Chapter – 297
“မင်းသားလေးချန်ဇီ”
(ဘယ်လို မေးခွန်းများ မေးလိုက်တာပါလိမ့်။ ဒီလောက်ထိ ဆေးလုံးတွေ အများကြီး ပေးတာကိုပဲ ကျေးဇူးတင်ရမှာ မဟုတ်ဘူးလား။ ဒါက ငါ့ကိစ္စလည်း မဟုတ်ဘူး။ ဒါတောင်မှ ဒီလိုအများကြီး ပေးလိုက်တာကို မေးခွန်း ထုတ်ခံရတယ်ဆိုတော့ ငါက ဘာပြန်ပြောရတော့မှာလဲ . . .)
(တော်တော်ကို စဉ်းစားဉာဏ်မဲ့တဲ့ မေးခွန်းပဲ . . .)
ရဲရှောင်၏ စိတ်ထဲတွင်တွေးရင်း အံ့သြနေမိသည်။
မင်းသား ၃ ပါးသည် ထီးနန်းရရှိရေးအတွက်သာ အပြင်းအထန် ကြိုးစားနေကြသူများ ဖြစ်ကြသည်။ ယခုလေလံပွဲသို့ရောက်သည့်အခါမှသာ ဖန်ဇီလင်သည် ချန်နိုင်ငံတော်၏ ကောင်းကျိုးအား လိုလားသည့်လူတစ်ယောက်မှန်း သဘောပေါက်သွားကြသည်။ ထို့ကြောင့် ရဲရှောင်နှင့် ခင်မင်ရင်းနှီးခွင့်ရချင်နေမိကြသည်။ ထီးနန်းပိုင်ဆိုင်ခွင့်အတွက်သာ ခေါင်းထဲတွင် ရှိသဖြင့် နိုင်ငံ ပတ်ပတ်လည်၌ ဖြစ်နေသော စစ်ပွဲများကြောင့်အသက်ပေါင်းများစွာ သေဆုံးနေရသည့် ကိစ္စများအား မစဉ်းစားမိကြချေ။
ယခုအခါတွင်မူ ထီးနန်း ရရှိရန် အခွင့်အရေး မရှိသလောက် နည်းပါးသည့် အငယ်ဆုံး မင်းသားလေးမှ ယခုကဲ့သို့သော မေးခွန်းမျိုး ရုတ်တရက် ထမေးလိုက်ခြင်း ဖြစ်သည်။
ထိုမင်းသားလေးသည် လူမှန်းသိတတ်သည့်အရွယ်မှစ၍ ဖခင်ဖြစ်သူ ဘုရင်ကြီး၏ စိတ်တိုင်းကျသာ နေထိုင်ခဲ့ရသည်။
မေးမြန်းရန် မသင့်သည့် မေးခွန်းဖြစ်သည့်တိုင် ရဲရှောင်အား ရဲရဲဝံ့ဝံ့ပင် မေးမြန်းခဲ့သည်။
“ဆေးလုံးတွေလုပ်ဖို့က အချိန်လည်း ကြာသလို ဆေးပစ္စည်းတွေကလည်း အများကြီးလိုတယ်။ ငါ့မှာ အခုမရှိသေးဘူးလေ . . .”
ရဲရှောင် နှစ်သိမ့်လိုက်သည့်သဘောဖြင့်ပြောလိုက်သည်။
သို့သော်အပြောအဆို ရဲဝင့်သော ချန်ဇီအား ကြည့်ရင်း စမ်းသပ်မှု တစ်ခု ပြုလုပ်ဦးမည်ဟု တွေးမိလိုက်သည်။ ထို့ကြောင့်ရဲရှောင်သည်ချန်ဇီအား စူးစိုက်ကြည့်လိုက်ကာ –
“ဒါပေမယ့်သခင်လေးလန်ကို သူ့ရထားတဲ့ ဆေးလုံးတွေထဲကနေ တခြားတိုက်ပွဲဖြစ်နေတဲ့ လူတွေဆီ ပေးမလားလို့ မင်းဘာသာမင်း မေးကြည့်လိုက်ပါလား။ ငါက သူ့ကို ပေးပြီးသွားပြီဆိုတော့ ငါမပိုင်တော့ဘူး၊ သူပဲ ပိုင်သွားပြီ။ အဲဒါကြောင့်ဆေးတွေကို သူဘာလုပ်လုပ် ငါ့မှာ ပြောပိုင်ခွင့် မရှိတော့ဘူး . . .”
ချန်ဇီလည်း ထိုစကားအား ကြားလိုက်သောအခါ ခေါင်းခါယမ်းလိုက်ရင်း –
“ဟင့်အင်း . . . ထားလိုက်ပါတော့၊ဆေးလုံးတွေကို တောင်ပိုင်းက စစ်သည်တွေ အသုံးပြုရင် တိုက်ပွဲရလဒ်က ထူးခြားသွားနိုင်တယ်။ တခြားဘက်တွေကို ပေးလိုက်ရင် တောင်ပိုင်းအတွက်က နည်းသွားလိမ့်မယ်။ အဲဒီအခါကြ အခြေအနေတွေက ဘာမှ မထူးမှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်တဲ့ သုံးဘက်က အခြေအနေ မကောင်းမယ့်အတူတူ အခုလို တောင်ပိုင်း တစ်ခုထဲကို ပုံအောပြီး ပေးလိုက်တာ ပိုကောင်းပါတယ် . . .”
ရဲရှောင်သည် မင်းသားလေး၏ အတွေးကြောင့် အံ့သြမှင်သက်သွားသည်။ ထို့နောက်တိုက်ပွဲအကြောင်း ဘာမှ မသိနားမလည်သည့်ဟန်ပန်ဖြင့်-
“ဟင် . . .တခြားဘက်တွေကို မမျှဘဲ ဘာလို့တောင်ပိုင်းကိုပဲ ပုံအောပေးတာ ပိုကောင်းပါတယ်လို့ပြောရတာလဲ။တောင်ပိုင်းက အခြေအနေ ပိုဆိုးနေလို့လား . . .”
ချန်ဇီ ခေါင်းခါယမ်း၍ –
“အဲ့ဒီသဘောလည်း မဟုတ်သေးပါဘူး . . .”
ရဲရှောင်၏ စိတ်ထဲတွင်အပြောအဆို ရဲဝင့်ရုံသာမက စဉ်းစားတွေးခေါ်နိုင်စွမ်းရှိသော မင်းသားလေးအား ကြည့်ရင်း ကြိတ်၍ ချီးကျူးလိုက်မိသည်။
“ဒါဆို တိုက်ပွဲအကြောင်း မင်းသိသလောက်လေး ပြောစမ်းပါဦး . . .”
လန်လန့်လန့်နှင့် ဇုဝူကျီတို့သာမက အခြားသော မင်းသားများသည်ဖန်ဧကရာဇ်မှ ၉ နှစ်ခန့်မျှပင် မရှိသေးသည့် မင်းသားလေးနှင့် မည်သည့်အကြောင်းအရာများ ပြောဆိုနေသည်ကို စိတ်ဝင်စားနေမိကြသည်။
ချန်ဇီသည် မင်းသားတစ်ပါး ဖြစ်သည့်တိုင် ထီးနန်းရနိုင်ခြေ မရှိချေ။ ချန်နိုင်ငံတော်၏ ဧကရာဇ် လာလျှင်ပင် ဖန်ဇီလင်မှ ယခုကဲ့သို့ ဆက်ဆံလိမ့်မည် မဟုတ်ကြောင်း လူတိုင်း ရိပ်စားမိကြသည်။ သို့သော်ယခုအခါတွင်မူ ဖန်ဧကရာဇ်မှ ကလေးအရွယ်သာ ရှိသေးသည့်မင်းသားတစ်ပါးအား လေးလေးစားစားဖြင့်ပင်ဆက်ဆံလျက်ရှိသည်။
ချန်ဇီသည်ရဲရှောင်အား ကြည့်လိုက်ရင်း –
“ချန်နိုင်ငံတော်ရဲ့ လေးဘက်လေးလံမှာ ရန်သူတွေဝိုင်းနေကြတယ်။ အခုချိန်က အန္တရာယ် အများဆုံး အချိန်ပဲ။ ဒီလို ထူးခြားတဲ့ဆေးမျိုးတွေ တောင်ပိုင်းကိုပေးလိုက်ရင်အခြေအနေတွေက တော်တော်ကြီး ထူးဆန်းသွားလိမ့်မယ်။ အခု တိုက်နေကြတယ်ဆိုတာ စစ်သည်အချင်းချင်း တိ်ုက်ကြတာ နည်းတယ်။ အဆင့်မြင့် ပညာရှင်တွေ အချင်းချင်း အပြန်အလှန်ပဲ တိုက်ခိုက်ကြတာလေ။ နေ့တိုင်း တိုက်ခိုက်မှုတွေကြောင့် ကျဆုံးတဲ့ လူတွေလည်း များတယ် . . .”
“တောင်ပိုင်းမှာ ထူးချွန်တဲ့ စစ်သူကြီး ၂ ယောက်က ကာကွယ်တိုက်ခိုက်ပေးနေတာဆိုပေမယ့်ကျုပ်တို့ဘက်က သူတို့ကို ပြန်ခေါ်လိုက်လို့လည်း မဖြစ်သေးဘူး။ တကယ်လို့ ပြန်ခေါ်လိုက်မှ တစ်စုံတစ်ခု မတော်တဆ ဖြစ်သွားရင် ပိုပြီး အန္တရာယ် များတယ်လေ။ သတိဆိုတာ ပိုတယ် မရှိဘူး . . .”
“အခု ကျုပ်တို့မှာ ဒီဆေးလုံးတွေ ရှိနေပြီဆိုတော့ စစ်သူကြီးလန်လည်း သူ့ဘက်က အဆင့်မြင့် ပညာရှင်တွေကို အလှည့်ကျ တာဝန်ယူခိုင်းလိမ့်မယ်။ တစ်ယောက်က ဒဏ်ရာရရင် နောက်တစ်ယောက်က အစားဝင်ပေးမှာပေါ့။ ဒီလိုနည်းနဲ့ စစ်သူကြီးလန်လည်း တောင်ပိုင်းကို ကောင်းကောင်းကြီး ထိန်းချုပ်နိုင်သွားလိမ့်မယ်။ အဲဒီအချိန်ကြ မင်းသားဟွာရန်းလည်းတောင်ပိုင်းကနေခွာပြီး သူ့ရဲမက်တွေနဲ့ တခြား အရှေ့နဲ့ အနောက်အရပ်တွေကို သွားကူညီပေးနိုင်မယ်။ ဒီလိုနည်းနဲ့ ကျုပ်တို့ နိုင်ငံကို အထိခိုက်နည်းအောင် ကာကွယ်နိုင်တယ် . . .”
မင်းသားလေးသည်ပြောနေရင်းဖြင့်စိတ်ပါလာသည့်ဟန်ဖြင့်-
“ခင်ဗျား တောင်ပိုင်းကို ဆေးလုံးတွေ အရင်ထောက်ပံ့တာလည်း အံ့သြစရာတော့ မရှိပါဘူး။ ခင်ဗျားရဲ့ ရည်ရွယ်ချက်က မင်းသားဟွာရန်းနဲ့ စစ်သူကြီးလန် တစ်ယောက်ယောက်ကို ပြန်လာစေချင်တဲ့ သဘောပဲ။တောင်ပိုင်းမှာ စစ်သူကြီး ၂ ယောက် ရှိနေတာ အင်အား ဖြုန်းတီးသလို ဖြစ်နေတယ် မဟုတ်လား . . .”
မင်းသားလေး၏ ရှင်းပြချက်ကြောင့် လူအားလုံးသည်လည်း ဖန်ဧကရာဇ်၏ ရည်ရွယ်ချက်အား ယခုမှပင် နားလည်သွားကြတော့သည်။
လင်းပါအိုမှ ယခုကဲ့သို့ အဓိပ္ပါယ်ပေါင်းများစွာဖြင့် ဆေးလုံးများ လက်ဆောင်ပေးခဲ့ခြင်း၏ အကြောင်းရင်းအား မည်သူမျှ မစဉ်းစားမိခဲ့ကြချေ။
ထိုအချိန် ဇုဝူကျီမှ ကြားဖြတ်၍ –
“မင်းသားလေး . . . ဖန်ဧကရာဇ်က ဒါကို ဘာလို့ ရှင်းအောင် မပြောခဲ့သလဲ ဆိုတာကိုရော သိပါသလား . . .”
ချန်ဇီသည် တခဏမျှ စဉ်းစားလိုက်ပြီးနောက် –
“အင်း . . . ဖန်ဧကရာဇ်က နန်းတော်ထဲကလူ မဟုတ်ဘူးလေ။ အဲဒါကြောင့် တချို့ နားလည်မှု လွဲလာမှာတွေကို ရှောင်ချင်မှာပေါ့ . . .”
ဇုဝူကျီမှ လက်ခုပ်လက်ဝါး တီးလိုက်ရင်း –
“ဒါပေါ့၊ မင်းသားလေးက ဉာဏ်အမျှော်အမြင် ရှိပါပေတယ် . . .”
ရဲရှောင်သည်ချန်ဇီအား ကြည့်နေမိသည်။ အငယ်ဆုံးလေး မင်းသားလေးသည်ယခုလောက်ထိ ပါးနပ်နေလိမ့်မည်ဟု မထင်ထားခဲ့မိချေ။
. . .
ထိုအချိန်တွင်လေလံပွဲသည်လည်း ပွဲအလယ်လောက်ပင်ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့်ပို၍လည်း အသက်ဝင် လှုပ်ရှားလျက်ရှိသည်။ ထူးခြားအစွမ်းထက် ဖေးယွမ်ဆေးလုံးများ အကုန်ရောင်းထွက်ခဲ့ရုံသာမက နောက်ဆုံးဆေးလုံးသည်ပင်လျှင်ငွေစ ၆ သန်း ရရှိခဲ့သည်။
အခြားသော ဆေးလုံးအချို့လည်း ရောင်းချနေပြီဖြစ်ပြီး အနိမ့်ဆုံး သန်း ၁၀၀ လောက်ပင် ရရှိနေချေပြီ။
အခြားသော ဆေးလုံးများသည် ဖေးယွမ်ဆေးလုံးထက် ပို၍ ဈေးမြင့်ပြီး အရည်အသွေးနိမ့်သည့်ဆေးလုံးသည်ပင်လျှင် သန်း ၁၀၀ ခန့် ရရှိသည်မှာ အံ့သြစရာပင်။
ထိုဆေးလုံးများကြောင့်ပင် ယနေ့လေလံပွဲသည် ရာဇဝင်တွင် စာတင်ရလောက်မည့် လေလံပွဲကြီးတစ်ခု ဖြစ်နေပါတော့သည်။
ယခု လေလံပွဲမှ ရရှိသော စုစုပေါင်း ရောင်းရငွေမှာ အခြားသော သာမန်လေလံပွဲပေါင်းများစွာ ၁ နှစ်အတွင်း ကျင်းပသဖြင့် ရရှိသော ရောင်းအားထက်ပင် ပို၍ များနေပါသေးသည်။
ထိုအချိန်တွင်နံပါတ် ၂ နှင့် နံပါတ် ၃ အခန်းထဲရှိ လူများမှာမူ မျက်စိမျက်နှာ ပျက်လျက် ရှိနေကြသည်။
ထိုလူများ အသေအချာသိလိုက်သည့် အချက်တစ်ချက်မှာ လင်းပါအိုမှ သူတို့အတွက် ဆေးလုံးများ ချန်ထားခြင်း မရှိသည်ကိုပင်ဖြစ်သည်။
လင်းပါအိုအား ခြိမ်းခြောက်ခဲ့ရသမျှ အရာမထင်တော့ချေ။ ထို့ကြောင့် ယခုကဲ့သို့ အခန်းထဲတွင်ထိုင်နေရုံဖြင့် အကြောင်းမထူးနိုင်တော့ကြောင်း သဘောပေါက်လိုက်ကြသည်။
ထိုလူများ၏ စိတ်ထဲတွင်တစ်စုံတစ်ခု လှုပ်ရှားရန်ကြံစည်လျက် ရှိကြသည်။
မည်သည့်နည်းနှင့်ပဲ ဖြစ်ဖြစ်သူတို့အတွက် ဆေးလုံးအချို့ ရရှိမှ ဖြစ်ပေလိမ့်မည်။
လင်းပါအိုမှ သူတို့၏ အမိန့်အား မနာခံခဲ့သည့်အတွက်လည်း မခံချိမခံသာပင်ဖြစ်နေမိသည်။
(မင်းတို့ကများ ငါတို့လို ဂိုဏ်းကြီးတွေကို ဆန့်ကျင်ရဲသးတယ်၊ တွေ့ကြသေးတာပေါ့ကွာ . . .)
ထိုအချိန်တွင် လေလံပွဲအား စိတ်ပါဝင်စားခြင်း မရှိဘဲ အေးအေးလူလူနေနေကြသည့်အဖွဲ့တစ်ဖွဲ့ ရှိလေသည်။
ထိုအဖွဲ့မှာ နံပါတ် ၁ အခန်းထဲရှိ အဖွဲ့ပင်ဖြစ်သည်။ ရဲရှောင် အခန်းထဲမှ ထွက်လာပြီးသည့်အချိန်မှစ၍ ထိုအခန်းထဲရှိ အသံများ မကြားရတော့ဘဲ တ်ိတ်ဆိတ်လျက်သာ ရှိနေခဲ့သည်။
“ဝမ်အာ . . . မင်းဘယ်လိုထင်လဲ . . .”
သခင်ကြီးဘိုင်ဝမ်အာအားမေးလိုက်သည်။
“ဖန်ဇီလင်ကိုပြောတာလား . . . သူက တကယ်ကို အရည်အချင်းရှိတဲ့ လူတစ်ယောက်လို့ မြင်တယ် . . .”
ဝမ်အာ ပြန်ဖြေလိုက်သည်။
“အရည်အချင်း ရှိရုံပဲလား . . .”
သခင်ကြီးဘိုင် ပြုံးလျက်ပင်ပြောလိုက်ပါတော့သည်။