Chapter – 294
“ပူးပေါင်းမှု”
သခင်ကြီးဘိုင်သည်ရဲရှောင်အား ကြည့်လိုက်ရင်း –
“ခင်ဗျားက ကောင်းကင်ဆန့်ကျင် ထူးခြားဆေးလုံးအကြောင်း တော်တော်ကို သိထားတော့ အဲ့ဒီဇာတ်လမ်းထဲက အစွမ်းထက် ပညာရှင်ရဲ့ အကြောင်းကိုပါ သိမယ်လို့ ကျုပ်ထင်တယ် . . .”
ရဲရှောင် ခေါင်းညိတ်ပြလိုက်ကာ –
“ဒါပေါ့ . . . အဲ့ဒီဇာတ်လမ်းကို ကျုပ်သေသေချာချာ သိတယ်။နောက်ပြီး အဲဒီလူရဲ့ နောက်ကြောင်း ရာဇဝင်ကိုလည်း သိတယ်။ အဲဒီကာလက ဆေးပညာရှင်တွေ အားလုံးအတွက် သမိုင်းသစ် ရေးထိုးနိုင်လောက်တဲ့ အချိန်ပဲလေ။ ဒီကိစ္စလောက် နာမည်ကြီးတဲ့ ကိစ္စမျိုး မရှိသေးဘူး . . .”
“အဲ့ဒီဆေးကို လုပ်ဖို့အတွက် နယ်ပယ်အသီးသီးက ဆေးပညာရှင်ပေါင်း ၉ သောင်းလောက်ရယ်နောက်ပြီး ဆေးပစ္စည်းတွေရယ်အများကြီး စုဆောင်းခဲ့ရတယ်။ အကြိမ်ပေါင်းများစွာလည်း ကျရှုံးခဲ့ရတယ်။ ဒါပေမယ့်နောက်ဆုံးမှာတော့ ဆေးလုံးအချို့ လုပ် နိုင်သွားတယ်လေ . . .”
“အဲဒီဆေးလုံးကပဲ သူ့ရဲ့ ပြဿနာကို ဖြေရှင်းနိုင်ခဲ့တယ်။ သူ့သားလည်း မဟာအပြစ်ဒဏ်ကနေ လွတ်ကင်းသွားတယ်။ဒါပေမယ့်နောက်ပိုင်းကြတော့ဆေးလုံးကို မတွေ့ရတော့ဘူး။ တစ်ကြိမ်တစ်ခါ အောင်မြင်ခဲ့ပေမယ့်နောက်တစ်ခါ ဘယ်လိုမှ ထပ်လုပ်လို့ မရတော့ဘူး။ ထပ်လုပ်ဖို့လည်း အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တယ်။ သူသေတဲ့အချိန်ထိ အဲဒီအကြောင်းကို စဉ်းစားရင်း ဝမ်းနည်းမဆုံး ဖြစ်ခဲ့ရတယ်။ တစ်ကြိမ်အောင်မြင်သွားတယ် ဆိုတာကိုလည်း ကံကောင်းလို့ပဲ ဖြစ်မယ်လို့ သူယူဆသွားခဲ့တယ်. . .”
သခင်ကြီးဘိုင် မျက်မှောင်ကြုတ်လျက်-
“ခင်ဗျားက ထူးခြားအစွမ်းထက် ဆေးလုံးတွေ လုပ်နိုင်တယ် ဆိုတာတော့ မှန်ပါတယ်။ အဲ့ဒါကိုတော့ ကျုပ်မငြင်းပါဘူး။ ဆေးလုပ်တဲ့ နေရာမှာ ခင်ဗျားက ဆရာတစ်ဆူပဲ။ ဆေးပညာသမိုင်းကြောင်း မှာတောင် မှတ်တမ်း တင်ရမယ့်ပညာရှင်တစ်ယောက်ဆို လည်း မမှားဘူး။ ဒါပေမယ့်အခု ကျုပ်တို့ မြင်တွေ့နေရတာတွေက အဆင့်နိမ့် ဆေးလုံးတွေလေ။ ထူးခြားအစွမ်းထက် အရည်အသွေးမျိုး ရှိတယ် ဆိုပေမယ့်ကျင့်ကြံမှုတွေ လုပ်တဲ့နေရာမှာပဲ အထောက်အကူ ပြုနိုင်တဲ့ အဆင့်နိမ့် ဆေးလုံးတွေ။ ဒီဆေးလုံးတွေကို တခြားနေရာမှာသာသုံးရင် အာနိသင် ပြနိုင်မှာ မဟုတ်ဘူး။ ကောင်းကင်ဆန့်ကျင်ဆေးလုံး ဆိုတာကလည်း ထူးခြားအစွမ်းထက် အဆင့်တစ်မျိုးပဲ ရှိတဲ့ဆေးပဲ။ နတ်ဆေးလုံးဆိုလည်း ဟုတ်တယ်။ ရွှေလိပ်ဆေးလုံးထက်တောင် ပိုပြီး အဆင့်မြင့်သေးတယ်။ ပြောရရင် အခု ခင်ဗျားဆီမှာ ရှိနေတဲ့ ဆေးလုံးတွေနဲ့ ဘာမှကို မဆိုင်အောင် အဆင့်က ကွာခြားလွန်းတယ်။ ကျုပ်စိတ်ဝင်စားနေတဲ့ အချက်က ဒီလိုဆေးမျိုးကို ခင်ဗျား ဘယ်လို အောင်မြင်အောင် လုပ်နိုင်မလဲ ဆိုတာကိုပဲ။ ကျုပ်ရဲ့ မဟာအစီအစဉ်ကြီး တွေကို ဘယ်လိုများ အထောက်ကူပြုနိုင်မလဲပေါ့ . . .”
ရဲရှောင်လည်းခေါင်းတစ်ချက်ညိတ်လိုက်ကာ –
“ခင်ဗျားပြောတာ မှန်ပါတယ်။ ဒီဆေးလုံးမျိုးက လုပ်ရတာ အရမ်း ခက်ခဲတယ်။ ပထမ အခက်အခဲက ထူးခြားအစွမ်းထက် အရည်အသွေးမျိုး ရအောင် လုပ်ရမှာ။ ဒါကပဲ အဓိက လိုအပ်ချက်ပဲ။ ကျုပ်လည်း ခုဏက ရှင်းပြသင့်သလောက် ရှင်းပြပြီးပြီ ဆိုတော့ ထပ်ပြီး မပြောတော့ပါဘူး။ ဒုတိယ အခက်အခဲကတော့ လိုအပ်တဲ့ ဆေးပစ္စည်းတွေပဲ။ အရမ်းကို ရှားပါးတဲ့ ပစ္စည်းမျိုး လိုအပ်တာ မဟုတ်ပေမယ့်ဆေးအမယ်ပေါင်း ၈၁ မျိုးတောင် လိုလိမ့်မယ် . . .”
“၈၁ မျိုး ၂ စုံစာ ၁၆၂ မျိုး ရှိမှလည်း ဖြစ်မယ်။ ဆေးပစ္စည်း တစ်ခုနဲ့တစ်ခုက ဆန့်ကျင်ကြတဲ့ သဘောရှိလိမ့်မယ်နောက်ပြီး တခြား ဆေးပစ္စည်းတွေကလည်း တစ်ခုခုနဲ့တစ်ခု ဆန့်ကျင်နေလိမ့်မယ်။ ပြောရရင် ဆန့်ကျင်ဘက် အာနိသင်မျိုး ဖြစ်သွားမှ ဖြစ်မှာ။ ကျုပ်ရဲ့ လေ့လာထားသလောက်ကောင်းကင်ဆန့်ကျင် ထူးခြားဆေးလုံးက ဒီလို ဆန့်ကျင်မှုတွေကို ကောင်းကောင်း ထိန်းချုပ်နိုင်မှ ဖြစ်မှာ။ အဲဒီလို ဆန့်ကျင်နေမယ့်အချိန်မှာလည်း မျှခြေတစ်ခု ဖြစ်နေရမယ်။ ဘယ်ဖက်ကမှ ပိုအားကောင်းနေလို့ မရဘူး။ အမှားလေး နည်းနည်း ဖြစ်သွားရင်တောင်ဆေးလုပ်ငန်းစဉ်ကြီး တစ်ခုလုံးကို ကျရှုံးသွားစေလိမ့်မယ် . . .”
“ဒီလို အာနိသင်တွေကို မျှခြေဖြစ်စေရုံတင် မကသေးဘူး၊ ဆေးလုပ်တဲ့ လူရဲ့ စိတ်ကလည်း တည်ငြိမ်နေမှ ရမယ်။ အဲ့ဒီလိုဖြစ်အောင် ကြိုးစားတာက ကောင်းကင်ဘုံကို တက်ရတာထက်တောင် ခက်သေးတယ် . . .”
သခင်ကြီးဘိုင်မှ –
“ခင်ဗျားပြောပုံအရဆို တော်တော်ကို မလွယ်တဲ့ ကိစ္စပဲ . . .”
ရဲရှောင် ပြုံးလိုက်ရင်း –
“ဒါပေမယ့်ဒီကောင်းကင်ဆန့်ကျင် ထူးခြားဆေးလုံးရဲ့ သော့ချက်က ထူးခြားအစွမ်းထက် အဆင့်ကို ရောက်ဖို့ပဲ မဟုတ်လား။ လုပ်ရတာ ဘယ်လောက်ခက်ခက် နောက်ဆုံး ပြေလည်သွားမှာပဲလေ။ ထူးခြား အစွမ်းထက် အဆင့်ရောက်အောင် လုပ်ဖို့သာ ခက်ခဲတာ။ ဆေးပညာသမိုင်းမှာ ထူးခြားအစွမ်းထက် အဆင့်ရှိတဲ့ ဆေးလုံးက သိပ်တောင် မရှိဘူး . . .”
ရဲရှောင်၏ စကားအရ အဆိုပါ ထူးခြားအစွမ်းထက်အဆင့်ရှိဆေးလုံးအား သူတစ်ဦးတည်းသာ လုပ်နိုင်ကြောင်းပြောဆိုနေသည့်ပုံစံပင်ပေါက်နေလေသည်။
သခင်ကြီးဘိုင် ခေါင်းညိတ်လိုက်ကာ –
“လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ကုန်ကုန်ပြောရရင်စကြဝဠာ တစ်ခုလုံးမှာ ဘယ်လို ထူးခြားအစွမ်းထက် ဆေးလုံးမှ မပေါ်ခဲ့သေးဘူး။ မမျှော်လင့်ဘဲ ဒီလို အဆင့်နိမ့် ကမ္ဘာတစ်ခုမှာ ရုတ်တရက်ကြီး ထူးခြားအစွမ်းထက် ဆေးလုံးတွေ အများကြီး ပေါ်လာခဲ့တယ်။ အဲ့ဒါကြောင့် ကောင်းကင်ဆန့်ကျင် ထူးခြားဆေးလုံးကို လုပ်နိုင်မယ့်လူ ဆိုတာ ခင်ဗျားက လွဲပြီးတော့ တခြားမရှိနိုင်ဘူးပေါ့ . . .”
ဝမ်အာ ကျေနပ်သွားမိသည်။ သခင်ကြီးဘိုင်သည် ဖန်ဇီလင်အား ချီးကျူးလိုက်သည် မဟုတ်ပါလော။ ထိုစကားအရ ဖန်ဇီလင်သည် ကောင်းကင်ဆန့်ကျင် ထူးခြားဆေးလုံးအား ပြုလုပ်နိုင်ရန်မှာ ၅၀ ရာခိုင်နှုန်းသေချာနေပြီဆိုသည့်သဘောပင်ဖြစ်သည်။
ရဲရှောင် ပြုံးလိုက်ရင်း –
“အင်း . . . ခင်ဗျားအခု ကျုပ်နဲ့ ပူးပေါင်းမယ်လို့တော့ မျှော်လင့်မိတာပဲ . . .”
သခင်ကြီးဘိုင် ပြုံးလိုက်ကာ –
“ဒါပေါ့ . . . ခင်ဗျားရဲ့ ဝှက်ဖဲကို ကျုပ်ဘက်က လက်ခံလိုက်ပါ့မယ်။ ဒါပေမယ့်ဒီဆေးလုံးကို လုပ်ဖို့အတွက် အချိန်ဘယ်လောက် လိုမှာလဲ။ ဒီအချက်ကို ကျုပ်မေးချင်နေတာ ကြာပြီ။ အဲ့ဒီအချက်ကလည်း မေးကိုမေးရမယ့်အဓိကအချက်ပဲ မဟုတ်လား . . .”
ရဲရှောင်သခင်ကြီးဘိုင်အား ကြည့်လိုက်ကာ –
“ဒီမေးခွန်းက ကျုပ်အတွက်ဖြေရလွယ်တဲ့ မေးခွန်းမျိုးလည်း မဟုတ်ဘူး။ အင်း . . . ခက်ခဲတဲ့ မေးခွန်းလည်း မဟုတ်ပြန်ဘူး . . .”
“ပြောရမယ်ဆိုရင်ဆေးလုံးအချို့ လုပ်နိုင်ဖို့ အချိန်၁ နှစ်တောင်မကြာလောက်ပါဘူး။ ဆေးပစ္စည်းသာ လုံလောက် ပြည့်စုံအောင် ရနိုင်မယ်ဆိုရင် ၈ လ ၉ လ အတွင်းမှာကို ပြီးနိုင်တယ် . . .”
ဝမ်အာလည်း သွက်သွက်လက်လက်ဖြင့်ပင်-
“ဆေးပစ္စည်းနဲ့ ပတ်သက်ပြီး ဘာမှ စိုးရိမ်စရာ မလိုပါဘူး။ လိုအပ်တဲ့ စာရင်းသာ မြန်မြန် လုပ်ပေးပါ။ ကျွန်မ ၃ ရက်အတွင်း ရအောင် ရှာပေးမယ် . . .”
အားတက်သရောပင်ဖြစ်နေသော ဝမ်အာအား ကြည့်ရင်း ရဲရှောင်ပြုံးလိုက်ကာ –
“မင်းရဲ့ အစွမ်းအစကို ယုံပါတယ် မိန်းကလေးဝမ်အာ။ ပြဿနာက တစ်စုံစာတည်းနဲ့တော့ ငါ အဆင်ပြေလောက်မှာ မဟုတ်ဘူး။ ဒီဆေးကို လုပ်နိုင်တယ်လို့ ငါ့ကိုယ်ငါ ယုံကြည်ချက် ရှိပေမယ့်တစ်ကြိမ်တည်းနဲ့ အောင်မြင်မယ်လို့တော့ ယုံကြည်ချက် မရှိဘူး။ ဘာလို့လဲဆိုတော့ ဒီဆေးက သာမန်ဆေးလုံးမျိုးမှ မဟုတ်တာ။ တကယ်လို့ ငါကလည်း တစ်ကြိမ်တည်းနဲ့ လုပ်နိုင်ပါတယ်သာ ပြောခဲ့ရင် မင်းတို့လည်း ငါ့ကို ယုံကြည်ပါ့မလား . . .”
ဝမ်အာလည်း စိတ်ကောင်းဝင်နေသည့်ပုံပင်။ စိတ်လိုလက်ရပင်ရယ်မောလိုက်ရင်း –
“ဒါပေါ့၊ ရှင်သာ အခုလေလံပွဲက ထူးခြားအစွမ်းထက် ဆေးလုံးတွေ လုပ်တဲ့လူ မဟုတ်ရင် ဒီလို အခွင့်အရေးတောင် ကျွန်မတို့က ဘယ်ပေးပါ့မလဲ။ နောက်ပြီး ဒီကောင်းကင်ဆန့်ကျင် ထူးခြားဆေးလုံးက လုပ်ရလွယ်နေရင် ဒဏ္ဍာရီထဲက ဆေးလုံးလို့ ဘယ်သတ်မှတ်လို့ ရပါ့မလဲ။ ရှင်ပြောတာကို ကျွန်မ နားလည်ပါတယ်။ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး လုံးဝ စိုးရိမ်စရာ မလိုဘူး။ ရှင့်ဟာရှင် စမ်းသပ်ချင်သလောက် စမ်းသပ်နိုင်တယ်။ ကျွန်မတို့က ရလဒ်ကိုပဲ စိတ်ဝင်စားတာ . . .”
သခင်ကြီး တည်ငြိမ်စွာဖြင့်-
“ရလဒ်ဆိုတာကလည်း ဒီဆေးကို ၁ နှစ်အတွင်း တွေ့ချင်တယ် . . .”
ဆရာဖြစ်သူ၏ စကားဆုံးသည်နှင့်ဝမ်အာလည်း မဆိုင်းမတွပင်-
“၁ နှစ်တောင် မဟုတ်ပါဘူး၊ ၁၀ လလောက်နဲ့ ရရင်ပိုကောင်းမယ် . . .”
ရဲရှောင်ခေါင်းညိတ်လိုက်ရင်း –
“မိန်းကလေးကတော့ ဆရာဖြစ်သူကို အမြန်ဆုံး သက်သာစေချင်နေတာပဲ . . .”
“ကျုပ်အကောင်းဆုံး ကြိုးစားပါ့မယ်။ ကျုပ်ဘက်က မလုပ်နိုင်ခဲ့ရင် မုန်တိုင်းအိမ်တော်ဘက်က ကျုပ်တို့ကို ကြိုက်သလို လုပ်နိုင်ပါတယ်။ ၁ နှစ်ဆိုတဲ့ အချိန်က ခဏလေးပါ။ ခင်ဗျားနဲ့ ကျုပ်တို့ကြားက ကွာခြားချက်က ဘာမှ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး . . .”
သခင်ကြီးဘိုင် သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အမှန်တကယ်တွင် သခင်ကြီးဘိုင်သည် ယခုကဲ့သို့ အပေးအယူလုပ်ရသည့်ကိစ္စမျိုး လုပ်ရသည်ကို မနှစ်မြို့ပေ။
ယခုအကြိမ်သည် သူ၏ဘဝတွင် ပထမဆုံး အပေးအယူလုပ်၍ ပူးပေါင်းမိခြင်းပင်ဖြစ်သည်။
ထို့အတွက်ကြောင့်ပင်သူ၏ စိတ်ထဲ၌ ထူးခြားသော ခံစားမှုမျိုး ခံစားနေရသည်။
ထိုခံစားမှုသည် သူ၏ စိတ်အား မသက်မသာပင်ဖြစ်စေသည်။
သခင်ကြီးဘိုင်အနေဖြင့်ဝမ်အာ၏ မျှော်လင့်ချက် နှင့်ပျော်ရွှင်မှုတို့အား လျစ်လျူမရှုချင်တော့ပေ။ ထို့ကြောင့်ပင် လက်ခံခဲ့ခြင်း ဖြစ်သည်။
(ဒီကမ္ဘာမှာ နေမှတော့ ငါ့စိတ်တွေလည်း အရင်လို မဟုတ်ဘဲ ပြောင်းလဲသွားပြီ ထင်ပါတယ် . . .)
ဝမ်အာ၏ ပျော်ရွှင်နေသော မျက်နှာအား ငေးကြည့်ရင်း သခင်ကြီးဘိုင်၏ စိတ်ထဲတွင်တွေးနေမိပါတော့သည်။