုးပေးမလဲ နေရောင်ဂိုဏ်းသားတို့၊ ဒီဆေးကို ရှင်တို့ပဲယူလိုက်တော့မယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အဲ့ဒါဆို ရှင်တို့ ဈေးဆက်တိုးပေးမှဖြစ်တော့မယ် . . .”
ဝမ်အာမှ ကျယ်လောင်သော လေသံဖြင့် ပြောလိုက်ပါတော့သည်။