Chapter – 290
“ဝှက်ဖဲ”
“ခင်ဗျားတို့ ၃ ယောက်က ရာဇဝင်တွင်လောက်မယ့်အလုပ်တွေကို တစ်ခုပြီးတစ်ခု လုပ်ခဲ့ကြတယ်။ အခုဆို ခင်ဗျားတို့ရဲ့ အသက်တွေက မှန်းဆလို့တောင်မရနိုင်ဘူး . . .”
ရဲရှောင်သည်ဒေါသထွက်နေသည့်ဝမ်အာအား ပြုံး၍ ကြည့်ရင်းပြောလိုက်သည်။
“သာမန်လူတွေဆို ဒီလောက် သက်တမ်းအထိ ဘယ်နေနိုင်ပါ့မလဲ။ အဲ့ဒါကြောင့်ခင်ဗျားတို့က တခြားကမ္ဘာတစ်ခုခုက ထိပ်တန်း ပညာရှင်တွေ ဖြစ်နိုင် တယ်. . .”
“ခင်ဗျားတို့ ၃ ယောက်ရဲ့ အစွမ်းတွေကိုသာ ဖွင့်ထုတ်ချလိုက်မယ်ဆိုရင်ကမ္ဘာကြီး တစ်ခုလုံးတောင် ဇောက်ထိုးမိုးမျှော် ဖြစ်သွားလောက်တယ် . . .”
“နောက်ပြီးအခုအခြေအနေတွေထက်ကို အများကြီးပိုပြီး ခင်ဗျားတို့ လုပ်နိုင်သေးတယ်ဆိုတာလည်းကျုပ်သိတယ် . . .”
“ဒါပေမယ့်ဘုရင်တွေပဲဖြစ်ဖြစ်၊ မုန်တိုင်းအိမ်တော်ပဲဖြစ်ဖြစ် နိုင်ငံတွေ၊ မင်းဆက်တွေ၊ လူတွေကို ဒုက္ခရောက်အောင် လုပ်ခဲ့ရင် မဟာအပြစ်ဒဏ် အခတ်ခံရမှာ သေချာတယ်”
“အဲ့ဒါကို တန်ပြန်သက်ရောက်မှုလို့ ဆိုရမလားပဲ . . .”
“အဲ့ဒီ သက်ရောက်မှုမျိုးကို ဆရာဘိုင်လို အလွန့်အလွန်တော်တဲ့ ဉာဏ်ကြီးရှင်၊ စွမ်းအားရှင်မျိုးတောင် မရှောင်လွှဲနိုင်ပါဘူး . . .”
“ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောပြီး ကျုပ်စကားကို နိဂုံးချုပ်ပါရစေ၊ မဟာအပြစ်ဒဏ်ကြောင့်သာ ဆရာဘိုင် ဒုက္ခိတ ဖြစ်နေရတာပဲ . . .”
ရဲရှောင်သည်သခင်ကြီးဘိုင်အား တည့်တည့်ကြည့်ရင်း ပြောလိုက်သည်။ သူ၏ မျက်လုံးများသည် လည်း လေးနက်တည်ကြည်လျက် ရှိသည်။
“ကျုပ်ပြောတဲ့ အပေးအယူသဘောမျိုး ပူးပေါင်းမယ် ဆိုတာ ဒီအချက်ပေါ် မူတည်နေတယ်။ ဆရာဘိုင်ဘက်က စိတ်ဝင်စားမှု ရှိလားမရှိဘူးလား သိချင်မိတယ် . . .”
သခင်ကြီးဘိုင်သည် တည်ငြိမ်စွာဖြင့်ရှိနေသည်။ သို့သော်သူ၏ မျက်နှာသည် အသက်မဲ့နေသည့်အလား အပြုံးအရယ်ကင်းမဲ့လျက်ရှိသည်။
ရဲရှောင်ပြောခဲ့သည့် စကားလုံးများအား နားထောင်ခြင်း မရှိသည့်အမူအယာမျိုးဖြင့်ပင်ရှိနေလေသည်။
ဝမ်အာမှ စိတ်မရှည်တော့သည့်ဟန်ဖြင့် –
“ရှင်က ပြောစရာရှိတာ ပြီးအောင်ပြောလေ။ ကျွန်မတို့ဘက်က ဘာရမှာလဲ ဆိုတာကိုလည်း ပြောဦးမှပေါ့။ အဲဒီလို မပြောဘဲ ကျွန်မတို့က ဘာကို စိတ်ဝင်စားရဦးမှာလဲ . . .”
ရဲရှောင်လည်း ဝမ်အာအား ကြည့်လိုက်ကာ –
“ကျုပ်ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။ မဟာအပြစ်ဒဏ်ပဲ ဖြစ်ဖြစ်၊ ကျင့်ကြံမှုကြောင့် ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုပဲ ဖြစ်ဖြစ်ကျုပ်ဘက်က အမြစ်ပြတ်အောင် မကုပေးနိုင်တောင် အဲ့ဒီအရာတွေကို ရင်ဆိုင်နိုင်မယ့်သေချာတဲ့ နည်းလမ်းအချို့ ကျုပ်မှာ ရှိနေတယ်။ အဲ့ဒါကြောင့်ကျုပ်ဘက်က ဆရာဘိုင်နဲ့ မိန်းကလေး ၂ ယောက်ကို ကူညီခွင့်များ ရနိုင်မလားပေါ့ . . .”
“အဲ့ဒါက ကျုပ်ရဲ့ ဝှက်ဖဲပဲ . . .”
“အခုချိန်မှာ လင်းပါအိုက အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်။ ဂိုဏ်းကြီး ၂ ခုကလည်း ကျုပ်တို့ကို အလွတ် ပေးမှာ မဟုတ်ဘူး။ ကျုပ်တို့ဘက်ကသာ သူတို့ဂိုဏ်း ၂ ခုထဲက ၁ ခုကို ဦးညွှတ်ပေးလိုက်မယ်ဆိုရင် လင်းပါအိုလည်း နဂိုအတိုင်း ရှိနေနိုင်မှာ မဟုတ်တော့ဘူး။ အဲ့ဒါကြောင့်ကျုပ်တို့အတွက်တော့ မုန်တိုင်းအိမ်တော်က နောက်ဆုံး မျှော်လင့်ချက် တစ်ခုပဲ . . .”
“ကံမကောင်းတဲ့ အချက်က ကျုပ်ရဲ့ ခံယူချက်နဲ့ မုန်တိုင်းအိမ်တော်ရဲ့ ခံယူချက်တွေက မတူဘူးလေ။ အဲဒီတော့ ပြောရရင် ကျုပ်တို့က ရန် သူတွေပေါ့။ ရန်သူတွေဆိုတော့ ပူးပေါင်းတာမျိုးကတော့ လုပ်ဖို့ မသင့်ဘူးပေါ့လေ။ ဒါပေမယ့်လည်း တစ်ကန့်စီ ထားမယ်ဆိုရင်တော့ အဆင်ပြေနိုင်မလားပဲ . . .”
ရဲရှောင် ပြုံးလိုက်ပြန်ရင်း –
“ကျုပ်ဘက်က ဒီလို မလုပ်ရင်တောင် နှစ်ထောင်နဲ့ချီတဲ့ အတွေ့ကြုံတွေအရ ဆရာဘိုင်က ဒုက္ခိတ ဖြစ်နေတာတောင် နိုင်ငံတစ်နိုင်ငံကို ကောင်းကောင်း ဖြိုခွဲပစ်နိုင်တယ်ဆိုတာ သိပါတယ် . . .”
“ကျုပ်ပြောတဲ့ ငါးဆယ်ရာခိုင်နှုန်း သေချာတယ် ဆိုတာကလည်း ခင်ဗျားရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ ပြောတာပါ။ ခင်ဗျားဘက်က ဒီလို ရှက်စရာ ဘဝမျိုးကို စောစောအဆုံးသတ်ချင်လား၊ အဆုံးမသတ်ချင်ဘူးလား ဆိုတာကိုပေါ့။ ခင်ဗျားဘက်ကသာ စိတ် ပါရင် အပေးအယူဖြစ်ပြီ။ စိတ်မပါရင်တော့ ဘာမှ မဖြစ်ခဲ့သလို ကျုပ်ပြန်ထွက်သွားပေးပါ့မယ်။ ကျုပ်အနေနဲ့ကတော့ ခင်ဗျားတို့နဲ့ ပူးပေါင်းမယ်ဆိုတဲ့မျှော်လင့်ချက်ဆုံးရှုံးသွားတာကလွဲလို့ ကျန်တာ ဘာမှ မရှိပါဘူး။ ခင်ဗျားဘက်က လက်ခံမှာလား လက်မခံဘူးလား ဆိုတာသေချာမသိသေးလို့ ကျုပ်က ၅၀ ရာခိုင်နှုန်း သေချာတယ် ပြောခဲ့တာ . . .”
ရဲရှောင် တစ်ချက် ရယ်မောလိုက်ပြန်ရင်း –
“လူတွေက အသက်ရှင်နေစဉ် ကာလအတွင်းမှာ ကိုယ့်ဒုက္ခ ကိုယ်ရှာတတ်ကြတယ်။ ကျုပ်ဒီလို နံပါတ် ၁ အခန်းထဲမှာ ရှိနေရတာလည်း ကျုပ်ဘဝအတွက် အကြီးမားဆုံး ဒုက္ခကို ရှာလိုက်တာပဲ . . .”
ဝမ်အာသည် သခင်ကြီးဘိုင်အား လှည့်ကြည့်လိုက်သည်။
သူမ၏ မျက်လုံးများထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေသည့်အလားဝေခွဲရခက်သော မျက်လုံးများဖြင့်ဆရာဖြစ်သူအား ကြည့်လျက်ရှိသည်။
အကယ်၍ ယခုကိစ္စအပေါ်တွင်သူတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့်ပြီးမည်ဆိုလျှင် ရဲရှောင်၏ တောင်းဆိုမှုအား ချက်ချင်းပင် ခေါင်းညိတ်လိုက်မည် ဖြစ် သည်။
သခင်ကြီးဘိုင် ကောင်းကင်ပြစ်ဒဏ် သက်ရောက်မှုစတင်ခံစားခဲ့ရသည့်အချိန်တုန်းက အမျိုးမျိုးသော ဝေဒနာများ ခံစားခဲ့ရသည်။ မျက်လုံးများကန်း၍ ဆွံ့အနားမကြားပင် ဖြစ်ခဲ့ရသည်။ ထိုဝေဒနာများ သက်သာစေရန်အလို့ဌာ သခင်ကြီးဘိုင်အား နည်းလမ်းမျိုးစုံသုံး၍ ကုသပေးခဲ့သည့်တိုင် မသက်သာလာခဲ့ချေ။
ထို့ကြောင့်တစ်စုံတစ်ယောက်မှ အဆိုပါ ပြစ်ဒဏ် သက်ရောက်မှုအား ကုသပေးနိုင်မည်ဟုပြောလာပါက ဝမ်အာဘက်မှ ယုံကြည်မိလိမ့်မည် မဟုတ်ချေ။ သို့သော် ယခုလာပြောနေသူမှာ ဖန်ဇီလင်ပင် ဖြစ် သည်။
ဖန်ဇီလင်သည် လင်းပါအို၏ ဧကရာဇ်ဖြစ်ပြီး ထူးခြားအစွမ်းထက် ဆေးလုံးများအား ဖန်တီးထားသူ တစ်ဦးလည်း ဖြစ်သည်။
ဖေးယွမ်ဆေးလုံး၊ အရိုးသန့်စင်ဆေးလုံး၊ ချိုးဖျက်ဆေးလုံးများနှင့် အခြားသော ဆေးလုံးများစွာမှာ သခင်ကြီးဘိုင်အတွက် အသုံးမဝင်နိုင်ချေ။ သို့သော် အဆိုပါ ဆေးလုံးများ၏ အရည်အသွေးသည်သာ ထူးခြားအစွမ်းထက်သည့် အဆင့်သို့ ရောက်သွားမည် ဆိုပါက အခြေအနေတစ်မျိုးတစ်ဖုံ ထူးခြားသွားနိုင်ပေလိမ့်မည်။ သခင်ကြီးဘိုင်သည် မရေမတွက်နိုင်သော တန်ဖိုးကြီး ဆေးလုံးများစွာ သုံးခဲ့ဖူးသည်။ ဒဏ္ဍာရီထဲမှ ရွှေဆေးလုံးကိုပင် သုံးခဲ့ဖူးလေ သည်။ သို့သော် မည်သည့်ဆေးကမျှ ထူးခြားအစွမ်းထက် အဆင့်မရှိသဖြင့် သူ့အတွက်မထူးခြားခဲ့ချေ။ ဆေး၏ အရည်အသွေးတွင် ထူးခြားအစွမ်းထက် အဆင့်သည် အဆင့်မြင့်ဆုံး အဆင့်ဖြစ်ပြီး နတ်ဆေးအဆင့်ဟုပင် ခေါ်ဆို သတ်မှတ်ထားကြသည်။
ကောင်းကင်အပြစ်ဒဏ်အား ကုသရန်မှာ နတ်ဆေးအဆင့် ဆေးလုံးဖြင့်သာ ထူးခြားပေလိမ့်မည်။
ထူးခြားအစွမ်းထက် အဆင့်ရှိ ဖေးယွမ်ဆေးလုံးလောက်နှင့် ကုသနိုင်ခြင်း မရှိသည်မှာသေချာလှ သည်။ ထိုဆေးလုံးသည်အချို့သော ဝေဒနာများကိုသာ ကုသနိုင်မည်ဖြစ်ပြီး သခင်ကြီးဘိုင်အား ကုသနိုင်ရန်အတွက်မူ အဆင့်မြင့်ဆေးတစ်မျိုးမျိုးကိုမှ ထူးခြားအစွမ်းထက်အဆင့် လိုအပ်နေခြင်း ဖြစ် သည်။
ရဲရှောင်ဆွေးနွေးလာသည့်ကိစ္စအပေါ် သူမအနေဖြင့်ဆုံးဖြတ်ချက်ချပိုင်ခွင့်မရှိသဖြင့်ဝမ်အာသည် သခင်ကြီးဘိုင်ကိုသာ ငေးကြည့်နေမိသည်။ ဆရာဖြစ်သူကိုလည်း သဘောတူစေချင်နေမိသည်။
သို့သော် နှုတ်မှ ထုတ်ဖော်၍တော့ မပြောဝံ့ချေ။
ယခုကိစ္စသည် သခင်ကြီးဘိုင် ဆုံးဖြတ်ရမည့် ကိစ္စသာ ဖြစ်လေသည်။
သခင်ကြီးဘိုင်မှာမူ တည်ငြိမ်စွာ ရှိနေတုန်းပင် ဖြစ် သည်။
ခဏအကြာတွင် သခင်ကြီးဘိုင်သည်မျက်လုံးများ မှိတ်ထားရာမှ ဖွင့်လိုက်ရင်း ရဲရှောင်အား ကြည့်လိုက်သည်။
သခင်ကြီးဘိုင်၏ အကြည့်များသည်စူးရှလွန်းသဖြင့် မြားနှစ်စင်း တစ်ပြိုင်တည်း ထွက်ပေါ်သွားသည်နှင့်ပင် တူနေပါသေးသည်။
ထိုအကြည့်စူးစူးများကြောင့်ရဲရှောင်၏ မျက်နှာတစ်ခုလုံး အပ်အစင်းပေါင်းများစွာဖြင့်ထိုးနှက်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။
သူ၏ ဝိညာဉ်တော်ကိုပင် နာကျင်သွားစေနိုင်သော ခံစားမှုမျိုး ဖြစ်သည်။
ထို့နောက် သခင်ကြီးဘိုင်သည် ရဲရှောင်ထံမှ အကြည့်ပြန်လွှဲလိုက်ပြီး သူ၏ ခြေထောက်များအား ကြည့်လိုက်သည်။
ထိုခြေထောက်များသည် လှုပ်ရှားနိုင်ခြင်း မရှိဘဲ ဆွေးမြည့်နေသော သစ်သားတုံးများကဲ့သို့ပင် ဖြစ်နေလေသည်။
သခင်ကြီးဘိုင်သည် မိမိကိုယ်ကိုအလွန်အစွမ်းထက်၍ သြဇာအာဏာ ရှိသော လူတစ်ေယာက်မှန်း သိထားသည်။
သူ၏ လက်တစ်ဖက် ဆန့်ထုတ်လိုက်ရုံဖြင့် ကမ္ဘာတစ်ခုလုံးအား စိစိညက်ညက် ကျေသွားအောင်ပင်လုပ်နိုင်သော အစွမ်းမျိုး ရှိသည်။
ထိုစွမ်းအင်များကိုသာ အကုန်အစင် ထုတ်သုံးလိုက်မည်ဆိုလျှင် လမ်းပြန်လျှောက်နိုင်စရာပင် မလိုတော့ချေ။ မည်မျှ အစွမ်းထက်သည့် လူမဆို သူ၏ရှေ့တွင်ဒူးထောက်ခစားရမည်သာ ဖြစ်သည်။
အကြည့်တစ်ချက်နှင့်ပင် လူတိုင်းအား အနိုင်ယူနိုင်သည့် အစွမ်းမျိုးလည်း ရှိသည်။
ထိုမျှသာမက သူ၏ ဘယ်ဖက်တွင် ဘယ်လက်ရုံး ဝမ်အာ ရှိနေ၍ ညာဖက်တွင် ညာလက်ရုံး ချူးအာလည်းရှိနေလေသည်။ လက်တစ်ဖက် ဝေ့ယမ်းရုံဖြင့် လေနှင့်တိမ်စိုင်များကို ရွေ့လျားနိုင်စွမ်းရှိပြီး ထိုလက်အား ဆန့်ထုတ်လိုက်သည်နှင့် ကမ္ဘာတစ်ခုလုံး သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားပေလိမ့်မည်။
အကယ်၍ လူအများသာ ထိုအကြောင်းအား သိသွားမည်ဆိုပါက အလွန်ထိတ်လန့် တုန်လှုပ်သွားကြမည်မှာ အသေချာပင်ဖြစ်သည်။ ထိုမျှထိ အစွမ်းထက်ကြောင်း သူကလွဲ၍ အခြားမည်သူမျှ မသိသေးချေ။
တကယ်လက်တွေ့တွင်ထိုထက်ပင်ပို၍ လုပ်နိုင်စွမ်း ရှိနေပါသေးသည်။
ကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမဆို ရယူပိုင်ဆိုင်နိုင်စွမ်းရှိပြီး လုပ်ချင်သလို လုပ်နိုင်သည့် အစွမ်းအစမျိုးလည်း ရှိနေသည်။
(နတ်ဘုရားတွေက ခွင့်မလွှတ်ဘူး ဟုတ်လား . . .)
သခင်ကြီးဘိုင်၏ စိတ်ထဲတွင်မကျေမချမ်းပင်တွေးနေမိသည်။
(ဘာနတ်ဘုရားလဲ . . . ငါက နတ်ဘုရားပဲ မဟုတ် ဘူးလား။ ကမ္ဘာပေါ်မှာရှိတဲ့ နယ်မြေတွေကို ဘုရင်တွေကပဲ ပိုင်ပြီး ပြည်သူတွေက ရေမြေ့သခင် ရှင်ဘုရင်တွေရဲ့ အသုံးတော်ခံတွေ ဆိုတဲ့ စကားလုံးတွေက တကယ်တော့ ရယ်စရာ ဟာသတွေပါ။ ငါကတော့ ဒီမှာ ထိုင်နေရတယ်။ ကိုယ်တိုင်ကိုယ်ကျ ဘာမှ မလုပ်နိုင်ဘူး။ ကမ္ဘာတစ်ခုလုံး တုန်လှုပ်အောင်၊ အံ့သြသွားအောင် ကိုယ်တိုင် အစွမ်းပြခွင့် မရှိပါလား . . .)
သခင်ကြီးဘိုင်သည်တစ်ကိုယ်တည်း တွေးနေမိပါတော့သည်။