Chapter – 284
“ပြန်လည်ဆုံတွေ့မိခြင်း”
ရဲရှောင် ပြောသည့်စကားများအား မည်သူမျှ ခိုးနားမထောင်ရဲချေ။ အဘယ်ကြောင့်ဆိုသော် မုန်တိုင်းအိမ်တော်အား စိတ်ရှုပ်အောင်မလုပ်ဝံ့သောကြောင့်ပင်ဖြစ်သည်။ တကယ့်လက်တွေ့တွင်လည်း ခိုးနားထောင်၍ မရပေ။ နံပါတ် ၁ အခန်း၏ ပတ်ပတ်လည်အား အစီအရင်တစ်ခုဖြင့် ပိတ်ဆို့ ထားခြင်းကြောင့် အထဲမှ ပြောဆိုနေသည့်အသံများအား အပြင်မှ ကြားရလိမ့်မည်မဟုတ်ချေ။
လူအားလုံးသည်ဖန်ဇီလင် အခန်းတွင်းသို့ မဝင်မီ တစ်စုံတစ်ခု ပြောလိုက်သည်ကိုသာ တွေ့လိုက်ရပြီး ထိုသို့ ပြောပြီးသည်နှင့် အေးအေးလူလူဖြင့်ပင်ဝင်ရောက်သွားသည်ကို တွေ့မိလိုက်ကြသည်။
ဖန်ဇီသည်ဝတ်ရုံစ တလူလူဖြင့်အခန်းတွင်းသို့ ဝင်ကာ လူတိုင်း၏ မြင်ကွင်းမှ ပျောက်သွားခဲ့သည်။
ထိုအချိန်တွင် ဂိုဏ်းကြီး ၂ ခုမှ လူများသည် ကြောင် ငေး၍ ကြည့်နေမိကြသည်။
(ဘယ်လိုဖြစ်တာလဲ . . . ဒီဖန်ဧကရာဇ်က မုန်တိုင်းအိမ်တော်နဲ့ ရင်းနှီးနေတာလား . . .)
. . .
ရဲရှောင် အခန်းထဲသို့ ရောက်သွားသည့်အခါ လူတစ်ဦးသည်စားပွဲပေါ်ရှိ ဗျတ်ေစာင်းတစ်ခုအား ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။ မီးတိုင်မှ မီးခိုးများသည်လည်း တလူလူ လွင့်လျက်ရှိပြီး တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည်။
အပြင်ဘက်တွင်လေလံပွဲကြောင့်ဆူညံနေသည့်တိုင် အခန်းတွင်းမှာမူ အပ်ကျသံ မကြားရလောက်အောင်ပင်တိတ်ဆိတ်ငြိမ်သက်နေသည်။
ရဲရှောင်သည်အခန်းထဲရှိ ဝတ်ရုံဖြူနှင့်လူအား မြင်တွေ့လိုက်ရသောအခါ ရင်းနှီးခဲ့ဖူးသည့်ခံစားမှုမျိုးခံစားလိုက်ရသည်။
တစ်နေရာရာတွင် မြင်တွေ့ဖူးသည့်အလား ခံစား လိုက်ရေသာ်လည်းရဲရှောင်မည်မျှပင် စဉ်းစားစေ ကာမူ မမှတ်မိနိုင်အောင်ဖြစ်နေမိသည်။ ရဲရှောင်အနေဖြင့်ဆုံဖူးသည်ကိုသာ အမှတ်ရနေခြင်း ဖြစ် သည်။
(ဘယ်လိုဖြစ်တာလဲ။ တော်တော် ထူးဆန်းတာပဲ . . .)
ရဲရှောင် စဉ်းစားနေသော်လည်း သခင်ကြီးဘိုင်အား မမှတ်မိဘဲ ဖြစ်နေခဲ့သည်။
သို့သော် တစ်စုံတစ်ခုအား သတိရသွားမိသည်။
“ခဏတာအိပ်မက်မက်ခြင်း” ကျင့်စဉ်ကိုပင်ဖြစ်သည်။
ထိုကျင့်စဉ်သည် ဒဏ္ဍာရီလာ ထူးခြားသော ကျင့်စဉ် တစ်ခု ဖြစ်သည်။
ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသည် ရဲရှောင်၏ စိတ်ထဲတွင် ဝိုးတဝါး ဖြစ်နေခဲ့သည်။ သို့သော် ဝတ်ရုံဖြူနှင့်လူအား ဆုံတွေ့ခဲ့ဖူးသည်ကိုမူ အသေချာ မှတ်မိနေလေသည်။
ထို့ပြင်ထိုလူ၏ အကြည့်များမှ တစ်စုံတစ်ခုအား ရဲရှောင်သတိပြုမိသွားသည်။
သို့သော် ဆုံတွေ့ခဲ့သည်အား မှတ်မိသည်မှလွဲ၍ အခြား မည်သည့်အရာမှ မမှတ်မိပေ။
ထိုကဲ့သို့ ဆုံတွေ့ခဲ့သည့်အချိန်၌ ပြောခဲ့သည့် စကားလုံးများအား မှတ်မိသယောင်ရှိနေသည့်တိုင် စဉ်းစားမရတော့ချေ။ ထိုသို့ ဖြစ်ရခြင်းမှာ ထူးခြားသည့်ကျင့်စဉ်တစ်ခု၏ သက်ရောက်မှုကြောင့်ခံစားနေရခြင်းပင် ဖြစ်သည်။ ရှေးဦးခရမ်းရောင်ချီဓာတ် ကျင့်စဉ်သည် အလွန် ကောင်းမွန်လှသည့် ကျင့်စဉ်တစ်ခုဖြစ်ပြီး အခြားသော စွမ်းအင်များ၏ သက်ရောက်လွှမ်းမိုးခြင်းမှ ကာကွယ်ပေးနိုင်သော်လည်း လက်ရှိအချိန်တွင်ရဲရှောင်သည်အဆင့်နိမ့်နေသေးသည်။ ထို့ကြောင့်ထိုလူနှင့်ပြောဆိုခဲ့သည့်စကားလုံးများအား အစရှာ၍ပင်မရအောင် ဖြစ်နေခဲ့သည်။
ယခုအခါ သခင်ကြီးဘိုင်နှင့်တွေ့လိုက်ရသောအခါ စိတ်ရှုပ်ထွေးနေသည့်ခံစားမှုမျိုး ရဲရှောင်ခံစားလိုက်ရပြန်သည်။
သခင်ကြီးဘိုင်နှင့် ပက်သက်၍ ဘာဆိုဘာမျှ မမှတ် မိတော့သော်လည်း တစ်ကြိမ်တစ်ခါ တွေ့ဖူးသည် ဆိုသည်ကိုမူ ရဲရှောင် အတပ်သိနေလေသည်။တွေ့ရုံသာမက စကားအနည်းငယ်ပင် ပြောဆိုခဲ့ဖူးသည်ကိုလည်း မှတ်မိနေသည်။
သခင်ကြီးဘိုင်သည်ဖန်ဇီလင်အား ပြုံး၍ ကြည့်လိုက်ရင်း –
“ဖန်ဧကရာဇ် ဆိုတာလား . . .”
သခင်ကြီးဘိုင်သည် မတ်တတ်ထ၍ နှုတ်ဆက်ခြင်း မပြုဘဲ ထိုင်နေလျက်ပင် ပြောလိုက်ခြင်း ဖြစ်သည်။ အနည်းငယ်မျှပင် လှုပ်ရှားမှု မပြုလိုက်ချေ။ သို့သော် ထိုအမူအရာကပင် တစ်ဖက်လူအား လေးလေးစားစား ဆက်ဆံလိုက်သည်ဟု လူအများ၏ အမြင်တွင် ထင်သွားခဲ့သည်။
ဖန်ဇီလင်အား စကားပြောလိုက်သည့်အချိန်တွင်ဖော်ရွေသော အကြည့်မျိုးဖြင့် သခင်ကြီးဘိုင်မှ ကြည့်နေခြင်း ဖြစ်သည်။ သူ၏ မျက်လုံးနားသို့ ဝဲကျနေသော ဆံပင်များသည်လည်း အခိုးအငွေ့များကဲ့သို့ပင် လှုပ်ခတ်လျက်ရှိသည်။
ရဲရှောင်လည်း ပြုံးလျက်-
“သခင်ကြီးဘိုင် ဆိုတာထင်တယ် . . .”
သခင်ကြီးဘိုင်သည် ပြုံးလျက်ပင် ရှိနေသော်လည်း သူ၏ အကြည့်များမှာမူ ယခင်ကဲ့သို့ မဟုတ်တော့ချေ။ ယခင်က ငြိမ်သက်နေသည့်ကန်ရေပြင်ကဲ့သို့ တည်ငြိမ်သော အကြည့်မျိုး ဖြစ်သော်လည်း ယခုအခါတွင်မူ ပင်လယ်လှိုင်းလုံးများကဲ့သို့ပင်ခက်ထန်သွားသည်။
ရဲရှောင်လည်း ထိုအကြည့်အား ရင်မဆိုင်ချင်တော့သဖြင့် မျက်လွှာချထားလိုက်သည်။
သခင်ကြီးဘိုင်လည်း ပြုံးလိုက်ရင်း –
“ထိုင်ပါ ဖန်ဧကရာဇ် . . .”
ထိုသို့ ပြောလိုက်သည့် အချိန်မှာပင် ရဲရှောင်၏ အနောက်တွင် ထိုင်ခုံတစ်လုံး ပေါ်လာလေသည်။
ထိုခုံသည် ရုတ်တရက် ပေါ်လာခြင်းဖြစ်ပြီး မည်သို့မည်ပုံ လုပ်လိုက်သည်ကို အတွေ့အကြုံ ကြွယ်ဝလှသည့်ရဲရှောင်ပင်အဖြေမထုတ်နိုင် ဖြစ်သွားခဲ့ရ သည်။
မုန်တိုင်းအိမ်တော်၏ အစွမ်းအား ရဲရှောင် ကောင်းကောင်းကြီး သိနေလေသည်။သူ့အနေဖြင့် လက်ရှိတွင် မည်သို့မျှ ရင်ဆိုင်နိုင်စွမ်းရှိမည် မဟုတ်ချေ။ ထို့ကြောင့်ရဲရှောင်အဖို့ အလိုက်အထိုက်ဆက်ဆံရန်သာ ရှိတော့သည်။
ရဲရှောင်ပြုံးလျက်ဖြင့် –
“ဆရာဘိုင်လို့ပဲ ခေါ်ပါရစေ။ အခုလို ဒီက ဆရာဘိုင်နဲ့ ဂုဏ်သရေရှိရှိ အတူတူထိုင်နိုင်တဲ့ လူအများကြီး ရှိမယ်လို့ ကျုပ်တော့ မထင်ဘူး။ ကျုပ်တော့ မြောက်သလိုတောင် ဖြစ်သွားပြီဗျာ . . .”
ထို့နောက် ရဲရှောင်လည်း ထိုင်လိုက်လေသည်။
ရဲရှောင်၏ စကားကြောင့် သခင်ကြီးဘိုင်သည်မည် သို့မျှ ခံစားရသည့်ဟန် ရှိပုံ မပေါ်ချေ။ သို့သော် အမှန်တကယ်တမ်းတွင်မူ သခင်ကြီးဘိုင်သည်တစ်ဖက်လူ၏ လှုပ်ရှားမှုများကိုသာမက မျက်နှာအမူအယာနှင့် ခန္ဓာကိုယ်တစ်ခုလုံးအား သေသေချာချာ အကဲခတ်နေလျက် ရှိသည်။
ရဲရှောင်၏ ပါးစပ်မှ ထွက်ပေါ်လာသည့် အသံနေအသံထား၊ စိတ်ခံစားမှုကအစ အာရုံစိုက်၍ သတိထား၍ ကြည့်နေခဲ့သည်။
ရဲရှောင် ထိုင်လိုက်သောအခါ သခင်ကြီးဘိုင်မှ ပြုံးလျက်ပင်-
“သေချာတာပေါ့ . . . ကျုပ်အရှေ့မှာ လူတိုင်း ဒီလို ထိုင်နိုင်တဲ့ အခြေအနေ မရှိဘူး။ တကယ်တော့ အခုလို ခင်ဗျားနဲ့ကျုပ် စကားပြောသလို အခြေအနေမျိုး ဆိုရင်တော့ ပိုလို့တောင် နည်းသေးတယ် . . .”
ရဲရှောင် ရယ်မောလိုက်ရင်း –
“ဒါဆို ကျုပ်ကို မျက်နှာသာပေးတဲ့အတွက် ကျုပ်က ကျေးဇူးတင်ရမှာပေါ့ဗျာ။ ကျုပ်ဘက်က ရဲတင်းသလို ဖြစ်ခဲ့တာကို ဗွေမယူတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ခင်ဗျားက ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိတဲ့ လူတစ်ယောက် မဟုတ်လား။ အဲ့ဒီလို လူရဲ့ အရှေ့မှာ ထိုင်ရတဲ့ ဘယ်သူမဆို စိတ်ဖိစီးလို့ ရူးသွားကြမှာ သေချာသလောက်ပဲ . . .”
ရဲရှောင်၏ စကားကြောင့်သခင်ကြီးဘိုင် ပြုံးလိုက်သည်။
သခင်ကြီးဘိုင် ဆိုသည့် လူမှာပြုံး၍ နေရခြင်းကို သဘောကျသည့်သူတစ်ဦး ဖြစ်လိမ့်မည်ဟု ရဲရှောင်ယူဆမိလိုက်သည်။ သို့သော် အပြုံးတစ်ခုချင်းစီ၏ နောက်ကွယ်တွင် မတူညီသော အခြေအနေများ ရှိနေနိုင်ပေသည်။
မည်သူမျှ သခင်ကြီးဘိုင်၏ စိတ်အား ဖတ်၍ရမည် မဟုတ်ချေ။ ဖတ်ခွင့်လည်း ပေးမည် မဟုတ်ပေ။
သခင်ကြီးဘိုင်သည်ရဲရှောင်အား ကြည့်လိုက်ရင်း –
“ဖန်ဧကရာဇ် . . . ခင်ဗျား ကျုပ်ကို အရင်က တစ်နေရာရာမှာ တွေ့ဖူးလား . . .”
ရဲရှောင် ကြောင်ငေးသွားကာ –
“မတွေ့ဖူးပါဘူး။ ဘာဖြစ်လို့လဲ . . .”
သခင်ကြီးဘိုင်မှ –
“ခင်ဗျား တွေ့ဖူးမှာပါ . . .”
ရဲရှောင်ဘက်မှ ငြင်း၍ မရအောင်ပင်သေချာသည့် အသံဖြင့် သခင်ကြီးဘိုင်မှ ပြောလိုက်ခြင်း ဖြစ်သည်။မေးလိုက်သည့်အချိန်တွင်လည်း သူ၏ မျက်လုံးများသည် စူးရှတောက်ပလျက် ရှိနေသည်။
ထိုအချိန်တွင်ကမ္ဘာတစ်ခုလုံးအား လွှမ်းမိုးချုပ်ကိုင်နိုင်သည့် သခင်ကြီးဘိုင်၏ အရှိန်အဝါအား ရဲရှောင် မြင်တွေ့လိုက်ရသည်။
“အမှန်တိုင်း ပြောရရင် ကျုပ်ခင်ဗျားကို သိနေသလို ခံစားချက်မျိုး ဖြစ်နေတယ်။ ဒါပေမယ့်ဘယ်မှာ တွေ့ဖူးတာလဲ ဆိုတာကို မမှတ်မိဘူး။ အဲဒီတော့ ကျုပ်ဘက်က မသေချာဘဲ ခင်ဗျားကို တွေ့ဖူးတယ်လို့ ပြောရင် မသင့်တော်ဘူး ထင်လို့ပါ . . .”
ရဲရှောင် မျက်မှောင်ကြုတ်လိုက်ရင်း ပြောလိုက်ပါတော့သည်။