Chapter – 285
“အနီရောင်သွေး”
ရဲရှောင်ဘက်မှ စကားအရာ လိမ္မာပါးနပ်စွာဖြင့်ပြောလိုက်ခြင်း ဖြစ်သည်။ အစပိုင်းတွင်သခင်ကြီးဘိုင်နှင့် တွေ့ခဲ့ဖူးသည်ကို ငြင်းဆန်လိုက်သော်လည်း တစ်ချိန်တည်းမှာပင် မြောက်ပင့်၍လည်း ပြောဆို လိုက်သည်။ ထိုသို့လုပ်ရခြင်းမှာ သခင်ကြီးဘိုင်ကဲ့သို့ အစွမ်းထက်သော လူတစ်ယောက်၏ ညိုညင်မှုအား မခံချင်ကြောင်း ပြသလိုက်ခြင်းဖြစ်ပြီး သူ့အား စိတ်ကွက်သွားမည်ကိုလည်း စိုးရိမ်သည့်ပုံစံ ဖမ်း လိုက်ခြင်း ဖြစ်သည်။
ထို့နောက် ရဲရှောင် ပြုံးလိုက်ပြန်ရင်း –
“ဒီကောင်ဇဝေဇဝါနဲ့ ဘာမှ မမှတ်မိဘူးဆိုပြီး ကျုပ် ကိုတော့ လှောင်မနေနဲ့ဦး၊ ကျုပ်က တစ်ခုခုဆို စွဲစွဲမြဲမြဲ မှတ်မိနေလေ့ ရှိတယ်ဗျ။ ရှင်းရှင်းပြောရရင်ကျုပ်ကိုကျုပ် ကမ္ဘာပေါ်မှာ မှတ်မိနိုင်စွမ်း အရှိဆုံးလူလို့တောင် သတ်မှတ်ထားတာ။ သာမန်အားဖြင့် ကျုပ်တစ်ယောက်ယောက်နဲ့ ဆုံခဲ့မိရင် အဲဒီလူကို ဘယ်တော့မှ ဝိုးတဝါး ဖြစ်မနေဘူး၊ သေသေချာချာကို မှတ်မိတယ်။ အဲဒါကြောင့် အရင်ကသာ ခင်ဗျားနဲ့ ဆုံဖူးတယ်ဆို ကျုပ်ဘယ်မေ့နိုင်ပါ့မလဲ”
“ဒါပေမယ့်ကျုပ်စိတ်ထဲမှာလည်း ခင်ဗျားကို သိသလိုလို ဖြစ်နေပြန်တယ်။ ဘယ်နားမှာ ဆုံဖူးလဲ ဆိုတာကိုသာ မမှတ်မိဘူး ဖြစ်နေတာ။ တော်တော်ကို ထူးဆန်းတာပဲ။ ခင်ဗျားဘက်က ကျုပ်ကိုတွေ့ဖူးမှာပါလို့ပြောခဲ့တယ်နော်။ အဲ့ဒါဆိုလည်း သဲလွန်စလေး ဘာလေး နည်းနည်းလောက် ပေးပါလားဗျာ။ ဒါဆို ကျုပ်ပြန်ပြီး မှတ်မိချင် မှတ်မိသွားမှာပေါ့ . . .”
ရဲရှောင်သည် အလွန်အမင်း စဉ်းစားရခက်နေသည့် ပုံစံမျိုး ဖမ်းထားလေသည်။
သခင်ကြီးဘိုင်ပင်ရဲရှောင်၏ အမူအရာကြောင့်တခဏမျှ စဉ်းစားသည့်ပုံ ဖြစ်သွားခဲ့သည်။ ထို့နောက်ထိုကိစ္စအား ဆက်ပြောလိုသည့်ဟန်မရှိတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်ကို ရဲရှောင်သတိပြုမိလိုက်သည်။
“ဖန်ဧကရာဇ် . . . မုန်တိုင်းက ဖရိုဖရဲ မဖြစ်စေသလို သိုင်းလောက ကမ္ဘာကြီးကလည်း ကမ္ဘာတစ်ခု မဟုတ်ဘူးလို့ ခင်ဗျား ပြောခဲ့တယ်နော်။ အဲ့ဒီစကားလုံးတွေကို ခင်ဗျား ဘယ်ကနေ သိခဲ့တာလဲ။ အဓိပ္ပါယ်ကရော ဘာကိုဆိုလိုတယ်ဆိုတာကိုရော သိလား . . .”
အလွန်အရေးကြီးသော အချိန်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရဲရှောင်ရိပ်မိလိုက်သည်။
အကယ်၍ သူ့ဘက်မှ ကျေနပ်လောက်သည့် အဖြေမျိုး မပေးနိုင်ခဲ့လျှင် အခန်းထဲမှပင်ကန်ထုတ်ခံရနိုင်သည့်ကိန်း ရှိလေသည်။ ထိုကဲ့သို့ ကန်ထုတ်မခံရလျှင်လည်း အသက်ခံရနိုင်ဖွယ်ရှိသည်။ တစ်ခုမဟုတ်တစ်ခု အလုပ်ခံရမည်မှာ သေချာသလောက်ပင် ဖြစ်သည်။ ထို့ကြောင့် စကားအမှားခံဘဲ သခင်ကြီးဘိုင်ကျေနပ်လောက်မည့်အဖြေမျိုးကိုသာ ပေးရမည် ဖြစ်ေပသည်။
ရဲရှောင် တခဏမျှ တွေးလိုက်သည့်ဟန်ဖြင့် –
“ကျုပ် တစ်စုံတစ်ယောက်နဲ့ တွေ့ခဲ့တယ် . . .”
ရဲရှောင် ထိုမျှထိသာ ပြောလိုက်ပြီး ခေတ္တခဏနားလိုက်သည်။ သို့သော် မည်သူမျှ သူ့အား ဆက်မမေး ကြချေ။
သခင်ကြီးဘိုင်နှင့် ဝမ်အာတို့သည် တိတ်ဆိတ်စွာ ပင် နားထောင်နေလျက် ရှိပြီး ရဲရှောင် ဆက်ပြောလာမည့် စကားအား စောင့်နေကြသည်။
ရဲရှောင်သည်သူခဏတာမျှ စကားပြော ရပ်လိုက်ပါက သခင်ကြီးဘိုင်တို့ဘက်မှ “အဲ့ဒီလူက ဘယ်သူလဲ” ဟု သိချင်ဇောဖြင့်ငမ်းငမ်းတက်ဆက်မေးလာမည်ဟုပင်မျှော်လင့်ထားခဲ့မိသည်။ တစ်စုံတစ်ယောက်မှ အကြောင်းအရာ တစ်ခုခုအား ပြောနေရင်း ဖြင့်ရပ်လိုက်ပါက နားထောင်နေသည့် သူများသည် “နောက်တော့ရော ဘာဆက်ဖြစ်လဲ” ဆိုသည့် မေးခွန်းများအား မေးလေ့ ရှိကြသည်။ ပြောဆိုသည့် အကြောင်းအရာမှာ စိတ်ဝင်စားစရာကောင်းလျှင် ကောင်းသလောက် မေးမြန်းကြမည်သာ ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ မည်သူမျှ အရေးတယူပြု၍ မမေးကြချေ။ ထိုကြောင့်ရဲရှောင်လည်း အိုက်တင်ဆက်မခံဝံ့တော့ဘဲ ဆက်၍သာပြောလိုက်ရသည်။
“သူ့နာမည်က အနီရောင်သွေး လို့ခေါ်တယ် . . .”
“အနီရောင်သွေးတဲ့လား . . .”
သခင်ကြီးဘိုင် တီးတိုး ရေရွတ်လိုက်သည်။
ဝမ်အာမှာလည်း ထိုနာမည်ကြားလိုက်သည်နှင့်ပါးစပ် အဟောင်းသားဖြင့်ပင်ရဲရှောင်အား ကြည့်နေလေသည်။
“သူနဲ့ ကျုပ်နဲ့ကအတော်ကြာကြာ အလုပ်တွဲလုပ်ဖူးတယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေလို့ပဲ ဆိုရမှာပေါ့။ တစ်နေ့တော့ သူ့ကို လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်က သတ်လိုက်တယ်။ ဒါပေမယ့်သူမသေခင် ကျုပ်ကို တစ်ခုပြောသွားခဲ့တယ်လေ . . .”
ရဲရှောင် အလွန်အမင်း စိတ်မကောင်းဖြစ်နေသည့်ဟန်ဖြင့် ပြောလိုက်သည်။
စကားအဆုံးတွင်သခင်ကြီးဘိုင် မျက်မှောင်ကြုတ် သွားသည်။
ဝမ်အာသည်လည်း မျက်စိပျက်မျက်နှာပျက်ဖြင့်-
“သူဘာပြောခဲ့တာလဲ . . .”
နောက်ဆုံးတွင်မူ ရဲရှောင်လိုချင်ခဲ့သည့်အတိုင်း တစ်ဖက်မှ သိချင်ဇောဖြင့်မေးလာခဲ့လေပြီ။
ရဲရှောင်ခေါင်းတယမ်းယမ်းဖြင့်သက်ပြင်းချလိုက်ရင်း –
“တစ်နေ့မှာ သူ့ဆရာနဲ့ ကျုပ် ဆုံခဲ့ရင်တဲ့ မုန်တိုင်းက ဖရိုဖရဲ မဖြစ်စေသလို သိုင်းလောက ကမ္ဘာကြီးက လည်း ကမ္ဘာတစ်ခု မဟုတ်ဘူး ဆိုတဲ့ စကားကို ပြောပြလိုက်ပါတဲ့။ အဲဒီတုန်းက ကျုပ်က နားမလည်ခဲ့မိဘူး . . .”
ဝမ်အာသည် စိတ်လှုပ်ရှားနေ၍ ယခင်ကကဲ့သို့ တည်တည်ငြိမ်ငြိမ် မဟုတ်တော့ချေ။ သခင်ကြီးဘိုင်မှာမူ တည်ငြိမ်စွာ ရှိနေတုန်းပင်ဖြစ်သည်။ သို့သော်မျက်မှောင် ကြုတ်ထားဆဲပင် ဖြစ်သည်။
ရဲရှောင်မှ –
“သူပြောတဲ့ စကားအဓိပ္ပါယ်ကိုတင်မကဘူး သူ့ဆရာက ဘယ်သူလဲ ဆိုတာကိုပါ ကျုပ်မသိခဲ့ဘူး။ အဲဒါကြောင့် ကျုပ်လည်း နားရှုပ်သလို ဖြစ်နေခဲ့တာ။ ဒီနေ့တော့ မုန်တိုင်းအိမ်တော်ဆိုတာကို တွေ့လိုက်ရတယ်လေ။ အဲဒီတော့ ကျုပ်လည်း သူ့ဆရာက ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေနိုင်တဲ့ သခင်ကြီးဘိုင်လို့ ထင်မိသွားတယ်။ ကျုပ်ပြောတာ မှန်ရဲ့လား . . .”
သခင်ကြီးဘိုင်သည် ရဲရှောင်၏မေးခွန်းအား ပြန်မဖြေဘဲ မတုန်မလှုပ်ဖြင့်သာနေနေလေသည်။
သို့သော်သူ၏ မျက်လုံးများမှာမူ ယခင်ကထက်ပင်ပို၍ စူးရှတောက်ပနေကာ မီးတိုင်မှ ထွက်ပေါ်နေ သည့် အငွေ့များအား ငေးကြည့်လျက် ရှိသည်။
ဝမ်အာသည်လည်း အဓိပ္ပါယ်ဖော်ရခက်သည့်မျက်နှာမျိုးဖြင့်သာ ရှိနေသည်။
သူမသည် လွန်ခဲ့သော နှစ်များစွာက တစ်စုံတစ်ယောက်အကြောင်း စဉ်းစားနေသည့်ဟန်ပင်။
အမှန်တကယ်တွင်အနီရောင်သွေး ဆိုသည်မှာ နာမည်အပြည့်အစုံ မဟုတ်သေးချေ။
ထိုလူ၏ နာမည်အပြည့်အစုံမှာ အနီရောင်သွေးမှုန် ဟူ၍ဖြစ်သည်။
အစောပိုင်း ရာစုနှစ်များစွာတွင်အနီရောင်သွေးမှုန် သည် သခင်ကြီးဘိုင်အတွက် အလုပ်လုပ်ပေးခဲ့သည့်လူတစ်ဦး ဖြစ်သည်။ ထိုလူသည်ချူးအာနှင့် အတူတူတွဲ၍ လုပ်ကိုင်ခဲ့ပြီး မုန်တိုင်းအိမ်တော်၏ အရေးပါ အရာရောက်သော လူတစ်ဦးပင် ဖြစ်ခဲ့ သည်။
သို့သော် မုန်တိုင်းအိမ်တော်သည် ယခင်က ပြိုကွဲသွားခဲ့ရသည့်အတွက်လူများသည်လည်း ဆိုင်ရာ နေရာအသီးသီးသို့ ပြန်သွားခဲ့ကြသည်။
သခင်ကြီးဘိုင်သည်မုန်တိုင်းအိမ်တော်အား မော်တယ်ကမ္ဘာတွင် ပြန်လည် တည်ထောင်သည့်အချိန်၌ ထိုလူများအား ပြန်လည်ရှာဖွေရန် ကြိုးစားခဲ့သည်။ သို့သော် အချိန်ကြာမြင့်သွားပြီ ဖြစ်သည့်အတွက် မတွေ့ရတော့ချေ။
ယခုအခါတွင်သူ၏ လူအကြောင်း ပထမဆုံးအကြိမ်အဖြစ် ကြားလိုက်ရပြီ ဖြစ်သည်။ သို့သော် ထိုလူသည် သေဆုံးသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအကြောင်းအား ပြောပြသူမှာလည်း လေလံခန်းမ၏ ဧကရာဇ် ဖြစ်သော ဖန်ဇီလင် ဖြစ်နေလေ သည်။
သခင်ကြီးဘိုင်သည်ထိုစကားစုအား အရေးကြီးဆုံး အချိန်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးအခေါက် ကမ္ဘာကြီး ဖရိုဖရဲဖြစ်အောင် လုပ်သည့် အချိန်တွင်ကောင်းကင်ထက်တွင် ကောင်းကင်လျှို့ဝှက်ရတနာ၏ အလင်းရောင်အား မြင်တွေ့ခဲ့ရသည်။ ထိုအခါ “မုန်တိုင်းက ဖရိုဖရဲ မဖြစ်စေသလို သိုင်းလောက ကမ္ဘာကြီးကလည်း ကမ္ဘာတစ်ခု မဟုတ်ဘူး” ဟူ၍ ပြောခဲ့သည်။
ထိုအခေါက်သည် သူ၏ ကြိုးစားမှုနောက်ဆုံး အခေါက်ဖြစ်ပြီး အောင်မြင်မည်ဟုပင် တထစ်ချ ယုံကြည်ခဲ့မိသည်။
ထိုစကားလုံးများ ရေရွတ်သည့် အချိန်တွင် မုန်တိုင်းအိမ်တော်၏ အဆုံးသတ် နေ့တစ်နေ့ ရောက်ပြီဟုလည်း တွေးခဲ့မိသည်။
မုန်တိုင်းအိမ်တော်အဆုံးသတ်သွားသည်နှင့်သူ လည်း သူ၏ မူလနေရာသို့ ပြန်သွားနိုင်တော့မည်ဟုပင် တွေးမိလိုက်ခဲ့သည်။
ကောင်းကင်လျှို့ဝှက်ရတနာအား ရရှိပြီး ထိုရတနာကိုသာ ထိန်းချုပ်နိုင်သွားမည် ဆိုပါက သိုင်းလောက ကမ္ဘာကြီး ဆိုသည်မှာ သူ့အတွက် ကမ္ဘာကြီးဟုပင်ယူဆစရာ မလိုတော့ချေ။ အဘယ်ကြောင့်ဆိုသော် စကြဝဠာ တစ်ခုလုံးကိုပင် လွှမ်းမိုးနိုင်တော့မည့် လူတစ်ယောက်အဖို့ သိုင်းလောကကမ္ဘာတစ်ခုဆိုသည်မှာ ပမွှားပင် မဟုတ်ပါလော။
ထိုစကားလုံးများ ပြောပြီးသည်နှင့် မုန်တိုင်းအိမ်တော်အဖွဲ့ကိုလည်း ဖျက်လိုက်သည်။ ရတနာကို ယူပြီး နေရပ်သို့ ပြန်တော့မည်ဖြစ်သောကြောင့် ဖြစ် သည်။
သို့သော် မမျှော်လင့်ဘဲ ရတနာအား လက်လွှတ်ခဲ့ရပြန်သည်။ ထို့ကြောင့် မုန်တိုင်းအိမ်တော်အား ပြန်လည်တည်ထောင်၍ ကမ္ဘာကြီးအား ထပ်မံ၍ ဖရိုဖရဲဖြစ်စေရန် ပြုလုပ်ရပေဦးမည်။
မုန်တိုင်းအိမ်တော်အဖွဲ့ ဖျက်သိမ်းသည့်နေ့တွင်သခင်ကြီးဘိုင်ပြောသည့် စကားလုံးများအား မုန်တိုင်းအိမ်တော်၏ အရေးပါအရာရောက်သော သူများအားလုံး ကြားခဲ့ကြသည်။
နေရပ်သို့ အသီးသီး ပြန်သွားခဲ့ကြသည့်တိုင် ထိုစကားစုကိုမူ မမေ့လျော့ကြချေ။
သခင်ကြီးဘိုင် ပြောခဲ့သည့် “မုန်တိုင်းက ဖရိုဖရဲ မဖြစ်စေသလို သိုင်းလောက ကမ္ဘာကြီးကလည်း ကမ္ဘာတစ်ခု မဟုတ်ဘူး” ဟူသော စကားလုံးတွင် အဓိပ္ပါယ်များစွာ ရှိနေလေသည်။
သို့သော် ထိုအဓိပ္ပါယ်အပြည့်အစုံကိုမူ သခင်ကြီးဘိုင် တစ်ဦးတည်းသာ နားလည်နိုင်မည် ဖြစ်ပါတော့သည်။