Chapter – 293
“ကိုယ်ယုံကြည်ရာ”
ရဲရှောင်သည်သခင်ကြီးဘိုင်အား ကြည့်လိုက်ကာ –
“ခင်ဗျားရဲ့ လက်ရှိအခြေအနေအရ မဟာအပြစ်ဒဏ်ကို ခံနိုင်ရည်စွမ်း မရှိသေးဘူး။ အဲ့ဒီ ပြစ်ဒဏ်ကြောင့်ခင်ဗျားရဲ့ သွေးကြောတွေထဲက ချီဓာတ်တွေ ဖောက်လွဲဖောက်ပြန် ဖြစ်သွားခဲ့တယ်။ ဖြစ်ရတဲ့အကြောင်းရင်းကလည်း ခင်ဗျားက ကောင်းကင်ဘုံရဲ့ အလိုကို ဆန့်ကျင်မိတာကိုး။ ခင်ဗျားက တကယ့်ကို အစွမ်းထက်တဲ့ ပညာရှင် တစ်ယောက်ပါ။ ဒါပေမယ့်ကောင်းကင်ဘုံရဲ့ အပြစ်ဒဏ်ကို ခုခံနိုင်လောက်တဲ့ အထိတော့ အစွမ်းမရှိသေးဘူး”
“ခင်ဗျားရဲ့ စွမ်းအားတွေက ကာကွယ်ပေးထားလို့ သာ ခုချိန်ထိ ခင်ဗျားအသက်ရှင်နေသေးတာ။ ခင်ဗျားအနေနဲ့က ဝေဒနာတွေ ခံစားရတာပဲ ရှိတော့တာဆိုတော့ အဲဒီဝေဒနာတွေကိုပါ မခံစားရအောင် ကောင်းကင်ဆန့်ကျင် ထူးခြားဆေးလုံးက ကူညီပေးနိုင်တယ် . . .”
“ဆေးလုပ်တဲ့အချိန် စောင့်ပြီးတာနဲ့ ခင်ဗျားရဲ့ ဝေဒနာတွေလည်း ပျောက်သွားမှာပဲ . . .”
“အနည်းဆုံးတော့ လမ်းပြန်လျှောက်နိုင်မှာ သေချာတယ်လေ . . .”
ရဲရှောင် ပြုံးလိုက်ပြန်ရင်း –
“အဲဒီအချက်ကြောင့် ကျုပ်ဒီအခန်းထဲကို ဝင်လာဝံ့တာပဲ။ ကျုပ်မှာသာ ဒီလိုဝှက်ဖဲ မရှိရင် ကျုပ်အဆင့်လေးနဲ့ ဒီကို ဘယ်လာရဲပါ့မလဲ။ မုန်တိုင်းအိမ်တော် ရှိနေတဲ့ နံပါတ် ၁ အခန်းထဲကို လာဖို့ဆိုတာ ကျုပ်အတွက် မဖြစ်နိုင်လောက်ဘူး . . .”
သခင်ကြီးဘိုင် ပြုံးလိုက်ကာ –
“ဒါပေမယ့်ခင်ဗျားမှာ ဝှက်ဖဲ ရှိနေလည်း ခင်ဗျားဘက်က ဘာမှ ပြောပိုင်ခွင့်မရှိဘူး။ ဒီကိစ္စမှာ ကျုပ်ကပဲ ဆုံးဖြတ်ရမှာ . . .”
ရဲရှောင်ခေါင်းတစ်ချက်ညိတ်လိုက်ရင်း –
“ဒါပေါ့ . . . အဲဒါကြောင့် ပူးပေါင်းချင်လားလို့ မေးတာလေ။ ဒီထက် မပိုပါဘူး . . .”
“ဘယ်လိုပဲဖြစ်ဖြစ် အခုလို ကျုပ်တို့အတွက် ခက်ခဲတဲ့ အခြေအနေမျိုးမှာ ကျုပ်တတ်နိုင်တာဆိုလို့ ဒီနည်းလမ်းပဲ ရှိတော့တာလေ . . .”
“ဆရာဘိုင်သာ ပူးပေါင်းမှုကို လက်ခံမယ်ဆိုရင် ၂ ဖက်စလုံးအတွက် အကျိုးရှိမယ့်ကိစ္စပါ။ တကယ်လို့ မပူးပေါင်းဖြစ်ခဲ့ဘူး ဆိုရင်တော့ ကျုပ်ဘက်ကဆွေးနွေးခဲ့ရတာတွေအတွက် လေတွေကုန်ခဲ့ရတာကိုပဲ နှမြောမိတာပါ၊ ဘာလို့လဲဆိုတော့ ကြိုးစားခဲ့ပေမယ့်ဘာမှ မထူးခဲ့ဘူးလေ . . .”
သခင်ကြီးဘိုင်သည် ရဲရှောင်အား စူးရှသော မျက်လုံးများဖြင့်ကြည့်လျက်-
“ဘာမှမထူးပဲ ဘယ်နေပါ့မလဲ၊ ခင်ဗျားမှာက နောက် ထပ် အသွင်တစ်မျိုး ရှိနေသေးတယ်လေ။ အဲဒီတော့ အဲ့ဒီအသွင်နဲ့ပဲ ခင်ဗျားဘဝကို အေးအေးဆေးဆေး ဖြတ်သန်းသွားလို့ ရနေပြီပဲ။ ခင်ဗျားမှာ လက်ရှိရှိနေတဲ့ အရာအချို့ကိုပဲ စွန့်လွှတ်ပေးလိုက်ရမှာပဲ ရှိမယ်။ ခင်ဗျားရဲ့ အဓိက ဝှက်ဖဲဆိုတာ ထူးခြားအစွမ်းထက် ဆေးလုံးတွေပဲလေ။ လင်းပါအိုမှ မဟုတ်တာ . . .”
သခင်ကြီးဘိုင်၏ စကားကြောင့်ရဲရှောင် ပြုံးလိုက်ကာ –
“ကျုပ်မှာသာ အဲဒီလို တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ရှိရင်အခုလိုတောင် ဝင်လာမှာ မဟုတ်ဘူး”
“ကျုပ်ရဲ့ နောက်ထပ် အသွင်တစ်မျိုးက ဘယ်လိုပဲဖြစ်နေပါစေ ကျုပ်က လင်းပါအိုရဲ့ ဧကရာဇ်ပဲလေ။ ဧကရာဇ်ဖြစ်နေပြီး ကျုပ်လူတွေကို မကယ်တင်နိုင်မှတော့ ကျုပ်အသက်ရှင် နေနိုင်တောင် ဘယ်လိုစိတ်မျိုးနဲ့ လိပ်ပြာသန့်သန့် နေနိုင်မှာလဲ။ အဲဒီခံစားချက်ကြီးနဲ့ တစ်ဘဝလုံးသာ နေသွားရရင်ကျုပ်ဘဝလည်း ဘာအဓိပ္ပါယ်မှ ရှိတော့မှာ မဟုတ်ဘူး . . .”
ရဲရှောင် တစ်ချက်ရယ်မောလိုက်ကာ –
“ဆရာဘိုင်လည်း ခေါင်းဆောင်တစ်ယောက်ဆိုတော့ ကျုပ်ခံစားချက်ကို နားလည်မှာပါ . . .”
သခင်ကြီးဘိုင်လည်း ခေါင်းညိတ်လိုက်ရင်း –
“ကျုပ်ဆိုလည်း ဒီလိုပဲ လုပ်မိမှာပါ။ ခင်ဗျားက သစ္စာရှိပြီး ခေါင်းဆောင်ပီသတဲ့ လူမျိုး ဖြစ်နေမယ်လို့ မထင်ထားခဲ့မိဘူး . . .”
ရဲရှောင် ပြုံးလျက်-
“ကျုပ်စိတ်ထဲမှာ အမြစ်တွယ်နေတဲ့ အရာတစ်ခုလို့ပဲ ပြောရမှာပေါ့။ သူများတွေ အမြင်မှာတော့ခေါင်းမာတယ်လို့ ထင်ကောင်း ထင်နိုင်ပါတယ်။ တကယ်လို့ ခင်ဗျားအသက်ကို စတေးမှ မိန်းကလေး ဝမ်အာကို ကယ်တင်နိုင်မယ်ဆိုရင် ခင်ဗျားရော ဘယ်လိုလုပ်မှာလဲ . . .”
ရဲရှောင်၏ စကားအဆုံးတွင်မိန်းကလေး ဝမ်အာသည် သခင်ကြီးဘိုင်အား လှမ်းကြည့်လိုက်သည်။
သူမ၏ မျက်ဝန်းများထဲတွင်ယုံကြည်မှုများဖြင့်ပြည့်နှက်လျက်ရှိသည်။
ရဲရှောင်သည်သခင်ကြီးဘိုင်အား စူးစိုက်ကြည့်လိုက်ကာ –
“ဆရာဘိုင် ဘယ်သူ့ကိုပဲ ရွေးရွေး ကံတရားကြောင့်လို့သာ မှတ်ယူရတယ် သဘောထားပါ . . .”
သခင်ကြီးဘိုင် တစ်ချက်ပြုံးလိုက်ရင်း –
“ဖြေဖို့ စိတ်မပါသေးဘူး . . .”
ထိုစကားတွင် အဓိပ္ပါယ်များစွာ ပါဝင်နေလေသည်။အလိမ္မာသားပါပါဖြင့်ပင်ငြင်းလိုက်ခြင်း ဖြစ်သည်။
အကယ်၍ သူ့ဘက်မှ အဖြေပြန်ေပးလိုက်မည် ဆိုပါက ရဲရှောင်၏ ကမ်းလှမ်းမှုအား လက်ခံလိုက်သည်ဆိုသည့်သဘောမျိုး သက်ရောက် သွားပေလိမ့်မည်။
သူ့အနေဖြင့်အရေးမပါသည့် မေးခွန်းအားဖြေရင်း ဖန်ဧကရာဇ်အကြိုက် မလိုက်ချင်ပေ။ ဖန်ဧကရာဇ်ဘက်မှလည်း သခင်ကြီးဘိုင်သာ ဖြေလိုက်ပါက သူနှင့် ပူးပေါင်းတော့မည်ဟု မှတ်ယူသွားမိမည်မှာ အသေအချာပင်ဖြစ်သည်။
သို့သော် ယုံကြည်မှုများ ပြည့်နှက်နေသည့်ဝမ်အာ၏ အကြည့်များအား မြင်လိုက်ရေသာအခါ သခင်ကြီးဘိုင်၏ ရင်ထဲတွင်နွေးထွေးသော ခံစားချက်များ ဖြစ်ပေါ်သွားခဲ့သည်။ အကယ်၍ ပြန်မေဖြခဲ့လျှင်လည်း ဝမ်အာမှ သူ့အား အပြစ်တင်နေလိမ့်မည်မဟုတ်ကြောင်းကောင်းစွာ သိနေလေသည်။ သို့သော် ဝမ်အာ ကျေနပ်စေရန်အတွက် အဖြေပြန်ေပးရန် ဆုံးဖြတ်လိုက်သည်။
“နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ဖြစ်ကမ္ဘာတစ်ခုလုံးပဲဖြစ်ဖြစ်ဘယ်အရာကများ ကျုပ်ရဲ့ ဝမ်အာထက် ပိုတန်ဖိုး ရှိနိုင်ပါ့မလဲ . . .”
သခင်ကြီးဘိုင်သည်ပြုံးလျက်ပင်ပြန်ဖြေလိုက်သည်။
ရဲရှောင်လည်းခေါင်းညိတ်လိုက်ကာ –
“ကျုပ်ပြောချင်တာ အဲဒါပဲလေ။ ခင်ဗျားမှာလည်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိသလို ကျုပ်မှာလည်း လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်။ခေါင်းဆောင်ကောင်းဆိုတာ ကိုယ့်ထက်ကိုယ့်နောက်လိုက်တွေကို ပိုတန်ဖိုးထားရမယ်လေ . . .”
ရဲရှောင်၏ စကားကြောင့်သခင်ကြီးဘိုင် ပြုံးလိုက်သည်။ ထိုအပြုံးသည် သဘောတူညီမှု လုပ်လိုက်ကြောင်း ပြုံးပြလိုက်သည့်အပြုံးမျိုးနှင့်ပင်တူနေပါသည်။
ဝမ်အာသည် ဆရာဖြစ်သူ သဘောတူတော့မည်ကို သိသွားသဖြင့် စိုးရိမ်စိတ်များ လျော့ကျသွားသည်။ ထို့ကြောင့်ပေါ့ပါးသွက်လက်သွားသည့်ဟန်ဖြင့်-
“ခုနက ဇာတ်လမ်းထဲက အစွမ်းထက် ပညာရှင်ကြီးရဲ့ သားက နောက်ဆုံး ဘယ်လိုဖြစ်သွားလဲ။ သူ့ရဲ့ရောဂါကို ကုနိုင်သွားလား . . .”
သခင်ကြီးဘိုင် ပြုံးလိုက်ကာ –
“ဒါပေါ့၊ ဒါပေမယ့်ကုန်ကျတဲ့ ပစ္စည်းတွေကလည်း မနည်းလှဘူး။ အဲဒီလူသာ လုံလောက်တဲ့ အထောက်အပံ့မျိုး မရခဲ့ရင် ဒီလို ဆေးလုံးတွေကို လုပ်နိုင်ခဲ့မှာ မဟုတ်ဘူးလေ။ သားဖြစ်သူကလည်း သူတို့ မျိုးဆက်သစ် လူငယ်တွေထဲမှာ အစွမ်းထက်ဆုံး လူတစ်ယောက် ဖြစ်လာခဲ့တယ်။ အဖေလောက် နီးနီးကို နာမည်ကျော်ခဲ့တာပေါ့ . . .”
ဝမ်အာသည်ထိုစကားအား ကြားလိုက်ရသောအခါ မျက်လုံးများ အရောင်ဝင်းလက်သွားသည်။
(သာမန်လူတစ်ေယာက်ခံစားရတဲ့ အပြစ်ဒဏ်က ဆရာ့လောက်တော့ ပြင်းမှာ မဟုတ်ဘူး။ ဒါပေမယ့် ဘာပဲေပြာပြော အချိန်တစ်ခုလောက် ကြာရင် ဆရာ့ရဲ့ အခြေအနေလည်း အရင်လို ပြန်ဖြစ်မှာပါ . . .)
(ဒါပေမယ့်ငါသာ တကယ်ကြိုးစားမယ်ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေ အတွက်က ရှာရမခက်လှပါဘူး။ နည်းလမ်း သိနေရင်လည်း ရပြီလေ . . .)
သခင်ကြီးဘိုင်သည်ရဲရှောင်အား ကြည့်လျက်-
“ထူးခြားအစွမ်းထက် အရည်အသွေးရှိတဲ့ ဆေးကိုမှ ကောင်းကင်ဆန့်ကျင် ထူးခြားဆေးလုံးလို့ ခေါ်လို့ရတာ။ အဲ့ဒီလိုမှ မဟုတ်ရင် အသုံးမဝင်တဲ့ဆေး ဖြစ်သွားမှာလေ . . .”
“ကောင်းကင်ဆန့်ကျင် ထူးခြားဆေးလုံး အစစ်အမှန်ကို အောင်အောင်မြင်မြင် လုပ်နိုင်တဲ့လူက တစ်ယောက်တည်းရှိတာ မဟုတ်ဘူးလား။ ဇာတ်လမ်းထဲက လူကြီးလေ . . .”
ဝမ်အာ၏ မျက်လုံးများသည်မျှော်လင့်ချက်ကင်းမဲ့သွားသည့်အလား အရောင်ဖျော့သွားသည်။ သို့သော် ဖန်ဇီလင်အား ကြည့်ရင်း ချက်ချင်းပင် ပြန်လည် တောက်ပ လာသည်။ ဝမ်အာအနေဖြင့်ဖန်ဇီလင်အပေါ်တွင် ယုံကြည်ချက်အပြည့်အဝ ရှိနေလေ သည်။
ဆရာဖြစ်သူအတွက်ကောင်းကင်ဆန့်ကျင် ထူးခြားဆေးလုံးအား အလွန်အမင်းလိုချင်နေပြီ ဖြစ်သည်။ ဖြစ်နိုင်ပါက ယခုချက်ချင်းပင် ပြုလုပ်စေချင်နေမိပြီး အချိန်များ စောင့်ဆိုင်းနေရမည်ကိုလည်း စိတ်မရှည်နိုင် ဖြစ်နေမိသည်။
အောက်ပိုင်းသေနေသည့်ဆရာဖြစ်သူအား ကြည့်ရင်း သူ၏စိတ်ထဲတွင်အချိန်ပြည့်ဝမ်းနည်းနေခဲ့ရသည်။
လက်တစ်ဖက် ဝေ့ယမ်းရုံဖြင့် ကမ္ဘာတစ်ခုလုံးအား ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်နိုင်၍ ကြယ်များကိုပင် ခူးဆွတ်နိုင်သော လူသည် ဘီးတပ်ကုလားထိုင်တစ်လုံးပေါ်တွင် ဘဝကြီးအား အဓိပ္ပါယ်မဲ့စွာဖြင့်ဖြတ်သန်း နေရသည်။ သာမန်လူများကဲ့သို့ လွတ်လပ်စွာ သွားလာနိုင်ခြင်း မရှိချေ။
မျှော်လင့်ချက်များ ကင်းမဲ့နေသည့်ဆရာဖြစ်သူအတွက်ဝမ်းနည်းမဆုံးပင်ဖြစ်ခဲ့ရသည်။
သခင်ကြီးဘိုင်မှာမူ ကြုံတွေ့နေကျ ဖြစ်သဖြင့် အာရုံသိပ်မထားတော့ချေ။ သူ၏ဘေးနားတွင် အမြဲအတူ ရှိေနကြသည့်ဝမ်အာနှင့် ချူးအာတို့သာ ယူကြုံးမရဖြစ်ကာ ဝမ်းနည်းနေကြခြင်း ဖြစ်သည်။
ယခုအခါတွင်မူ မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့ချေပြီ။
(ကောင်းကင်ဆန့်ကျင် ထူးခြားဆေးလုံးတဲ့ . . . ဖန်ဇီလင်ပြောတာတွေက အမှန်ရော ဟုတ်ရဲ့လား။ မှန်ပါစေလို့ပဲ ဆုတောင်းရတော့မှာပေါ့ . . .)
ဝမ်အာ၏ စိတ်ထဲတွင်တစ်ကိုယ်တည်း ရေရွတ်နေမိပါတော့သည်။