Chapter – 295
“စိတ်လက်ပေါ့ပါးသွားခြင်း”
သခင်ကြီးဘိုင်သည်ရဲရှောင်အား ကြည့်လိုက်ကာ –
“ဒါပေမယ့်ကျုပ်တို့ရဲ့ ပူးပေါင်းမှုက ဒီတစ်ခေါက်ပဲနော်။ လင်းပါအိုကို ဒီဂိုဏ်းကြီး ၂ ခုရန်ကနေ လွတ်အောင် ကူညီပေးရုံပဲ မဟုတ်လား . . .”
“ကျန်တဲ့ကိစ္စတွေတော့ ကျုပ်ဝင်မပါဘူးနော်၊ အခုဒုက္ခကနေ ခင်ဗျားတို့ လွတ်မြောက်သွားတာနဲ့ ကျုပ်တို့ တာဝန်ကျေပြီ”
ရဲရှောင်လည်း ပြုံးလျက်-
“ဟုတ်တာပေါ့ . . . ဂိုဏ်းကြီး ၂ခု ရန်ကနေ လွတ်ရင်ပြီးပါပြီ။ ကျုပ်ကလည်း ခင်ဗျားတို့ အရှိန်အဝါကို သုံးပြီး အခြားသူတွေကို အနိုင်မကျင့်ချင်ပါဘူး။ ကျုပ်တို့မှာက ရည်ရွယ်ချက်ကိုယ်စီ ရှိကြတယ်လေ။ ခင်ဗျားက နိုင်ငံတွေကို ဖရိုဖရဲဖြစ်အောင် လုပ်မယ့်သူ ၊ ကျုပ်ကကြ အားလုံးကို ငြိမ်းချမ်းအောင် လုပ်ပေးချင်တဲ့သူ။ အဲ့ဒီအတွက်ကျုပ်တို့က ပြဒါးတစ်လမ်း သံတစ်လမ်းလို့ ဆိုရမှာပဲ။ ဘာပဲေပြာပြော ကျုပ်တို့ အကောင်းဆုံး ကြိုးစားကြတာပေါ့ . . .”
သခင်ကြီးဘိုင်သည်မည်သည့်စကားမျှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးလိုက်လေသည်။
“ဒီလိုနေ့တွေ ကျော်ဖြတ်ပြီးသွားခဲ့ရင်တော့ ခင်ဗျားနဲ့ကျုပ် ထိပ်တိုက် ရင်ဆိုင်ရလိမ့်မယ်။ ကျုပ်တို့ ယုံကြည်ရာ ကိုယ်စီအတွက် ရင်ဆိုင်ကြရမှာပေါ့။ သေတာရှင်တာကတော့ နတ်ဘုရားတွေပဲ ဆုံးဖြတ်ပေး လိမ့်မယ် . . .”
“တကယ်တော့ ဒီကမ္ဘာမှာ အမုန်းတရားတွေ အာဃာတတွေဆိုတာ မရှိဘူး။ မတူညီတဲ့ ရည်ရွယ်ချက်တွေ ခံယူချက်တွေပဲ ရှိကြတာပါ . . .”
ရဲရှောင်သည်သခင်ကြီးဘိုင်အား ကြည့်ရင်း တစ်လုံးချင်းစီ ပြောလိုက်သည်။
သခင်ကြီးဘိုင်သည် ရဲရှောင်ပြောသည့် စကားလုံးများအား ငြိမ်သက်စွာ နားထောင်လိုက်ပြီးနောက်-
“ကောင်းပြီ . . .”
. . .
ရဲရှောင်သည်နံပါတ် ၁ အခန်းအတွင်းမှ ဟိတ်ဟန်အပြည့်ဖြင့် ထွက်လာခဲ့သည်။လေလံခန်းမရှိ လူများ၏ အကြည့်များသည်ရဲရှောင်ထံတွင်သာ ရှိနေကြသည်။
ဖန်ဧကရာဇ်၏ မျက်နှာတွင်ပျော်ရွှင်မှုများဖြင့်ပြည့်နှက်လျက်ရှိသည်။ ဖန်ဇီလင်၏ အမူအယာသည်နံပါတ်၁ အခန်းထဲမှ ပြန်လာသည်နှင့်ပင်မတူချေ။ မိတ်ဆွေတစ်ဦးနှင့်တွေ့ဆုံ၍ လက်ဖက်ရည်ကြမ်း အတူတူသောက်ကာ စကားစမြည် ပြောခဲ့သည့်ပုံနှင့်ပင်တူနေပါသေးသည်။
ထို့ကြောင့်မည်သူမျှ သူ၏ မျက်နှာ အမူအယာအား ကြည့်၍ အခန်းတွင်းတွင်မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို အကဲခတ်နိုင်လိမ့်မည် မဟုတ်ချေ။
မုန်တိုင်းအိမ်တော် ရှိနေသည့် အခန်းထဲသို့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်၍ ရမည် မဟုတ်ချေ။
လေလံပွဲရှိ လူများသည်ရဲရှောင်နှင့်ဝမ်အာတို့နှစ်ဦး မည်သည့်စကားများပြောဆိုခဲ့ကြသည်ကို ခန့်မှန်း၍ တွေးတောနေကြသည်။ ရဲရှောင်အခန်းအတွင်းသို့ ဝင်သွားသည်မှာ အချိန်အတော်ကြာသော်လည်း စကားသံများမှာမူ မကြားရခဲ့ချေ။
အခန်းတွင်း၌ ဝမ်အာရှိနေသည်ကိုသာ လူတိုင်း သိထားကြသည်။ မုန်တိုင်းအိမ်တော်၏ ခေါင်းဆောင်ဖြစ်သူ ကမ္ဘာကြီးအား လွှမ်းမိုး ချုပ်ကိုင်နိုင်စွမ်းရှိသော သခင်ကြီးဘိုင်ပါ ရှိနေသည်ကိုမူ မည်သူမျှ မသိကြပေ။
ရဲရှောင်သာလျှင် အခန်းထဲ ဝင်ခဲ့၍ သိနေခြင်း ဖြစ်သည်။
သခင်ကြီးဘိုင်နှင့်ရဲရှောင်စကားပြောဆိုစဉ်အတွင်း ရဲရှောင်ဘက်မှ သတိကြီးစွာထား၍ပြောဆိုခဲ့ရသည်။ ကြမ်းကျွံလျှင်သာ နှုတ်၍ရသည်၊ စကားကျွံလွန်မူ ပြန်ရုတ်သိမ်းရ ခက်လှသည်မဟုတ်ပါလား။
အေးအေးဆေးဆေးဖြင့်သာ စကားပြောဆိုခဲ့ခြင်း ဖြစ်သော်လည်း ရဲရှောင်အတွက်မူ စကားပြောနေသည့် စက္ကန့်တိုင်းသည် သေမင်းနှုတ်ခမ်းဝသို့ နင်းလျှောက်နေရသည့်အလားပင်ဖြစ်ခဲ့ရသည်။
ထို့ပြင်သခင်ကြီးဘိုင်ကဲ့သို့ လူမျိုးနှင့်စကားပြောဆိုခဲ့ရခြင်းသည်သူ၏တွေ့ကြုံခဲ့ရသည့်နှစ်ဘဝစာအတွင်း အန္တရာယ်အများဆုံး အခြေအနေသို့ပင်ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲရှောင်တွေးနေမိသည်။ ထို့ကြောင့်အခန်းအတွင်းမှထွက်လာပြီးသည့်တိုင် သူ၏ စိတ်ထဲတွင် တုန်လှုပ်နေဆဲပင် ဖြစ်သည်။
ရဲရှောင်သည် သခင်ကြီးဘိုင်နှင့်စကားပြောနေရင်းဖြင့်အံ့သြဖွယ်ကောင်းသည့်အချက်တစ်ချက်အား တွေ့ရှိခဲ့ရသည်။ ထိုအချက်သည်သူထင်ထားသည်ထက်ပင်ပို၍ များစွာ ကွဲပြားနေလေသည်။
ယခင်ရှောင်ဧကရာဇ်ဘဝ စွမ်းအားအမြင့်ဆုံး အချိန်တွင်သခင်ကြီးဘိုင်၏ ထိုးနှက်ချက်လေး တစ်ချက်မျှကိုပင်ခံနိုင်ရည်စွမ်း ရှိလိမ့်မည်မဟုတ်ကြောင်း ရဲရှောင်တွေ့ရှိခဲ့သည်။
ဘီးတပ်ကုလားထိုင်ပေါ်တွင်ထိုင်နေရ၍ ကြက်တစ်ကောင်နောက်ကိုပင် ပြေးလိုက်နိုင်ခြင်း မရှိသည့်သခင်ကြီးဘိုင်၊ နူးညံ့သိမ်မွေ့ဟန်ရှိပြီး ချောမောခန့် ညားလှသည့် သခင်ကြီးဘိုင်၊ ယောကျာ်းချင်းပင် မနာလို ဖြစ်ရပြီး မိန်းကလေးတိုင်း၏ နှလုံးသားအား သိမ်းပိုက်နိုင်စွမ်းရှိသူ သခင်ကြီးဘိုင်သည် အလွန်ကြောက်စရာ ကောင်းသော ပညာရှင်တစ်ဦးပင် ဖြစ်နေသည်။
ထိုပညာရှင်နှင့်ထိပ်တိုက်ဆုံတွေ့လိုက်ရသည့်အချိန်တွင်ရဲရှောင်ဘက်မှ တုန်လှုပ်သွားသကဲ့သို့ စိတ်လည်း လှုပ်ရှားသွားမိသည်။
ကံကောင်းစွာဖြင့်ပင်သူ့အတွက် ပြိုင်ဘက်ကောင်းတစ်ဦး တွေ့လိုက်ရသည်မဟုတ်ပါလော။ အကယ်၍ ပြိုင်ဘက်ေကာင်းနှင့်သာ မတွေ့လိုက်ရပါက အသက်ရှင်ရသည်ကို ရဲရှောင်အဖို့ ငြီးငွေ့နေမိမည် ဖြစ်သည်။
ထိုကဲ့သို့ အဆင့်မြင့်၍ အစွမ်းထက်လှသော ပညာရှင်တစ်ဦးသည် အတွေ့အကြုံပိုင်းတွင်လည်း သူမတူအောင် ကြွယ်ဝနေမည်သာ ဖြစ်သည်။ ရဲရှောင်အတွက်မူ မော်တယ်ကမ္ဘာ၌ ရှေ့လျှောက် စိတ်လှုပ်ရှားစရာများဖြင့်ကြုံတွေ့နိုင်ဖွယ်ရှိသည်။
ရဲရှောင် တည်ငြိမ်သော ဟန်ပန်ဖြင့် လှေကားမှ ဆင်းသက်လာခဲ့သည်။
သူ့အားငေးကြည့်နေသော ဝမ်ဇန်းဟိုအား မြင်လိုက်ရသောအခါ ရဲရှောင်ပြုံးပြလိုက်သည်။
“ဘုရားရေ . . .”
ဖန်ဇီလင်အား မြင်လိုက်ရမှသာ ဝမ်ဇန်းဟို၏ စိတ်အစဉ်တစ်ခုလုံးသည်လေးလံနေသောကျောက်တုံးကြီးတစ်တုံးအား မထားရာမှ လွှတ်ချလိုက်ရသည့်အလားပေါ့ပါးသွားသည်။ ထို့ကြောင့်ဝမ်ဇန်းဟိုသည် သူ၏ တုတ်ခိုင်လှသော ခန္ဓာကိုယ်ကြီးဖြင့် ဟစိတ်လွှတ်ကိုယ်လွှတ်ဖြင့်ပင်ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်လေသည်။ သံမဏိကဲ့သို့ အမာကျောဆုံး သစ်သားဖြင့် ပြုလုပ်ထားသည့်ခုံသည် ဝမ်ဇန်းဟို၏ အလေးချိန်ကြောင့် ကျိုးကျသွားမတတ်ပင်ဖြစ်သွားခဲ့သည်။ အကယ်၍ နောက်တစ်ကြိမ်သာ ထိုကဲ့သို့ ထိုင်ချလိုက်မည်ဆိုပါက သေချာပေါက်ပင်ကျိုးသွားပေလိမ့်မည်။ သူ့အပေါ်တွင်သက်ရောက်နေသည့် ဖိအားများ ပျောက်ကွယ်သွားသကဲ့သို့ ဝမ်ဇန်းဟို၏ စိတ်ထဲတွင်ခံစားလိုက်ရသည်။ ထို့ပြင်အရာအားလုံး ပြေလည်သွားတော့မည်ဆိုသည်ကိုလည်း သိနေမိသည်။ နောက်ဆုံးတွင်မူ စိတ်ချလက်ချဖြင့်နေနိုင်ခဲ့ပြီ မဟုတ်ပါလော။
ရဲရှောင် လျှောက်လာသည်ကို မြင်သောအခါ လျူချန်းဂျန်၏ မျက်လုံးများသည်လည်း အရောင်တဖျတ်ဖျတ် လက်သွားသည်။
(ဒါပဲလေ ဒါပဲပေါ့ . . . ဘယ်လောက်ပဲ ခက်ခဲတဲ့ အခြေအနေ ကိစ္စမျိုးပဲ ဖြစ်ဖြစ်သူကတော့ အေးအေးဆေးဆေးနဲ့ကို ဖြေရှင်းနိုင်တယ်။ မိနစ်အနည်းငယ်အတွင်းမှာပဲ ပြသာနာ အားလုံးကို ပြေလည် သွားစေတာပဲ။ ဒီလောက်ဆို အန္တရာယ်တွေ ရန်ကလည်း လုံးဝ ကင်းသွားလောက်ပြီ . . .)
(အခန်းထဲဝင်ပြီး သူဘာတွေ ပြောခဲ့လဲ ဆိုတာ ဘယ်သူကို့မှ ပြန်ပြောနေမှာ မဟုတ်ဘူး။နောက်ပြီး သူတွေ့ကြုံ ခံစားခဲ့ရတဲ့ အရာတွေကိုလည်း တကူးတကပြောပြနေမှာလည်းမဟုတ်ဘူး။ သူ့လူတွေအတွက် သူ အကောင်းဆုံး ဖြေရှင်းပေးနိုင် လိုက်တာပဲ . . .)
(ဒီလို ခေါင်းဆောင်မျိုးနောက် လိုက်ရတာ ငါတော်တော် ကံကောင်းတာပါလား။ တစ်နေ့ ငါလည်း ဒီလို အရည်အချင်းမျိုး ရှိလာနိုင်ဖို့ မျှော်လင့်တယ်. . )
လျူချန်းဂျန် မလှုပ်မယှက်ဖြင့်သာ ရပ်နေပြီး စိတ်ထဲတွင်တစ်ကိုယ်တည်းတွေးနေမိသည်။ ရဲရှောင်အား လေးစားမှုများဖြင့် ပြည့်နှက်နေသည့်အကြည့်များဖြင့်ကြည့်လျက်ရှိသည်။
မုန်တိုင်းအိမ်တော်နှင့်ရင်ဆိုင်ရသည်မှာ မည်မျှအထိ ဖိအားများသည်ဆိုသည်ကို သူကောင်းစွာ သိနေလေသည်။
ဖန်ဧကရာဇ်သည် ထိုအခြေအနေအား ကောင်းစွာ ရင်ဆိုင်ထိန်းချုပ်နိုင်ခဲ့၍ အောင်မြင်စွာ ပြန်လာနိုင်ခဲ့သည်။
ထိုကဲ့သို့သော လုပ်ရပ်မျိုးအား ဖန်ဧကရာဇ် တစ်ဦးတည်းသာ လုပ်နိုင်လိမ့်မည်ဟုလည်း လျုချန်း ဂျန်၏ စိတ်ထဲတွင်တွေးနေမိသည်။
ရဲရှောင်သည်လျှောက်နေရင်းဖြင့်လန်လန့်လန့်နှင့် ဇုဝူကျီတို့ ဘေးမှ ဖြတ်သွားသည်။
မင်းသား ၃ ပါးလည်း ထိုနေရာနားတွင်ပင် ရှိနေလေသည်။
လူတိုင်း၏ အမြင်တွင် ဖန်ဇီလင်၏ လုပ်ရပ်သည် အထင်ကြီးစရာ ကောင်းနေခဲ့သည်။ အခြားသူများ အခန်းနံပါတ်၁ အနားသို့ခြေဦးပင်မလှည့်ရဲသည့်အချိန်တွင်ဖန်ဧကရာဇ်မှ ပြုံးပြုံးရွှင်ရွှင်ဖြင့်ပင်ထိုအခန်းထဲမှ ထွက်လာနိုင်ခဲ့သည်မဟုတ်ပါလော။
လေလံခန်းမအတွင်းတွင်ရှိနေသည့် လူများအနက် ချန်နိုင်ငံတော်၏ မင်းညီမင်းသားများမှာ အဆင့်နိမ့်ဆုံး လူများဟုပင်ဆိုနိုင်ပေသည်။ ထိုမင်းညီမင်းသားများသည်ဂိုဏ်းကြီးများမှ လူများလောက်ပင် အဆင့်မရှိချေ။
လင်းပါအို၏ ဧကရာဇ်မှ စိတ်အေးလက်အေးဖြင့်ပင်လမ်းလျှောက်နေသည့် မြင်ကွင်းအား မြင်နေကြရသူများအဖို့ အကြည့်မလွှဲနိုင်အောင်ပင် လိုက်ငေးကြည့်နေမိကြသည်။ မင်းသားများ၏ စိတ်ထဲတွင်လည်း အံ့သြနေကြသည်။
ထို့နောက် ရဲရှောင်သည် လန်လန့်လန့်ထံသို့နောက်ပြန်လှည့်၍ သွားလိုက်သည်။ သူ၏ သူငယ်ချင်းများသည် သူ့အား ကြောင်ငေးလျက် ကြည့်နေကြသည်။
လန်လန့်လန့်သည် ရဲရှောင် သူ့ထံသို့ ဦးတည်၍ လာနေသည်ကို မြင်လိုက်ရေသာအခါ နားမလည်နိုင်အောင်ပင်ဖြစ်သွားခဲ့သည်။
လင်းပါအို၏ ဧကရာဇ်မှ အဘယ်ကြောင့် သူ့ထံသို့ လာရသည်ဆိုသည်ကို စဉ်းစား၍ မရအောင်ပင်ဖြစ်နေလေသည်။ ဖန်ဧကရာဇ်သည်သူနှင့် တစ်ကြိမ်တစ်ခါမျှ ဆုံတွေ့ခဲ့ဖူးခြင်း မရှိသကဲ့သို့ ရင်းနှီးကျွမ်းဝင်မှုလည်း မရှိခဲ့ချေ။ ထို့ကြောင့် ပဟေဠိသဖွယ်စဉ်းစားရပင်ကြပ်နေပါတော့သည်။