Chapter – 288
“ကံဟူသည်”
ရဲရှောင်မှ –
“ကျုပ် ဒီကို ယုံကြည်ချက် ရှိလို့သာ လာတာပေါ့၊ မရှိဘဲ ဘယ်လာပါ့မလဲ”
သခင်ကြီးဘိုင်သည်ရဲရှောင်အား စိတ်ဝင်စားမှုများ ပြည့်နှက်နေသည့်မျက်လုံးများဖြင့်ကြည့်လိုက်ရင်း –
“အခု စကားတွေ အများကြီး ပြောနေလို့ အသုံးမဝင် ဘူး။ ကျုပ်ကတော့ ခင်ဗျား ဒီလောက်ထိ ယုံကြည် ချက် ရှိနေတာ ဘယ်အရာကြောင့်လဲဆိုတာ စိတ်ဝင်စားနေပြီ . . .”
“ဒါပေမယ့်ကျုပ်ကို အံ့သြအောင် လုပ်နိုင်တဲ့ အရာ ဟုတ်လား မဟုတ်ဘူးလားဆိုတာစောင့်ကြည့်ရမှာပေါ့။အေး တကယ်လို့ မဟုတ်ခဲ့ဘူးဆိုရင်တော့ ဒီနေ့က ခင်ဗျားဘဝရဲ့ နောက်ဆုံးနေ့လည်း ဖြစ်သွားနိုင်တယ်။ ခင်ဗျားအတွက်က ၅၀ ရာခိုင်နှုန်းပဲ မျှော်လင့်တယ် ဆိုပေမယ့်ကျုပ်ဘက်ကတော့ ခင် ဗျားကို တစစီလုပ်ပစ်ဖို့ ၁၀၀ ရာခိုင်နှုန်း သေချာ တယ် . . .”
“ဒီမိုးအောက်မြေပြင်မှာ ကျုပ်ရှေ့ သိပ်ပြီး ထောင် လွှားနေနိုင်တဲ့လူမျိုး မရှိသေးဘူး . . .”
“ခင်ဗျားကတော့ ခြွင်းချက်ဖြစ်လာမယ်လို့ မျှော်လင့်တာပဲ . . .”
သခင်ကြီးဘိုင်သည်ရဲရှောင်အား ကြည့်ရင်း တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ပြောနေခြင်း ဖြစ်သည်။ ထိုစကားများ ပြောနေသည့်အချိန်တွင်သူ၏ မျက်နှာ၌ ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမျိုး မရှိပေ။
ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ် ငြိမ်သက်သွားသည်။
မီးတိုင်မှ ထွက်ပေါ်နေသည့်မီးခိုးများသည်လည်း ယခင်ကကဲ့သို့ တန်းတန်းမတ်မတ်ဖြင့် လှပစွာ လွင့်ပျံနေခြင်းမျိုး မရှိတော့ဘဲ အခန်းထဲ၌ ဟိုဟိုဒီဒီ ပျံ့လွှင့်၍သာ နေတော့သည်။
သခင်ကြီးဘိုင်၏ စကားအဆုံးတွင်ရဲရှောင် ရယ်မောလိုက်ကာ –
“ကမ္ဘာကြီးက ခင်ဗျားလက်ထဲမှာပါ။ ခင်ဗျားလက် ကို ဝေ့ယမ်းလိုက်တာနဲ့ တိမ်တွေလည်းေရာက်လာ နိုင်သလို မိုးတွေလည်း ရွာလာနိုင်တယ် မဟုတ် လား။နောက်ပြီး ခင်ဗျားက နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ကိုလည်း ပြောင်းလဲနိုင်စွမ်း ရှိတယ်။ နှစ်ထောင် ပေါင်းကြာအောင်ခင်ဗျားဖြစ်ချင်တာကို ထပ်ခါတလဲလဲ လုပ်ခဲ့တယ်။ အဲ့ဒါက ခင်ဗျားအတွက် ကစားပွဲတစ်ခုလည်း ဖြစ်ချင်ြဖစ်မယ်။ ဒါပေမယ့်ခက်တာက အဲ့ဒီကစားပွဲက ခင်ဗျားအတွက်ပျော်စရာမကောင်းဘဲ ပျင်းစရာ ကောင်းနေတယ် . . .”
သခင်ကြီးဘိုင်၏ မျက်နှာသည်ကွက်ခနဲပင်ပျက် သွားသည်။ သို့သော် မည်သည့်စကားမျှ ပြန်မပြောချေ။
“အခုတော့ ကျုပ်သေချာ သိလိုက်ပြီ။ ဆရာဘိုင်ဆိုတဲ့ ခင်ဗျားရယ်၊ ဝမ်အာနဲ့ ချူးအာတို့ဆိုတာ နှစ်ထောင်ပေါင်းနဲ့ချီပြီး နိုင်ငံတွေ ပြိုကွဲအောင် လုပ်ခဲ့တဲ့ သူတွေပဲ။နောက်ပြီး ခင်ဗျားတို့က အရင်နှစ်ပေါင်း ထောင်နဲ့ချီကတည်းက အသက်ရှင်နေထိုင်ခဲ့ကြတဲ့ လူတွေ၊ အခု ခင်ဗျားတို့ လုပ်နေတဲ့ အပြုအမူတွေ အကုန်လုံးက လွန်ခဲ့တဲ့ ထောင်စုနှစ်တွေက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ တူနေတယ်။ ခင်ဗျားကို ဘယ်သူမှ ရင်မဆိုင်ဝံ့ကြဘူး ဆိုတာ ကျုပ်သိပါတယ်။ ဒါပေမယ့်အခုအခြေအနေထက် ခင်ဗျား ပိုပြီး အင်အားကြီးသင့်တယ် . . .”
“ခင်ဗျား ဒီလို အကြိမ်ကြိမ် လုပ်နေတာ အကြောင်းတစ်ခုခုတော့ ရှိလိမ့်မယ် . . .”
“အခုလိုတွေ ဖျက်ဆီးနေရတာကို ခင်ဗျားအနေနဲ့ ပျော်ရွှင်ေနတာတော့ မဟုတ်ဘူး၊ အင်းပျင်းတောင် ပျင်းနေဦးမယ်ထင်တယ် . . .”
“အဲဒါကြောင့်ပဲ မုန်တိုင်းက ဖရိုဖရဲ မဖြစ်စေသလို သိုင်းလောက ကမ္ဘာကြီးကလည်း ကမ္ဘာတစ်ခု မဟုတ်ဘူးလို့ ခင်ဗျား ပြောခဲ့တာပေါ့ . . .”
ထိုစကားလုံးများအား ရဲရှောင်သည် ပြီးပြီးရောဖြင့်မြန်မြန်သွက်သွက် ပြောနေခြင်းမျိုးမဟုတ်ဘဲ စကားလုံးတစ်လုံးချင်းစီအား စဉ်းစားရင်းဖြင့်ပီပီသသ ပြောနေခြင်း ဖြစ်သည်။
သခင်ကြီးဘိုင်သည် ရဲရှောင်ပြောနေသည့်စကားများအား တိတ်ဆိတ်စွာပင် ထိုင်လျက် နားထောင်နေလေသည်။ ကြားဖြတ် ဝင်ပြောခြင်းမျိုး မရှိချေ။
မီးတိုင်မှ ထွက်ပေါ်နေသည့်မီးခိုးငွေ့များသည် လည်း သူ၏ မျက်နှာအား ဖုံးလွှမ်းသွားသည်။ ထိုပုံစံသည်အခိုးအငွေ့များကြားထဲတွင်ရှိနေသော ပုံရိပ် ယောင် တစ်ခုနှင့်ပင် တူနေပါသေးသည်။
အကယ်၍ လေတစ်ချက်သာ တိုက်ခတ်သွားမည် ဆိုပါက ထိုပုံရိပ်ယောင်သည်အခိုးအငွေ့များကဲ့သို့ပင်လေနှင့်အတူ လွင့်ပြယ်သွားတော့မည့် ပုံပင်။
သခင်ကြီးဘိုင်ဘက်မှ သေချာနားစိုက်၍ ထောင်နေသည်မှာ သေချာလှသည်။ ရဲရှောင်ပြောသည့် အကြောင်းအရာများအား မမှတ်ရမရှိလေအောင်ပင် နားထောင်နေခြင်း ဖြစ်သည်။
ရဲရှောင်သက်ပြင်းတစ်ချက်ချလိုက်ရင်း –
“နိုင်ငံတစ်ခုကို ဖြိုခွဲတယ်၊ အထူးသဖြင့် ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားအောင် လုပ်ရတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး . . .”
“ခင်ဗျားမှာလည်း လုပ်ကိုလုပ်ရမယ့်အကြောင်းပြချက်တစ်ခုခု ရှိကောင်းရှိမှာပေါ့။ ဒါပေမယ့်အဲ့ဒီလုပ်ရပ်က ပျော်စရာကောင်းတဲ့ လုပ်ရပ်တော့ မဟုတ် ဘူး . . .”
“နောက်ပြီး လူ့အသက်တွေအများကြီးကို စတေးပစ်နေတာ နတ်ဘုရားတွေရဲ့ အလိုကို ဆန့်ကျင်နေတာနဲ့ အတူတူပဲ။ ခင်ဗျားတို့ လုပ်ရပ်ကြောင့်ကပ်ဘေးတွေကို ဖြစ်ပေါ်စေတယ်။ သွေးချောင်းတွေ စီးကြရတယ်။ အပြစ်မဲ့တဲ့သူတွေ သေကြပျက်စီးကြရတယ်။ အဲ့ဒီအတွက်ခင်ဗျားလည်း ထိုက်တန်တဲ့ ပေးဆပ်မှု တစ်ခုခုတော့ ပြန်ပေးဆပ်ရမှာပဲ။ ကမ္ဘာကြီးတစ်ခုလုံးရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမှ မဟုတ်တာ။ ဒါပေမယ့်ခင်ဗျားကတော့ ထပ်တလဲလဲ လုပ်ခဲ့တယ် . . .”
ရဲရှောင် ခေါင်းမော့လိုက်ရင်း သခင်ကြီးဘိုင်အား ကြည့်ကာ –
“အခု ကျုပ်ပြောနေတာတွေကို ခင်ဗျား သေချာနားထောင်နေလား နားမထောင်ဘူးလား ဆိုတာတော့ ကျုပ်လည်း သေချာမသိဘူး . . .”
သခင်ကြီးဘိုင်၏ မျက်နှာသည် ယခင်ကဲ့သို့ တည် တည်ငြိမ်ငြိမ် မရှိတော့ချေ။ ပြိုတော့မည့်မိုးကဲ့သို့ ပျက်ယွင်းသထက် ပျက်ယွင်းလာခဲ့သည်။ သို့သော် စကားတစ်ခွန်းမျှမပြောချေ။ သူ၏ရှေ့တွင်ရှိသော မီးတိုင်အားတွေတွေကြီးဖြင့်သာ စိုက်ကြည့်နေရင်း အကြည့်များသည်အေးစက်နေခဲ့သည်။
ယခုကဲ့သို့ အခြားလူတစ်ယောက်၏ အကြည့်အား ရှောင်လွှဲလိုက်ခြင်းမှာ သခင်ကြီးဘိုင်အဖို့ ပထမဦးဆုံးအကြိမ်ဟု ဆိုရပေမည်။
သူ၏ ဘဝတွင်တစ်ကြိမ်တစ်ခါမျှ အကြည့်လွှဲရိုး ထုံးစံ မရှိခဲ့ပေ။ ယခုအကြိမ်တွင်မူ ထိုသို့ မဟုတ်တော့ချေ။ သခင်ကြီးဘိုင်၏ စိတ်ထဲတွင် နှစ်ပေါင်း ထောင်နှင့်ချီ၍ သူဖျက်ဆီးခဲ့သည့် အရာများအား ပြန်မြင်ယောင်နေမိသည်။ ထို့ပြင်သူ၏ လက်ချက်ကြောင့် သေဆုံးသွားရသည့် လူများမှာ များပြားလွန်းသဖြင့် ငရဲတွင်ပင် မဆန့်လောက်ဟုတွေးနေမိသည်။
ထို့ကြောင့်သူ၏ ဘဝတွင်ပထမဦးဆုံးကြိမ်အဖြစ် တစ်ဖက်လူ၏ အကြည့်အား ပြန်လည်ရင်ဆိုင်၍ မကြည့်ရဲအောင်ပင်ဖြစ်နေမိသည်။
သခင်ကြီးဘိုင်၏ မျက်လုံးများသည်တည်တည်ငြိမ်ငြိမ်ဖြင့်ပင်ရှိနေသေးသော်လည်း ရင်ထဲတွင်မူ တုန်လှုပ်၍ ဗလောင်ဆူနေလျက်ရှိသည်။
ဝမ်အာလည်း ဆရာဖြစ်သူ၏ အမူအယာများကြောင့်မနေသာတော့ဘဲ ရဲရှောင်အား ပြုံး၍ ကြည့်လိုက်ကာ –
“ရှင်မှားနေပြီ ဖန်ဧကရာဇ် . . .”
ရဲရှောင် အံ့ဩသွားသည့်အမူအယာဖြင့်-
“ဟင် . . . ဟုတ်လား၊ ပြောစမ်းပါဦးဗျာ ဘယ်နားကမှားနေတာလဲ . . .”
ဝမ်အာသည်တည်ငြိမ်စွာဖြင့်-
“လူတစ်ယောက်ရဲ့ ဘဝက သေတာနဲ့ ရှင်တာ နှစ် မျိုးပဲရှိတယ်။ ဖြစ်ပြီးရင် ပျက်၊ ပျက်ပြီးရင် ဖြစ်မှာပဲလေ။ နိုင်ငံတစ်နိုင်ငံ ပျက်သုဉ်းသွားတော့လည်း နောက်ထပ်နိုင်ငံ တစ်နိုင်ငံ ထပ်ဖြစ်လာမှာပေါ့။ ဘုရင်တွေ ဆိုတာကလည်း သူတို့ရဲ့ အကျိုးစီးပွားအတွက် လူပေါင်း မရေမတွက်နိုင်အောင် သတ်နေကြတာပဲ။ သူတို့ကြောင့် ကမ္ဘာကြီးမှာ စစ်ပွဲတွေ ဖြစ်နေကြရ တယ်။ ဒါဆို ပြည်သူတွေကရော . . . သူတို့ကတော့ အပြစ်မဲ့တဲ့သူတွေပါ။ ဒါပေမယ့်သူတို့ကရော ဘာတတ်နိုင်ကြမှာလဲ။ သူတို့ လုပ်နိုင်တာဆိုလို့ ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲဆိုပြီး လက်ခံလိုက်ကြဖို့ပဲ ရှိတယ်။ မုန်တိုင်းပြီးရင်တော့ လေပြည်က လာစမြဲပါ။ အဲ့ဒီစကားကတော့ အမှန်တရား တစ်ခုပဲ မဟုတ်လား . . .”
“ဒီလိုပဲ ထပ်တလဲလဲနဲ့ အမြဲတမ်း ဖြစ်ပျက်နေကြမှာပဲ . . .”
“နောက်လည်း ဆက်ပြီး ထပ်ခါထပ်ခါ ဖြစ်နေဦးမှာပဲ၊ ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး။ နိုင်ငံတွေ ဘုရင်တွေ ရှိနေသရွေ့ စစ်ပွဲဆိုတာတွေလည်း ဖြစ်နေဦးမှာ . . .”
“စစ်ပွဲကြောင့်လူတွေ တောင်ပုံရာပုံ သေကြေပြီး အနိုင်ရသွားတဲ့လူက သူရဲကောင်းတဲ့လား၊ ဘယ် သူ့အတွက် အကျိုးရှိမှာလဲ . . .”
“သာမန်ပြည်သူတစ်ဦးက ကိုယ့်ကြမ္မာကိုယ် ဖန် တီးနိုင်စွမ်း ရှိလို့လား။ စစ်ပွဲ ဖြစ်တာနဲ့ အိမ်တွေ ဖျက်ဆီးခံရမယ်၊ ဇနီးမယားတွေ၊ သားသမီးတွေအားလုံး သေဆုံးကြရမယ်၊ ဒီကိစ္စကို ဘယ်သူတာဝန် ယူပေးနိုင်မှာလဲ။ သူတို့အတွက် ဘယ်သူကများ တရားမျှတမှု ရယူပေးနိုင်မှာလဲ . . .”
ရဲရှောင် တစ်ခုခုပြောမည့် ဟန်ပြင်လိုက်သော်လည်း ဝမ်အာမှပင်ဆက်လက်၍ –
“ဖန်ဧကရာဇ် . . . ကောင်းကင်ဘုံရဲ့ အလိုဆန္ဒတွေ တရားမျှတမှုတွေဆိုတာ အာဏာရဖို့အတွက် ဆင်ခြေပေးနေကြတာတွေပါ . . .”
“အာဏာရလာတဲ့ လူတွေကလည်း သူတို့ကိုယ်သူတို့ တရားမျှတမှုအတွက်လို့ပဲ ခံယူထားကြတာ”
“သူတို့ကတော့ ပြောမှာပေါ့၊ နှစ်ပေါင်းထောင်နဲ့ချီပြီး တရားမျှတမှု ရှိရှိနဲ့ အုပ်ချုပ်ပေးပါမယ် ဆိုပြီးလေ။ ဒါပေမယ့်နောက်ဆုံးတော့လည်း သေကြရတာပါပဲ . . .”
“သူတို့ ပါးစပ်က ထွက်လာတဲ့ စကားလုံးတွေ အားလုံးက ဆင်ခြေပေးဖို့ အတွက်ချည်းပဲ။ အမှန်တကယ်တော့ သူတို့က ရာထူး၊ အာဏာ၊ အကျိုးအမြတ်ကလွဲပြီး ကျန်တာ စိတ်မဝင်စားကြဘူး . . .”
ဝမ်အာ၏ အသံသည်ဓားသွားများအလား ပြတ်သား ထက်ရှလှသည်။
“ပြည်သူတွေဆိုတာ ဘုရင်အပါအဝင် အာဏာရှိသူတွေရဲ့ လက်ခုပ်ထဲက ရေလိုပဲ။ ပြည်သူတွေကို ခုတုံးလုပ်ပြီး သူတို့ လုပ်ချင်တာကို လုပ်ကြတယ်၊ လိုချင်တာကို ယူကြတယ် . . .”
“ပြည်သူတွေရဲ့ ကံဆိုးမိုးမှောင်ကျမှုက ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး . . .”
“ဒါက ကမ္ဘာကြီးမှာ တကယ်ဖြစ်ပျက်နေတဲ့ အရာတွေ . . .”
“ပြည်သူတွေ တကယ်ခံစားနေကြရတယ်. . .”
“ဘုရင်တိုင်းလိုလို လုပ်နေတဲ့ အရာတွေပဲ . . .”
“မိုးအောက်မြေပြင်က နယ်မြေအသီးသီးမှာ ဖြစ်နေတဲ့ အရာတွေ . . . အဲ့ဒီ အရာတွေက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး . . .”
တရစပ်ပြောဆိုလိုက်ပြီးနောက်ဝမ်အာသည်သူ၏လေသံအား ရုတ်တရက် လျော့ချလိုက်ပြီး –
“ဒါကို လက်ခံလား ဖန်ဧကရာဇ် . . .”
ရဲရှောင် လေးနက်သော အသံဖြင့် –
“မင်းမှာ လေးနက်တဲ့ အတွေးအခေါ် ရှိနေတာပဲ မိန်းကလေး။ မင်းပြောသွားတာတွေကို ငါလက်ခံပါတယ်။ ဒါပေမယ့််နိုင်ငံတစ်ခု ဖြစ်ပေါ်လာတာတွေ၊ ကျရှုံးသွားတာတွေ၊နောက်ပြီး ကံကောင်းခြင်း ကံဆိုးခြင်းတွေ အကုန်လုံးမှာ အကြောင်းပြချက်တွေ ရှိနေတယ်။ ကံကောင်းတဲ့ နိုင်ငံ ဆိုတာလည်း ရှိနိုင်တာပဲလေ။ ဥပမာ သစ္စာရှိတဲ့ လူတွေ ရထားတဲ့ နိုင်ငံပေါ့ . . .”
“ဟဲဟဲ . . .”
ဝမ်အာ ခနဲ့တဲ့တဲ့ပင်ရယ်မောလိုက်သည်။
“ကံကောင်းတယ် ဟုတ်လား၊ ဘယ်လိုကံကောင်းတာလဲ ပြောပါဦး . . .”
ရဲရှောင် ပြုံးလိုက်မိသည်။
ရှောင်ဧကရာဇ်အတွက်အဆိုပါ မေးခွန်းအား ပြန်ဖြေရန်အတွက်ခက်ခဲနိုင်သော်လည်း စစ်သူကြီးသားဖြစ်သူ ရဲရှောင်အနေဖြင့်မူ အနည်းငယ်ပြန်ဖြေနိုင်စွမ်း ရှိလေသည်။ သို့သော် ကံဆိုသည့် အရာအား အသေအချာ သိရှိနားလည်၍ ကံကောင်းစေရန်နှင့်ကံဆိုးစေရန်လုပ်နိုင်စွမ်းရှိသူများ၏ရှေ့တွင်မူ ရဲရှောင်အနေဖြင့် ပါးစပ်ပိတ်နေခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
“အရာအားလုံးက အာဏာရဖို့နဲ့ အကျိုးအမြတ်ရဖို့တွေချည်းပါပဲ . . .”
ဝမ်အာ ခပ်တိုးတိုးပင် ပြောလိုက်သည်။ သူမ၏ မျက်နှာမှာလည်း အေးချမ်း တည်ငြိမ်လျက်ရှိသည်။ သို့သော် နှုတ်မှ ထွက်ကျလာသည့်စကားလုံးများမှာမူ အေးစက်စက်နိုင်လှသည်။ နတ်ဘုရားမတစ်ဦးမှ ပုရွတ်ဆိတ်လေးများအား ငုံ့ကြည့်နေသည့်မာန်မျိုးပင်ဖြစ်နေပါတော့သည်။