Chapter – 292
“ကောင်းကင်ဆန့်ကျင်ထူးခြားဆေးလုံး”
ရဲရှောင်၏ စိတ်တစ်ခုလုံး ပေါ့ပါးလန်းဆန်းသွားသကဲ့သို့ ခံစားနေရသည်။
အခန်းထဲသို့ စဝင်လာသည့်အချိန်မှစ၍ သခင်ကြီးဘိုင်၏ အရှိန်အဝါများအောက်တွင်ရဲရှောင်သည် မိမိကိုယ်ကို သိမ်ငယ်နေသည့်အလား ခံစားခဲ့ရသည်။
စိတ်ထဲတွင်လည်း သက်တောင့်သက်သာ မဖြစ်ခဲ့ချေ။
အဆိုပါ ခံစားချက်များအား အချိန်ကြာမြင့်စွာ ချုပ်တည်းထားမည်ဆိုလျှင် စိတ်ဒဏ်ရာ ရသွားနိုင်သည်။ ထိုဒဏ်ရာသည်ကုရခက်သော ဝေဒနာတစ်ခုဟုဆိုရလျှင်လည်း မမှားနိုင်ပေ။
သို့သော် ယခုအခါတွင်မူ သူ၏ ရင်ဘတ်ထဲရှိ စကားလုံးများအား ပွင့်ပွင့်လင်းလင်းဖြင့်ပြောခွင့်ရလိုက်ပြီ ဖြစ်သည်။
ချုပ်တည်းထားရာမှ ဖွင့်ထုတ်လိုက်ရသဖြင့် သူ၏ စိတ်သည်လည်း အဆင့်တစ်ခု တက်သွားသကဲ့သို့ လွတ်လပ် ပေါ့ပါးသွားခဲ့သည်။
သခင်ကြီးဘိုင် မျက်ခုံးများ ပင့်တက်သွားသည်အထိ အံ့သြသွားကာ ရဲရှောင်အား လူထူးလူဆန်း သဖွယ်ပင်ငေးကြည့်လျက် ရှိသည်။
ထို့ပြင်သူ၏ မျက်လုံးများထဲတွင်လည်း အနည်းငယ် စိတ်ပျက်သွားသည့်အမူအယာမျိုး ဖြစ်ပေါ်သွားသည်။
(ထင်တဲ့အတိုင်းပဲ ဒီလူက တကယ့်ကို သောက်ကျိုးနည်း မျိုးချစ်ကြီးပါလား။ ငါကတော့ သူ့ကို တစ်ယောက်ယောက် ဖြစ်နေမယ်လို့ တွေးထားခဲ့တာ။ ဒီလို စိတ်မျိုး မရှိတဲ့ လူတစ်ယောက်ယောက်ပေါ့။ ဒီလိုလူ မဟုတ်မှတော့ ငါနှစ်ပေါင်းများစွာ ရှာနေတဲ့ အရာလည်း ရှိမှာ မဟုတ်ဘူး။ စိတ်ပျက်ဖို့ကောင်း လိုက်တာကွာ . . .)
သခင်ကြီးဘိုင် ခေါင်းငုံ့သွားကာ စိတ်ပျက်လက်ပျက် ဖြစ်သွားသော်လည်းတလေးတစား အသံဖြင့် ပင် –
“ကျုပ်နဲ့ ခင်ဗျားနဲ့က အမြင်ချင်းမတူကြဘူး။ အဲ့ဒီအတွက်ခင်ဗျားပြောတဲ့ အချက်တွေကို ကျုပ်ဘက်က အထင်သေးသလို ဖြစ်မိပေမယ့်ခင်ဗျားရဲ့ ရွေးချယ်မှုနဲ့ ရပ်တည်ချက်ကိုတော့ နားလည်ပါတယ် . . .”
ရဲရှောင်လည်း ခပ်တည်တည်ဖြင့်ပင် –
“ကျေးဇူးတင်ပါတယ် ဆရာဘိုင် . . .”
ထို့နောက် သခင်ကြီးဘိုင်သည် ပြုံးလိုက်ရင်း –
“အခု ခင်ဗျားရဲ့ လာရင်းကိစ္စကို ဆက်ပြောကြရအောင်။ ခင်ဗျားဆီကနေ နိုင်ငံတွေ၊ တိုင်းပြည်တွေ၊ အိမ်တွေ အဲဒီလို အကြောင်းအရာတွေ မကြားချင်တော့ဘူး။ ကျုပ်ဘက်က ခင်ဗျားကို ယုံကြည်စေဖို့အတွက် ဘယ်လိုအရာက ခင်ဗျားကို ယုံကြည်ချက် ရှိနေစေတာလဲ ဆိုတာကို သိချင်တယ် . . .”
ရဲရှောင် ပြုံးလိုက်ကာ –
“ခင်ဗျားနဲ့ မိန်းကလေး ဝမ်အာတို့က ကျင့်ကြံမှုမှာလည်း အတုမရှိသလို အတွေးအခေါ်ပိုင်းဆိုင်ရာမှာလည်း နက်နဲကြတယ်။ ခင်ဗျားကို ကမ္ဘာပေါ်မှာ အတွေ့အကြုံ အရင့်ကျက်ဆုံး လူတစ်ယောက်လို့တောင်သတ်မှတ်လို့ ရတယ်။ ကျုပ်ရဲ့ အားကိုးရာက ထူးခြားအစွမ်းထက် ဆေးလုံးပါပဲလို့ ပြောရင် ခင် ဗျားအတွက် ရယ်စရာတော့ကောင်းနေမလားပဲ။ ထူးခြားအစွမ်းထက် အဆင့်ရှိတဲ့ ဆေးလုံးကို နတ်အဆင့် ဆေးလုံးလို့ ခေါ်ကြတယ်။ ဒါပေမယ့်ခေါ်ရုံသက်သက်ပါပဲ၊ ခင်ဗျားရဲ့ ဝေဒနာအတွက်ကတော့ အသုံးဝင်မှာ မဟုတ်ဘူး . . .”
သခင်ကြီးဘိုင်သည်ပြုံးလျက်-
“ကောင်းတယ် . . . ခင်ဗျား အဆင့် ၁ အောင်သွားပြီ။ ခင်ဗျားသာ ဒီဆေးလုံးတွေအပေါ် ယုံကြည်ချက် ရှိပါတယ်လို့သာ ပြောမိရင် ခင်ဗျားကို အနည်းဆုံးတော့ အခန်းထဲကနေ ကျုပ်မောင်းထုတ်လိုက်မိလိမ့် မယ် . . .”
အခန်းထဲမှ မောင်းထုတ်မည် ဆိုသည်ထက် ကမ္ဘာပေါ်မှ မောင်းထုတ်မည်ဟု ဆိုလိုလိုက်မှန်း ရဲရှောင် ရိပ်စားမိလိုက်သည်။
သခင်ကြီးဘိုင်၏ အပြောကြောင့်ရဲရှောင် ပြုံးလိုက် ကာ –
“ကျုပ်ကတော့ မြောက်တောင်မြောက်သွားမိတယ်။ ခင်ဗျားရဲ့ ဝေဒနာက နတ်ဘုရားတွေပေးတဲ့ နတ်အပြစ်ဒဏ်လို့ ခေါ်လို့ရမယ့်မဟာအပြစ်ဒဏ်လေ။ အဲဒါကြောင့် မော်တယ်ကမ္ဘာက ဆေးတွေနဲ့ ဘယ်လိုမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ပြန်လည် သက်သာစေတဲ့ ကျင့်ကြံမှုတွေနဲ့လည်း အဆင်ပြေလိမ့်မယ် မထင်ဘူး။ ဒါနဲ့ ခင်ဗျား ကောင်းကင်ဆန့်ကျင် ထူးခြားဆေးလုံး ဆိုတာကိုရော ကြားဖူးလား . . .”
သခင်ကြီးဘိုင်၏ မျက်လုံးများသည်အရောင်တစ်ချက် ဝင်းလက်သွားကာ –
“ကောင်းကင်ဆန့်ကျင် ထူးခြားဆေးလုံး . . . ဟုတ်လား . . .”
“ဟုတ်တယ်၊ ကောင်းကင်ဆန့်ကျင်ထူးခြား ဆေးလုံးပဲ . . .”
ရဲရှောင် ခေါင်းညိတ်လျက် ပြောလိုက်သည်။
သခင်ကြီးဘိုင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရင်း –
“အခု ခင်ဗျားကို ကျုပ် စပြီး ယုံကြည်စ ပြုလာပြီ . . .”
ဝမ်အာသည်လည်း စိတ်လှုပ်ရှားလျက် ရှိ၏။ သူမ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် နီရဲနေလေသည်။
သခင်ကြီးဘိုင်နှင့် ဝမ်အာတို့သည်တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ နှစ်ယောက်စလုံး တစ်စုံတစ်ခု သဘောပေါက်သွားကြသည့်ဟန်ပင်။
သူတို့နှစ်ဦးစလုံးသည်ထိုဆေးလုံး အကြောင်းအား ကောင်းစွာ သိထားကြသည်။
ဆေးလုံးများအား ထူးခြားအစွမ်းထက် ဆေးလုံးများအဖြစ် ပြုလုပ်နိုင်သော လူတစ်ယောက်သည် ဒဏ္ဍာရီထဲမှ ဆေးလုံးဖြစ်သော ကောင်းကင်ဆန့်ကျင် ထူးခြားဆေးလုံးကိုလည်း ပြုလုပ်ကောင်း ပြုလုပ်နိုင် ပေလိမ့်မည်။
ထို့အတွက်ကြောင့်မယုံကြည်၍ မရချေ။
သို့သော် ဖြစ်နိုင်သည့်အနေအထား ရှိသကဲ့သို့ မဖြစ်နိုင်သည့်အနေအထားလည်း ရှိနိုင်သည်ကို သခင်ကြီးဘိုင်တို့ မစဉ်းစားမိကြတော့ချေ။
ထိုဆေးသည် နှစ်ပေါင်း သောင်းချီကြာသည့်တိုင် နယ်ပယ်အားလုံးတွင် မတွေ့ခဲ့ရချေ။
ဒဏ္ဍာရီထဲတွင်သာ ကြားဖူးကြသော ဆေးလုံးပင် ဖြစ်သည်။
ရဲရှောင်ပြုံးလျက်-
“တကယ်တော့ ကောင်းကင်ဆန့်ကျင် ထူးခြားဆေးလုံးဆိုတာ နာမည်ကသာ အစွမ်းထက်တယ်လို့ ထင်ရတာပါ။ အာနိသင်ကတော့ သာမန်ပါပဲ . . .”
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက အစွမ်းထက်တဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်။ သူက လူတွေ အများကြီးကို သတ်ဖြတ်ခဲ့တယ်။ ဒါပေမယ့်သူ့ရဲ့ တစ်ဦးတည်းသော သားလေးကတော့ ကိုယ်လက်အင်္ဂါ မသန်စွမ်း ဖြစ်ပြီး သွေးကြောတွေ ပျက်ဆီးနေခဲ့တယ်။ အဲ့ဒါကြောင့်ကျင့်ကြံမှုတွေလည်း မလုပ်နိုင်သလို အသက်ရှည်ရှည်လည်း နေရမှာ မဟုတ်ဘူး . . .”
သခင်ကြီးဘိုင် ပြုံးလိုက်မိသည်။
ရဲရှောင် ပြောနေသည့် ဇာတ်လမ်းအား သူကောင်းစွာ သိနေလေသည်။
ထိုသို့ သိနေသည့်တိုင် ရဲရှောင်ပြောနေသည်ကို မတားဆီးခဲ့ပေ။
“အဲဒီလူက တကယ်ကို တော်တဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ အာရုံခံနိုင်စွမ်းနဲ့ စိတ်စွမ်းအင်အရ သူ့သားအကြောင်းကို သူသိနေတယ်။ သူ့ရဲ့ သတ်ဖြတ်မှုတွေကြောင့် သူ့သား ခံနေရတယ် ဆိုတာကို သိနေတယ်လေ။ သူ့လက်ချက်ကြောင့် လူပေါင်းများစွာ သေကြေခဲ့ရတယ်။ အဲဒါကြောင့်ပဲ သူ့သားလည်း ဆိုးဆိုးရွားရွား ခံစားနေရတာပေါ့။ နတ်ဘုရားတွေက သူ့ကို ဒဏ်ခတ်တာလေ။ ဝဋ်လည်တယ်ပဲ ပြောရမှာပေါ့ . . .”
“ဒါက မဟာအပြစ်ပေးခြင်းပဲ . . .”
သခင်ကြီးဘိုင် မှ –
“ဟုတ်တယ် . . . သာမန်လူအမြင်မှာတော့ ဒါကို ကုသလို့ မရတဲ့ ဝေဒနာ ခံစားရတယ် ဆိုပြီး သတ်မှတ်ကြလိမ့်မယ်။ ကျုပ်တို့ အမြင်မှာတော့ ဒါဟာ ကောင်းကင်ဘုံက အပြစ်ပေးတာပဲ . . .”
ရဲရှောင်မှ –
“လူတစ်ယောက်က ကိုယ်စိုက်ပျိုးခဲ့တဲ့ အရာကို ကိုယ်ပြန်ရိတ်သိမ်းရမှာပဲ။ ရှောင်လွှဲလို့ မရဘူး။ ကံကောင်းချင်ရင်တော့ အကြောင်းကြောင်းကြောင့် အဲဒီလို အပြစ်ဒဏ်ကနေ လွတ်သွားကောင်း လွတ် သွားနိုင်လိမ့်မယ်။ ဒါပေမယ့်သူ့ရဲ့ နောက်မျိုးဆက်ကတော့ မဟာအပြစ်ဒဏ်ခတ်ခံရမှာပဲ . . .”
သခင်ကြီးဘိုင် ခေါင်းညိတ်လိုက်ရင်း –
“သိပ်မှန်တာပေါ့ . . .”
ရဲရှောင်လည်း လေးနက်သော အသံဖြင့်-
“အကြောင်းအရင်း အမှန်ကို သိသွားတော့ အဲဒီ အစွမ်းထက်တဲ့ လူက သူ့သားကို ဘာနဲ့မှ ကုလို့ မရနိုင်ဘူးဆိုတာ သဘောပေါက်သွားခဲ့တယ်။ တကယ်တော့ အဲ့ဒီလို အကြောင်းအရင်းမှန်ကို မသိခင်ကတည်းက နည်းလမ်းအမျိုးမျိုးနဲ့ ကုကြည့်ခဲ့သေးတယ်။ ဒါပေမယ့်ဘယ်နည်းကမှ အလုပ်မဖြစ်ခဲ့ဘူး။ သူလည်း သူ့လုပ်ကြောင့် သူ့သားခံရတာကို သိတဲ့အခါ ဝမ်းနည်းစိတ်နဲ့ သတ်ဖြတ်မှုတွေ ဆက်မလုပ်တော့ဘူး။ ကုသနိုင်ဖို့ နည်းလမ်းကိုပဲ ရှာဖွေနေခဲ့တယ်။ နယ်ပယ်မျိုးစုံကို ခြေဆန့်သွားပြီး မရေအတွက်နိုင်တဲ့ ဒုက္ခိတတွေ ဝေဒနာသည်တွေကို ကုသပေးခဲ့ပြီး အသက်ပေါင်းများစွာ ကယ်တင်ပေးခဲ့တယ်။ အဲ့ဒီလိုကြောင့်ပဲ နတ်ဘုရားတွေလည်း စိတ်ပြောင်းသွားပုံရပါတယ်။ တစ်နေ့တော့ နယ်ပယ်တစ်ခုက မျှော်လင့်ချက် မဲ့နေတဲ့ လူနာတစ်ယောက်ကို ကုပေးနေတုန်း ထူးခြားတဲ့ နည်းလမ်းတစ်ခုနဲ့ ဆေးတစ်မျိုး ဖန်တီးဖို့ ကြိုးစားခဲ့တယ်။ သေရွာကနေတောင် ပြန်ရှင်လာနိုင်စေတဲ့ ဆေးလုံးမျိုးပေါ့။ ဒီလို လုပ်ရင်းနဲ့ပဲ သူ့သားကို ကုသနိုင်မယ့်လမ်းစကို ရှာတွေ့သွားခဲ့တယ်လေ . . .”
“အဲဒီ လူကြီးလည်း တော်တော်ကို ပျော်သွားခဲ့တာပေါ့။ နယ်ပယ်အသီးသီးက ဆေးပစ္စည်းတွေ လိုက်ပြီး စုဆောင်းနေစရာလည်း မလိုတော့ဘူးလေ။ ကောင်းကင်ဘုံရဲ့ အလိုကို ဆန့်ကျင်နိုင်မယ့်ဆေးလုံးမျိုးကို ဖန်တီးနိုင်ခဲ့တယ်။ အဲဒီဆေးက သွေးကြောရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ဝေဒနာတွေကို တဖြည်းဖြည်း သက်သာအောင် လုပ်ပေးတော့ မဟာအပြစ်ဒဏ်ကနေ တဖြည်းဖြည်း လွတ်မြောက် လာစေတော့တာပေါ့ . . .”
“ဒီဆေးအတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေကလည်း ရှာရမခက်လှပါဘူး။ တကယ်တော့ ပြဿနာ တစ်ခုပဲရှိတယ်။ ထူးခြားအစွမ်းထက် အရည်အသွေးမျိုး ဖြစ်နေဖို့တော့ လိုမယ် . . .”
“ထူးခြားအစွမ်းထက် အရည်အသွေးမျိုး မရှိရင် ကောင်းကင်ဆန့်ကျင်ထူးခြားဆေးလုံးလို့ မခေါ်နိုင်တော့ဘူး။ အချိန်ဖြုန်း ငွေဖြုန်းတာပဲ အဖတ်တင်လိမ့်မယ် . . .”
“ထူးခြားအစွမ်းထက် ဆေးလုံးတွေကို နတ်ဆေးလုံးတွေလို့ ခေါ်တယ်ဆိုတာ ဒီဆေးလုံးတွေက ချီဓာတ်ကို ပြန်ပြီး ဖန်တီးနိုင်စွမ်းရှိနေလို့ပဲ။ သာမန်ဆေးလုံးတွေက အဲ့ဒီလို အာနိသင်မျိုး မရှိဘူး။ ဒါက ပြောရရင် ကောင်းကင်ဘုံရဲ့ အလိုကို ဆန့်ကျင်လိုက်တာပဲ မဟုတ်လား။ အဲဒါကြောင့် ကောင်းကင်ဘုံက ချမှတ်လိုက်တဲ့ မဟာအပြစ်ဒဏ်ကိုလည်း ကုသပေးနိုင်ပြီး နတ်ဘုရားတွေကို ဆန့်ကျင်တာမျိုးပဲ မဟုတ်လား။ အဲဒါကြောင့်ပဲ ဒီဆေးကို ကောင်းကင်ဆန့်ကျင် ထူးခြားဆေးလုံးလို့ ခေါ်တာပေါ့။ တကယ်တော့ အဲ့ဒီဆေးမှာ တခြားအဆင့် အရည်အသွေးဆိုတာ မရှိဘူး။ ထူးခြားအစွမ်းထက် အဆင့်ပဲ ရှိတယ် . . .”
ရဲရှောင်စိတ်ရှည်လက်ရှည်ပင်ပြောပြနေပါတော့သည်။