Chapter – 296
“လက်ဆောင်ဆေးလုံးများ”
“ကျုပ်ဆီလာတာ ဘာကိစ္စများ ရှိလို့လဲ ဖန်ဧကရာဇ် . . .”
လန်လန့်လန့် စိတ်ဝင်တစားဖြင့်မေးလိုက်သည်။ ဖန်ဧကရာဇ်နှင့်စကားပြောရာတွင်လည်း သတိထား၍ပြောဆိုဆက်ဆံနေသည့်ပုံပင်။
“အင်း . . . ငါက သခင်လေးလန်ဆီက အကူအညီ နည်းနည်းလောက် တောင်းချင်လို့ပါ။ စစ်သူကြီးလန်ကို ပစ္စည်းတစ်ခုလောက် ပေးခိုင်းချင်လို့ . . .”
လန်လန့်လန့်မှ အံ့ဩတကြီးဖြင့်-
“ဟင် . . . ဘာပစ္စည်းလဲ သိခွင့်ရှိမလားဗျ . . .”
ရဲရှောင်လည်း ပုလင်း ၃ လုံးအား ထုတ်လိုက်သည်။
ပုလင်းတစ်လုံးဆီတွင် ပဲစေ့လေးများနှင့်တူသော ဆေးလုံးများ ရှိနေသည်။
လေလံခန်းမရှိ လူများအားလုံးသည် ရဲရှောင်၏ လက်ထဲတွင်ရှိသော ပုလင်းများအား စိတ်ဝင်တစားဖြင့်ပင်ငေးကြည့်နေကြပြီး စိတ်ထဲတွင်တအံ့တဩဖြင့်တွေးနေမိကြသည်။
(လင်းပါအိုရဲ့ ဧကရာဇ်ကပေးတဲ့ လက်ဆောင် ဆိုတော့ ဒီပစ္စည်းတွေက သာမန်ပေါ့သေးသေး ပစ္စည်းတော့ မဟုတ်လောက်ဘူး။ ထူးခြားအစွမ်းထက် ဆေးလုံးတွေများလား . . .)
ပုလင်းတစ်လုံးဆီတွင် ဆေးလုံး ၁၀၀ ကျော်ခန့် ပါဝင်လေသည်။ အကယ်၍ထိုဆေးလုံးများ အားလုံးသည်သာ ထူခြား အစွမ်းထက် ဆေးလုံးများဆိုပါက မော်တယ်ကမ္ဘာတစ်ခုလုံးကိုပင် ဝယ်၍ ရနိုင်ပေလိမ့်မည်။
“ဒါတွေက ငါမကြာသေးခင်ကမှ လုပ်ထားတဲ့ ရွှေအားပြည့်ဆေးလေးတွေပါ . . .”
“ပုလင်းတစ်လုံးမှာ အလုံး ၂၀၀ ပါတယ်။ လိုအပ်တဲ့အချိန်ကျရင်ဆေးလုံးတစ်လုံးကို ရေနွေးနွေးထဲ စိမ်လိုက်၊ အရည်ပျော်သွားရင် လူ ၃ ယောက်စာအတွက် ဒဏ်ရာတွေကို သက်သာပျောက်ကင်းနိုင်တယ်။ ၃ ရက်အတွင်းဝေဒနာတွေ လုံးဝ အရှင်းပျောက်သွားလိမ့်မယ် . . .”
ရဲရှောင်သည်လန်လန့်လန့်အား ကြည့်ရင်း ပြောလိုက်သည်။
လန်လန့်လန့်သည် အံ့ဩတကြီးဖြင့်မတ်တတ်ပင်ထရပ်လိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့်သူ၏ မျက်လုံးများသည်လည်း ပြူးကျယ်နေလျက်ရှိသည်။ ထို့ကြောင့်အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ကာ –
“ခင်ဗျား အတည်ပြောတာလား . . .”
ရဲရှောင်၏ စကားကြောင့်ကြားလိုက်ရသူတိုင်း၏ မျက်လုံးများသည် အရောင်ဝင်းလက်သွားကြသည်။ ထို့ပြင်အားလုံး၏ စိတ်ထဲတွင်လည်း အံ့ဩသွားကြသည်။
(တော်တော်ကို ထူးခြားတဲ့ ဆေးတွေပါလား။ ဆေးတစ်လုံးတည်းနဲ့ လူ ၃ ယောက်ကို ကုသနိုင်တယ်။ တစ်ပုလင်းမှာ အလုံး ၂၀၀ စီပါတဲ့ ပုလင်းသုံးလုံးတောင် ဆိုတော့ လူ ၂၀၀၀ နီးပါးကို ပြန်ပြီး သက်သာစေနိုင်တာပေါ့ . . .)
ရွှေအားပြည့်ဆေးသည် ဒဏ်ရာရရှိထားသော လူများအတွက် အထူးပြုလုပ်ထားသော ဆေးဖြစ်ပြီး စစ်သည်ရဲမက်များအတွက် မရှိမဖြစ် လိုအပ်သော ဆေးလည်း ဖြစ်သည်။
ထိုဆေးများနှင့်သာဆိုပါက ဒဏ်ရာရထားသော စစ်သည်အများစုမှာ ၃ ရက်အတွင်း ပြန်လည်ကောင်းမွန်သွားနိုင်ပေသည်။
ထိုကဲ့သို့ သက်သာသွားသည်နှင့် နိုင်ငံအတွက် ဆက်လက် တိုက်ခိုက်နိုင်ကြပေလိမ့်မည်။
လူအများစုမှာ ထူးခြားအစွမ်းထက် ဆေးလုံးများကိုသာ မက်မောနေကြသော်လည်း စစ်သည်ရဲမက် များအတွက်မူ ယခုရွှေအားဖြည့် ဆေးလုံးများကိုသာ ပို၍ မက်မောကြမည်သာ ဖြစ်သည်။
ရွှေအားပြည့်ဆေးဖြင့်စစ်သည်တော်များ၏ အသက်များစွာအား ကယ်တင်နိုင်တော့မည် ဖြစ်သည်။
လန်လန့်လန့်၏ လက်များသည်တုန်ယင်နေသောကြောင့်ပုလင်းသုံးလုံးအား အသေအချာပင်ဆုပ်ကိုင်ထားရသည်။ စိတ်လှုပ်ရှားနေသည့်အတွက်စကားကိုပင် ပီသအောင် မပြောနိုင်တော့ပေ။
“ကျေး . . . ကျေးဇူးတင်ပါတယ်ဗျာ . . .”
ရဲရှောင်လည်း ပြုံးလျက် လန်လန့်လန့်၏ ပခုံးအား ပုတ်လိုက်သည်။
အကယ်၍ ရဲရှောင်မှ လန်လန့်လန့်အား နဂိုရဲရှောင်ပုံစံဖြင့်ထိုဆေးလုံးများပေးလိုက်မည်ဆိုပါက သူငယ်ချင်း အချင်းချင်း အနေဖြင့်လန်လန့်လန့်မှ ရေဲရှောင်အားသေချာပေါက်ပင်ကျေးဇူးတင်နေပေလိမ့်မည်။ သို့သော် ရဲရှောင်သည် ထိုကဲ့သို့ မဖြစ်လိုချေ။ သူငယ်ချင်း အချင်းချင်းပင် ဖြစ်သော်လည်းလန်လန့်လန့်၏ စိတ်ထဲတွင်ရဲရှောင်၏ ကျေးဇူးတရားများအား အမြဲအမှတ်ရအောင်းမေ့နေမည့်အဖြစ်မျိုး ရဲရှောင် မလိုလားချေ။
ယခုအခါတွင်မူ လင်းပါအို၏ ဖန်ဧကရာဇ်မှ ပေးလိုက်ခြင်း ဖြစ်သဖြင့်အခြေအနေ တစ်မျိုးတစ်ဖုံပြောင်းလဲသွားလေသည်။
ဖန်ဧကရာဇ်မှ နိုင်ငံအတွက် လှူဒါန်းသည့် သဘောမျိုး ဖြစ်နေပြီး သူငယ်ချင်းအချင်းချင်း ကူညီသည့် သဘောမျိုး မဟုတ်တော့ချေ။
ထိုအရာနှစ်ခုသည်အဓိပ္ပါယ်တစ်မျိုးစီ ကွဲပြားနေလေသည်။
“ဒီလို အများကြီးရအောင် ငါအကြာကြီး လုပ်ခဲ့ရတာ၊ အဲ့ဒီအတွက်ငါ့မှာရှိတဲ့ ပစ္စည်းလေးတွေလည်း ကုန်ပါလေရောပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆေးတွေကို တောင်ပိုင်းက စစ်သည်တွေအတွက် စစ်သူကြီးလန်ကို ရအောင် ပေးပေးပါ။ တခြားအဖွဲ့တွေ အတွက်ကတော့ ငါနောက်မှ ထပ်ပြီး စဉ်းစားတာပေါ့။ အခု အကုန်လုံးအတွက် မလောက်ငှနိုင်တဲ့ အတွက်တော့ ငါ့ကို ခွင့်လွှတ်ပါ . . .”
(ဟင် . . . ဒီလောက်ထိ တန်ဖိုးရှိတာတွေ အလကားပေးလိုက်တာတောင် သူ့ကို ခွင့်လွှတ်ဖို့ ပြောနေသေးပါလား။ ဘယ်လိုလူပါလိမ့်။ နောက်ထပ် အများကြီး ပေးဖို့ ရှိနေသေးတာလား မသိဘူး . . .)
အခြားသော လူများသည်ရဲရှောင်၏ စကားအား ကောင်းစွာ ကြားလိုက်ကြရသည့်အတွက်စိတ်ထဲတွင် အံ့ဩေနကြသည်။အစွမ်းထက် အင်အားစုများ၊ ဂိုဏ်းကြီးများနှင့် လျှို့ဝှက်ပညာရှင်များ အားလုံးသည်လည်း ရဲရှောင်၏ ဆိုလိုရင်း အဓိပ္ပါယ်အား ကောင်းကောင်းကြီး သဘောပေါက်လိုက်ကြသည်။လေလံခန်းမတွင်ရှိနေကြသည့် လူအများစုသည် နိုင်ငံများအကြား ဖြစ်ပေါ်နေသည့်စစ်ပွဲများနှင့် ပတ်သက်ဆက်နွယ်နေကြပြီး အချို့ဆိုလျှင် နေရာအချို့ကိုပင် မင်းမူထားသော လူများ ပါဝင်လျက်ရှိသည်။
ဖန်ဧကရာဇ်ခေါ် ဖန်ဇီလင်သည် ချန်နိုင်ငံတော်အပေါ် သစ္စာရှိ၍ အထောက်အပံ့ ပေးနေကြောင်း ပြသလိုက်သည့်သဘောမျိုးပင်ဖြစ်နေလေသည်။ ဖန်ဇီလင်သည်ဖြစ်ပေါ်နေသည့်စစ်ပွဲများနှင့် တစ်နည်းမဟုတ် တစ်နည်း ပက်သက်မှု ရှိနေမည်ဟုလည်း ခန့်မှန်းမိလိုက်ကြသည်။ ထိုကဲ့သို့သာ မဟုတ်ပါက ယခုကဲ့သို့ တန်ဖိုးကြီးသော ဆေးလုံးများအား ရက်ရက်ရောရောဖြင့်ပင်ပေးလိမ့်မည် မဟုတ်ချေ။ ထို့ပြင်ဆေးလုံးများအား လူမြင်ကွင်းတွင်ပင် ပေးလိုက်ခြင်း ဖြစ်သည်။ ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် ချန်နိုင်ငံတော် သို့မဟုတ် စစ်သူကြီးလန်အား ကျူးကျော် စော်ကားဝံ့သောသူ မည်သူမဆို လင်းပါအိုနှင့် ရန်သူဖြစ်သည်ဟု ကြေညာလိုက်သည့်သဘောမျိုးနှင့်ပင်တူနေပါသေးသည်။
ဖန်ဇီလင်အနေဖြင့်ခြိမ်းခြောက်မှုတစ်ခုအား သွယ်ဝိုက်၍ ပြုလုပ်လိုက်ခြင်းပင် ဖြစ်သည်။အကယ်၍ ဖန်ဇီလင်သည်သာမုန်တိုင်းအိမ်တော်ရှိရာ နံပါတ် ၁ အခန်းထဲသို့ မဝင်မီ ထိုကဲ့သို့သော ခြိမ်းခြောက်မှုမျိုး လုပ်လိုက်မည်ဆိုပါက အချို့သော လူများသာ လန့်သွားနိုင်မည်ဖြစ်ပြီး အများစုအတွက်မူ မည်သို့မျှ ခံစားရမည် မဟုတ်ချေ။ သို့သော် ယခုအခါတွင်မူ အခြေအနေချင်း မတူတော့ပေ။ လူအများစု၏ စိတ်ထဲတွင် စစ်သူကြီးလန်အား ကောင်းကောင်းမွန်မွန် ဆက်ဆံခြင်းဖြင့် လင်းပါအိုနှင့် ဖန်ဧကရာဇ်၏ မျက်နှာသာပေးမှုများ ရနိုင်မည်ဟု ထင်မှတ်သွားကြတော့သည်။
လန်လန့်လန့်သည် ယခုတိုင်အောင် ကြောင်ငေးနေဆဲဖြစ်ပြီး စကားပင် ဆက်မပြောနိုင်အောင် ဖြစ်လျက်ရှိသည်။
ရဲရှောင်မှ ဆေးလုံးများ ပေးနေစဉ် လန်လန့်လန့်၏ ရင်တစ်ခုလုံး စိတ်လှုပ်ရှားမှုများကြောင့်ပေါက်ကွဲထွက်မတတ်ပင်ခုန်နေခဲ့သည်။ လန်လန့်လန့်အနေဖြင့်ယခင်ကဲ့သို့ ပေါ့ပေါ့တန်တန် မနေတော့ဘဲ ကျင့်ကြံမှုများအား ကြိုးစား၍ လုပ်ဆောင်နေပြီ ဖြစ်သည်။ ထိုမျှသာမက စီးပွားရေးလုပ်ငန်းအချို့လည်း လုပ်ကိုင်နေခဲ့ပြီ ဖြစ်သည်။
ထိုကဲ့သို့ လန်လန့်လန့်တစ်ယောက် ပြောင်းလဲလာသည်ကို အားလုံး မယုံနိုင်အောင် ဖြစ်ခဲ့ရသည်။ စီးပွားရေးလုပ်ရာမှ အချိန်တိုအတွင်း အကျိုးအမြတ်များလည်း ရရှိခဲ့သည်။ထို့ကြောင့် ယခုလေလံပွဲတွင် လန်လန့်လန့်သည် မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိသည့် ပုံစံဖြင့် နေနိုင်နေခြင်းပင်ဖြစ်သည်။
(ငါက အခုဆိုရင် ငွေစလည်း ရှိသင့်သလောက် ရှိနေပြီ။ ငါကိုယ်တိုင် ရှာထားတာဆိုတော့ ငါ့စိတ်ကြိုက် သုံးလို့ရတယ်။ ဘယ်လောက်ကုန်ကုန် ပြောမယ့်လူလည်း မရှိဘူး . . .)
သခင်လေးလန်သည် မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိသည့်မာန်ဖြင့်လေလံပွဲသို့ လာခဲ့သည်။ သို့သော် ရွှေအားဖြည့်ဆေး ၃ ပုလင်းအား မြင်တွေ့ပြီးသည့်နောက်တွင်သူ၏ မာန်မာနများ ကြက်ပျောက်ငှက်ပျောက်ပင်ပျောက်သွားခဲ့ရလေသည်။
မိမိကိုယ်ကို ငွေအတော်အသင့်ရှာနိုင်နေပြီဟု ထင်မှတ်ထားနေခဲ့မိသော်လည်းယခုအခါတွင်မူဆေးပုလင်း တစ်လုံး မဆိုထားနှင့် ပုလင်းတဝက်မျှပင် ဝယ်နိုင်မည် မဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။
ဖန်ဧကရာဇ်မှာမူ အဆိုပါ ပုလင်း ၃ ပုလင်းအား တုံ့ဆိုင်း တွေဝေခြင်း အလျဉ်းမရှိဘဲ လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ထိုပုလင်း ၃ လုံးသာမက နောက်ပိုင်းတွင်လည်း သေချာပေါက်ပင်ထပ်မံပေးဦးမည် ဖြစ်သည်။
မင်းသားသုံးပါး၏ မျက်လုံးများတွင်လည်း လောဘအရိပ်အယောင်များဖြင့် ဖုံးလွှမ်းလျက် ရှိသည်။ ထို့ကြောင့်ချက်ချင်းပင် ဖန်ဇီလင်ထံသွား၍ အလုအယက်ပင်မိတ်ဆက်နေကြသည်။
ဖန်ဧရာဇ်မှာ စစ်သူကြီးလန်နှင့် ရင်းနှီးသည်ဟု ယူဆမည်ဆိုလျှင် ချန်နိုင်ငံတော်၏ ဘက်တော်သားဟု အကြမ်းဖျဉ်း ယူဆနိုင်ပေသည်။ ထို့ကြောင့်ချန်နိုင်ငံတော်၏ မင်းသားများဖြစ်သော သူတို့ကိုလည်း မိတ်ဆွေများကဲ့သို့ ဆက်ဆံလိမ့်မည်ဟုသာ မျှော်လင့်နေကြသည်။
ရဲရှောင်သည် မင်းသားများ၏ အကြံအား ရိပ်စားမိသဖြင့်အဆင့်အတန်းရှိသော လူတစ်ဦး၏ ပုံစံဖြင့် ယဉ်ယဉ်ကျေးကျေး ပြောဆိုနေသော်လည်း စိတ်ထဲတွင်မူ ထိုမင်းသားများအား လှောင်နေမိသည်။
“ဖန်ဧကရာဇ်ကို တစ်ခုလောက် မေးလို့ရမလား။ ခင်ဗျားကဒီလောက်ပဲ တတ်နိုင်တာလား၊ ထပ်များ ပေးဦးမှာလား . . .”
ရုတ်တရက် ကလေးတစ်ယောက်၏ အသံအား ကြားလိုက်ကြရသည်။ အသံသည် ယဉ်ယဉ်ကျေးကျေးပင်ရှိသော်လည်း စိတ်ကျေနပ်မှု မရှိသည့် အသံမျိုး ပေါက်နေလေသည်။
အသံလာရာဆီသို့ ရဲရှောင် ကြည့်လိုက်သောအခါ အသက် ၈ နှစ် ၉ နှစ်ဝန်းကျင်ခန့်သာ ရှိသေးသည့်ကလေးငယ်တစ်ဦးအား တွေ့လိုက်ရသည်။ ထိုကောင်လေးသည် ရဲရှောင်အား ငေးကြည့်လျက်ရှိသည်။
“အင်း . . . အခုတော့ ဒါအကုန်ပဲပေါ့။ ငါ့မှာ မရှိတော့ဘူးလေ။ မင်းက ဘယ်သူလဲ ကလေး . . .”
ရဲရှောင် မေးလိုက်သည်။
“ကျုပ်က ချန်ဇီပါ . . .”
ကောင်လေးလည်း ခေါင်းမော့ရင်း ရဲရှောင်၏ အမေးအား ဖြေလိုက်သည်။
“ဒီဆေးလုံးတွေက တောင်ပိုင်းက စစ်သည်တွေကို အများကြီးကို ကယ်တင်နိုင်လိမ့်မယ်။ ဒါပေမယ့်အရှေ့၊ အနောက်နဲ့ မြောက်ပိုင်းမှာလည်း စစ်သည်တွေ အများကြီး ရှိနေတယ်လေ။ သူတို့ကလည်း ခက်ခက်ခဲခဲ တိုက်ခိုက်နေကြရတာပဲ။ သူတို့အတွက် အစကတည်းက ဘာလို့ မပြင်ဆင်ဘဲ ချန်ထားခဲ့တာလဲ . . .”
ကောင်လေး၏ အမေးကြောင့် လူအားလုံးသည် အံ့သြသွားကြပါတော့သည်။